
“ညီလေးရေညီလေးရာ များ – ၁”သူစိမ်းအောင်
တနေ့က ကျနော့် မက်ဆင်ဂျာမှာ မက်ဆိတ်ရကွတ်တခုတွေ့တယ်။
{{ကိုကြီးရေ ဘာတွေလုပ်နေလဲ ဘယ်တွေရောက်နေလဲ ကျနော် ဘယ်သူလေ …}} အဲဒီကနေ အစချီလို့ မက်ဆိတ်တစောင်အတွက်ဆိုရင် နည်းနည်းရှည်မယ့် စာရှည်မက်ဆိတ်တစောင် ရောက်နေတယ်။
ပို့ထားတာ တပတ်လောက်ရှိနေပြီ။ ကျနော်လည်း စာဖတ်ပြီးတော့ကို ဇဝေဇဝါနဲ့ ဘယ်သူပါလိမ့်လို့ သူ့မက်ဆိတ်ကနေပဲ သူ့ပရိုဖိုင် ဝင်ကြည့် စသဖြင့် လုပ်တော့မှ ကျနော် ရှောင်တိမ်းလာရတဲ့မြို့က လူငယ်လေးတယောက်မှန်း သိလိုက်တယ်။ တော်လှန်ရေးကာလအစ ကျနော် စာစောင်တွေဘာတွေ ထုတ်စဉ်က ရပ်ကွက်တွေ လမ်းတွေ ကျနော်နဲ့အတူတူ စာစောင်လိုက်ဝေပေးတဲ့ လူငယ်လေး။ အဲဒီထက်လည်း ပိုပါသေးတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပါပြီ ဆိုကတည်းက အဲဒါကိုဆန့်ကျင်ရင်း ကျနော်ဖြတ်သန်းခဲ့ရတဲ့ လမ်းတလျှောက်မှာ လူငယ်တွေနဲ့ အတော်ပဲ ကြုံတွေ့ခဲ့ရတယ်လို့ ပြောရမယ်။ တချို့တော့လည်း တော်လှန်ရေးသမားတွေအဖြစ် ဒီနေ့အထိ တိုက်ပွဲဝင်နေကြတုန်း၊ တချို့လဲ ခြေလက်တွေ စွန့်ခဲ့ကြပြီးလို့ ကိုယ်တိုင် မပါဝင်နိုင်တော့တဲ့ တော်လှန်ရေးအပေါ် မချိတင်ကဲ တောက်တခေါက်ခေါက်နဲ့ ရှိနေကြတုန်း၊ တချို့ကျတော့လည်း လမ်းခုလတ်မှာပင် ကျဆုံးကွယ် လွန်ပြီးခဲ့ကြပါပြီ။ လက်နက်ကိုစွန့်လို့ အခြားသော ဘဝလမ်းမများဆီ ရွေ့လျားသွားကုန်ကြတဲ့ လူငယ်တွေလည်း ဒုနဲ့ဒေး။ ကိုယ်စီ ရွေးချယ်မှုများနဲ့ပဲပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလူငယ်တွေဟာ စစ်တပ်ရဲ့ လက်နက်ကိုင် ဗိုလ်ကျ အာဏာရူးမှုကြောင့်သာ မဟုတ်ခဲ့ရင် ဒီနေရာကို ဘယ်သူမှ ရောက်လာကြမှာမဟုတ်ပါဘူး။ ခေတ်အဆက်ဆက် လူငယ်များကဲ့သို့ပေါ့။
ကျနော်ကိုယ်တိုင်လည်း အိမ်ကတဆင့် တောထဲ၊ အဲဒီကနေ လေးကေ့ကော်၊ လေးကေ့ကော်မှာ စစ်ပွဲဖြစ်ပြန်တော့ စစ်ပြေးရင်းနဲ့ မဲဆောက်ကိုရောက်၊ ခုဆိုရင် မဲဆောက်မှာ နှစ်နှစ်ကျော်လို့ သုံးနှစ်ထဲကို ရောက်လာနေခဲ့ပြီ။ ပြောပြချင်ပေမယ့်လည်း သိပ်ပြောရခက်တဲ့ ဝေဒနာတွေနဲ့ပဲ။ သို့ပေမယ့်လည်း ကိုယ်တိုင်ရေးဖူးတဲ့ ကဗျာထဲက စာသား “ငှက်ဖျားအသည်းအသန်ထနေတဲ့ လူနာရှေ့ လေစိမ်းမိပြီး ဖျားတာလောက်ကို ထုတ်မပြောချင်တော့သလို” ပေါ့။ တတိုင်းပြည်လုံးက ဒုက္ဓ၊ သောကမီးတွေကို ဟပ်လွန်းတော့ ကိုယ်တိုင်ပေါ်က အနာတွေကို တခါတလေတော့လည်း မေ့ပါတယ်။ ဒါပေမယ့်လည်း ရှိတော့ ရှိနေတာပဲလေ။
ကျနော့်ကို စာပို့တဲ့ အဲဒီလူငယ်လေးအကြောင်းကို ပြန်တွေးမိတော့ နည်းနည်းတော့ ပြုံးမိသွားတယ်။ ပြုံးစရာအကြောင်းလည်း ရှိခဲ့တာကိုး။ သူ့နာမည်က ကျော်ကျော်။ ကျနော်နေခဲ့တဲ့အိမ်နဲ့ တလမ်းထဲ နှစ်အိမ်ကျော်လောက် ကပေါ့။ သူအမေကတော့ သေသွားတာ ကြာပါပြီ။ သူ့အဖေကတော့ နောက်မိန်းမယူပြီး အခြားရပ်ကွက်က အိမ်တအိမ်မှာနေတယ်။ သုံးလေးလတခါ သူ့သားနှစ်ယောက်ဆီ လာလေ့ရှိတယ်။ အဲဒီတော့ ကျနော်တို့လမ်းထဲက ကျော်ကျော်တို့အိမ်မှာ သူရယ် တလမှ တခါလောက်သာ ပြန်လာလေ့ရှိတဲ့ သူ့အကိုရယ်တို့ပဲ နေကြတယ်။ ပြောရရင် အိမ်မှာ ကျော်ကျော်ဟာ တယောက်တည်းပေါ့။ ဒါပေမယ့် မဟုတ်ပါဘူး။ သူ့အိမ်ဟာ ရပ်ကွက်ထဲမှာ အဆူဆုံးပါပဲ။ တချိန်လုံး ကျော်ကျော်နဲ့ သူ့သူငယ်ချင်းတွေဟာ သီချင်းကို ဂိတ်ဆုံးတင် ဖွင့်ထားမယ်။ မဟုတ်ရင် အဖွဲ့လိုက် ဂစ်တာတီးမယ်၊ သံသေးသံကြောင်နဲ့ အော်ကြမယ်။ သီချင်းမဖွင့် ဂစ်တာမတီးနေလည်းဘဲ ကျော်ကျော်တို့ဟာ ဆူညံသံဆိုတာဖြစ်အောင် တနည်းနည်းနဲ့ စွမ်းဆောင်နေတတ်ကြပါတယ်။ ဒီတော့ တရပ်ကွက်လုံးက အော့ကြောလန်တဲ့ မိမဆုံးမ ဖမဆုံးမ သားသမီးလေးတွေ ဆိုတာမျိုးပေါ့ဗျာ။ ကျနော်ကလည်း အဲ့လိုသဘောထားပါပဲ။
အာဏာသိမ်းလိုက်တဲ့နောက် ကျနော်တို့ ဆန္ဒပြကြတယ်။ ဟိုဆန္ဒပြပွဲ ဒီဆန္ဒပြပွဲတွေမှာ ကျော်ကျော့်ကို သူ့သူငယ်ချင်းတွေနဲ့ တွေ့တွေ့လာရတယ်။ နောက်တော့ ကျနော် စာစဉ်တစောင်ထုတ်တယ်။ ဆန္ဒပြပွဲတွေမှာ ဝေတယ်၊ ရပ်ကွက်တွေ ကျေးရွာတွေမှာ လိုက်ဝေတယ်။ ကျနော် စာစဉ်တွေ ဝေနေချိန် တခါမှာ ကျော်ကျော်တွေ့သွားတော့ “ကိုကြီး ကျနော့်ကိုလည်းပေး ကျနော်လည်း လိုက်ဝေပေးမယ်” ဆိုပြီး စာစဉ်အထပ်လိုက်ကြီးယူ ကူညီရှာတယ်။
ဒီလိုနဲ့ သိတဲ့အတိုင်း စစ်တပ်က ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ပစ်သတ်တယ်။ လူငယ်တွေ လူရွယ်တွေ သက်ကြီးရွယ်အိုတွေ ကလေးတွေ အစုံပါပဲဗျာ၊ ဒီကောင်တွေ ပစ်သတ်ခဲ့ကြတာ။ ကျနော်တို့ဆိုတာ နေရောင်အောက်မှာ လှနေရင် ဖရုံညွန့်လေးရင်ထဲ ဘာရှိလဲတောင် ဝင်ခံစားချင်တဲ့ကောင်တွေ၊ ဘယ်မှာခံနိုင်မလဲ၊ ကြေကွဲတာပေါ့၊ ညည ငိုရတာပေါ့၊ ခံပြင်းတာပေါ့၊ တောက်တခေါက်ခေါက် ဖြစ်ရတာပေါ့။ ဒီတော့ ကျနော်တို့မှာလည်း စာထဲပေထဲကလိုဆိုရရင် ရန်သူက တိုက်ပွဲပုံစံကို ပြဌာန်းခဲ့တယ် ဆိုတာမျိုး။ ဆန္ဒပြရုံ၊ ဒို့အရေးအော်ရုံ၊ စစ်တပ်ရဲ့မတရားမှုတွေကို ဖော်ထုတ်ဖို့ စာစဉ်လေးတွေထုတ် ရပ်ကွက်ထဲ လျှောက်ဝေရုံနဲ့ မပြီးတော့ဘူးဆိုတာကို ခံစားသိလာခဲ့တယ်။
ကျနော်လည်း စာစဉ်ထုတ်တာ ရပ်လိုက်တယ်။ ကျနော့်မြို့နဲ့ သိပ်မဝေးလှတဲ့မြို့က ကျနော့်ဘော်ဒါတွေဆီ သွားတယ်။ ရှေ့ဘာဆက်လုပ်ကြမလဲ စဉ်းစားတိုင်ပင်ကြတယ်။ ကျနော့်ဘော်ဒါတယောက်က သူတို့စီစဉ်နေကြတဲ့ မစ်ရှင် ကို ပြောပြတယ်။ အဲဒီကာလမှာတော့ တကယ့် ကြီးကြီးမားမား မစ်ရှင်မျိုးပါပဲ။ ကျနော်လည်း စိတ်ဝင်စားသွားပြီး သူတို့နဲ့ ပူးပေါင်းပါဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ (ယနေ့အထိ ဘယ်သောင်ဘယ်ကမ်း ဆိုက်မယ် မသိနိုင်သေးတဲ့ ခရီးတခုဟာ အဲဒီမှာ အစပြုခဲ့တယ်လို့ ဆိုနိုင်မလားပါဘဲ၊ သိပ်တော့လည်း မသေချာလှပါဘူး)
(ဆိုခဲ့ပါ အထက်က) မစ်ရှင်ပြီးတဲ့နောက် ကျနော်နဲ့ ကျနော့်သူငယ်ချင်းတို့ ဦးဆောင်ပြီး လူငယ်တွေကို တောထဲပို့ကြတယ်။ အတိုချုံးရရင် စစ်တပ်ကလည်း ကြမ်းကြမ်းတမ်းတမ်း ဖြိုခွင်းသတ်ဖြတ်နေတုန်းပဲ။ ယူအန်ဝင်ဖို့ အလောင်းလိုရင် ငါ့ကိုသတ်လိုက် ဆိုတဲ့ ကာလမျိုးကိုလည်း ကျော်ပြီ။ တချို့တွေဆိုရင် ရန်သူ့လက်နက် ကိုယ့်လက်နက်ရယ် လို့ တိတ်တိတ်ကလေး ကြွေးကြော်စပြုလာကြပြီ။ (ခုနေ ပြန်စဉ်းစားကြည့်တော့လည်း အရာရာဟာ စီစဉ်ထားသလိုပါပဲလားလို့ အမြင်တရပ် တဖြတ်တော့လည်း တွေးမိတယ်။)
