
‘တရုတ်လောဘကြောင့် ပျက်စီးသွားတဲ့ အရှေ့တောင်အာရှ’ – ဇာတ်သိမ်းပိုင်း

‘အမြတ်အစွန်းအတွက် ပေးဆပ်ရမယ့်တန်ဖိုး’
သယံဇာတအရင်းအမြစ်ပေါ်ထားတဲ့ လောဘကြောင့် မြန်မာနဲ့မဲခေါင်မြစ်ဝှမ်းဒေသတွေမှာ တရုတ်နိုင်ငံရဲ့ ဆောင်ရွက်မှုတွေက ဇာတ်လမ်းတပုဒ်လုံးရဲ့ အစွန်းထွက် အစိတ်အပိုင်းတခုလောက်သာရှိပါတယ်။
“တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆိုတာက သဘာဝပတ်ဝန်းကျင်ဖြစ်တဲ့ မြေ၊ လေနဲ့ရေ အပေါ်မှာ တန်ဖိုး အကြီးမားဆုံးပေးဆပ်ပြီးမှရလာတဲ့ အရာတွေသာဖြစ်တယ်”လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း မိုက်ကယ် ပွန်ပီယို က ၂၀၂၀ ခုနှစ်တုန်းက ပြောခဲ့ပါတယ်။
ကမ္ဘာ့မြေရှားဈေးကွက်မှာ တရုတ်ရဲ့တင်ပို့မှုက ၂၀၂၀ ခုနှစ်အတွင်း ခန့်မှန်းခြေအနေနဲ့ ၇၀ ရာခိုင်နှုန်းဝန်း ကျင် ရှိခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ကြပါတယ်။
သတ္တုတူးဖော်မှုတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံတွင်းမှာလည်း စည်းကမ်းတင်းကြပ်မှုနည်းပါးတာကြောင့် မွန်ဂိုလီးယားမှာရှိ တဲ့ဘယန်အိုဘို – Bayan Obo သတ္တုတွင်းလိုနေရာကမြေဟာ ညစ်ညမ်းမြေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီသတ္တုတွင်းအနီးမှာရှိတဲ့ကျေးရွာတွေဟာ ကျန်းမာရေးပြဿနာအပြင် သောက်သုံးလို့မရတဲ့ရေပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာတော့ တရုတ်နိုင်ငံဟာ နိုင်ငံတွင်းမှာရှိတဲ့ညစ်ညမ်းသတ္တုတွင်းတချို့ကို ရှင်းလင်းရေးတွေ ဆောင်ရွက်ခဲ့ပေမယ့် စစ်မက်ဖြစ်ပွားနေပြီး ဥပဒေပိုင်းဆိုင်ရာထိန်းချုပ်မှုတွေမှာ အားနည်းနေသေးတဲ့ မြန်မာနိုင်ငံလိုနေရာတွေဆီ သတ္တုတွင်းဆိုးမွေတွေကို တရုတ်က လက်လွှဲခဲ့ပါတယ်။
၂၀၁၁ – ၂၀၁၉ ခုနှစ်တွေအတွင်း မြန်မာနိုင်ငံရဲ့မြေရှားသတ္တုအထွက်နှုန်း တိုးလာခဲ့ပြီး အားလုံးနီးပါး တရုတ် နိုင်ငံဆီရောင်းချခဲ့ပါတယ်။ အဲဒီကာလအတွင်း မြေရှားသတ္တုရောင်းရငွေက ဒေါ်လာ ၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံရဲ့ ဥပဒေပိုင်းဆိုင်ရာထိန်းချုပ်မှုအားနည်းတာကို အခွင့်ကောင်းယူပြီး သဘာဝပတ်ဝန်းကျင်ပျက်စီးတာသာ အဖတ်တင်ကျန်ရစ်တဲ့ ဈေးပေါတဲ့ သတ္တုတူးဖော်ရေးနည်းလမ်းတွေကို အသုံးပြုနေပါတယ်။ “ဒီပြဿနာတွေက သူတို့နဲ့မဆိုင်တဲ့ပုံစံမျိုး တရုတ်ကလုပ်နေတယ်”လို့ Global Witness က ပေါလ်မယ်ရီမန် က ပြောပါတယ်။ “တရုတ်က သတ္တုတွေဝယ်နေတယ်ဆိုပေမယ့် တကယ်ဆုံး ရှုံးနေရတာက မြန်မာနဲ့ မြန်မာ့အိမ်နီးချင်းတွေပဲ”လို့လည်း ပေါလ် က ပြောပါတယ်။
