
“ညီလေးသို့ ပေးစာ”

ညီလေးရေ …
တကယ်ဆို ညီလေးဆီ ဖုန်းနဲ့ တစောင်ချင်း စာပို့လို့ရပေမယ့် စာရှည်တာကြောင့်ရော လူကြုံကောင်းတာရောကြောင့် စာရွက်ပေါ် ချရေးပေးလိုက်ပါတယ်။
စီဒီအမ်ဝန်ထမ်းဖြစ်လို့ အာဏာရှင် မင်းအောင်လှိုင်ရဲ့လက်ပါးစေတွေ ဖမ်းဆီးခံရမှာ ကြောက်တာရော၊ လိပ်စာအတိအကျနဲ့ လိုင်းပေါ်တင်ပြီး သတင်းပေးခံရတာရောကြောင့် ဝရမ်းပြေးလို နေရာပေါင်းစုံ ပြေးလွှားနေရတဲ့ အကို့မှာ နောက်ဆုံး အမြီးကုပ် ကြောက်ခွေးတကောင်လို မပြေးတော့ဘဲ ပီဒီအက်ဖ်အဖွဲ့ထဲဝင်ပြီး ကိုယ့်ကို ဖမ်းဆီးသတ်ဖြတ်ချင်နေတဲ့ မင်းအောင်လှိုင်ရဲ့ လက်ပါးစေတွေကို ကိုယ်တိုင် တိုက်ထုတ်တော့မယ်လို့ ဆုံးဖြတ်လိုက်လို့ ပီဒီအက်ဖ်တပ်ဖွဲ့ဆီ မိဘတွေ ခွင့်မပြုတဲ့ကြားက အဝတ်တထည် ကိုယ်တခုနဲ့ ထွက်ပြေးခဲ့တဲ့ အကို့ကို ”ဘာလို့ လျှောက်လုပ်နေရတာလဲ အကိုရယ်” လို့ ညီလေးပို့လိုက်တဲ့ မက်ဆေ့လေးထဲမှာ အကို့အပေါ် စိတ်ပူသောကရောက်တာတွေရော၊ ချစ်ဒေါသတွေရော ရောပြွန်းနေတာကို အကိုရိပ်မိပါတယ် ညီလေးရေ။
အကို့လုပ်ရပ်ကြောင့် မိဘတွေနဲ့အတူ ညီလေးကပါ အကို့ကို စိတ်ပူပြီး ဒေါသတွေ ထွက်ကြမှာပါပဲ။ အကို ရွေးချယ်လိုက်တာက အသက်အန္တရာယ်နဲ့ နီးစပ်တဲ့ ပီဒီအက်ဖ်တပ်ဖွဲ့ထဲမှာ ဖြစ်နေတာကိုး။ ဟိုမြို့ပြောင်း သည်မြို့ရွှေ့နဲ့ ပြေးရှောင်နေတုန်းက ဘာမှမပြောဘဲ နေသားကျနေတဲ့အခါမှ ပီဒီအက်ဖ်တပ်ဖွဲ့ဆီ ထွက်ပြေးတဲ့ အကို့ကို စိတ်တိုဒေါသထွက်နေကြမှာပဲနော်။
ညီလေးရေ … ရန်သူက သေစေချင်တဲ့အခါ မသေအောင် ရှင်သန်ရတာကလည်း တိုက်ပွဲတခုပဲဗျ လို့ စာရေးဆရာကြီး ဗန်းမော်တင်အောင်က ဆိုခဲ့ဖူးတယ်။ အကိုလည်း မသေအောင် ဟိုမြို့ရွှေ့ သည်မြို့ပြောင်း လုပ်နေခဲ့ရတယ်။ နေရာပေါင်းစုံ ရွှေ့ပြောင်းပြီးတဲ့အခါ အကိုဟာ အတွေးတခု ဝင်ခဲ့တယ်။ သည်လို ရွှေ့ပြောင်းနေရတာ ပင်ပန်းလှပြီလို့၊ ပြေးစရာမြေ မရှိတော့သလို ခံစားရပြီလို့။ အကို ဘယ်လောက်အထိ အဲ့သည်လို ခံစားရသလဲဆိုရင် ရွာမှာ ဖမ်းဆီးခံရတဲ့ ပီဒီအက်ဖ် ငါးယောက်ဟာ တနှစ်အတွင်းမှာ လွတ်မြောက်ခဲ့တဲ့သတင်း