– သတင်းသုံးသပ်ချက်ဆောင်းပါး –
ကျော်ဇောခိုင်
ရခိုင်မြောက်မှာ မောင်းတောကထွက်ပြေးတဲ့ စကစတပ်သားတွေ ဘင်္ဂလားဒေ့ရှ်က လက်မခံလို့ နတ်မြစ်ထဲ ဝဲလည်နေတဲ့သတင်းနဲ့ တောင်ပိုင်းမှာ သံတွဲထောင်ကို အေအေကသိမ်းလိုက်ပြီး မြို့ကိုထိန်းချုပ်ထားတယ်လို့ ဇူလိုင် ၁၆ ရက်နေ့ သတင်းတွေက ဖော်ပြတယ်။ နောက်တနေ့ ၁၇ ရက်နေ့ရောက်တော့ သံတွဲကို အေအေသိမ်းလိုက်ပြီ ဆိုတဲ့သတင်း ထပ်တက်လာတယ်။ မောင်းတောလည်း ဇူလိုင်လထဲမှာပဲ ဆိုးအောက်ဖို့ရှိနေတယ်။
‘ရှမ်းမြောက် ၄ ရက်စစ်ရပ်ပြင်ဆင်’
ရှမ်းမြောက်မှာ MNDAA ဟာ လားရှိုးထိုးစစ်ကို ၄ ရက် (ဇူလိုင် ၁၄ ညသန်းခေါင်ကနေ ဇူလိုင် ၁၈ ညသန်းခေါင်အထိ) ရပ်နားမယ်လို့ ကြေညာတယ်။ ဒီကြေညာချက်ကို ဇူလိုင် ၁၄ ရက်နေ့မနက် လောက်ကိုင်ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုမလုပ်မီ ထုတ်ပြန်ခဲ့တာဖြစ်တယ်။ ဇူလိုင် ၁၅ ကနေ ၁၈ အထိ ၄ ရက်ကြာလုပ်မယ့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးဟာ ဗဟိုကော်မတီရဲ့ သက်တမ်း ၅ နှစ်အတွင်း ၇ ကြိမ်လုပ်တဲ့ အစည်းအဝေးတွေထဲက တတိယအကြိမ်မြောက်ဖြစ်တယ်။
တတိယအကြိမ်မြောက်ဟာ ဗဟိုကော်မတီ အစည်းအဝေးတွေထဲမှာ ပိုပြီးအရေးပါတဲ့ ဆုံးဖြတ်ချက်တွေချတယ်လို့ သတ်မှတ်ကြလေ့ရှိတယ်။ ဘာကြောင့် လဲဆိုတော့ ဥပမာ ၁၉၇၈ တိန့်ရှောင်ဖိန်လက်ထက်က စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ ၁၉၉၃ က ဆိုရှယ်လစ် စျေးကွက်စီးပွားရေး စတင်တာတို့၊ ၂၀၁၃ က တရုတ် တအိမ်ထောင် ကလေးတယောက်ပေါ်လစီ ဖျက်သိမ်းတာနဲ့ ၂၀၁၈ မှာ သမ္မတငါးနှစ်သက်တမ်း ၂ ကြိမ် သတ်မှတ်ချက်ကို ပယ်ဖျက်ပြီး ရှီကျင်းပင်ရဲ့ ဦးဆောင်မှုကို အဓိကသွေးကြောအဖြစ် ခံယူဖို့တို့ကို တတိယအကြိမ်မြောက် ဗဟိုကော်မတီ အစည်းအဝေးတွေက ဆုံးဖြတ်ချက်ချခဲ့တာကြောင့်မို့ ဖြစ်တယ်။
ဘာလို့ တတိယအကြိမ်ရောက်မှ အရေးပါတဲ့ ပေါ်လစီတွေကို ချမှတ်ရတာလဲဆိုတော့ ပုံမှန်မှာ ပထမအကြိမ် ဒုတိယအကြိမ်နဲ့ ၇ ကြိမ်မြောက်တွေဟာ ဗဟိုကော်မတီဝင် ၂၀၅ ဦး (အမြဲတမ်းနဲ့ အလှည့်ကျက ၁၇၁ ဦးရှိတယ်) ထဲက ပါဝါအလှည့်ပြောင်း၊ လူအလှည့်အပြောင်းတွေကို အဓိက စဥ်းစား ဆုံးဖြတ်ချက် ချတာကြောင့်ဖြစ်တယ်။