တရုတ်နိုင်ငံဟာ သူရဲ့မဟာဗျူဟာကြီးတခုဖြစ်တဲ့ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း – BRI လို ကမ္ဘာလုံးဆိုင်ရာ အကြီးစားစီမံကိန်းကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အထက်ကဖော်ပြခဲ့တဲ့သဘောထားကို BRI လို စီမံကိန်းတွေမှာပါ ပုံဖော်လာနေပါတယ်။ BRI ဟာ ကမ္ဘာ့နေရာအနှံ့အပြားက အခြေခံအဆောက်အအုံနဲ့ သယံဇာတပေါ်အခြေခံတဲ့စီမံကိန်းတွေကိုလည်း ငွေကြေး ထောက်ပံ့ပေးထားပါတယ်။ တရုတ်ရဲ့ဆောင်ရွက်ချက်တွေက သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေရှိစေတဲ့အတွက် ဝေဖန်ခံနေရပြီး အထူးသဖြင့် ဥပဒေပိုင်းဆိုင်ရာအားနည်းမှုတွေရှိနေတဲ့ နိုင်ငံတွေမှာ ပိုပြီးထိခိုက်မှုတွေရှိနေပါတယ်။ ၂၀၁၇ ခုနှစ် တုန်းက ကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစောင်မှာဆိုရင်လည်း BRI လိုစီမံကိန်းတွေက အညစ် အကြေးနဲ့အဆိပ်အတောက်များစွာကို သက်ဆိုးရှည်စေနိုင်ပြီး တိရစ္ဆာန်တွေအပါအဝင် သဘာဝပတ်ဝန်းကျင် အပေါ် များစွာထိခိုက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ အရေးကြီးတဲ့ဇီဝမျိုးကွဲပေါင်းစုံ ဘေးကင်းလုံခြုံရေး ဇုန်ပေါင်းထောင်ကျော်ကို BRI စီမံကိန်းက ဖြတ်သန်းနေတယ်လို့လည်း အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
.
‘သတ္တုတူးဖော်မှုဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း’
ထိုင်းနိုင်ငံမြောက်ပိုင်း အထူးသဖြင့် ချင်းရိုင်နဲ့ချင်းမိုင်ပြည်နယ်တွေဟာ နယ်စပ်ဖြတ်ကျော်ကပ်ဆိုးတွေရဲ့ အလယ်မှာ ပိတ်မိနေပါတယ်။ မြန်မာနိုင်ငံက သတ္တုတူးဖော်ရာကနေထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့် ၂၀၂၄ ခုနှစ်အတွင်း မယ်ဆိုင်မှာရေကြီးခဲ့ပြီး လူနေအိမ်နဲ့လယ်ယာမြေတွေ ပျက်စီးခဲ့ရပါတယ်။ ထိုင်းနိုင်ငံ မြောက်ဘက်စွန်းခရိုင်ဖြစ်တဲ့ မယ့်အိုင်က မြစ်ရေကို စမ်းသပ်စစ်ဆေးခဲ့ရာမှာတော့ အာဆင်းနစ်နဲ့ ပြဒါးပါဝင်နှုန်းက အန္တရာယ်ရှိတဲ့အဆင့်ဖြစ်နေတာတွေ့ရပြီး အဲဒီမြစ်ရေဟာ ငါးဖမ်းတာ၊ လယ်ယာအတွက် အသုံးပြုတာနဲ့ ဆုန်ခရမ်လိုရိုးရာပွဲတော်တွေမှာအသုံးပြုတာတွေအတွက် အန္တရာယ်ရှိလာပါတယ်။