ကြားရတုန်းက သူတို့ကတော့ လွတ်မြောက်သွားခဲ့ပြီ၊ ငါကတော့ အခုထိ ဝရမ်းပြေးလို ပြေးနေတုန်း လို့။ အဲ့သည်လို ခံစားရတဲ့အခါ ငါက ဘာကြောင့် အမြီးကုပ် ကြောက်ခွေးတကောင်လို ရှောင်ပြေးနေရမှာလဲလို့၊ ငါက ဘာအပြစ်တွေ လုပ်ထားလို့ ဝရမ်းပြေး ဖြစ်နေရတာလဲလို့။ သူတို့ ငါ့ကို လာပြီး ဖမ်းဆီးသတ်ဖြတ်မှာကို ရှောင်ပြေးနေမယ့်အစား ငါကပဲ သူတို့ကို ရဲရဲဝံ့ဝံ့ မနှိမ်နင်းသင့်ဘူးလားလို့။ ငါက ခြေလက်တွေ အကောင်းအတိုင်းကြီးပဲ၊ ငါက ယောကျ်ားရင့်မာကြီးပဲ၊ သည်လို ပြေးရှောင်နေတာ ယောကျ်ားမပီသပါဘူးလို့။ သည်လိုအတွေးတွေ ဝင်ခဲ့မိလို့ ဆုံးဖြတ်ချက် ပိုင်ပိုင်နိုင်နိုင်နဲ့ အကို ထွက်ပြေးခဲ့တာပါ ညီလေးရာ။
ဆရာကြီး ဗန်းမော်တင်အောင်ပြောသလို မသေအောင် ရှင်သန်တာလည်း ရှင်သန်ပေါ့။ ဒါပေမယ့် အမြီးကုပ် ကြောက်ခွေးတကောင်လိုတော့ မရှင်သန်သင့်ဘူးမလား။ ဝရမ်းပြေးလိုတော့ မရှင်သန်သင့်ဘူးမလား။ အဲသည်လို ရှင်သန်ရင် လူညံ့တယောက်နဲ့ တူတာပေါ့။ ယေကျ်ားမပီသဘူးပေါ့။ တန်ပြန်တိုက်ခိုက်ရင်း မသေအောင် ရှင်သန်တာက သူရဲကောင်းနဲ့ တူတာပေါ့။ မြန်မာပြည်အနှံ့မှာ ပီဒီအက်ဖ်တွေဟာ အသက်ပေးဆပ်နေကြပြီ ညီလေးရေ။ သူတို့ သည်လို အသက်ပေးဆပ်နေကြချိန် အကိုကတော့ ရှောင်ပြးမနေချင်တော့ဘူး။ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်တော့မယ်လေကွယ်။
ညီလေးရေ … ညီလေးက ပြောတယ်။ ညီလည်း ပီဒီအက်ဖ်အဖွဲ့ထဲ ဝင်ချင်တယ် တဲ့။ ညီလေးဆီက အဲဒီမက်ဆေ့ရောက်လာတော့ အကို တကယ့်ကို ဝမ်းသာမိတယ်။ တဆက်တည်းမှာပဲ အကို ရှက်လည်း ရှက်မိတယ်။ ဘာလို့ ဝမ်းသာရသလဲဆိုရင် ဆယ့်ငါးနှစ်အရွယ် ညီလေးက သည်အရွယ်လေးမှာတောင် ပီဒီအက်ဖ်သူရဲကောင်းလို သတ္တိမျိုး ညီလေးရင်ထဲမှာ ကိန်းအောင်းနေခဲ့လို့ပါ။ ညီလေးရဲ့ စိတ်ဓာတ်အတွက် အကို တကယ် ဂုဏ်ယူတယ်။ အကို ရှက်မိရတဲ့အကြောင်းက သုံးဆယ်ကျော်အရွယ် အကိုဟာ ဝရမ်းပြေးလို ပုန်းရှောင်နေတဲ့ တနှစ်အတွင်းမှာ ပီဒီအက်ဖ်အဖွဲ့ထဲဝင်ဖို့ အတွေးမဝင်ခဲ့မိလို့ပါ။ ပြေးစရာမြေမရှိတော့သလို