“ညောင်ပင်ရိပ်အောက်က ဓားမနောက်ပိတ်ခွေ “
ညီလင်းအိမ်
ဓားမနောက်ပိတ်ခွေ (ခွေး)၊ စိန်နားကပ်ရောင်နဲ့
ပါးပြောင်၊ အသားထဲက လောက်ထွက် စတဲ့ စကားပုံတွေဟာ အခွင့်အာဏာရှိသူနဲ့ ပူးပေါင်းပြီး သူတို့အလိုကျ မှားတယ် မှန်တယ် မသိ၊ လိုက်ပါလုပ်ဆောင်တဲ့သူတွေ၊ အဲဒီလိုလုပ်နေရင်း အာဏာရှင်ကြောင့် ပျက်စီးပိပြားနေတဲ့ တိုင်းပြည်မှာ လူမွေးလူတောင် ပြောင်ယောင်နေတာကို နာမ်နှိမ်ပြီး ခိုင်းနှိုင်းတဲ့ စကားပုံတွေ ဖြစ်ကြတယ်။ ယခု ညွှန်းဆိုချင်တဲ့ အီရန်ရုပ်ရှင် ဇာတ်ကြောင်းဟာလည်း ဓားမနောက်ပိတ်ခွေး လူတယောက်နဲ့ သူ့ရဲ့မိသားစု အဖြစ်အပျက်ကို ရိုက်ပြတဲ့ ရုပ်ရှင်ပါ။
အီရန်ဟာလည်း လက်ရှိအချိန်အထိ ကျနော်တို့တိုင်းပြည်ကဲ့သို့ပဲ အာဏာရှင်တွေသာလျှင် ကြီးစိုးနေပြီး လူထုအပေါ် ကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖိနှိပ်အုပ်ချုပ်လျက် ရှိနေပါတယ်။ ဆန့်ကျင်ဆန္ဒပြသူတွေဆိုလည်း ရက်စက်တဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဖိနှိပ်သ*တ်ဖြတ်ခြင်း ၊ ဖမ်းဆီးအကျဉ်းချခြင်းတို့ကို အာဏာရှင်တိုင်းပြည် ဖြစ်တာနဲ့လျော်စွာ ထပ်တူ အသုံးပြုနေတဲ့ နိုင်ငံဖြစ်တယ်။ အဲသလို အခြေအနေမျိုးထဲမှာ အိုင်မန်က အစိုးရဘက်တော်သား လက်ကိုင်တုတ်အဖြစ် ဝင်ရောက် အမှုထမ်းခဲ့တယ်။ အခုဆိုရင် သမီးနှစ်ယောက်တောင် အရွယ်ရောက်နေပြီ။ သူတို့လို အစိုးရဝန်ထမ်းတွေအတွက်က ရာထူးတဆင့်တိုးမြင့်မှသာလျှင် ပိုမိုကောင်းမွန်တဲ့ တိုက်ခန်း အဆောင်အယောင် တွေ ရရှိမှာမို့ သူလည်း ရာထူးရအောင် စည်းကမ်းစည်းစနစ်တွေနဲ့အညီ တာဝန်ထမ်းရွက်ခဲ့သူမို့ ခုတော့ ရာထူးတဆင့်တိုးသွားပြီ။
ဒီအတွက်လည်း ပျော်ရွှင်ဝမ်းမြောက်နေတာကို မြင်ရတယ်။ သို့ပေမဲ့ သူတိုးမြင့်ရလိုက်တဲ့ ရာထူးက သားသ*တ်သမား အဆင့်ကနေ ဇာတ်တူသားချင်း သ*တ်ရဖြတ်ရတဲ့ ပါးကွက်သား နေရာသာလျှင် ဖြစ်နေတယ်။ အာဏာရှင်အစိုးရဟာ သူ့ကို တော်လှန်ဆန့်ကျင်သူ မှန်သမျှကို တရားမျှတတာတွေ၊ မမျှတတာတွေ ကြည့်မနေတော့ဘဲ သူတို့ကို ကိုယ်စား သ*တ်ဖြတ်ခိုင်းခြင်းသား ဖြစ်တယ်။ နေရတဲ့ဌာနမှာ မတရားမှုမှန်း သိနေလျက်နဲ့လည်း ရုန်းကန်တိုးထွက်ဖို့ အင်အားမရှိ။