ကျော်ကျော်က “ကိုကြီး ဘာတွေဆက်လုပ်နေလဲ၊ စာစဉ်မထုတ်တော့ဘူးလား။ ဘာဆက်လုပ်ကြမလဲ” စသဖြင့် လာလာမေးရှာတယ်။ ဒါနဲ့ပဲ ကျနော် သူ့ကိုပြောပြတယ်။ “အခြေအနေကတော့ လက်နက်ကိုင်တိုက်မလား၊ ငြိမ်ပြီး သူတို့အုပ်ချုပ်တာပဲ ခံမလား၊ ရွေးရတော့မယ့်အချိန်ပဲ ညီလေးရေ၊ ငါတို့တော့ ဒီလိုတွေ စီစဉ်ထားတယ်” ပေါ့။ ကျနော်ပြောပြတော့ ကျော်ကျော်ဟာ အားတက်သရော သူပါ တောခိုပါမယ့်အကြောင်း ကတိပေးပါလေရော။ ဘယ်နေ့ စထွက်ရမလဲ၊ ဘာတွေလိုမလဲပေါ့။
ဒီလိုနဲ့ အဲဒီရက်တွေထဲကတရက်၊ မနက်ခင်းမှာ ကျနော်နေတဲ့မြို့ကနေ ကျော်ကျော်အပါအဝင် လူငယ်နှစ်ယောက်ကို ခေါ်ပြီး ကျနော့်သူငယ်ချင်းနေတဲ့ မြို့အနီးအနား၊ တောထဲသွား ရက်တိုသင်တန်းတက်ပြီး ပြန်လာတဲ့လူငယ်တွေ ခနခိုနေဖို့ လုပ်ထားတဲ့ ရွှေတောတွေရှိရာဘက် စခန်းတခုစီကို သွားကြတယ်။ အဲဒီမှာ တထောက်နား၊ တပတ်လောက်နေမှ တောထဲသွားရမယ်ပေါ့။ မှတ်မှတ်ရရပါပဲ၊ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ကျနော်တို့သွားနေတဲ့ စခန်းကို ရဲတွေဝင်စီးတာ ခံရတယ်။ ရုပ်ရှင်ဆန်ဆန် စိတ်ကူးယဉ်တတ်တဲ့ လူငယ်လေးတွေပုံစံချိုးလို့ စခန်းမှာရှိနေတဲ့ ရဲဘော်သုံးယောက်စလုံး လွတ်မြောက်ခဲ့တယ်။ (တော်လှန်ရေးဒီရေ သိပ်မကြမ်းသေးတဲ့ကာလမို့ လွတ်ခဲ့တာလို့လည်း ဆိုနိုင်ပါတယ်။)
အဲဒီလိုနဲ့ ကျော်ကျော်နဲ့ နောက်ထပ်လူငယ်တယောက်ကို မူလထားမယ့် စခန်းကနေ တခြားအဆက်အသွယ်ရှာပြီး တနေရာကို ပို့ရပြန်တယ်။ သူတို့နှစ်ယောက်ကို အဲဒီလို လုံခြုံရာတခုဆီပို့ပြီး တနေကုန်။ ကျနော်လည်း ကိုယ့်မြို့ကိုယ် မပြန်သေးဘဲ ကျနော့်သူငယ်ချင်းအိမ်မှာ တည်းတယ်။ ရှေ့ဆက်ပြီး ဘာတွေလုပ်ကြမယ်၊ ဘယ်လိုလုပ်ကြမယ် စသဖြင့် သူနဲ့ ညအထိ တိုင်ပင်နေကြတယ်ပေါ့။
