ညီလင်းအိမ်
သူ့ကို ကြည့်ပါဦး လို့ပြောပြီး ခင်ဗျားကို ထပ်မံ အကဲဖြတ်ခိုင်းမယ်။ တယောက်ယောက်နဲ့ တူလား ဆိုပါစို့ သူ့ကို ဟစ်တလာနေရာကို သရုပ်ဆောင် ထည့်ခိုင်းမယ်ဗျာ ဆိုပြီး ထပ်ပြောရင်ကော မတူဘူး ထင်တယ်နော်လို့ပဲ ပြောကြမယ် ထင်ပါရဲ့။ သာမန် လူလတ်အရွယ် ပုံပန်းသာရှိပြီး နှုတ်ခမ်းမွှေးစစနဲ့ သူ့သွင်ပြင်က ဘဝထဲကပေးလိုက်တဲ့ အနိမ့်အမြင့်တွေကြောင့်ဖြစ်မယ်။ ပိုလို့ အိုစာနေပုံပေါက်တယ်။
သူ့လို ဖြစ်ရပ်မျိုးကလည်း ထပ်တူကြုံရသူတိုင်း ရှိရင်းစွဲထက် အိုမင်းရင့်လျော်သွားမယ်။ ဒါမှမဟုတ် သွပ်သွပ်ခါအောင်တောင် ရူးသွားနိုင်ဖွယ်ရှိတယ်။ ဟေတီငလျင်မှာ မိသားစုကို ဆုံးရှုံးလိုက်ရတယ်။ အဲတုန်းက ကံအားလျော်စွာလား။ ကံတရားကပဲ မိမိဘဝရဲ့ အကြီးမားဆုံး အနှောင်အဖွဲ့နဲ့ နာကျင်စွာ ဝေးကွာရခြင်းရဲ့ အဆိုးဝါးဆုံး စိတ်ဝေဒနာတွေကိုပဲ တသက်တာလုံး ခံစားလောင်မြိုက်စေဖို့ တမင်ချန်ပစ်ခဲ့လေသလားလို့ မေးရမယ့်ပုံပေါ့။ သူက အလုပ်ရှိရာ ရောက် နေလို့ သေခြင်းက လွတ်မြောက်သွားပေမဲ့ အိမ်က မိသားစုတွေက ငလျင်အောက်မှာပဲ ထာဝရ ပျောက်ကွယ်သွားတော့တယ်။ သားကလေးရယ်၊ ချစ်လှစွာသော ဇနီးသည်ကလေးရယ်။ အခုတော့ သူ့မှာ နေစရာ အိမ်လည်းမရှိတော့။ ဘဝရဲ့ နှောင်ကြိုးအသစ်အဖြစ် ပြည့်တန်ဆာမကလေး တယောက်နဲ့ ဆက်လက်ငြိတွယ်နေတယ်။ လူ့ဘဝရဲ့ ကုန်ခမ်းခဲ့ပြီးသော ပျော်ရွှင်စရာတွေကို သူ့ထံမှာပဲ နောက်ဆုံးလက်ဆောင်အဖြစ် မှတ်ယူထားမိမတတ် ဒီကောင်မလေးကို တွယ်ငြိနေရတော့တာပါ။ သူကလေးသာ ဘဝထံပါးက ထပ်မံပျောက်ကွယ်သွားရင်တော့ ဆက်ဆွဲဖို့ ကောက်ရိုးမျှင် တွေ မရှိလောက်တော့ဘူး။ ရေနက်နက်ထဲကို ခုန်ဆင်းနစ်မြုပ်ရုံပဲ ရှိတော့တာပေါ့။
တောင်ထိပ်ပေါ်ကနေ ကြိုးပြတ်ပြီး ပြုတ်ကျသွားတဲ့ ခေါင်းလောင်းအိုတလုံးရဲ့ မြည်ဟီးသံလို သူ့ဘဝကြီးလည်း အက်ကွဲဆူညံသွားမှာပေါ့။ ဒီလိုမျိုး ယဲ့ယဲ့သာရှိတဲ့ ဘဝမျိုးဖြစ်ရတော့ ရရာ နေ့စားအလုပ်ကလေးတွေ လုပ်တယ်။ အခန်းအိုတခုမှာ နေတယ်။ ပြီးရင် သူမထံမှာပဲ လူဖြစ်ရမှုကို ဆက်လက် အဓိပ္ပါယ်ဖော်ပါတယ်။