သို့ပေမဲ့ ဒီနေရာမှာ ဒါရိုက်တာဖြစ်သူဟာ အာဏာရှင်စနစ်ရဲ့ ဆိုးယုတ်မှုကို မြင်ရပြီးရော ရိုက်ပြခြင်းမျိုး မဟုတ်။ ဒီလို ဖိနှိပ်မှုနဲ့အတူ နောက်ဆက်တွဲ ကပ်ပါနေတဲ့ အကျိုးဆက်တွေ၊ ပြီးတော့ ကိုယ်ပိုင်အခွင့်အရေး ပျောက်ဆုံးနေကြတဲ့ အမျိုးသမီးများရဲ့ တကိုယ်ရည်ဘဝတွေကိုပါ သိမ်သိမ်မွေ့မွေ့ကလေး ပြသွားတာကို တွေ့နိုင်တယ်။ တချို့နေရာတွေမှာ ကြည့်ရှု့ ခံစားသူ ပရိသတ်တွေအတွက် တသမတ်တည်း ဒီလူဟာ လက်ကိုင်တုတ် အလိုတော်ရိသက်သက်၊ ရွံရှာ မုန်းတီးရမယ်ဆိုတဲ့ အမြင်တခုတည်းဆီကို မပို့ဆောင်ဘူး။ သူတို့ကြားတွေထဲက ပဋိပက္ခဖြစ်ရပ်ကနေတဆင့် အကဲဖြတ်ခိုင်းတာမျိုးတွေ၊ နောက် မိမိတို့ရဲ့ စိတ်ပကတိအတွင်းသားထဲက အမြင်တွေကိုပါ လှမ်းဆုပ် အဖြေရှာတာမျိုးအထိ သိပ်သည်းအားကောင်းလွန်းလှတဲ့ ဇာတ်ကောင်ဖန်တီးမှုတွေကို တခုတ်တရ မြင်ရနိုင်ပါတယ်။ ဆိုတော့ ကျနော်တို့တွေ အဲဒါကို ပိုမို သိရှိ ပေါ်လွင်လာစေဖို့ အတွက် ကာရိုက်တာတခုချင်းစီကို ချဉ်းကပ်ကြည့်ကြရအောင်။
အိုင်မန်က ဒီဇာတ်အိမ်မှာ အခရာကျတဲ့ ဇာတ်ကောင်လို့ ပြောလို့ရတယ်။ လက်ရှိ ကျနော်တို့ဆီက တော်လှန်ဆန္ဒပြကြတဲ့ လူငယ်တွေ၊ သူရို့အထက် အစိုးရနဲ့ အတိုက်အခံဖြစ်တဲ့ နိုင်ငံရေးသမားတွေကို ညှဥ်းပန်းနှိပ်စက်ရာမှာ ပါဝင် တာဝန်ယူပေးရတဲ့ အစိုးရ အရာရှိတယောက် ဆိုပါတော့။ တခုခု သူ့ခေါင်းပေါ် တာဝန်ကျလာရင်တော့ အထက်က အမိန့်မို့လို့ မလွှဲမရှောင်သာ လုပ်ခဲ့ရတာပါဆိုပြီး ဖြေရှင်းကြတဲ့ လူတွေရဲ့ပုံစံပေါ့။ သူထင်ထားခဲ့ပုံရတာက ယခုရာထူးဟာ ဥပဒေချိူးဖောက်သူတွေကို သေချာစုံစမ်းစစ်ဆေးခွင့်ရပြီး ကျူးလွန်မှုအကြောင်းရင်း ပေါ်လွင် ခိုင်မာမှသာလျှင် စီရင်ဆုံးဖြတ်ပေးရမယ့် နေရာဖြစ်တယ်လို့ မှတ်ယူထားခဲ့ပုံပါ။ တကယ်လည်း နေရာရလာတော့ သူ့မှာ ဘာမှ ကွန်ပလိန်းတက်ခွင့်မရှိ၊ ကြိုးမိန့်ပေးဖို့ လက်မှတ်ထိုးပေးရမယ်ဆို လက်မှတ်ထိုး၊ ဘာမှ မေးမြန်းမနေနဲ့၊ မသိချင်နေနဲ့ ဆိုတဲ့ အနေအထား။ သူ သဘောမကျပေမဲ့လည်း ရုန်းထွက်လိုစိတ် မရှိ။ သူ့မှာ ဒီနေရာရဖို့ နှစ်ပေါင်းများစွာ အလုပ်လုပ် ကိုင်ခဲ့ရတာ။ မလုပ်ချင်လို့ ရာထူးက စွန့်ခွာရင်လည်း အရွယ်ရောက် သမီးနှစ်ယောက်နဲ့ ထပ်မံကောင်းမွန်တဲ့ ဘဝလမ်းလို့ မရှိ။