ဆိုလိုတာက ဗဟိုကော်မတီသက်တမ်း အစနဲ့အဆုံးတွေမှာ လူနေရာချ (နိုင်ငံရေးကစားပြီး) တတိယအကြိမ်ကစလို့ စီးပွားရေးနဲ့ တခြားအရေးပါတဲ့ ပေါ်လစီတွေကို စကိုင်တွယ်တဲ့ သဘောဖြစ်တယ်။ လက်ရှိလုပ်နေတဲ့ တတိယအကြိမ်ဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကတည်းက ကျဆင်းနေတဲ့ တရုတ်စီးပွားရေး ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ အဓိကမူဝါဒတွေ ချမှတ်မယ်လို့ သတင်းထွက်ပေါ်တယ်။ ၄ ကြိမ်မြောက်နဲ့ ၆ ကြိမ်မြောက်ဟာ ပါတီအိုင်ဒီယော်လော်ဂျီပေါ် အဓိကအားပြုပြီး ၅ ကြိမ်မြောက်ဟာ ၅ နှစ် စီးပွားရေးစီမံကိန်းနဲ့ ပတ်သက်တာတွေလို့ ယေဘုယျ နားလည် သတ်မှတ်ထားကြတယ်။
‘စကစရဲ့ ထွက်ပေါက်မဲ့ဗျူဟာ’
ဆိုလိုတာက တရုတ် ဗဟိုကော်မတီ အစည်းအဝေးဟာ မြန်မာစစ်အာဏာသိမ်း၊ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ အရေးပါတဲ့မူဝါဒတွေ ချမှတ်ဖို့တော့ မရှိပါဘူး။ ပြောမယ်ဆိုရင် နိုင်ငံကြီးတွေရဲ့ မြန်မာပြည်နဲ့ပတ်သက်တဲ့ မူဝါဒဟာ စစ်အာဏာသိမ်းပြီးကတည်းက တဆစ်ချိုး ပြောင်းလဲသွားတာမျိုးမရှိခဲ့ဘဲ တဖြည်းဖြည်းချင်းထိန်းထားတာ အနည်းအကျဥ်း ပြောင်းလဲတာလောက်ပဲ တွေ့ခဲ့ရတယ်။ တရုတ်ဟာ စကစကို ဆက်လက် ထောက်ခံနေဆဲဖြစ်ပြီး စစ်ပွဲရပ်၊ အားလုံးပါဝင်တဲ့ နိုင်ငံရေးကိုပြန်သွားတဲ့ မြန်မာနိုင်ငံ တည်ငြိမ်ရေးပဲဖြစ်တယ်။ ပြဿနာက စကစဖြစ်တယ်။ စကစနဲ့ စစ်တပ်ခေါင်းဆောင်မှုဟာ လက်ရှိအကျပ်အတည်းထဲက ပြန်ထွက်ဖို့ ထွက်ပေါက်ဗျူဟာ (exit strategy) မရှိတော့တဲ့အတွက်ဖြစ်တယ်။
သူတို့မှာ နောက် ၆ လသက်တမ်း ထပ်မတိုးဘူးဆိုရင် ဘာလုပ်ရမလဲဆိုတဲ့ တခြား သက်သာနိုင်မယ့် ရွေးချယ်စရာ မရှိတော့တာဖြစ်တယ်။ ဒီတော့ ဘာမှမဆုံးဖြတ်နိုင်ဘဲ ရှေ့မှာ တနည်းနည်းနဲ့ သက်သာလိုသက်သာငြား အချိန်ဆွဲထား မျှောထားတဲ့ (time game) ထဲမှာ မျောနေတာဖြစ်တယ်။ ဒါပေမယ့် စစ်တပ်ဟာ စစ်ပွဲတွေအတွင်း သက်သာလာဖို့မရှိဘဲ တဖြည်းဖြည်းချင်းပြိုပြီး တချိန်မှာ ဝုန်းကနဲ ပြုတ်ကျသွားမယ့် အနေအထားကို စောင့်ဆိုင်းနေရတဲ့ သဘောဖြစ်တယ်။ ဒီအနေအထားဟာ တရုတ်ကော အမေရိကန်ပါ လက်မခံနိုင်တဲ့၊ အဆင်သင့်မဖြစ်သေးတဲ့ အနေအထားဖြစ်လို့ နှစ်ဘက်စလုံးက သူ့နည်းနဲ့သူ ဝင်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြတာသာဖြစ်တယ်။ သို့ပေမယ့် တရုတ်အိပ်မက်နေတဲ့ ရွေးကောက်ပွဲကော တွေ့ဆုံဆွေးနွေးရေးကော နှစ်ခုစလုံးဟာ တော်လှန်ရေးအင်အားစုရဲ့ လက်ရှိ အသာစီးရထားတဲ့ အနေအထားကို တနည်းနည်းနဲ့ လက်ခံ အသိအမှတ်ပြုခြင်းမရှိဘဲ လက်တွေ့ဖြစ်လာဖို့မရှိဘူး။
‘ဝ နဲ့ SSPP’