ခုတော့ အလ္လာသျှင်သူမြတ်က သူ့ကို ထပ်မံကျီစားသလား၊ ကရုဏာ သက်တော်မူသလား ဝေခွဲရခက်တဲ့ အခြေအနေ ဖြစ်လာတယ်။ ခု သူဝင်လုပ်ရတဲ့ အလုပ်က ရုပ်ရှင်တွေအတွက် ရှုတင်ဆောက်လုပ်ရေးကဏ္ဍက အလုပ်သမားတယောက်။ မန်နေဂျာရဲ့ နေရာပေးမှုကနေ အခန်းမပြန်ရတော့ ရှုတင်အဆောက်အဦးထဲမှာပဲ ဒလဝမ်သဘောမျိုး နေခွင့်ရတယ်။ ယခုရုပ်ရှင်က ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာအကြောင်းကို ပုံဖော်တဲ့ ရုပ်ရှင်တဲ့။ သူကတော့ အဲဒါတွေ စိတ်မဝင်စားပါဘူး။ သူ့အတွက်က နေစရာကလေးလည်း ရတယ်။ ဝင်ငွေလည်း ပုံမှန်ရရင် တော်ပြီလေ။ ပြီးရင် ညဉ့်ငှက်မလေးဆီ သွားမယ်ဆိုပြီးတော့ပေါ့။
ခက်တာက ဒီရုပ်ရှင်ရိုက်ကွင်းမှာ အလုပ်သမားတယောက်အဖြစ်သာ မကဘဲ သရုပ်ဆောင်တွေပါ ဝင်လုပ်ရတာပဲ။ အီရန်သားသူတို့မှာ နေရင်းထိုင်ရင်း ဂျူးလူမျိုးအကျဉ်းသားတွေ ဖြစ်ရသတဲ့။ ဆက်တင် အိမ်ကြီးထဲမှာပဲ အကျဉ်းသားဝတ်စုံတွေ ဝတ်ရပြီး နှိပ်စက်ခံရတဲ့ အခန်းတွေကို သရုပ်ဆောင်ရတယ်။ အဲဒီမှာပဲ ဟစ်တလာနေရာ သရုပ်ဆောင်ရတဲ့သူက ဘာဖြစ်သွားလဲမသိဘူး ။ ဆေးရုံတင်လိုက်ရလို့ ဟစ်တလာဇာတ်ကောင်နေရာ လိုအပ်သွားတော့တယ်။ ဒီလိုအချိန်မှ ထဖြစ်တာဆိုတော့ ပရိုဂျူဆာလည်း ကြောင်ပျောက်နေပြီ။ နောက်ဆုံးတေ့ာ ဒါရိုက်တာက သူတို့ထဲကပဲ ဇာတ်ဆောင် ပြန်ရွေးမယ်ဆိုတာကနေ သူက နေရင်းထိုင်ရင်း ဟစ်တလာဖြစ်ရသတဲ့။
သူလည်း အစက အကြောက်အကန် ငြင်းပေမဲ့ ဆက်လက်ရွေးချယ်ဖို့ ဘဝအခက်အခဲတွေကြောင့် လက်ခံလိုက်ရတယ်။ သူ့မှာတော့ သရုပ်ဆောင်လုပ်ရတာ ခက်တယ်လို့ထင်ပြီး ကြောက်လန့်နေပေမဲ့ တကယ်တမ်း လုပ်ရတော့လည်း သိပ်မခက်ပါဘူး။ ဟစ်တလာဇာတ်ရုပ်က လွယ်လွယ်ကလေးပဲ။ မိတ်ကပ်နဲ့ ဒီဇိုင်နာ ပြင်ပေးထားတဲ့ ယူနီဖောင်းဝတ် မာထန်တဲ့ မျက်နှာပေးနဲ့ ဂျူးအကျဉ်းသားတွေရှေ့ကို လျှောက်ရင်း ပါ့စပ်ကလည်း ဝမ်းတူးသရီး ရေရုံပဲ။ သူ့ဘာသာပြီးမှ ဂျာမန်သံထည့်ပေးမှာတဲ့။ ပြီးရင် ဂျူးကောင်တွေကို စေ့စေ့ကြည့်ပြီး လက်ထဲကသေနတ်နဲ့ ပစ်ချလိုက်ရုံပဲရယ်။ ကနဦးမှာတော့ ထုံးစံအတိုင်း အလွဲလွဲအချော်ချော်ဖြစ်တော့ ဒါရိုက်တာ ခေါ်ပြောတယ်။
မင်းမှာ မိသားစု ရှိသေးလားတဲ့။ အကုန် ငလျင်ထဲ ပါသွားပြီလို့ ပြောလိုက်တော့ ဒါရိုက်တာက တချက်တွေသွားတယ်။ ပြီးမှ ကဲကွာ အခု မင်းရှေ့မှာ ရောက်နေတဲ့လူတွေက မင်းမိသားစုတခုလုံးကို နှိပ်စက်သတ်ဖြတ်ခဲ့တဲ့သူလို့ မြင်ယောင်လိုက်တဲ့။ အဲဒါဆိုရင် ရပြီတဲ့။ သူ့ရှေ့မှာ မြင်ရတဲ့သူတွေက အရင်နေ့တွေက အတူတူ အလုပ်လုပ်ခဲ့ကြတဲ့ ဘဝတူ အလုပ်သမားတွေပဲလေ။ ဒီလူတွေမှာလည်း ဘာမှန်းမသိ သရုပ်ဆောင်လုပ်ရမယ်ဆိုလို့ နွားခြံကြီးထဲ ရောပါသွားတဲ့ သိုးတွေလို ကြောင်တိကြောင်တောင်နဲ့ ဒါရိုက်တာခိုင်းရာ ပတ်ပြေးနေရတာ။ ဆိုတော့ ဘယ်လိုမုဒ်မျိုးပြောင်းပြီး ရက်စက်ခက်ထန်တဲ့ မျက်နှာမျိုးရအောင် ပြောင်းလဲလို့ ရမှာတဲ့တုန်း။ ရယ်တော့ရယ်ချင်စရာ အကောင်းသားပဲ။ နေရင်းထိုင်ရင်း ရုပ်ရှင်မင်းသားလိုလို ဇာတ်ဆောင်ဖြစ်ရပြန်တော့လည်း ဘုရားသခင်နေရာကမျိုးမဟုတ်။ ဟစ်တလာ ဇာတ်ရုပ်တဲ့။
အလုပ်ထဲမှာ တောက်တိုမယ်ရ ဘဝကနေ ခုတော့ ဒီရုပ်ရှင်မပြီးသေးသရွေ့ အထူးအခွင့်အရေး ရတဲ့လူတယောက် ဖြစ်သွားရပြီလေ။ ရုပ်ရှင်အဖွဲ့တော်သားတွေမှာ သူ့ကို တာဝန်ကြီးတခုလို ဂရုစိုက်နေကြရတယ်။ ဟိုတနေ့ကတင် ဒီ ဇာတ်ကောင်ကြီး မလုပ်ချင်လို့ နှုတ်ခမ်းမွှေးတွေ တမင်ရိတ်ပစ်ချလိုက်တာ မိတ်ကပ်ဆရာခမျာ အကြီးအကျယ် ဒုက္ခများသွားရတယ်။ အလုပ်သမားတယောက်လိုပဲ ခပ်တန်းတန်း ဆက်ဆံခဲ့တဲ့ အလုပ်ရှင်မန်နေဂျာမှာလည်း ခုကျတော့ ဒီရုပ်ရှင်က သူမပါရင် ပိုလို့ကြန့်ကြာတော့မှာ သိလို့ အရေးပေးဆက်ဆံလာတယ်။
လူ့ဘဝကြီးကပေးတဲ့ အဆုံးစွန်သော ဒုက္ခခံစားမှုတွေကို ပိုက်ထွေးလာပြီးတဲ့ သူ့အဖို့တော့ လူတွေရဲ့ မလိုတမျိုး လိုတမျိုးဆက်ဆံတတ်တာ၊ မိမိတို့အတ္တကိုပဲ ရှေ့ရှု့တတ်ကြတာ ဆိုတာတွေကို နားလည်ခဲ့ပြီးဖြစ်တော့ ခုအခြေအနေတွေ အတွက်လည်း အထူးတလည် ခံစားကျေနပ်နေတာမျိုးတော့ မရှိလှပါဘူး။ ဒါပေမဲ့လည်း အပြောင်းအလဲတခုတော့ ကြုံလာရတယ်။ အတူနေနေကျ ညငှက်မကလေးက သူ့ဆီကို ထွက်လာချင်ပြီး ဘဝသစ်တခု ထူထောင်ဖို့ ရင်ဖွင့်လာတာပဲ။ ပြည့်တန်ဆာခေါင်းဖြစ်သူက သူမကို ရိုက်ပုတ်နှိပ်စက်တယ်လို့ ဆိုတယ်။ ဘဝကြီးထဲက ရှိနေရစ် သမျှ မေတ္တာအကြွင်းအကျန်တွေကို ပေးအပ်ထားပြီးသားဖြစ်တဲ့ ဒီကောင်မလေးအတွက် သူကတော့ အရာအားလုံး အဆင်သင့်ဖြစ်လို့နေပါတယ်။