မြန်မာနိုင်ငံမှာ တရားမဝင်တူးဖော်နေတဲ့သတ္တုတွင်းတွေကို ပိတ်ပစ်ဖို့ ချင်းရိုင်ဒေသခံ ၁,၅၀၀ ကျော် လမ်း ပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရေအောက်အနည်တွေအတွက် ဆည်ဆောက်ဖို့ ထိုင်းအရာရှိတွေက အကြံပြုထားပေမယ့် အဲဒီလိုသာလုပ်ခဲ့ရင် ရေကြီးတာ ဒါမှမဟုတ် အညစ်အကြေးပိုစုပုံလာတာမျိုးနဲ့ ပိုပြီး ကြုံတွေ့ရနိုင်ခြေရှိမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်နေကြပါတယ်။ မဲခေါင်မြစ်ကော်မရှင်ကတော့ အဲဒီကိစ္စတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပေးထားပေမယ့် နယ်စပ်ဒေသတွေအပေါ်ထိန်းချုပ်နိုင်စွမ်းက အားနည်းနေတုန်းပါပဲ။ အထူးသဖြင့် လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ထားတဲ့ ဒေသတွေက ပိုပြီး ဆိုးရွားပါသေးတယ်။
ထိုင်းနိုင်ငံရဲ့အခြေအနေက ပိုပြီးကျယ်ပြန့်တဲ့ပြဿနာကို မီးမောင်းထိုးဖော်ပြနေပါတယ်။ မြစ်အောက်ပိုင်း မှာ တည်ရှိတဲ့နိုင်ငံတွေအနေနဲ့ မြစ်အထက်ပိုင်းကလာတဲ့ညစ်ညမ်းမှုတွေကိုတားဆီးနိုင်ဖို့က အခွင့်အရေး မရှိသလောက်နည်းပါတယ်။ “ဒီပြဿနာတွေ ဘယ်ကစဖြစ်တာလဲဆိုတာ ကျနော်တို့သိပါတယ်”လို့ ထိုင်းအရာရှိ မစ္စတာ ဂေါ့ဘ် က မြန်မာနိုင်ငံဆီလက်ညှိုးထိုးပြရင်း ပြောပါတယ်။ “ဒါပေမယ့် ကျနော်တို့ကို လက်တလုံးခြားလှည့်စားနေတဲ့ ပြဿနာတွေကို ကျနော်တို့ ဘယ်လိုဖြေရှင်းနိုင်မှာတဲ့လဲ” လို့လည်း သူ က ပြောပါတယ်။
.
‘သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းဖို့ တောင်းဆိုမှုတွေ မြင့်တက်လာ’
လက်ရှိကြုံနေရတဲ့ပြဿနာတွေအပေါ် တရုတ်နိုင်ငံကတာဝန်ယူဖို့ အရေးပေါ်အဆင့်တွေနဲ့ဖြေရှင်းဖို့ လိုအပ် တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဦးဆောင်သူတွေက ပြောပါတယ်။ ဘေဂျင်းက Institute for Public and Environmental Affairs ညွှန်ကြားရေးမှူးချုပ် Ma Jun က “သယံဇာတကနေအကျိုးအမြတ်တွေ ရနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ညစ်ညမ်းမှုပပျောက်ရေးအတွက် ကူညီသင့်တယ်” လို့ပြောပါတယ်။
တာဝန်ယူမှုရှိတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေအတွက် ကုလသမဂ္ဂနဲ့ OECD တို့က ကမ္ဘာလုံးဆိုင်ရာစည်း မျဉ်းစည်းကမ်းတွေကို အကြံပြုထားတဲ့အပြင် မှန်မှန်ကန်ကန်စောင့်ကြည့်နိုင်ရေးနဲ့ ဆိုးကျိုးလျှော့ချနိုင်ဖို့ကို လည်း အထူးအဆင့်တွေနဲ့ ဖော်ပြပေးထားပါတယ်။
မဲခေါင်မြစ်အတွက်ဆိုရင်တော့ တာဝန်ယူမှုရှိပြီး တိတိကျကျလိုက်နာရမယ့် ဒေသတွင်းသဘောတူညီချက် တရပ်ကို ကျွမ်းကျင်သူတွေက ထောက်ခံကြပါတယ်။ အဲဒီသဘောတူညီမှုက တရုတ်နိုင်ငံရဲ့ဆည်တွေ အလုပ်လုပ်ပုံကို ပိုပြီးပွင့်လင်းမြင်သာမှုရှိဖို့ ရည်ရွယ်ထားပါတယ်။ “တရုတ်နိုင်ငံအနေနဲ့ ကိုယ်ဆောက်ထားတဲ့ ဆည်တွေက မြစ်အောက်ပိုင်းနိုင်ငံတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနေလဲဆိုတဲ့အပေါ် တာဝန်ယူမှု ရှိဖို့လိုအပ်ပါတယ်” လို့ Deetes က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကနေ မြေရှားသတ္တုတင်ပို့မှုအပေါ် ပိတ်ဆို့အရေးယူတာ ဒါမှမဟုတ် တင်ပို့မှုတင်းကြပ်တာတွေကလည်း တရုတ်ရဲ့ မူဝါဒအပြောင်းအလဲအပေါ် ဖိအားဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။
ဒါပေမယ့် တရုတ်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်းစီးပွားရေးအာဏာကို ဆုပ်ကိုင်ထားတဲ့အတွက် မူဝါဒအပြောင်းအ လဲဖြစ်ဖို့ဆိုတာက ခက်ခဲလွန်းပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံးဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်တဲ့ နိုင်ငံဖြစ်သလို Green Technology (သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် စွမ်းအင်ကိုချွေ တာပြီး အရင်းအမြစ်တွေကို ထိထိရောက်ရောက်အသုံးပြုဖို့ ရည်ရွယ်ပြုလုပ်ထားတဲ့ ဆန်းသစ်တီထွင်မှုတွေ) မှာလည်း အရေးပါတဲ့နိုင်ငံဖြစ်နေတာကြောင့် တရုတ်အတွက်တော့ ရွေးရခက်တဲ့အချိန်လည်း ဖြစ်နေပြန်ပါတယ်။ လျှပ်စစ်ကားနဲ့ Clean Energy (သဘာ၀စွမ်းအားအရင်းအမြစ်ကတဆင့် လျှပ်စစ်ဓါတ်အားရ ယူခြင်း) လိုအပ်ချက်ကြောင့်လည်း မြေရှားသတ္တုလိုအပ်ချက်က ၂၀၄၀ ခုနှစ်မတိုင်ခင်မှာပဲ အဆများစွာတိုး လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အပြောင်းအလဲတခုခုမရှိခဲ့ဘူးဆိုရင်တော့ လူနဲ့သဘာဝပတ်ဝန်းကျင်နှစ်ခုစလုံးအပေါ် ထိခိုက်မှုတွေက ပိုပြီးဆိုးရွားလာနိုင်ပါတယ်။
.
‘လူ့ဘောင်အပေါ်ဆိုးကျိုးများ’
မဲခေါင်မြစ်ဝှမ်းကမိသားစုတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနေရဖို့အတွက် ပေးဆပ်ရမယ့်တန်ဖိုးကြီးပါတယ်။ တရားမျှတဖို့အတွက်မျှော်လင့်ချက်နည်းပါးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ ဒါမှမဟုတ် နိုင်ငံ ခြားကုမ္ပဏီတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ဌာနေတိုင်းရင်းသားတွေဟာ မွေးရပ်ဇာတိကိုစွန့်ပစ်လိုက်ရတာအပြင် ရောဂါဆိုးတွေကိုပါ မျက်နှာချင်းဆိုင်နေရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း တံငါသည်တွေနဲ့ လယ်သမားတွေဟာ ကိုယ့်အသက်မွေးဝမ်းကျောင်းကို ဆုံးရှုံးခဲ့ရသလို ကလေးငယ်တွေဟာလည်း နာတာရှည်ရောဂါခံစားရမယ့် အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိမြေရှားသတ္တုတူးဖော် နေတဲ့ဝန်းကျင်တွေဆိုရင်လည်း တချိန်တုန်းက