တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ

by The Call
169 views
‘တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေ’
◼️SWN
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ (၇၂) နာရီစောင့်တယ်။
သံပုံးတွေကို မျက်ရည်နဲ့တီးတယ်။
လက်သုံးချောင်းကို ရဲရဲဝံ့ဝံ့ထောင်ကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်မှာ We Want Democracy လို့ ရေးတယ်။
Fuck the Coup လို့ရေးတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ လမ်းမတွေပေါ်တက်လာတယ်။
လှည်းတန်းလမ်းဆုံမှာ လူစုတယ်။
ဘာလိုချင်လဲ ဒီမိုကရေစီလို့ အော်ကြတယ်။
နောက် ဆူးလေမှာ လူတွေဆုံသွားကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ ကဒေါင်းအလံတွေကိုင်လာတယ်။
ခွပ်ဒေါင်းအလံတွေကိုင်လာတယ်။
လူမျိုးပေါင်းစုံရဲ့အလံတွေကို ကောင်းကင်ပေါ်တက်ချိတ်လိုက်တယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ နံပါတ်တုတ်နဲ့ရိုက်ခံရတယ်။
မီးခိုးဗုံးနဲ့အပစ်ခံရတယ်။
မျက်နှာကို ကိုကာကိုလာနဲ့ဆေးကြတယ်။
လက်သီးတွေကို ဖြည်ချပြီး လက်ထိပ်ခတ်ခံရတယ်။ ကျည်အစစ်နဲ့ပစ်ခံရတယ်။
ခေါင်းကနေ ပန်းတွေပွင့်သွားကြတယ်။
လမ်းပေါ်ကို ပွင့်လွှာဖြူဖြူတွေ ကျဆင်းသွားတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ သပိတ်တွေစုံတော့ သူပုန်ထတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာတွေအတွက် မနက်(၄)နာရီထတယ်။
ခရာသံကြားရင် အဆုတ်တွေ ပွင့်မတတ် ပြေးကြတယ်။
ဝဲတွေပေါက်တယ်။
အဟာရမပြည့်တာတွေ စားကြပြီး တာလပတ်ခြုံအိပ်ကြတယ်။
တခါမှ မပိုင်ဆိုင်ဖူးတာကို ဆုံးရှုံးလိုက်ရသူတွေဟာ တခါမှ မပိုင်ဆိုင်ဖူးသူတွေအတွက် ပြန်လာနေပြီ။
ပိုင်ရှင်အတုတွေ သတိထားကြ။

Author

  • The Call

    "The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။
    နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။
    စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment