တရုတ်ပါဝါအခင်းအကျင်း အပိုင်း(၃)

“တရုတ်ပါဝါအခင်းအကျင်း – ၃”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ​ကျော်​ဇောခိုင်

တော်လှန်ရေးအောင်မြင်လို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်တဲ့ ၁၉၄၉ နောက်ပိုင်း မော်နဲ့အပြိုင် နှိုင်းယှဥ်ဖော်ပြခံရတဲ့ ရှီကျင်းပင်ရဲ့ ပြိုင်ဘက်ကင်းပါဝါဟာ ၂၀၂၄ ခုနှစ်ဝက်လောက်ကတည်းက တအိအိကျဆင်းလာတဲ့သဘောရှိတယ်လို့ တရုတ်လေ့လာသူတွေကဖော်ပြခဲ့ပြီးဖြစ်တယ်။ ခု ဒီအသံတွေပိုပြီး ကျယ်ကျယ်လောင်လောင်ဖြစ်လာရတာက မေလအတွင်းလူမြင်ကွင်းက ၂ ပတ်‌ကျော် ပျောက်ဆုံးနေတာ၊ သူ့ပါဝါကိုကန့်သတ်ခံထားရတယ်လို့ယုံကြည်ရတဲ့ တခြားဖြစ်ရပ်တွေနဲ့အတူ ဇွန် ၃၀ ရက်နေ့ကလုပ်ခဲ့တဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးက ထုတ်ပြန်ချက်ကြောင့်လည်းဖြစ်တယ်။

‘တရုတ်ကွန်မြူနစ်ပါတီအစည်းအဝေးများ’
အရေးအပါဆုံးပါတီအစည်းအဝေးက ၅ နှစ်သက်တမ်းမှာ တကြိမ်ဖြစ်တယ်။ တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂယက် – National Congress of the CCP (အတိုအနေနဲ့ National Congress နေရှင်နယ်ကွန်ဂယက်) လို့ခေါ်ကြတယ်။ ပါတီမှာရှိတဲ့ကိုယ်စားလှယ်အားလုံး (၂၃၀၀ ခန့်) တက်ရောက်ခွင့်ရှိတဲ့ အစည်းအဝေးဖြစ်တယ်။ ပါတီကွန်ဂယက်ဟာပုံမှန်ဆိုရင် အောက်တိုဘာလထဲမှာ ကျင်းပလေ့ရှိတယ်။ တရုတ်ခေါင်း‌ဆောင်အပြောင်းအလဲကို ဒီအစည်းအဝေးမှာလုပ်တယ်။ ရှီကျင်းပင် ၅ နှစ်သက်တမ်း ၂ ကြိမ်ဟာ ၂၀၂၂၊ အကြိမ် ၂၀ မြောက်နေရှင်နယ်ကွန်ဂယက်မှာပြည့်ပေမယ့် သူကရာသက်ပန်အာဏာကို ဆက်လက်ရယူတယ်။ နောက်တကြိမ် ၂၁ ကြိမ်မြောက်ပါတီကွန်ဂယက်ဟာ ၂၀၂၇ အောက်တိုဘာမှာလာမယ်။

ပါတီကွန်ဂယက်ပြီးပြီးချင်း ပါတီဗဟိုကော်မတီပထမအကြိမ်စုံညီအစည်းအဝေး (1st plenary session) လုပ်တယ်။ ဗဟိုကော်မတီအစည်းအဝေးဖြစ်တဲ့အတွက်ကြောင့် ဗဟိုကော်မတီဝင် ၂၀၀ ကျော် (နဲ့ အလှည့်ကျ ၂၀၀ နီးပါးထဲက) ပဲ တက်ခွင့်ရှိတယ်။ ၅ နှစ်သက်တမ်းမှာ ဗဟို​ကော်မတီအစည်းအဝေး ၇ ခုရှိတယ်။ ၂၀၂၂ – ၂၇ ငါးနှစ်သက်တမ်းအတွင်း ဗဟိုကော်မတီစုံညီအစည်းအဝေး ၃ ကြိမ်ပြီးသွားခဲ့ပြီဖြစ်လို့ လာမယ့်အစည်းအဝေးဟာ ၄ ကြိမ်မြောက်ဖြစ်တယ်။ ဒါကို သြဂုတ်ရှေ့လထဲမှာလုပ်မယ်စီစဥ်ထားတယ်လို့ သတင်းထွက်လာတယ်။ လက်ရှိလူပြောများနေတဲ့ ရှီကျင်းပင်ရဲ့အနေအထားကို ပျက်ပျက်ထင်ထင်မြင်ရဖို့ရှိတယ်လို့ လေ့လာသူတွေစောင့်ဆိုင်းနေကြတဲ့ အစည်းအဝေးလည်းဖြစ်တယ်။