မသိအောင် ခေါ်ထုတ်လာခဲ့တယ်။ ကနဦးက ရှုတင်မန်နေဂျာကို တကောင်ကြွက်လို့ပဲ ပြောပြထားတဲ့အတွက် သူ့ကောင်မလေးကို ရှုတင်ရိုက်ကွင်းကြီးထဲ ခေါ်လာခဲ့တာကို မပြောရဲဘူး။ လက်ရှိအခြေအနေကလေး ပျက်ပြယ်သွားမှာလည်း ကြောက်တယ်လေ။ ဆက်တင်စံအိမ်အိုကြီးထဲမှာပဲ ကောင်မလေးကို ဖွက်ထားရတယ်။ ကောင်မလေးကတော့ အရမ်းပျော်နေပုံ။ အကိုက ရုပ်ရှင်မင်းသားဖြစ်နေပြီ။ ဂုဏ်ယူလိုက်တာတဲ့။ အကို့အတွက် ကလေးတွေ အများကြီး မွေးပေးချင်တယ်လို့လည်း မီးပုံလေးနံဘေးမှာ ပြောနေရှာသေးတယ်။ လှောင်အိမ်ထဲက လွတ်လာတဲ့ ငှက်ကလေးလိုဖြစ်နေတဲ့ ကောင်မလေးက လက်ရှိအချိန်မှာ မြင်နေရသမျှက ပိုလို့တောင် ချစ်စဖွယ်ကောင်းနေတယ်။ သူ့မှာ ပျော်ရွှင်နေတဲ့ သူကလေးကိုကြည့်ရင်း ကြည်နူးနေရတယ်။ ဘဝထဲက ဒဏ်ရာတွေကလေ သူမနဲ့ဆုံခါမှ သက်သာရာရခဲ့တယ်လို့ ထင်မှတ်ခဲ့ရတာ။ ခုတော့ ပိုလို့ယုံကြည်လာပြီ။ လက်ကျန်ဘဝတွေကို သူမနဲ့ပဲ ရှေ့ဆက်လျှောက်လှမ်းတော့မယ်။ ဖြစ်လာသမျှ အခက်အခဲတွေကို ဘာမဆို ရင်ကော့ပြီး ဆက်သွားမယ်လို့ ဆုံးဖြတ်ထားလိုက်တော့တယ်။
တကယ်လည်း သူ့အတွက် အခက်အခဲတွေက ကြုံလာရတာပဲ။ မနက်ရှုတင်စပြီဆို အိမ်အောက်မှာ ဖွက်ထားရတာကိုလည်း သူ့စိတ်ထဲမှာ နာကျင်ခံစားရတယ်။ ပြီးတော့ ပြည့်တန်ဆာခေါင်း လူစုတ်က သူခေါ်သွားမှန်း သိသွားပြီး ငွေလာညှစ်တော့တာပဲ။ တောင်းသလောက် ပြည့်မီအောင်မပေးရင် ပြန်ခေါ်သွားမယ်ဆိုပြီး အကြပ်ကိုင်တယ်။ သူလည်း တောင်းသမျှ ပေးမယ်ဆိုပြီး ကတိပေးလိုက်ပြီး ရှုတင်မန်နေဂျာ ပရိုဂျူဆာကိုပဲ အကြပ်ပြန်ကိုင်ရတော့တယ်။ ကောင်မလေးမှာတော့ သူ့ရဲ့ ချစ်ခြင်းမေတ္တာတရား ကြီးမားပုံကိုကြည့်ပြီး တသိမ့်သိမ့်နဲ့ ငိုလို့မဆုံး ဖြစ်နေရရှာတယ်။ သူတို့ဘဝမှာ ကောင်းမွန်တဲ့လူလို့ ဆုံမှမဆုံခဲ့ရတာပဲလေ။ ပုရိသတွေဆိုတာရော၊ ပြင်ပလူတန်းစားတွေ ဆိုတာရော၊ သူမဆိုတာကလည်း လူတယောက်ရယ်ပါပဲ ဆိုတဲ့အမြင်မျိုး ကိုယ်ချင်းစာတရားမျိုး ရှိမှမရှိကြတာပဲလေ။