ခံစားရခါမှ ဝင်ချင်စိတ်ပေါ်လာတဲ့ အကို့ကိုယ်အကို စိတ်ပျက်မိတယ်။ အမှန်အတိုင်း ဝန်ခံရရင် အကိုဟာ စီဒီအမ်လုပ်ထားရုံနဲ့ တာဝန်ကျေပါပြီ၊ ပီဒီအက်ဖ်ထဲ ဝင်ပြီး အသက်ပေးစရာ မလိုပါဘူးလို့ ကိုယ့်ကိုယ်ကို နှလုံးသွင်းနေခဲ့မိတာ။ အကို့အဖြစ်ဟာ တကယ်ကို သွေးကြောင်ရာကျပါတယ် ညီလေးရယ်။
ဒါပေမယ့် ညီလေးရယ် … ညီလေးအသက်က ငယ်လွန်းပါသေးတယ်။ ပီဒီအက်ဖ်တွေထဲမှာ ညီလေးတို့ အရွယ် လေးတွေလည်း ရှိကြပေမယ့် ညီလေးတို့ အရွယ်လေးတွေကို ပီဒီအက်ဖ်ထဲဝင်ဖို့ အကို အားမပေးချင်ဘူး။ တိုက်ရည်ခိုက်ရည် အားကောင်းကောင်းနဲ့ အရည်အချင်းပြည့်မီတဲ့ ပီဒီအက်ဖ်ဖြစ်ဖို့ဆိုရင် အသက်ပြည့်မီဖို့လည်း လိုပါသေးတယ်။ အသက်ပြည့်မီမှသာ ရွပ်ရွပ်ချွံချွံ တိုက်နိုင်မယ်၊ ခုခံနိုင်မယ်၊ ရှောင်တိမ်းနိုင်မယ်၊ သက်လုံကောင်းမယ်၊ ဖိုက်တင်ရတာတွေနဲ့ ကြုံခဲ့ရင်လည်း အားကောင်းမောင်းသန်နဲ့ တုန့်ပြန်နိုင်မယ်မဟုတ်လား။ ညီလေးတို့လို အသက်မပြည့်မီသေးတဲ့ ပီဒီအက်ဖ်လေးတွေ ကျဆုံးရတာဟာ အဲသည်လို အရည်အချင်းမျိုး မပြည့်မီတာကြောင့် လို့ အကိုထင်တာပဲ။ ဒါ့ကြောင့် ညီလေးက ငယ်လွန်းသေးလို့ မဖြစ်ပါဘူးလို့ အကိုပြောရတာပါ။
တနေ့ ညီလေးက အကို့ဆီ မက်ဆေ့ပို့လာပြန်သေးတယ်။ စစ်ကြောင်းလာလို့ စစ်ရှောင်လိုက်နဲ့၊ ကျောင်းသွားချင် လည်း စစ်ကြောင်းကြောင့် ကျောင်းသွားလို့ မရလိုက်နဲ့။ တခါတခါ စာသင်နေရင်းတန်းလန်း လေယာဥ်သံကြားလို့ ဗုံးခိုကျင်းဆီ ပြေးပုန်းလိုက်နဲ့ သိပ်စိတ်ညစ်ရတာပဲ အကိုရာ။ ပြီးတော့ ဆိုင်ကယ်ဆီက တလီတာကို ခုနစ်ထောင် ရှစ်ထောင် ပေးနေရတာ။ နေ့တိုင်း ဆိုင်ကယ်နဲ့ ကျောင်းတက်ရတော့ ဆီဖိုး သိပ်ကုန်တာပဲအကိုရယ်။ အိမ်မှာ ဝင်ငွေကမရှိနဲ့ စားစရာတောင် အနိုင်နိုင်ဖြစ်နေတဲ့ကြားက ဓာတ်ဆီဖိုးကကုန်နဲ့ ညီတော့ တကယ် ကျောင်းမနေချင်တော့ဘူး အကိုရယ်၊ အိမ်ကို ပြောပေးပါဦး၊ ညီ ကျောင်းမနေချင်တော့ဘူးလို့။