အမျိုးသားကွန်ဂယက် (လူ ၂၀၀၀ ကျော်) နဲ့ ဗဟိုကော်မတီစုံညီ (လူ ၄၀၀ ခန့်၊ အမြဲတမ်း ၂၀၀ ကျော်နဲ့ အလှည့်ကျအဖွဲ့ဝင်တွေအပါအဝင်) အစည်းအဝေးတွေပြီးရင် ဦးဆောင်ပေါ်လစ်ဗျူရို ၇ ဦး အပါအဝင်ဖြစ်တဲ့ ပေါ်လစ်ဗျူရို ၂၅ ဦးရဲ့အစည်းအဝေးတွေကတော့ လတိုင်းလုပ်တဲ့သဘောဖြစ်တယ်။ ခေါင်းဆောင်ဟောင်းတွေ တက်ရောက်ခွင့်ရှိတယ်လို့သိရတယ်။ ၂၀၂၅ မေလထဲမှာလုပ်တဲ့အစည်းအဝေးကို ဟူဂျင်တောင် တက်လာတယ်လို့ သတင်းတချို့မှာဖော်ပြပေမယ့် နိုင်ငံပိုင်သတင်းဌာနတွေမှာ မပါရှိဘူး။
မှတ်ချက်။ တရုတ်မှာ အစည်းအဝေးတွေကျင်းပတာများလွန်းလို့ လေ့လာသူတွေမျက်စေ့လည်ကြတယ်။ နောက်ထပ်အရေးအပါတဲ့အစည်းအဝေး ၂ ခု (two sessions လို့ခေါ်ကြတယ်) ရှိတယ်။ တခုက အမျိုးသားပြည်သူ့ကွန်ဂယက် (NPC – National People’s Congress) ဖြစ်ပြီး နောက်တခုက တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံညီလာခံ (Chinese People’s Political Consultative Conference – CPCC) တို့ဖြစ်တယ်။ ပထမအစည်းအဝေးက မြန်မာမှာပြည်သူ့လွှတ်တော်လိုဖြစ်တယ်။ နိုင်ငံတော် (State) ရဲ့ တရားဝင်အစိတ်အပိုင်းတခုဖြစ်ပြီး ဥပဒေပြုတဲ့အစည်းအဝေးဖြစ်တယ်၊ အဖွဲ့ဝင် ၃၀၀၀ လောက် ရှိတယ်။ ဒီ ၂ ခုကိုအလွယ်မှတ်ချင်ရင် NPC က CRPH၊ CPCC က NUCC လို့မှတ်နိုင်တယ်။

ပါတီဦးဆောင်ပေါ်လစ်ဗျူရို ၇ ဦးရဲ့ နံပါတ် ၃ က ပုံမှန်မှာ NPC ရဲ့ဥက္ကဌဖြစ်ပြီး နံပါတ် ၄ က CPCC ရဲ့ ဥက္ကဌဖြစ်တယ်။ နံပါတ် ၂ က ဝန်ကြီးချုပ်ဖြစ်တာမို့ ဒီအစည်းအဝေးတွေရဲ့အရေးပါပုံကို မှန်းဆကြည့်နိုင်မှာဖြစ်တယ်။ ပြောလေ့ရှိတာကတော့ CPCC (အတိုင်ပင်ခံကောင်စီရဲ့ကွန်ဖရင့်) က ပါတီမူဝါဒနဲ့ သဘောတရားကို NPC (ပြည်သူ့လွှတ်တော်) ကိုလမ်းကြောင်းတယ်။ လွှတ်တော်က ဥပဒေပြုရေးမှာဒါတွေကိုထဲ့သွင်းချင့်ချိန်တယ်ဆိုတဲ့ သဘောတွေ့ရတယ်။

