
‘တရုတ်လောဘကြောင့်ပျက်စီးသွားတဲ့ အရှေ့တောင်အာရှ – ၁’

အရှေ့တောင်အာရှရဲ့စိမ်းလန်းတဲ့ တောတောင်တွေ၊ မြေဆီလွှာကြွယ်ဝတဲ့ကွင်းပြင်တွေတည်ရှိရာ မြို့ရွာတွေကို ဖြတ်သန်းစီးဆင်းနေတဲ့မဲခေါင်မြစ်ဟာ လူသန်းပေါင်းများစွာ အသက်မွေးဝမ်းကျောင်းပြုရာ ဒေသတခု လည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပေါ်ယံမျက်နှာပြင်တွေရဲ့အောက်မှာတော့ တမြည့်မြည့်လောင်ကျွမ်းနေတဲ့ ဝေဒနာတခုဖြစ်တည်နေပြီး အဲ့ဒီဝေဒနာကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။ တရုတ် နိုင်ငံရဲ့စွမ်းအင်နဲ့ မြေရှားသတ္တုလိုအပ်ချက် ကြီးမားလာနေတာကြောင့် ဒေသတွင်းကမြေယာတွေနဲ့ ရေအ ရင်းအမြစ်တွေ ပျက်စီးနေပြီလို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအုပ်စုတွေက ဆိုပါတယ်။
မဲခေါင်မြစ်ဝှမ်းတလျှောက်မှာရှိနေတဲ့ ဆည်ကြီးတွေနဲ့ မြန်မာနိုင်ငံရဲ့စည်းမရှိကမ်းမရှိ သတ္တု တူးဖော်တာတွေက ဒီဇာတ်လမ်းအတွက် အဓိကဇာတ်ဆောင်တွေဖြစ်လို့နေပါတယ်။ ဒါကြောင့်လည်း ဒေသခံပြည်သူတွေဟာ ရေ ကြီးမိုးခေါင်တာနဲ့ လေထုညစ်ညမ်းတာတွေကိုပါ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ လူနဲ့သဘာဝပတ်ဝန်းကျင်ထက် ကိုယ်ကျိုးစီးပွားကိုသာ တရုတ်နိုင်ငံကပိုဂရုစိုက်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ပျက်စီးမှုတွေဟာ အခုချိန်မှာတော့ တရုတ်နိုင်ငံရဲ့နယ်နိမိတ်ကိုကျော်လွန်ပြီး အရပ်ရပ်ဆီ ပျံ့နှံ့သွားခဲ့ပါပြီ။
’ရေစီးကြောင်းပြောင်းသွားတဲ့ မဲခေါင်မြစ်’
တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာရှိတဲ့ လူ ၆၆ သန်း အသက်ရှင်သန်ရေးကို မဲခေါင်မြစ်ဝှမ်းက ထောက်ပံ့ပေးထားတဲ့အပြင် အစားအစာနဲ့ ရေရရှိရေး အတွက်အခရာဖြစ်သလို ဒေသတွင်းနိုင်ငံတွေရဲ့ယဉ်ကျေးမှုတွေ ကူးလူးဖလှယ်ရာဒေသလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာ လန်ချန်းလို့ခေါ်ဆိုတဲ့ မဲခေါင်မြစ်အထက်ပိုင်းတလျှောက် တရုတ်နိုင်ငံရဲ့ ဆည်တည်ဆောက်မှုတွေက မဲခေါင်မြစ်ဝှမ်းရဲ့ယဉ်ကျေးသိမ်မွေ့တဲ့ချိန်ခွင်လျှာကို ခြိမ်းခြောက်လာပါတယ်။
၁၉၉၀ ပြည့်လွန်နှစ် အစောပိုင်းတွေကတည်းကပဲ တရုတ်နိုင်ငံဟာ မဲခေါင်မြစ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ ဆည် ၁၁ ခု တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ အဲဒီဆည်ကြီးတွေက ရေပမာဏအများအပြားသိုလှောင်ထားနိုင်ပြီး မြစ်ရေစီးဆင်းမှုအပေါ်ကိုလည်း ကြီးမားတဲ့ သက်ရောက်မှုတွေရှိခဲ့ပါတယ်။ ဥပမာဆိုရင် Nuozhadu ဆည်ဟာ ရေကုဗမီတာ ၂၃ ဘီလီယံသို လှောင်ထားနိုင်ပြီး အဲဒီတလျှောက်မှာရှိတဲ့ချိုင့်ဝှမ်းလွင်ပြင်တွေ အားလုံးနစ်မြှုပ်သွားဖို့ လုံလောက်ပါတယ်။ တရုတ်နိုင်ငံကမြို့ကြီးတွေမှာ လျှပ်စစ်ဓာတ်အားရရှိဖို့ ဒီစီမံကိန်းတွေကို အကောင်အထည်ဖော် တည်ဆောက်ထားတာဖြစ်ပေမယ့် မဲခေါင်မြစ်ရဲ့သဘာဝရေစီးကြောင်းကိုတော့ ပြောင်းလဲ သွားစေခဲ့ပါတယ်။