လားရှိုးသတင်းပြန်ဆက်ရရင် ၄ ရက် စစ်နားတယ်ဆိုပေမယ့် မြို့ထဲမှာ ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ မြို့ခံတွေရဲ့သတင်းတွေက ဖော်ပြပြီး ဇူလိုင် ၁၅ ရက်နေ့မှာ လားရှိုးအဝင်က မယ်ဟန်စစ်ဆေးရေးဂိတ်နဲ့ သီပေါက စကစရဲ့ ဆင်ကျော့စခန်းကို MNDAA က သိမ်းပိုက်လိုက်တယ်။ သီပေါဟာ ဇူလိုင် ၁၂ နဲ့ ၁၃ က SSPP တပ်တွေ ဝင်လာတဲ့ မိုင်းရယ်၊ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ လားရှိုးတို့နဲ့ ထိစပ်နေတဲ့မြို့ဖြစ်လို့ ရှမ်းမြောက်ဒုတိယလှိုင်းမှာ ငြိမ်သက် နေတဲ့ ရှမ်းအဖွဲ့တဖွဲ့ မဖြစ်မနေ ရှေ့ထွက်လာရတဲ့ သဘောဖြစ်တယ်။ SSPP ဟာ ဝ တန်ယန်းကို ဝင်လာတဲ့အရှိန်နဲ့ မိုင်းရယ်ကို ဝင်လာတာဖြစ်တယ်။
ဝဘက်ကိုကြည့်တော့ ဝဟာ အရင်ကတည်းက သံလွင်အနောက်ကို SSPP တပ်တွေနဲ့ ရောဝင်ထားခဲ့တာဖြစ်ပြီး သူတို့ အထိုင်ချထားလိုတဲ့နေရာ သုံးခုရှိတယ်။ ကွမ်လုံအရှေ့က ဟိုပန်၊ ပန်လုံကို ၁၀၂၇ ပထမလှိုင်းမှာရလိုက်ပြီး ခု ဒုတိယနေရာဖြစ်တဲ့ တန့်ယန်းနဲ့ နောင်အခြေအနေပေးလာရင် မိုင်းရှူးကို ဆက်ဝင်လာဦးမှာပဲဖြစ်တယ်။ ဝနဲ့ SSPP တန့်ယန်းနဲ့ မိုင်းရယ်ကိုအဝင်ဟာ ကရင်မှာ မြဝတီကျသွားတာကနေ ပြန်ထိန်းချုပ်ခွင့် ပေးလိုက်ရတဲ့ ပုံစံမျိုးနဲ့တော့ သဘောချင်း အတူတူထားပြီး ကြည့်လို့မရနိုင်ဘူး။ ဒါပေမယ့် တော်လှန်ရေးမှာ သဘောထားအသစ်တရပ် ထပ်ဝင်လာတဲ့သဘောလို့တော့ ကောက် ယူနိုင်တယ်။
၂၀၁၀ မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ – ခိုလမ်) ဟာ တကယ်တော့ စစ်တပ်က SSPP ကို ထိန်းချုပ်ဖို့ ရှမ်းပြည်ထဲ အသစ်ဖွဲ့လိုက်တဲ့ စစ်တိုင်းဖြစ်တယ်။ လက်ရှိအခြေအနေဟာ စစ်တပ်ရဲ့ ရလခနဲ့ တြိဂံတိုင်း စစ်ဌာနချုပ်တွေနဲ့ ဝ၊ SSPP တို့ဟာ ရှမ်းအလယ်နဲ့ အရှေ့ဘက်တွေမှာ တော်လှန် ရေးကာလအတွင်း နယ်မြေတွေပေါ်အခြေခံတဲ့ မျှခြေအသစ်တခုကို တည်ဆောက်ထားတဲ့ သဘောမျိုးလို့ ယူဆကြည့်နိုင်မှာဖြစ်တယ်။
‘မန္တလေး’
မင်းလှမှာ စစ်ပွဲသံတွေ စ ကြားလာရပြီး နေပြည်တော် ဧလာလေဆိပ်ကို နောက်တကြိမ် တော်လှန်ရေးတပ်တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြန်တယ်။ ဒီတခေါက်ဟာ အရင် ဧပြီတခေါက်ကထက် ပိုပြီး စစ်တပ်ဘက်မှာ အထိအခိုက် အပျက်အစီးနဲ့ အဆုံးအရှုံးတွေ ပိုများလာတာ တွေ့ရတယ်။ စဥ့်ကူးကိုသိမ်းအပြီး မိုးကုတ်၊ မိုးမိတ်၊ မတ္တရာတို့ဘက်မှာလည်း စစ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက သိမ်းပြီးရင်း သိမ်းယူနေဆဲဖြစ်တာ တွေ့ရတယ်။ မန္တလေးဟာ လာမယ်၊ သိပ်တော့ကြာမယ် မထင်ရဘူး။ အင်ယူဂျီ၊ ပီဒီအက်ဖ်တွေနဲ့ အတွင်းပိုင်းကိုဝင်တဲ့ လှိုင်းတလှိုင်းဟာ အခြေတည်မိနေပြီလို့တော့ ပြောနိုင်တယ်။
Be the first to comment