‘ဇွန် ၃၀ ပေါ်လစ်ဗျူရိုအစည်းအဝေး’
ဒီအစည်းအဝေးရဲ့အဓိကထူးခြားချက်က ပါတီရဲ့ဦးဆောင်မှုနဲ့ပတ်သက်တဲ့ အရေးပါတဲ့စည်းမျဥ်းတွေကို ပြန်လည်ပြင်ဆင်သတ်မှတ်တာဖြစ်တယ်။ တရုတ်လေ့လာသူတွေကြား တခုနဲ့တခုဆန့်ကျင်တဲ့ မှတ်ချက် ၂ ခုထွက်လာတယ်။ ပထမတခုက ရှီကျင်းပင်ဟာ သူ့ပါဝါကိုပြန်ပြီးခွဲဝေပေးနေရတာလို့ ယူဆကြပြီး နောက်တခုက ဒီလိုခွဲဝေပေးနေတာဟာ အ‌‌ရေးမပါတဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို လွှဲထားပြီး ပါဝါကိုအပေါ်ကနေပဲထိမ်းချုပ်ဖို့ ပြောင်းလဲနေတာလို့လည်း ဆိုပြန်တယ်။

ဒီတော့ အစည်းအဝေးမှာ ရှီပြောခဲ့တဲ့အဓိကအချက်တွေကို အနှစ်ချုပ်ကြည့်ရင် ခုလိုတွေ့ရတယ်။

၁။ မိမိကိုယ်ကိုတော်လှန်ရေး (self revolution) ဟာဒုတိယအဖြေဖြစ်တယ်။
မှတ်ချက်။ ဒါဟာ ၂၀၁၂ ပါတီကွန်ဂယက်ကအသုံးပြုခဲ့တဲ့ မိမိကိုယ်ကိုပြုပြင်ပြောင်းလဲရေး (self reform) ဆိုတာကို အနည်းငယ်ပြင်ဆင်ထားတာဖြစ်တယ်။ ပထမအဖြေက ယင်အန်မှာ ၁၉၄၇ က မော်စီတုန်းပြောတဲ့ အစိုးရဟာလူထုရဲ့ စောင့်ကြည့်ဝေဖန်မှုကို ပြန်သုံးသပ်ဖို့ ဘယ်တော့မှမကြောက်ရွံ့ရဘူးဆိုတာပါ။

၂။ ၈ ချက်မူဝါဒ
မှတ်ချက်။ ၂၀၁၂ သူအာဏာစရတဲ့ ပြည်သူ့ကွန်ဂယက်ကချမှတ်ခဲ့တဲ့ မူဝါဒဖြစ်တယ်။ ပါတီဟာ လူထုနဲ့နီးကပ်နေရမယ်၊ ခေါင်းဆောင်တွေဟာ အောက်ခြေအခြေခံပါတီဝင်တွေ၊ လူထုတွေနဲ့ထိတွေ့ဆက်ဆံနေဖို့လိုတယ်။ သူ့ရဲ့ အဂတိတိုက်ဖျက်ရေးမှာအဓိကသုံးခဲ့တဲ့ မူဝါဒဖြစ်တယ်။

၃။ မိမိကိုယ်ကိုယ်တော်လှန်ရေးအတွက် အဓိကအရေးပါတဲ့လမ်းညွှန်ချက် ငါးရပ် (ပုံမှန်ကြားကောင်းအောင်ပြောနေကြတဲ့ ခေါင်းဆောင်ကောင်း၊ ပါတီဝင်ကောင်း၊ အဂတိကင်းစင်ရေး၊ စည်းကမ်းသေဝပ်မှု၊ နဲ့ ပါတီဦးဆောင်မှုတာဝန် စတာတွေဖြစ်တယ်)
ဒီအချက်တွေကိုကြည့်ရင်တော့ မတူညီမှုတွေ၊ ရှုပ်ထွေးတဲ့အခြေအနေတွေကြား ညှိနှိုင်းလုပ်‌ဆောင်ခြင်း (coordination) ဆိုတဲ့အသုံးကိုအားပြုပြီးဝေဖန်ထားတဲ့ ရှီကျင်းပင်အာဏာပြန်လည်ခွဲဝေဖို့လုပ်နေပြီဆိုတဲ့ ဝေဖန်ချက်ထက်စာရင် ရှီဟာ သူ့အကျပ်အတည်းတွေကိုရင်ဆိုင်ဖို့ ပြန်ပြီးလှုံ့ဆော်ထားတဲ့သဘောမျိုးကိုသာ တွေ့ရတယ်။ သို့သော် ဒီကောက်ချက်ဟာ သူ့ပါဝါကို ထိထိရောက်ရောက်ဆန့်ကျင်ခံနေရတယ်ဆိုတဲ့ သဘောလည်းဖြစ်ပြန်တယ်။