ည ဆယ်နာရီလောက်နေတော့ ဖုန်းအစိမ်းတလုံး ကျနော့်ဆီဝင်လာတယ်။ အဲဒီကာလကတော့ ဘာရယ်မဟုတ် တခုခုဆို အမြဲသတိထားနေရတော့ ဖုန်းအစိမ်းကလည်း တမျိုး သတိထားစရာ ဖြစ်နေတာပါပဲ။ ဖုန်းကိုင်လိုက်တော့ တဘက်လူက “ကိုစိမ်းအောင်လား ကျနော် ကျော်ကျော့်ဦးလေးပါ” က စလို့ ကျော်ကျော့်အဖေ နေတော်တော်မကောင်း အသည်းအသန်ဖြစ်လို့ ဆေးရုံတင်ထားရကြောင်း၊ အဲဒါ ကျော်ကျော့်ကို အိမ်ပြန်လွှတ်ပေးဖို့ ဖုန်းဆက်တာ ဖြစ်တဲ့အကြောင်း တဝကြီးပြောပြီး ဖုန်းချသွားတယ်။ ကျနော်နဲ့ ကျနော့်သူငယ်ချင်းနှစ်ယောက်မှာ ခေါင်းနပန်းတွေကြီးပြီး ကျော်ကျော့်ကို ပြန်ပို့ဖို့ စီစဉ်ရတယ်။ ဒါပေမယ့် ညတွင်းချင်းပြန်ပို့ဖို့ကတော့ ဘယ်လိုမှအဆင်မပြေလို့ ကျော်ကျော့်ကို တညတော့ အိပ်ခိုင်းလိုက်ရပြီး နောက်နေ့မနက်မှ ကျော်ကျော် ပြန်သွားပါတယ်။
အဲဒီတုန်းက ကျနော် တော်တော်ဒေါသထွက်သွားတာ ခုထိ မှတ်မိနေပါသေးတယ်။ နောက်တော့လည်း ရယ်စရာမဟုတ်တောင် ပြုံးစရာလေးတကွက် ဖြစ်သွားခဲ့တာပေါ့။ တကယ်တော့ ကျော်ကျော့်အဖေဟာ ဘာနေမကောင်း ဘာအသည်းအသန်မှ ဖြစ်တာမဟုတ်ပါဘူး။ ဖြစ်လည်း ကျော်ကျော်ဆိုတဲ့ကောင် သိပ်ဂရုစိုက်နေမယ့်ကောင် မဟုတ်ဘူးဆိုတာ အရင်ကတည်းက ကျနော်သိပါတယ်။ ဒါပေမယ့်လဲဗျာ ကျော်ကျော်ဆိုတာ အသက်မှ ဘာရှိမှာလဲ။ အဲဒီကောင် အဲဒီတုန်းက ဆယ့်ရှစ်နှစ်ပြည့်ရုံရှိသေးတာ။ ခပ်တည်တည်နဲ့ ကျနော်လည်း တောခိုမယ် ကိုကြီးရယ်လို့ ကျနော့်ကို ကတိပေးမိလိုက်လို့သာ သူ့မှာ ကြိတ်ပါလာရပုံရှိပါတယ်။ စီစဉ်ထားတဲ့နေရာမဟုတ်ဘဲ သူ့ကို ပို့လိုက်တဲ့နေရာက ဖုန်းလိုင်းက ခပ်ထစ်ထစ်၊ အင်တာနက်လိုင်းက မရဆိုတော့ စော်နဲ့ ညစဉ် ဗွီကောပြောနေကျ မောင်ဟာ ဘယ်လိုမှမရတော့ဘူး။ အဲဒါနဲ့ တညတည်းနဲ့ပဲ ကျော်ကျော့်ခမျာ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားတယ်နဲ့ တူပါတယ်။ သူ့ဘော်ဒါတွေဆီဖုန်းဆက်၊ သူ့ဘော်ဒါ ဦးလေးတယောက်ကို ဇာတ်လမ်းတွေဆင်ပြီး ကျနော့်ကို ဖုန်းဆက်ခိုင်း လုပ်တော့တာပဲကိုး။