Mekong Research Symposium ရဲ့ ၂၀၁၉ ခုနှစ် သုတေသနပြုချက်တွေအရ ရေထုတ်လွှတ်မှုအပေါ် တရုတ်နိုင်ငံရဲ့ထိန်းချုပ်မှုက မြစ်အောက်ပိုင်းနေထိုင်ကြသူတွေအတွက် ရေကြီးတာနဲ့မိုးခေါင်တာ နှစ်မျိုးစလုံးကို တိုးမြင့်လာစေခဲ့ပြီး ကြီးမားတဲ့လှိုင်းအတက်အကျတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီပြောင်းလဲမှုတွေက ကြီးမားတဲ့အန္တရာယ်ကြီးတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ မိုးသည်းသည်းထန်ထန်ရွာ သွန်းတဲ့အချိန်မျိုးတွေမှာ တရုတ်ကဆည်ရေတွေကို ရုတ်တရက်ဖောက်ချလိုက်တဲ့အတွက် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်အတွင်း ချင်းရိုင်ပြည်နယ်ကပြည်သူတွေဟာ သူတို့နေအိမ်နဲ့လယ်ကွင်းတွေေမှာ ရွှံ့ရေတွေလွှမ်းနေတာနဲ့ ကြုံခဲ့ရပါတယ်။
“ရေကြီးမှာကို ကြိုတင်သတိပေးထားတာမျိုး မရှိခဲ့တော့ ကျနော်တို့ တော်တော်ထိခိုက်ခဲ့ရတယ်”လို့ သ ဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားနေတဲ့ ဒေသခံ Niwat Roykaew ကပြောပါတယ်။ “ကျနော်တို့ စိုက်ပျိုး ထားသမျှဆုံးရှုံးခဲ့ရသလို လူတွေအမှီသဟဲပြုနေရတဲ့မြစ်ရေလည်း ညစ်ညမ်းခဲ့ရတယ်”လို့သူက ဆက်လက် ပြောဆိုခဲ့ပါသေးတယ်။
ခြောက်သွေ့ရာသီရောက်ပြန်တော့လည်း မဲခေါင်မြစ်အထက်ပိုင်းမှာရှိတဲ့ဆည်တွေက ရေသိုလှောင်ထားတဲ့ အတွက် မြစ်အောက်ပိုင်းကပြည်သူတွေဟာ သောက်သုံးရေနဲ့ စိုက်ပျိုးရေရရှိဖို့ မလုံလောက်မှုတွေနဲ့ ရင်ဆိုင် ကြရပါတော့တယ်။
၂၀၁၇ – ၂၀၁၈ ခုနှစ်တွေအတွင်းဖြစ်ပွားခဲ့တဲ့ မိုးခေါင်မှုကြောင့် တရုတ်နိုင်ငံတောင်ပိုင်းကပြည်သူတွေဟာ ရေရှားပါးမှုနဲ့ကြုံခဲ့ရပြီး မြစ်အောက်ပိုင်းမှာရှိတဲ့နိုင်ငံတွေ မှာလည်းစိုက်ပျိုးရေမလုံလောက်တဲ့အတွက် ကောက်ပဲသီးနှံတွေ ခြောက်သွေ့ပုပ်သိုးခဲ့ရပါတယ်။
တရုတ်နိုင်ငံက မဲခေါင်မြစ်ဝှမ်းတလျှောက် သူတို့တည်ဆောက်ထားတဲ့ဆည်တွေနဲ့ပတ်သက်ပြီး လျှို့ဝှက်လုပ်ဆောင်နေတယ်လို့ Pianporn Deetes (International Rivers က သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတွေ) အပါအဝင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအုပ်စုတွေက ဝေဖန်ခဲ့ကြပါတယ်။ “ဆည်ရေဖောက်ချ မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တရုတ်က တခါမှမမျှဝေခဲ့ဖူးဘူး”လို့ Deetes က ပြောပါတယ်။