ပြီးတော့ သူကိုယ်တိုင်ဟာလည်း အစွန်းရောက် အမျိုးသားရေးဝါဒီတွေနဲ့ ဝါးမျိုခံထားရတဲ့ လူတယောက်ရယ်သာပဲ။ လက်ရှိ ပြင်ပမှာ ဆန္ဒပြ၊ ဆန့်ကျင်နေကြတဲ့ လူငယ်တွေ၊ အထူးသဖြင့် အမျိုးသမီးတွေဟာ နိုင်ငံရဲ့ ယဉ်ကျေးမှု စည်းကမ်းတွေကို ဖောက်ဖျက်နေကြသူတွေ။ လူဆိုတာ ရောမရောက်ရင် ရောမလို ကျင့်သုံးရမယ် ဆိုတဲ့စကားကို လက်သင့်ခံထားသူမျိုး။ အီရန်ပြည်က အမျိုးသမီးဆိုတာ ဘာသာရေးစည်းကမ်းအောက်မှာပဲ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်ပြုမူရမည်။ မိန်း*မတွေရဲ့ ရှင်သန်မှုဆိုတာဟာ အိမ်မှာပဲ အိမ်မှုကိစ္စကို ဦးစီးရင်း လင်ယောက်ျားဖြစ်သူအတွက် သက်ဆိုင်တဲ့ ဝတ်ကြီးဝတ်ငယ်တွေကို ဆောင်ရွက်ပေးရန်၊ နောက် သားသမီးမွေးပေးရန်၊ မျိုးဆက်ပွားပေးရန် ဒါထက်ပိုပြီး သူတို့မှာ ဆင့်ကဲဆန့်ကျင်ဖို့ အကြောင်းမရှိ။ ဆန့်ကျင်ဖို့လည်း မလိုအပ်ဘူးလို့ ယုံကြည်နေတာမျိုး ဖြစ်တယ်။ ဆိုတော့ သူဟာ မတရားလုပ်နေတာ၊ သူ့ကိုပါ ဆင့်ကဲ ဖိနှိပ်နေတာကို သိလျက်နဲ့ ဒီလောကထဲက ထွက်ခွာဖို့ အကြောင်းမရှိပါဘူး။
နောက်တချက်ကတော့ သူဟာ အဲဒီလို လက်ကိုင်တုတ်ဘဝရောက်ရပေမဲ့ မိသားစုအပေါ်ကိုတော့ ဖခင်ပီသချင်သူ ဆိုတာကို မြင်ရပါတယ်။ ဒါက ကျနော့်အနေနဲ့ ယောက်ျားတွေဘက်က အမြင်နဲ့ ခံစားမိတဲ့အချက်ပါ။ အနှစ်ချုပ်ရရင် သူဟာ အီရန်ရဲ့ အရိုးစွဲစည်းစနစ်ထဲက ရှင်သန် အသားကျပြီးသားသူ၊ ထိုအချက်တွေနဲ့ပဲ မိသားစုအပေါ်ကိုလည်း ဩဇာညောင်းလိုတဲ့ ဖခင်။
နောက် သူ့ရဲ့ ဇနီးသည်ဖြစ်သူဟာ အီရန်ရဲ့ ဓလေ့ထုံးတမ်းထဲက စနစ်ဟောင်းတွေနဲ့ တွန်းလှန်မှုအကြားက လွန်ဆွဲနေရတဲ့ ဘဝကို ကိုယ်စားပြု ဖော်ပြပေးသူပဲ။ သူမကိုယ်တိုင်ကလည်း ယောက်ျားဖြစ်သူနဲ့ စိတ်ခံယူချက်ချင်း သိပ်မထူး။ ကျနော်တို့တိုင်းပြည်က အသက်ငါးဆယ်တန်း ခြောက်ဆယ်တန်း အမျိုးသမီးတွေနဲ့ တူညီတဲ့ စရိုက်လက္ခဏာ ရှိတယ်။ လင်ကို အိမ်ဦးနတ်လို သဘောထားရမယ်။ သူပြောသမျှကို နားထောင်ရမယ်။ လင်သားပြန်လာရင် ပြုစုလုပ် ကိုင်ပေးရမယ်။ နောက် သူတွေ့ကြုံလာခဲ့ရတဲ့ အဆင်ပြေမှု မပြေမှုတွေကို မျှဝေပေးရမယ်။ မိမိတို့ရဲ့ တကိုယ်ရည် ဆန္ဒတွေကိုလည်း သူ့ရဲ့ အပေါင်းလက္ခဏာဆောင်တဲ့ သဘောထားရနိုင်တာမျိုးသာ ထုတ်ဖော်ပြောဆိုရမယ်။ ဒါကြောင့် လင်ယောက်ျား ခင်ပွန်းသည်ရဲ့ အလုပ်အတွက် ဝေဖန်စောကြောပေးစရာ အကြောင်းမရှိ။ ခြုံငုံပြောရရင် တော့ သူတို့နှစ်ယောက်ဟာ လိုက်ဖက်ညီတဲ့ စုံတွဲတွေ။ အီရန်ရဲ့ လူနေမှု သွင်ပြင်အရွေ့ကလည်း အဲဒီလိုစံနဲ့သွားတဲ့ လူတွေကို လိုချင်တာကို။
ဒါပေတဲ့ အခြားတဘက်မှာတော့ အဲဒါတွေကို ရာနှုန်းပြည့် လက်ခံလို့မရဘူး၊ အမျိုးသမီးတွေဆိုတာဟာ မိမိတကိုယ်ရည် စိတ်ဆန္ဒအတိုင်း ရှင်သန်နိုင်ခွင့်ရှိတယ်၊ မျက်မှောက်ခေတ် ကမ္ဘာကြီးမှာလည်း အမျိုးသမီးတွေဟာ ကျားမမဟူ မခွဲခြားတော့ဘဲ ရင်ဘောင်တန်း နေထိုင်ခွင့်ရကြပြီး လုပ်ကိုင် ဖြတ်သန်းနေကြတယ် ဆိုတဲ့အမြင်တွေက သူတို့ သမီးနှစ်ယောက်ဆီမှာ ရောက်ရှိနေပြီ။ ဒါပေမဲ့လည်း ရဲရဲဝံ့ဝံ့ ပြောချင်တာမျိုးတော့ မဟုတ်ဘူး။ သူတို့မှာလည်း ဘဝမှီခိုမှုအရ အဖေဖြစ်သူဆီမှာပဲ တမိသားစုလုံး ရပ်တည်ရတာကို။ အဲဒီမှာတင် သူရို့မိသားစုအကြားကို ဂယက်ဖြစ် စေမဲ့ အရာတခု ဝင်ရောက်လာပါတယ်။ ဘာလဲဆိုတော့ ၂၀၂၂ ခုနှစ်ဆီက ခေါင်းစည်းပုဝါ ပြဿနာကနေ တက္ကသိုလ် ကျောင်းသူ/သားတွေဟာ ဆန္ဒထုတ်ဖော်ကြတယ်။ အာဏာပိုင်တွေကလည်း ရက်စက်သော နည်းလမ်းတွေကို သုံးစွဲပြီး ရှင်းလင်းဖြိုခွင်းကြတယ်။ အဲဒီအထဲမှာ သူတို့ရဲ့ သူငယ်ချင်းကောင်မလေးလည်း ပါတယ်။ လေသေနတ်ထိမှန်ပြီး မျက်စိတဘက်ကွယ်ဖို့ သေချာလုနီးပါးဖြစ်နေပြီ။
အဲဒါကိုလည်း မိခင်ဖြစ်သူက သနားစိတ်ရှိပေမဲ့ ယောက်ျားအလုပ်အကိုင် ထိပါးမှာကြောက်ပြီး သမီးတွေကိုပါ မကူညီပေးဖို့ ဟန့်တားပါတယ်။ နောက်ဆုံး သမီးတွေ သိလိုက်တာက သူတို့ရဲ့ဖခင်ဖြစ်သူဟာလည်း အဲဒီပုတ်ထဲကပဲ။ အပြစ်မဲ့ ပြည်သူတွေ၊ ကျောင်းသူ ကျောင်းသားတွေကို ဖိနှိပ်ရာမှာ ပါဝင်နေတဲ့သူ။ ဒီလိုနဲ့ စကားဝိုင်းမှာ မိသားစုလိုက် စကားများကြတယ်။ ဖခင်ဖြစ်သူက သူတို့ပြောတဲ့ စကားတွေကို လုံးဝ လက်မခံ။ သမီးနှစ်ယောက်ဟာ သူ့ကို မုန်းတီးစိတ် ဝင်နေပြီဆိုတာလည်း သူသတိမပြုမိ။
ဆန္ဒပြဂယက်တွေက ပိုအားကောင်းလာတော့ သူတို့ရဲ့ မိသားစုဘဝ လုံခြုံဖို့အတွက်ပါ အကျပ်ရိုက်လာတယ်။ ကြားထဲမှာ ဒုက္ခဖြစ်ချင်တော့ သေနတ်ပါ ပျောက်သွားသေးတယ်။ ဒီစ်တ်တွေနဲ့ ဝါးမျိုခံလိုက်ရတဲ့ သူတို့ဖခင်ဖြစ်သူဟာ ဘယ်သူ့ကိုမှ မယုံကြည်တော့။ လမ်းတလျှောက် တွေ့သမျှလူတွေအထိ သူ့ကို လုပ်ကြံမယ့်သူလို့ပဲ ထင်နေတော့တယ်။ နောက်ဆုံး အိမ်က သမီးတွေနဲ့ ဇနီးသည်ကိုပါ မယုံကြည်တော့ပါဘူး။
ရုပ်ရှင်ထဲမှာ အငယ်သမီးဖြစ်သူက ဖခင်ကို ရန်သူကြီးလို သဘောထား ဆက်ဆံတော့တာတွေ ပြတော့ ကိုယ်ကပဲ ဖိုသတ္တဝါဖြစ်နေလို့လား မပြောတတ်ပါဘူး။ မကျေနပ်သလို ခံစားရတာကို ရေးသားဝန်ခံချင်ပါသေးတယ်။ အချက်အလက်တွေဖယ်ရရင် သူရို့ဖခင်ဆိုတာဟာ နိုင်ငံရဲ့ စနစ်ဆိုးထဲက ရုန်းထွက်မသာတဲ့ ယန္တရားငယ်တခုသာ ဖြစ်နေတယ်။ ဒါပေမဲ့လည်း သူ့မိသားစုအပေါ်မှာကို ဖခင်တယောက် ပီသစွာ အကာအကွယ် ပြုချင်တာ၊ နောက် သမီးတွေကို ပိုပြီးကောင်းမွန်တဲ့ လူနေမှုဘဝထဲမှာ ထားရှိချင်တဲ့ စိတ်ဆန္ဒကိုလည်း တွေ့ရတာကို။ ဒါပေတဲ့လည်း သမီးတွေဟာ အဲဒါတွေကို မမြင်နိုင်တော့ဘူး။ ဒီအတွက် စိတ်ပေါက်သလို ခံစားရတာကလည်း ခုရုပ်ရှင်ကနေ သိစေချင်တဲ့ ပို့ဆောင်မှုဆိုတာကိုလည်း သတိချပ်ရပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဇာတ်လမ်းအစမှာတင် ဇာတ်ကျောရဲ့ ရည်ညွှန်းအဖြစ် ညောင်ပင်ကို ပမာပြုပြီး ပြောထားတာကို တွေ့တယ်။ ဘာသာရေးအမြင်အားဖြင့်တော့ ဗောဓိညောင်ပင်လိုမျိုးတွေဟာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ စတာတွေမှာ အထွဋ်အမြတ်ထားရာ အရိပ်အာဝါသအဖြစ် မှတ်ယူကြပေမဲ့ ဒီရုပ်ရှင်မှာတော့ ညောင်ပင်ရဲ့ တပါးသူကို ဝါးမျိုပြီးမှ ရှင်သန်ကြီးထွားရတဲ့ သဘောကို ကိုယ်စားပြလိုပုံပါ။ ရုပ်ရှင်ကျောရိုးမှာလည်း ဒီမိသားစုကလေးထဲကို အဲဒီ အာဏာရှင် အစွန်းရောက် ဖိနှိပ်မှုတွေကနေ လာရောက် ဝါးမျိုပြီး