‘စစ်တပ်တွင်းနဲ့ အခြားပြောင်းလဲမှုများ’
လက်ရှိမတည်ငြိမ်ဆုံးက စစ်တပ်အတွင်းမှာဖြစ်တယ်။ ရှီကျင်းပင်အာဏာရပြီးနောက်ပိုင်း ထိုင်ဝမ်နဲ့ပတ်သက်လို့ စစ်တပ်အဆင်သင့်ဖြစ်နေအောင်ပြင်ဆင်ရင်း တပ်တွင်းအကျင့်ပျက်ခြစားမှုတွေကိုကိုင်တွယ်ရင်း ဖြုတ်ထုတ်သတ်တွေတော်တော်များများလုပ်ခဲ့တယ်။ ခုနောက်ပိုင်းထုတ်ပယ်ခံရတဲ့ စစ်တပ်ထိပ်တန်းခေါင်းဆောင် (သတင်းတခုမှာ ၈ ဦးဖော်ပြထားတာတွေ့ရ) တွေဟာ သူနဲ့အလွန်နီးစပ်ပတ်သက်သူတွေ ဖြစ်နေတယ်။ အသစ်ခန့်အပ်သူတွေဟာ သူ့သြဇာအဝန်းအဝိုင်း အပြင်ဘက်ကသူတွေဖြစ်နေတယ်ဆိုတာကတော့ သတင်းသုံးသပ်သူတွေကြားမှာ သဘောတူညီကြတာကို တွေ့ရပြန်တယ်။

နောက်သတင်းတခုက မေလမကုန်ခင်က နိုင်ငံတော်ဂူဗိမ္မာန်ထဲကနေ သူ့ဖခင်ရဲ့ အမည်ကိုထုတ်ပယ်လိုက်တယ်ဆိုတာဖြစ်တယ်။ ပြည်သူ့နေ့စဥ်သတင်းစာမှာ သူ့ဓာတ်ပုံတွေသတင်းတွေဟာ အရင်ကထက်စာရင်အတော်နည်းလာတယ်လို့ဆိုကြပြီး ၂ ရက်ဆက်တိုက် သူ့သတင်းလုံးဝမပါရှိတာတွေ့ခဲ့ရတယ်လို့လည်းဆိုပြန်တယ်။ ဒီလိုလူမြင်ကွင်းက သတင်းတွေကစလို့ မေလပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ဘာဆုံးဖြတ်ချက်သတင်းမှမထုတ်ပြန်နိုင်တာဟာ ပုံမှန်မဟုတ်ဆိုတာနဲ့ ဇွန်လကုန်ထွက်လာတဲ့ အစည်းအဝေးမှတ်တမ်းဟာ ဘေဂျင်းကဗဟိုခေါင်း‌ဆောင်မှုနဲ့ ဆုံးဖြတ်ချက်တွေ (အထူးသဖြင့်စီးပွားရေးပေါ်လစီ၊ စစ်တပ်တွင်းပြောင်းလဲမှုနဲ့ နိုင်ငံခြားရေးပေါ်လစီစသည်တို့) ကို စောင့်ကြည့်စီစစ်ခံရမယ်ဆိုတဲ့သဘောလို့ ကောက်ချက်ချသူတွေလည်းရှိနေပြန်တယ်။