“အဲဒီအချက်အလက်တွေမရှိဘဲနဲ့တော့ မြစ်အောက်ပိုင်းကလူတွေအနေနဲ့ ရေကြီးတာ မိုးခေါင်ရေရှားတာ တွေနဲ့ပတ်သက်ပြီး မှန်ကန်တဲ့ကြိုတင်ပြင်ဆင်မှုမျိုးမလုပ်နိုင်ဘူး”လို့လည်း Deetes က ဖြည့်စွက် ပြောဆိုခဲ့ပါတယ်။
မဲခေါင်မြစ်ရေအသုံးပြုမှုနဲ့ပတ်သက်ပြီး စနစ်တကျဖြစ်အောင်စီမံဖွဲ့စည်းထားတဲ့ Mekong River Commission – MRC က တရုတ်နိုင်ငံနဲ့ ပိုပြီးထိရောက်ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုမျိုးဖြစ်ဖို့ မကြာ ခဏတောင်းဆိုလေ့ရှိပေမယ့် တရုတ်ရဲ့တုံ့ပြန်မှုကနှေးကွေးသလို နိုင်ငံတွင်း စွမ်းအင်လိုအပ်ချက် ကိုသာ တရုတ်က ဦးစားပေးဆောင်ရွက်နေတာကြောင့် ခုချိန်ထိတော့ အထမမြောက်နိုင်သေးပါဘူး။
“မြန်မာ့သတ္တုတွင်းလှိုင်းလုံးများနဲ့ အကျိုးသက်ရောက်မှုများ”
တရုတ်ကြောင့် မဲခေါင်မြစ်ရေစီးကြောင်းပြောင်းနေချိန်မှာပဲ မြန်မာ့သတ္တုတွေအပေါ် တရုတ်မျက်စိကျမှု တွေကြောင့် မြန်မာ့သဘာဝပတ်ဝန်းကျင်ကလည်း ပြောင်းလဲလို့နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးချိန်ကစပြီး မြန်မာနိုင်ငံမှာ မြေရှားသတ္တုနဲ့ရွှေတူးဖော်ရေးလုပ်ငန်းတွေ အလျင်အမြန်နဲ့ အဆမတန် တိုးပွားလာခဲ့ပါတယ်။ အဲဒီ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေက တာဝန်ယူ လုပ်ကိုင်နေကြတာပါ။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ကချင်နဲ့ ရှမ်းလို ပြည်နယ်တွေမှာ သတ္တုတူးဖော်မှုတွေကို အတားအဆီးအကန့်အသတ်မရှိ စည်းကမ်းမဲ့ တူးဖော်နေတာ ကြောင့် မြေဆီလွှာတွေပျက်စီးသလို မြစ်ရေလည်း အဆိပ်အတောက်တွေနဲ့ ပြည့်နှက်လို့နေပါတော့တယ်။
မြေရှားသတ္တုက လျှပ်စစ်ကား၊ မိုဘိုင်းဖုန်းနဲ့ လေအားတာဘိုင်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အဓိကပစ္စည်း ဖြစ်ပေမယ့်မြေကြီးထဲကနေ မြေရှားသတ္တုတူးဖော်ရာမှာတော့ အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုရလေ့ရှိပါတယ်။ ကောင်းကင်ဂြိုဟ်တုကရရှိတဲ့ဓာတ်ပုံတွေ အရ ကချင်ပြည်နယ်မှာ ၂၀၁၆ ခုနှစ်တုန်းက သတ္တုတွင်းရေကန်အနည်းငယ်သာရှိရာကနေ ၂၀၂၂ ခုနှစ်မှာတော့ ၂,၇၀၀ ကျော် ရှိလာခဲ့ပါတယ်။ အကျယ် အဝန်းပမာဏက အကြမ်းဖျင်းအားဖြင့် စင်ကာပူနိုင်ငံ အရွယ်အစားအထိ ရှိလာခဲ့ပါတယ်။
သတ္တုတူးဖော်ရေးလုပ်ငန်းအများစုလုပ်ကိုင်နေကြသူတွေဟာ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် – UWSA လို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေဖြစ်ကြပါတယ်။ UWSA လို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေအပေါ် မြန်မာအစိုးရအဆက်ဆက်ကလည်း ဩဇာလွှမ်းမိုးနိုင်စွမ်းမရှိခဲ့ပါဘူး။
သတ္တုတူးဖော်ရာမှာအသုံးပြုရတဲ့စွန့်ပစ်ရေတွေကို မြစ်တွေထဲပြန်ပြီး စွန့်ပစ်လိုက်ကြတဲ့အတွက် ရေရှည်မှာတော့ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားတဲ့ထိခိုက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။
သတ္တုတူးဖော်ရာကနေထွက်လာတဲ့အဆိပ်အတောက်တွေကြောင့် ရှမ်းပြည်နယ်ကနေစတင်စီးဆင်းလာတဲ့ ကော့မြစ် – KokRiver ဟာ လက်ရှိအချိန်မှာတော့ ညစ်ညမ်းလာခဲ့ပါပြီ။ ၂၀၂၅ ခုနှစ်မှာတော့ ထိုင်းအာဏာ ပိုင်တွေက ကော့မြစ်ရေကိုစစ်ဆေးစမ်းသပ်ကြည့်ခဲ့ရာမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO က သတ်မှတ်ထားတဲ့ အတိုင်းအတာထက် အာဆင်းနစ်ပါဝင်နှုန်းက ၄ ဆ နီးပါးမြင့်တက်နေတဲ့အပြင် ပြဒါးနဲ့ဆိုင်ရာနိုက်ပါဝင်နှုန်းလည်း မြင့်မားနေတာကိုတွေ့ရှိခဲ့ရပါတယ်။
ချင်းရိုင်နဲ့ချင်းမိုင်ပြည်နယ်ကဒေသခံတွေဟာ ငါးတွေမှာ ထူးဆန်းတဲ့အဖုတွေထွက်လာတာ တွေ့ရှိခဲ့ကြသလို စိုက်ပျိုးရေးမှာလည်း ပြဿနာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ “ဒီမြစ်ရေကဘုန်းကြီးတို့ဘဝတွေကို စောင့်ရှောက်ပေးခဲ့ပေမယ့် အခုချိန်မှာတော့ ထိမိကိုင်မိဖို့တောင် မလုံခြုံတော့ဘူး”လို့ ဒေသခံဘုန်းတော်ကြီးတပါးဖြစ် တဲ့ Phra Maha Nikhom က မိန့်ပါတယ်။
ပတ်ဝန်းကျင်ဆိုင်ရာပြဿနာနဲ့အတူ တပါတည်းကြီးထွားလာတာက လူမှုပတ်ဝန်းကျင်အပေါ်ထိခိုက်မှုပါ။ ကချင်ပြည်နယ်မှာဆိုရင်လည်း ဓာတုပစ္စည်းယိုဖိတ်မှုတွေကြောင့် အသက်ရှူရခက်ခဲတာ၊ ကျောက်ကပ် ရောဂါနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေကြောင့် ဖြစ်ပေါ်တဲ့ရောဂါတွေက မဆင်မခြင်သတ္တု တူးဖော်ပြီး စွန့်ပစ်မှုတွေနဲ့ဆက်စပ်နေပါတယ်။
Global Witness လို အဖွဲ့အစည်းတွေကထုတ်ပြန်ထားတဲ့အစီရင်ခံစာတွေမှာဆိုရင်လည်း ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အလုပ်သမားတွေဟာ အစာအိမ်ရောဂါကြောင့် သေဆုံးသွားကြတယ်လို့ ဖော်ပြထားပါတယ်။ ဒေသတွင်းကမဟုတ်ဘဲ ပြင်ပကလာသူတွေဟာ အထက်တန်းအလုပ်တွေကို ရရှိနေကြပြီး ဒေသခံလူငယ်တွေကတော့ အန္တရာယ်များတဲ့လုပ်ငန်းတွေထဲ အတင်း တွန်းပို့ခံနေ ကြရတဲ့အတွက် သတ္တုတွင်းလုပ်ငန်းတွေဟာ ရာဇဝတ်မှုနဲ့မူးယစ်ဆေးဝါးသုံးစွဲမှုတွေကိုလည်း ဖြစ်ပေါ်စေပြန်ပါတော့တယ်။
ဆက်လက်ဖော်ပြပါမည်။
(စာရေးသူ၏မှတ်ချက် – ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က Chiang Rai Times မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် Anna Wong ရဲ့ ‘China’s Hunger for Energy and Resources Ravages Southeast Asia’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။)
Be the first to comment