ပျက်စီးကြရတာကို မြင်လိုက်ရလို့ ဖြစ်ပါတယ်။ စနစ်ဆိုးကြီးအောက်မှာ ရှင်သန်ကြရသူတွေမှာ ဘယ်လိုမှ ငြင်းဆန် ပယ်ဖျက်နိုင်စွမ်း မရှိကြတော့ဘဲ ထိုနည်းနှင်နှင် ရင်နင့်နာကျင်စရာတွေနဲ့သာ ပြီးပျက်ရတာကို ခုရုပ်ရှင်က အသေးစိတ်ကျကျ ပြပါတယ်။ ရုပ်ရှင်ဆိုလိုရင်းဟာ ဖိနှိပ်မှုကို အလုံးစုံ နည်းလမ်းနဲ့ တိုက်ခိုက်ဖို့ လှုံ့ဆော်တာမျိုး၊ ရှုံ့ချတာမျိုးရယ်လို့ မဟုတ်ဘဲ ခုလို လွဲမှားတဲ့ အယူဝါဒ အစွန်းရောက်မှုတွေ အုပ်ချုပ်မှုနည်းလမ်းတွေကို အမှန်လို့ထင်မြင်ပြီး စွဲကိုင် အသုံးပြုသူတွေဟာ အဆုံးမတော့ မိမိကိုယ်တိုင်ပါ နာကျင်စရာ အဖြစ်ဆိုးတွေကို ကိုယ်တိုင် ပိုက်ထွေးရင်းနဲ့ပဲ ပျက်သုဉ်းသွားကြရတယ်လို့ ဖော်ပြလိုရင်းဖြစ်တယ်။
၂၀၂၄ ခုနှစ်အတွက် ကန်းစ်မှာ Jury Prize ဆု ရတဲ့ ယခုရုပ်ရှင်ကို ဂျာမနီကလည်း သူတို့တိုင်းပြည် ကိုယ်စားပြု ရုပ်ရှင်အဖြစ် ၉၇ ကြိမ်မြောက် အော်စကာအတွက် ရွေးချယ်ထားပါတယ်။ ပြောမယ်ဆို ဒီကားရဲ့ ပဲ့ကိုင် ဒါရိုက်တာ Mohammad Rasoulof မှာလည်း ခုရုပ်ရှင်ရိုက်လို့ဆိုပြီး မိခင် အီရန်နိုင်ငံကနေ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခံထားရတာမို့ လက်ရှိမှာ ဂျာမနီမှာပဲ ခိုလှုံနေရသူပါ။ ဒီရုပ်ရှင်ကို ရိုက်ဖို့အတွက်လည်း တရားဝင် ဘာခွင့်ပြုချက်မှ မရရှိဘဲ ၂၀၂၃ ဒီဇင်ဘာကနေ ၂၀၂၄ မတ်လအတွင်းမှာပဲ ကြိုးစားရိုက်ကူးခဲ့ကြတယ်။ ရှေးမဆွကတည်းက သူဟာ အရင်ရုပ် ရှင်တွေတုန်းကလည်း ဖမ်းဆီးထောင်ချတာကို ခံခဲ့ရပြီး တင်းကြပ်စွာ စောင့်ကြည့်ခံထားရတဲ့ ကာလထဲမှာတင် သူ့ရဲ့ ဆယ်ကားမြောက် လက်ရာသစ်ကို ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ယင်းရုပ်ရှင်ထဲက ပါဝင်သူတွေအားလုံးကို အီရန်အစိုးရက ပြည်ဝင်ခွင့်ပိတ်ထားပါတယ်။ သူတို့တွေဟာ ကံအားလျော်စွာပဲ ရုပ်ရှင်ရိုက်ကူးပြီးတဲ့အချိန်မှာ ဂျာမနီဘက်ကို တိမ်းရှောင် လွတ်မြောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရုပ်ရှင်ရည်ညွှန်း – The Seed of the Sacred Fig Movie (2024)
Be the first to comment