ဒီအကိုကြီးကျမှပဲ သူမကို ရွှေရုပ်ကလေးတခုလို တန်ဖိုးထားမြတ်နိုးပြီး ချစ်ခင်နေတော့တာ။ သူလည်း ပရိုဂျူဆာဆီက ငွေတွေကို ရအောင်တောင်းပြီး ပြည့်တန်ဆာခေါင်းထံကို သွားပေးရရှာတယ်။ ကောင်မလေးကတော့ မပေးနဲ့ ပြန်လိုက်သွားမယ် ပြောပေမယ့် တညတာတောင်မှ မခွဲရက်နိုင်ဘူးလေ။ ပါးလျနီထွေးတဲ့ နှုတ်ခမ်းပါးကလေးနဲ့ ရွှေအိုရောင်ဆံပင်တွေ ထွေးထွေးကလေးနဲ့ သူ့လိုပဲ ဘဝကြီးထဲက အဆိုးမှန်သမျှသာ ပိုက်ထွေးရရှိရင်း လူဖြစ်လာခဲ့ရတဲ့ ကောင်မလေး။ နာကျင်ဒုက္ခတွေထံကို ခုအခြေအနေရောက်ခါမှ ပြန်ပို့ပေးဖို့ စက္ကန့်ဝက်ကလေးတောင်မှ တွေးကြည့်ဖို့ အကြောင်းမရှိတော့ဘူး။
ဒီလိုနဲ့ ပိုက်ဆံပေးပြီး ပြန်လည်းလာတော့ ရိုက်ကွင်းနားကို ရောက်လုဆဲဆဲမှာပဲ ရှူတင်ထဲက ဇာတ်အိမ်ကြီးကို ဆက်တင် အလုပ်သမားတွေက ဖောက်ခွဲချလိုက်ပါသတဲ့။ လိမ္မော်ရောင် မီးတောက်တွေဟာ မိုးမှုန်တွေကြောင့် မှိုင်းပျနေတဲ့ မြင်ကွင်းထဲမှာတောင် အလျှံရဲရဲနဲ့ တကယ့်ကို ဒုတိယကမ္ဘာစစ်ထဲက လောင်မီးကျ အခြေအနေမျိုးပါပဲ။
သူ အရူးတပိုင်းလို အော်ဟစ်ပြီး ပြေးတယ်။ အနားရောက်တော့ အိမ်ကြီးက အစအနလေးရယ်တောင်မှ မရှိတော့ဘူး။ ဟေ့လူတွေ။ ဒီထဲမှာ လူတယောက် ရှိနေတယ်တဲ့။ ရိုက်ကွင်းထဲက လူတွေဟာ အံ့ဩတကြီး ကြည့်ကြတယ်။ မီးလောင်ပုံကြီးအနားမှာ အရူးလို အော်ဟစ်နေတဲ့ ဟစ်တလာဇာတ်ကောင်ကြီး။
သူ့အခြေအနေက ဒီထဲမှာ လူတကယ်ရှိခဲ့မှန်းကို ပြောပြနေပေမဲ့လည်း အားလုံးက ယုံကြည်မှု ကင်းမဲ့နေတဲ့ပုံ။ သူ ဘာလုပ်ရမှန်းမသိတော့။ သူ့ချစ်သူ ကောင်မလေး သေသွားတယ်လို့ လက်ခံရအောင်လည်း အစအနကလေးတောင်မှ မမြင်ရ။ ဒီအိမ်အောက်က အမှောင်ထုထဲမှာ နေပူသလား မိုးရွာသလား မသိရှာပဲ ရေတွေစိုရွှန်းနေတဲ့ ကြောင်ပေါက်စကလေးတကောင်လို ပုန်းနေရင်းကနေ ဒီလိုအဖြစ်ဆိုးကြီးထဲမှာ ဘယ်လိုတောင် ပျောက်ကွယ်သွားမလဲ။ မသေမီ ဘယ်လောက်တောင် အော်ငိုနေမလဲ။ အော်ငိုချိန်တောင် မရနိုင်တော့ပဲ ရုတ်ချည်း ဖွဲအိတ်တခု ကွဲထွက်သွားသလို သူမရဲ့ သက်ရှိခန္ဓာကလေးက ဒီယမ်းငွေ့ယမ်းစတွေနဲ့အတူ ရောပါသွားလေမလား။ ဒါမှမဟုတ် ပြိုပျက်သွားတဲ့ အဆောက်အဦးက အပိုင်းအစတွေအောက်မှာပဲ ပိပြား ပျောက်ကွယ်သွားခဲ့သလား။
သူ ဆက်မတွေးဝံ့၊ ဆက်မတွေးရဲတော့။ လက်ကျန်ဘဝထဲက ဘာမဆို ပေးအပ်ထားပြီးသာ အမြတ်နိုးဆုံးအရာတခုက ခုလိုပဲ ဘာအကောင်အထည်မှတောင် မမြင်ရတော့ဘဲ မသိလိုက်ရဘဲ တမုဟုတ်ချင်း ပျောက်ကွယ်သွားတာ။ ဖျောက်ဖျက်ပစ်လိုက်တာ ဟုတ်ကောဟုတ်ရဲ့လား။ လက်ရှိဖြစ်ပျက်သွားတာက အမှန်တကယ်လား။ တကယ်ဖြစ်သွားတာလား။ တကယ်ဖြစ်ခဲ့လိုက်တာလား။ လူ့ဘဝကြီးအတွင်းမှာ တကယ် ဖြစ်ပွားသွားခဲ့တာလား။ ဘဝမှာ ဘယ်လိုပြစ်မှုမျိုး ယုတ်မာမှုမျိုး ရှိရင်းစွဲ လူ့အဖွဲ့အစည်းအပေါ်ကို ဘာတခုမှ ကျူးလွန်ခဲ့တာမျိုး မရှိခဲ့တဲ့ သူ့လိုလူကို ဘဝလောကဓံကြီးက ဘာကြောင့်များ ခုလောက်ထိ ရက်စက်လွန်းလှသလဲ။ ရိုက်ကွင်းနားက လူတွေကလည်း သူ့ကို အရူးတယောက်ကို တွေ့မြင်နေရသလိုမျိုး။ ဆန်ကုန်မြေလေး တယောက်ကို သည်းညည်းခံနေကြရတဲ့ မျက်နှာပေးတွေနဲ့ ကြည့်နေကြတယ်။
သူခမျာမှာ အရှိတရားအပေါ်ကို မပိုင်းခြားနိုင်လောက်အောင်တောင် ဆောက်တည်ရာမဲ့သွားရရှာပေါ့။
(ရုပ်ရှင်ရည်ညွှန်း – ၂၀၂၂ နှစ်ထုတ် World War III လို့ အမည်သညာရှိတဲ့ ဒီ အီရန်ရုပ်ရှင်ဟာ Thriller/Adventure လို့ အမျိုးအစား ရည်ညွှန်းထားပေမဲ့ Black Comedy အရသာကိုသာ ပိုမိုပေးစွမ်းတဲ့ ရုပ်ရှင်ကားလို့ မှတ်ယူမိပါတယ်။ အီရန်ရုပ်ရှင်လောကကနေ ၂၀၂၂ အတွက် ဟောလိဝုဒ် အော်စကာဆုနှင်းအပ်ပွဲဆီကိုလည်း ယခုဇာတ်ကားနဲ့ပဲ ရွယ်စူး တင်သွင်းတာကို တွေ့ရပါတယ်။ တင်သွင်းလို့ နိုင်ငံရပ်ခြား အော်စကာဆန်ခါတင်အထိ မပါခဲ့ပေမဲ့လည်း ဒီရုပ်ရှင်နဲ့ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ Orizzonti Award ဆုကို Best Actor ကနေရော Best Film အနေနဲ့ရော ဆွတ်ခူးရရှိခဲ့ပါတယ်။)
Be the first to comment