ညီ့ဆီက အဲသည်မက်ဆေ့ရောက်လာတော့ အကို အလွန်အမင်း ထိတ်လန့်သွားရတယ်။ ညီလေး တကယ်ပဲ ကျောင်းထွက်လိုက်ပြီများလားလို့။ ကျေးဇူးပြုပြီး ကျောင်းမထွက်လိုက်ပါနဲ့ ညီလေးရေ။ ညီလေးမှ ကျောင်းတက်ရတာ ခက်ခဲတာမဟုတ်ဘူး။ အခု ညီလေးတက်နေတဲ့ NUG လက်အောက်က စာသင်ကျောင်းကို ဖွင့်ရတာလည်း သိပ်ကို ခက်ခဲတာပါ ညီလေးရေ။ မင်းအောင်လှိုင်က NUG လက်အောက်က စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ လေယာဥ်နဲ့ ဗုံးလိုက်ကျဲတော့ တောတွင်းတနေရာလေးတွေဆီတို့၊ တဲငယ်လေးတွေတို့ ဆောက်လုပ်ပြီး စာသင် ကျောင်း ဖွင့်ကြရတာ။ ဆရာ၊ ဆရာမကလည်း ရှားပါး၊ NUG ကျောင်းမှာ စာမသင်ရဲကြတာရောကြောင့် ရှိတဲ့ ဆရာ၊ ဆရာမလေးနဲ့ မနိုင်မနင်း သင်ကြရတာ။ အတန်းကြီးတဲ့ ဘာသာတွေကို သင်ပြနိုင်တဲ့ ဆရာ၊ ဆရာမကလည်း ရှားပြန်တော့ အတန်းကြီးတွေ မဖွင့်နိုင်ပြန်။ အဲသည်တော့ ဝေးလံတဲ့ရွာတွေဆီ ဓာတ်ဆီအကုန်ခံပြီး တရွာဝင် တရွာဖြတ် ကျောင်းသွားကြရတာ။ တချို့ကျတော့ ဆီဖိုးမတတ်နိုင်လို့ စက်ဘီးကလေးနဲ့ နှစ်မိုင်၊ သုံးမိုင်ဝေးတဲ့ စာသင်ကျောင်းဆီ မီးရှို့ခံထားရတဲ့ ရွာတွေ အိမ်တွေကြားကနေ ဖြတ်သွားကြရတာ။
အကိုတို့တုန်းက နှစ်မိုင်ဝေးတဲ့ အထက်တန်းကျောင်းဆီ စက်ဘီးနဲ့ သွားခဲ့ကြရတယ်။ ညီလေးတို့ခေတ်မှာ တိုးတက်လာတော့ ဆိုင်ကယ်နဲ့ သွားနိုင်လာရာကနေ အခုဆို အကိုတို့ခေတ်ကို ပြန်ရောက်သွားသလိုမျိုး စက်ဘီးနဲ့ သွားကြရပြန်ပြီ။ ဒါတင်မက တချို့ဆို ကျောင်းတက်ဖို့ကို မတတ်နိုင်ကြတော့လို့ ကျောင်းထွက်ကုန်ကြပြီ။ မင်းအောင် လှိုင်ကြောင့်ပေါ့ကွယ်။ ရွာထဲ စစ်ကြောင်းတွေဝင်လို့ တရွာလုံး စစ်ရှောင်စခန်းဆီပြေး၊ စစ်ရှောင်စခန်းမှာပဲ မပြီးဆုံးသေးတဲ့ သင်ခန်းစာလေးတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ အချိန်ကိုလုပြီး သင်ကြားကြရတာ။ သည်လို ဒုက္ခတွေကို ညီလေးမပြောလည်း အကို မြင်နေ ကြားနေရပါတယ်။ သည်တော့ ဒုက္ခတွေက ကြီးတာပေါ့ညီလေးရေ။
တချို့ကျတော့ ကျောင်းဆက်တက်ဖို့ မတတ်နိုင်လို့ ပီဒီအက်ဖ်ထဲ ဝင်လာကြသူတွေလည်း ရှိတယ်။ အကိုပြောချင် တာက အဲသည်လို ဒုက္ခနဲ့ အခက်အခဲ အမျိုးမျိုးကြားကနေ အောင်မြင်လာတဲ့ အောင်မြင်မှုက ပိုပြီး တန်ဖိုးရှိပါတယ်လို့။ တန်ဖိုးကြီး ရှိရုံမကဘူး အတွေ့အကြုံတွေလည်း အများကြီးရမယ်။ အမှတ်တရတွေလည်း အများကြီး ရမယ်။ တနေ့နေ့တချိန်ချိန်ကျရင် အဲသည် ဒုက္ခတွေက ညီ့ကို တဖန် ပြန်အကျိုးပြုစေလိမ့်မယ်၊ ပိုပြီး ရင့်ကျက် လာစေလိမ့်မယ်လို့ အကို ယုံကြည်တယ်။ ဒါ့ကြောင့် ညီလေး လုံးဝ ကျောင်းမထွက်လိုက်ပါနဲ့။ ပညာသင်ခွင့်ဆိုတာ ငယ်ရွယ်စဥ်မှာပဲ ရှိတာ။ ညီလေး ငယ်ရွယ်တုန်းမှာ ပညာကို သင်ခွင့် ရနေသလောက် သင်ယူနေပါ။
အခုဆို NUG အစိုးရက နွေဦးတက္ကသိုလ် ဖွင့်နေပြီတဲ့။ အကို့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို ပြောရမယ်ဆိုရင် တက္ကသိုလ်တက်ခဲ့တဲ့အချိန်ပေါ့။ အရမ်း လွတ်လပ်ခဲ့တယ်။ လူငယ်ဆန်တဲ့ဘဝကို အပြည့်အဝရတာ တက္ကသိုလ်တက်ချိန်ပါပဲ ညီလေး။ ညီလေးကိုလည်း အကို့လို အပျော်ရွှင်ဆုံး အပျော်မျိုးနဲ့ ပျော်ဖူးအောင် တက္ကသိုလ်တက်ခွင့် ရစေချင်သေးတယ်။ နွေဦးတက္ကသိုလ်တက်ဖို့ဆိုရင် ပိုပြီး ဒုက္ခအဖုံဖုံ ကြုံရဦးမယ်။ အဲသည်အခါကျရင် ညီလေးဘဝမှာ အတွေ့အကြုံပေါင်းစုံ ရရှိလာစေဦးမှာ။ ဒါ့ကြောင့် ညီလေး ကျောင်းကို ဆက်တက်နေပါ။
ပြီးတော့ အကို ပြောချင်သေးတယ်။ အကိုတို့အဖွဲ့ထဲမှာ ညီလေးတို့အရွယ် ပီဒီအက်ဖ်ကလေးတွေ ရှိကြသေးတယ်။ သူတို့ဟာ ပီဒီအက်ဖ်အဖွဲ့ထဲ ဝင်ချင်လို့ ဝင်ကြတယ်များ ထင်နေလားဟင်။ သူတို့ဟာ အပေအတေ အလေအလွင့်ကလေးတွေ။ လူငယ်ပီပီ လွတ်လပ်မှုနောက်ကို လိုက်ခဲ့ကြသူတွေ။ အဓိကက ကျောင်းမနေချင်လို့ ပီဒီအက်ဖ်ထဲ ဝင်လာကြသူတွေပေါ့။ လူတိုင်းတော့ မဟုတ်ဘူး။ တချို့တွေပေါ့ကွာ။ အကို ဘာကြောင့် သည်လို တပ်အပ်ပြောနိုင်ရတာလဲဆိုရင် ပီဒီအက်ဖ်ကောင်လေးတယောက်က အကို့ကို လာ ရင်ဖွင့်ဖူးလို့။ ကျောင်းမနေချင်လို့ ပီဒီအက်ဖ်ထဲ ဝင်ပါတယ်ဆိုမှ သင်တန်းက စာတွေ ကျက်ရ၊ ကူးရနဲ့ သိပ်စိတ်ညစ်တာပဲတဲ့ လေ။ သူတို့ကလေးတွေရဲ့ မိဘတွေဆို သူတို့လေးတွေအတွက် ဘယ်လောက် စိတ်ညစ်ခဲ့ရလိုက်ရှာမလဲလို့ အကို တွေးမိတယ်။
