တပ်ချုပ်စစ်ထွက်မိန့်ခွန်းနဲ့ ရုပ်ရှင်ရိုက်ပါမယ်

“တပ်ချုပ်စစ်ထွက်မိန့်ခွန်းနဲ့ ရုပ်ရှင်ရိုက်ပါမယ်”

▪️ဘဒ္ဒ

ရဲဘော်တို့ ဒီကနေ့ဟာ မနက်ဖြန်မဟုတ်ပါဘူး။
စစ်တိုက်တယ်ဆိုတာ ဒက်ဒက်ဒက်ဒက်ဆိုပြီး ဟိုပြေးဒီပြေး လုပ်ရပါတယ်။ သစ်ပင်နောက်မှာပုန်းပြီး ခေါင်းကို ပြူတစ်ပြူတစ် လုပ်ရပါတယ်။

တခါတရံ မြေကြီးပေါ်မှာ ဝမ်းလျားမှောက်ပြီး ခေါင်းကို အုပ်သင့်ရင် အုပ်ထားရပါတယ်။ မြေကြီးနိမ့်လေးတွေမှာလည်း တောင်ကုန်းအမြင့်ကြီးပေါ်က ပြုတ်ကျသကဲ့သို့ လူးလှိမ့်ပြီးဆင်းပါ။ ခေါင်းကဘိုကေတွေဘာတွေ မပျက်စေရပါ။ သို့သော် အခန့်မသင့်ရင် ဒူးပြဲ တဒေါင်ဆုတ် ဖြစ်တတ်ပါတယ်။သတိကြီးစွာထားပါ။

တကယ်လို့ ဒဏ်ရာရသွားရင် ရှူတင်ပျက်နိုင်ပါတယ်။ ပျက်သွားရင် ပျက်သလောက် ရူတင်စားရိတ် နာပါမယ်။ အထူးသတိရှိပါ။

ထမင်းစားရင် မိုးကာအင်္ကျီကို ဖြန့်ခင်းပြီး စားရပါတယ်။ ဒါ့ကြောင့် လက်ကိုစင်စင်ဆေးပါလေ။ ထမင်းစားရင်လည်း ပါးစပ်ထဲကထမင်းလုပ် ပြုတ်မကျပါစေနဲ့။ သူများ ကောက်စားသွားနိင်ပါတယ်။ သတိနဲ့စားပါ။

တိုက်ပွဲနားချိန်မှာ ရည်းစားနဲ့ လျှောက်လည်တဲ့အခန်းကို ပြန်ပြပါမယ်။ ဒါ့ကြောင့် မျက်နှာကို သေချာချာလေး လုပ်ပေးထားပါ။ မျက်လုံးထဲမှာ မျက်ရည်တွေပြည့်နေအောင် လုပ်ထားပါ။ ကျလို့တော့မဖြစ်ပါ။

တခါတလေ အမေကို လွမ်းပေးပါ။ အင်္ကျီကို ဖုံတွေ ရွှံ့တွေ ပေအောင်လုပ်ပါ။ မပေရင်ပေအောင် မြေကြီးပေါ်မှာ လူးလှိမ့်ပေးပါ။ ဦးထုပ် ခါးပတ်တို့မှာ ရရာ သစ်ကိုင်းသစ်ရွက်တို့ကို ထိုးထားပါ။ ပြေးရင်းလွှားရင်း ပြုတ်ကျလည်း ကိစ္စမရှိပါ။ ကုန်းမကောက်ပါနဲ့။

ညခန်းရိုက်ရင် နှဖူး ပါးတို့ကို ဖိနပ်ဆေးနဲ့ နာနာတိုက်ပါ။ သို့သော် ဘယ်သူမှန်းမသိအောင် ရုပ်ပျက်ဆင်းပျက် မတိုက်ရပါ။ ပရိသတ် မမှတ်မိဘဲနေမှာစိုးလို့ပါ။

ဘက်နက်နဲ့ တက်ထိုးတဲ့အခန်း ရိုက်မယ်ဆိုရင် ပြေးပြီး ကျားကျားလို့အော်ပြီး ရန်သူရဲ့ရင်ဘတ်ကို ထိုးပါ။ ထိုးရင် ခပ်ဖွဖွလေးထိုးပါ။ ရန်သူလုပ်တဲ့လူကြမ်း ရင်ဘတ်နာသွားနိုင်ပါတယ်။

တိုက်ပွဲပြီးလို့ တန်းစီပြီးပြန်ရင် ဒဏ်ရာဗလပွနဲ့ ထော့ကျိုးထော့ကျိုးလုပ်ပြီး လမ်းလျှောက်ပါ။ သို့သော် ဖန်နေဝန်းသီချင်းကို လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဆိုပါ။

ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့မျက်နှာကို ပြန်မြင်ပြီး ဇာတိသွေးဇာတိမာန် တက်နေတဲ့ရုပ်ကို ပေါ်လွင်အောင်လုပ်ပါ။
မျက်နှာကို အနီးကပ်ရိုက်ချက် ယူပါမယ်။

လုပ်တတ်ရင်တတ်သလို အကယ်ဒမီဆုကြီးကို ရင်ဝယ်ပိုက်နိုင်ပါမယ်။

ရဲဘော်သေ သေသော်မသာပေါ်
ရဲဘော်သေ သေသော်မသာပေါ်
ရဲဘော်သေ သေသော်မသာပေါ်
ဟု အကြိမ်ကြိမ် ကျူးရင့်ပြီး
ကာလနာ မြန်မြန်တိုက်ကြပါစေ။

About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*