ဖွံ့ဖြိုးပြီးချမ်းသာခဲ့တဲ့နေရာတွေ ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ထိန်းချုပ်မှုမဲ့တဲ့စက်မှုလုပ်ငန်းတွေက ထွက်ပေါ်လာတဲ့အမွေဆိုးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အောင်ဂမ်လို ကချင်ပြည်နယ်ကလူတွေအတွက်တော့ ပုဂ္ဂလဘဝက ပျောက်ဆုံးသွားခဲ့ပါပြီ။ “အခုတော့ အသီးအနှံလည်းစိုက်လို့မရတော့ဘူး။ ငါးလည်း ရှာမရတော့ဘူး”လို့ သူကပြောပါတယ်။ ထိုင်းရွာသားတွေ ဆိုရင်လည်း သူတို့ရဲ့ဘဝနေထိုင်မှုပုံစံတွေ ပျောက်ဆုံးသွားခဲ့ရပါတယ်။ “မြစ်ရေခမ်းခြောက်လာတာက ကျနော်တို့အနာဂတ်တွေ ခမ်းခြောက်သွားတာပါပဲ”လို့ လူထုခေါင်းဆောင် Bundit Pantarakon က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စွမ်းအင်နဲ့သတ္တုအရင်းအမြစ်တွေက အရှေ့တောင်အာရှကို ပုံစံတမျိုးနဲ့ ပြန်ပြီးဖန်တီးနေပါတယ်။ ဒေသခံတွေပေးလိုက်ရတဲ့တန်ဖိုးက အမြင့်ဆုံးဈေးနှုန်းပါပဲ။ မြစ်ရေစီးကြောင်းပြောင်းသွားတာနဲ့ ရေ ထဲကအဆိပ်အတောက်တွေဆိုတာက လျစ်လျူပြုထားဖို့ခက်ပါတယ်။ ဒေသတခုလုံးက တက်ကြွလှုပ်ရှား သူတွေနဲ့ ဒေသခံတွေကတော့ တာဝန်ယူမှုရှိဖို့ တောင်းဆိုနေကြပါတယ်။ ရေတိုအကျိုးစီးပွားထက် ရေရှည် အနာဂတ်ကိုဦးစားပေးဖို့ကိုလည်း တရုတ်ကိုတောင်းဆိုနေကြပါတယ်။ တရုတ်နိုင်ငံဟာ ကိုယ့်နိုင်ငံတွင်းမှာတော့ စွန့်ပစ်ပစ္စည်းတွေကို ရှင်းလင်းရေးတွေဆောင်ရွက်နေပေမယ့် အန္တရာယ်ရှိတဲ့စက်မှုလုပ်ငန်းတွေကို ပြည်ပနိုင်ငံတွေဆီ ရွှေ့ပြောင်းနေတာက စိုးရိမ်စရာကောင်းပါတယ်။
ကမ္ဘာကြီးက cleaner technology ဆီ အပြိုင်အဆိုင်ချီတက်နေချိန်မှာ တခြားနိုင်ငံတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာက မသင့်တော်တဲ့အမူအကျင့်ပါပဲ။ တခြားလူတွေ ပေးဆပ်နေရတဲ့တန်ဖိုးတွေအပေါ် လျစ်လျူမပြုဖို့ အရေးကြီးပါတယ်။ မဲခေါင်မြစ်အနာဂတ်နဲ့ သန်းချီတဲ့လူတွေရဲ့ လူမှုဘဝကောင်းမွန်ရေးက ဒေသတွင်းပူး ပေါင်းဆောင်ရွက်မှုနဲ့ တာဝန်သိမှုတွေအပေါ် မူတည်နေပါတယ်။ ပြောင်းလဲမှုမရှိဘူးဆိုရင်တော့ အရှေ့တောင်အာရှဟာ တရုတ်ရဲ့သယံဇာတလိုအပ်ချက်ဖိအားကို ဆက်ပြီးရင်ဆိုင်နေရပါလိမ့်မယ်။
(၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်က Chiang Rai Times မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် Anna Wong ရဲ့ ‘China’s Hunger for Energy and Resources Ravages Southeast Asia’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။)
Be the first to comment