မိဘတိုင်းဟာ သားသမီးကို ပညာတတ်ကြီးတွေ ဖြစ်စေချင်ကြတာပါ။ မိမိရဲ့ သားသမီးတယောက်က ကျောင်းမနေချင်တော့ဘူးလို့ ပြောလာရင် မိဘတွေဟာ အလွန်အမင်း စိတ်ထိခိုက်တတ်ကြပါတယ်။ အကိုလည်း ညီလေးက ကျောင်းမနေချင်တော့ဘူးလို့ ပြောလာတော့ အကိုကြီးတော့ အဖအရာဆိုသလို ကိုယ့်ညီလေးကို သားလို သဘောထားပြီး စိတ်ထိခိုက်ရပါတယ်။ ညီလေးဟာ အကို ဆယ်တန်းတက်နေတဲ့နှစ်မှာ မွေးဖွားလာခဲ့တော့ ဆယ့်ခုနစ်နှစ် ကွာတယ်။ အဲသည်တော့ ညီလေးကို အကိုဟာ မိဘတယောက်လို ပြုစုစောင့်ရှောက်လာခဲ့တာပါ။ ညီလေးဟာ အကို့အတွက် ညီလေးလည်း ဟုတ်သလို သားကလေးဆိုလည်း ဟုတ်ပါတယ်ကွယ်။ ပီဒီအက်ဖ်အဖွဲ့ဆိုတာ လူငယ်တွေကို ကျောင်းမနေချင်အောင် ဆွဲဆောင်တဲ့ နေရာမျိုးတော့ အကို မဖြစ်စေချင်ဘူး။ တချို့ ပီဒီအက်ဖ်အဖွဲ့တွေက ဝင်လာသမျှ ဆယ်ကျော်သက် လူငယ်လေးတွေကို လက်ခံနေတတ်ကြလို့လေ။ တကယ် ပီဒီအက်ဖ်ထဲ ဝင်ချင်လို့မဟုတ်ဘဲ ကျောင်းမနေချင်လို့ ဝင်လာတာမျိုးတော့ မလုပ်ပါနဲ့ဆိုပြီး ငြင်းလွှတ်တာမျိုး အကို မမြင်ဖူး၊ မကြားဖူးသေးဘူး။ အကို့ညီလေးကိုလည်း ကျောင်းပျင်းလို့ ပီဒီအက်ဖ်ထဲ ဝင်ချင်တာမျိုးတော့ မဖြစ်စေချင်ဘူး။
NUG ပညာရေးကျောင်းမှာ သင်ကြားရေးပိုင်း ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး အကို မြင်နေ၊ ကြားနေရတာလေးတွေရှိလို့ အကိုပြောဦးမယ်။ နွေဦးတော်လှန်ရေးကာလကြီးမှာ ကိုယ့်ရွာက ကလေးတွေ ပညာသင်ကြားဖို့ လိုကို လိုအပ်လို့ NUG ပညာရေးကျောင်းတွေဖွင့်ပြီး သင်ကြားရတယ်ပေါ့ကွာ။ ပညာသင်ကြားခွင့်ဆိုတာ ငယ်ရွယ်စဥ်မှာ သင်ရတာဆိုတော့ မသင်လို့မဖြစ်၊ ကျောင်းလည်း မဖွင့်လို့ မဖြစ်ဘူးပေါ့။ သည်လိုမှမဟုတ်ရင် ကလေးတွေက အသက်တွေ ကြီးလာကုန်ကြမယ်လေ။ တကယ်လည်း ကြီးကုန်ကြပါပြီ။ ကိုဗစ်ကာလမှာလည်း ပညာသင်ကြားခွင့်တွေ ဆုံးရှုံးရ၊ စစ်ကာလမှာလည်း ရွာက စာသင်ကျောင်းက ဆရာ၊ ဆရာမတွေဟာ စီဒီအမ်လုပ်ကြနဲ့ ကလေးတွေဟာ ပညာသင်ကြားဖို့ အခွင့်အရေးတွေ နှစ်အတော်ကြာ ဆုံးရှုံးခဲ့ရတယ်။ နွေဦးတော်လှန်ရေးကာလမှာတော့ ဆရာ၊ ဆရာမတွေဟာ စီဒီအမ်လုပ်ကြနဲ့ တကယ်တမ်း NUG ပညာရေးကျောင်းကိုဖွင့်တော့ ဆရာ၊ ဆရာမက ရှားပါးနေပြန်ပြီ။ ကိုယ့်ရွာက ဆယ်တန်းအောင်ထားတဲ့၊ ဘွဲ့ရထားတဲ့သူတွေကို ဆရာခန့်ပြီး သင်ကြားပေးစေခဲ့ရတာ။ ခက်တာက ဘွဲ့ရတွေဖြစ်ပြီး မင်းအောင်လှိုင်ကို ကြောက်လို့ဆိုတဲ့ အကြောင်းပြချက်လေးတခုတည်းနဲ့ NUG ပညာရေးကျောင်းမှာ စာသင်ဖို့ အကြောက်အကန်ငြင်းကြတဲ့ ပညာတတ်တွေ တွေ့နေရလို့ပါပဲ။ အကိုတော့ သူတို့ကို ကြည့်ပြီး အလွန့်အလွန်ကို စိတ်ပျက်မိတယ်။ သူတို့ဟာ ပညာတတ် မပီသဘူး။
ညီလေးပဲ စဥ်းစားကြည့်စမ်းပါ။ ဘွဲ့ရပညာတတ်တွေဆိုတာ အထက်တန်း မအောင်သေးသူတွေထက်၊ စာမဖတ်တတ်သူတွေထက် အတွေးအခေါ်ပိုင်းမှာတော့ တပန်းသာသင့်တယ်မလား။ ဘာလို့ဆို ဘွဲ့ရပညာတတ်ဆိုတာ စာဖတ်တတ်လို့လေ။ စာတွေထဲကနေပဲဖြစ်ဖြစ် အသိတရားတခုခုတော့ စာမဖတ်တတ်သူတွေထက် ပိုနေသင့်တယ်မလား။ တကယ်ဆို ဘွဲ့ရ ပညာတတ်ဆိုတာ လူသားတွေကို ပိုပြီး အကျိုးပြုသင့်တာ။ နိုင်ငံက ကိုယ့်ကို ပညာသင် ပေးထားတော့ ကျေးဇူးပြုတဲ့အနေနဲ့ နိုင်ငံကို မဟုတ်တောင် ကိုယ့်ရွာ၊ ကိုယ့်ရပ်၊ ကိုယ့်ဒေသက လူတွေအပေါ်ကိုတော့ အကျိုးပြုသင့်တယ်မလား။ နိုင်ငံတော်က ပညာတတ်မှန်ရင် နိုင်ငံကို အကျိုးပြုရမယ်လို့၊ နိုင်ငံ့တာဝန် ထမ်းဆောင်ရမယ်လို့ ဥပဒေတော့ ထုတ်မထားပေမယ့် ဘွဲ့ရပညာတတ်မှန်ရင် ကိုယ်ပိုင်အသိတရားလေးတော့ ရှိထားသင့်ပါတယ်ညီလေးရေ။
ပညာတတ်ဖြစ်ပြီး လူသားတွေကို အကျိုးမပြုရင် မင်းအောင်လှိုင်လို လူစားနဲ့ ဘာခြားတော့မှာလဲ။ ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး တည်ဆောက်ဖို့ဆိုရင် ပညာတတ်တွေနဲ့ တည်ဆောက်ကြရတာ။ အဲ့ဒီတော့ နိုင်ငံတော်နဲ့ လူသားတွေဟာ ပညာတတ်တွေရဲ့ အကူအညီကို လိုအပ်ပါတယ်။ ညီလေးကိုလည်း နိုင်ငံတော်နဲ့ လူသားတွေအပေါ် အကျိုးပြုတဲ့ ပညာတတ်ကြီးတယောက် ဖြစ်စေချင်မိပါတယ်။ ညီလေးတယောက် အခက်အခဲပေါင်းစုံကြားကနေ ပညာတွေကို ဆုံးခန်းတိုင်အောင် သင်ယူနိုင်ပြီး နိုင်ငံတော်နဲ့ လူသားတွေအပေါ် အကျိုးပြုတဲ့ ပညာတတ်ကြီးတယောက် ဖြစ်ပါစေကွယ်။
ညီလေးရဲ့ ချစ်လှစွာသော အကို
(7.1.2025)
Be the first to comment