ရှီကျင်းပင်ဟာ အမေရိကန်နဲ့ကုန်သွယ်ရေးကို ကြိုးစားထိန်းနေရသလို ဥရောပနဲ့ကုန်သွယ်မှုမှာလည်း လတ်တလောတင်းမာမှုတွေတွေ့လာရတယ်။ ဘရာဇီး BRICS လို အမေရိကန်ကြီးစိုးထားတဲ့ ကမ္ဘာကုန်သွယ်ရေး၊ စီးပွားရေးနဲ့ ငွေကြေးစနစ်ကို အကောင်းဆုံးတန်ပြန်နေတဲ့ အစည်းအဝေးမျိုးကို ကိုယ်တိုင်တက်ရောက်ဖို့တွန့်ဆုတ်နေတာကလည်း အခြေအနေကောင်းတွေမဟုတ်ဘူး လို့ဆိုရမှာဖြစ်တယ်။

‘သြဂုတ်အကုန်’
ရှီကျင်းပင်ပါဝါဟာ ဒီ ၃ လလောက်မှာ သိသိသာသာငြိမ်သက်နေလိုက်၊ စောင့်ကြည့်ဝေဖန်သူတွေကြား လှုပ်ခါလာလိုက် သူ့အသိုင်းအဝန်းကပြန်လည်ထိမ်းညှိလို့ တည်ငြိမ်လာလိုက် ဆိုတဲ့ အနေအထားတွေကို တွေ့ရမှာဖြစ်တယ်။ ဒါပေမယ့် ကျောက်ကျိယန်တို့ ဟူယောင်ပန်းတို့လို အာဏာသိမ်းခံရသလိုမျိုး ရုတ်ချည်းဖယ်ရှားခံရတာမျိုး မရှိနိုင်ဘူးလို့တော့ တရုတ်နိုင်ငံရေးလေ့လာသူအများစုက ခန့်မှန်းကျတာတွေ့ရတယ်။

သြဂုတ်လနောက်ဆုံးပတ်မှာ ၄ ကြိမ်မြောက်စုံညီအစည်းအဝေးရှိတယ်လို့ သတင်းတခုကဆိုတယ်။
မှတ်ချက်။ ပုံမှန်မှာ ၂၀၂၇ မတိုင်မီ ၄ ကြိမ်၊ ၅ ကြိမ် နဲ့ ၆ ကြိမ်မြောက်စုံညီအစည်းအဝေးတွေ ပြီးဖို့လိုမယ်၊ ဒါမှ ၇ ကြိမ်မြောက်အစည်းအဝေးဖြစ်တဲ့ ပြည်သူ့ကွန်ဂယက်အတွက်ပြင်ဆင်တဲ့အစည်းအဝေးကို ၂၀၂၇ အစောပိုင်းလောက်မှာလုပ်နိုင်မယ်။ ၄ ကြိမ်မြောက်ဟာ ဥပဒေပိုင်းပါတီပိုင်းပြဿနာတွေကို အဓိကထားတဲ့အစည်းအဝေးဖြစ်လို့ ဇွန် ၃၀ စည်းမျဥ်းစည်းကမ်းပိုင်းပြင်ဆင်မှုတွေနဲ့ ဆက်စပ်နေမယ်ယူဆရတယ်။ ဒီအစည်းဝေးမှာသတင်းထူးတွေထွက်လာမလား၊ ဒီအစည်းအဝေးကနေ ၂၀၂၇ ပြည်သူ့ကွန်ဂယက်ကို ဦးတည်တဲ့ နောက်ထပ်ခေါင်းဆောင်မှုအသစ်ကို အစပျိုးလာမလား၊ သတင်းတွေပြန်အဖျားရှုးသွားမလား စောင့်ကြည့်ရမှာဖြစ်တယ်။

ပျံလွှားငှက်တကောင်နဲ့တော့ နွေဦးမရောက်ဘူးလို့ ဆိုကြတယ်။ သို့ပေမယ့် ရှီကျင်းပင်ကျဆုံးခန်းဟာ  ဝမ်ယီကို အပါခေါ်ဖို့ဖြစ်လာမယ်။ တရုတ်နိုင်ငံခြားရေးပေါ်လစီအပြောင်းအလဲဟာ မြန်မာတော်လှန်ရေးကို ကောင်းစွာသက်ရောက်မှုပေးပါလိမ့်မယ်။

About The Call 707 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*