ကျနော့်မှာ လူငယ်တွေကို တိတ်တိတ်ကလေး တောထဲပို့ပါတယ်ဆိုမှ ဒီကောင်လုပ်တာနဲ့ လူတကာသိမယ့်အပေါက် ဖြစ်ပါလေရော။ အဲဒါနဲ့ပဲ ကျနော်လည်း ဒီကောင့်ကို အဆက်အသွယ် ဖြတ်ရတော့တာပေါ့။ ဒီကောင် အိမ်ပြန်သွားပြီး သိပ်မကြာခင် ကျနော်လည်း ကျနော်မြို့ ကျနော်ပြန်လာတယ်။ အဲဒီကာလ လပိုင်းကလေးကတော့ ကျနော်ဟာ ကျနော့်မြို့နဲ့ ကျနော့်သူငယ်ချင်းရဲ့မြို့ကို လူးလာခေါက်ပြန်ပါပဲ။ ကျော်ကျော့်ကို ရပ်ကွက်ထဲမှာ တခါတရံ တွေ့ပေမယ့် မသိချင်ယောင်ဘဲ ဆောင်နေလိုက်တော့တယ်။ နောက်တော့ ကျနော်လည်း မြို့ကနေ ထွက်ပြေးလာရတော့တာပါပဲ။ ကျော်ကျော်နဲ့ ကျနော့်ပတ်သက်မှုဟာ အဲဒီ တော်လှန်ရေးအဦးအစ ကာလကတည်းက ပြီးဆုံးသွားလိုက်တာ လွန်ခဲ့သော တပတ်လောက်က ကျနော့်မက်ဆင်ဂျာမှာ စာတစောင် ဝင်လာတဲ့အချိန်အထိပဲ။
“အေး အေး ကျော်ကျော် ငါ မှတ်မိတယ်” လို့ ကျနော်စာပြန်လိုက်ပေမယ့် တပတ်လောက်အထိ ဒီကောင် စာပြန်မလာဘူး။ စာကလည်း sent ပဲ ဖြစ်နေတယ်။
“ကိုကြီးရေ ဘာတွေလုပ်နေလဲ ဘယ်တွေရောက်နေလဲ ကျနော် ဘယ်သူလေ …” ကနေ အစချီလို့ ကျနော့်ဆီ ပို့လိုက်တဲ့စာအရ ကျော်ကျော်ဟာ မြန်မာပြည်အလယ်ပိုင်းတနေရာမှာ တော်လှန်ရေးရဲဘော်လေးတယောက် ဖြစ်နေပြီ။ “စစ်မှုထမ်းဥပဒေထွက်လာတော့ မရတော့ဘူး ကိုကြီးရေ ဟီးဟီး ” တဲ့။ သွားကြီးဖြီးနေတဲ့ အီမိုဂျီတောင် ပါပါသေးတယ်။
အဲဒါနဲ့ တပတ်လောက်နေအောင် ဒီကောင် ပို့တဲ့စာလည်း seen မပြ၊ စာလည်းမပြန်လို့ ဂရုစိုက်ကွာလို့ စာတကြောင်း ထပ်ပို့လိုက်တယ်။ ရှေ့ကပို့လိုက်တဲ့စာလို sent ဖြစ်နေတုန်းပဲ။ နောက်တပတ်လောက်နေတော့ ဒီကောင့်အကောင့် က ဝင်ကြည့်လို့မရတော့ဘူး။ ဒီတော့လည်း စိတ်ထဲကနေပဲ “တော်လှန်ရေးပြီးတော့ တွေ့ကြတာပေါ့ ငါ့ညီလေးရာ” လို့ ကြုံးဝါးလိုက်မိတယ်။
စက်တင်ဘာ၂၀၂၄
Be the first to comment