ညီလင်းအိမ်
တကယ်ရှိခဲ့တဲ့ လူတွေအကြောင်း ရုပ်ရှင်ပြန်ရိုက်တာတွေကို ကြည့်ကြရတဲ့အခါမှာ အများအားဖြင့် ပျင်းရိစရာကောင်းတာကို မြင်ရသလို တာဝန်လည်း အင်မတန်ကြီးပါတယ်။ စာအုပ်ကတော့ စာသားအဖြစ်ပဲ ဖော်ပြရတာဖြစ်လို့ စာဖတ်သူမှာ စိတ်တိုင်းကျ ဖတ်ရှုရ သိရပေမယ့် ရုပ်ရှင်မှာတော့ သမိုင်းရေးဆိုင်ရာ အချက်အလက်တွေကို စာတမ်းတင်သွင်းသလို မှတ်တမ်းဖလင်များလို ဇာတ်ကောင်တွေကနေ ကရားရေလွှတ် ပြောခိုင်းလို့လည်း မရပါဘူး။ ဒီဇာတ် ဆောင်များရဲ့ စကားအနည်းငယ်၊ သူတို့ကို ကင်မရာတွေကနေ တဆင့်ပြဆိုမှုကနေပဲ ရှိရင်းစွဲ နောက်ခံတွေကို ဒါရိုက်တာက ပေါ်လွင်အောင် ခံစားမိစေအောင် သိနိုင်ဖို့ ပြရပါတယ်။ ရုပ်ရှင်ဖြစ်တာမို့လို့ အခြားသော မြင်ကွင်းတွေ၊ နောက်ခံအသံတွေ၊ ခေတ်ကာလနဲ့ ဆီလျော်တဲ့ အဝတ်အစား ဆက်တင်ပြင် ဆင်မှုတွေ၊ အဲဒါတွေကလည်း မပါမဖြစ်တာမို့ ပရိသတ်တွေ ဆက်ကြည့်လိုစိတ်ဖြစ်အောင် ဆွဲဆောင်ဖို့ကလည်း လိုပါတယ်။
အများအားဖြင့်က အီတလီဒါရိုက်တာကြီး ဘာတိုလူစီရဲ့ လက်ရာတွေက ကြိုက်လွယ်ငြိလွယ်တဲ့ ဇာတ်လမ်းတည်ဆောက်တာမျိုးတွေကို အင်မတန် ရှောင် ဖယ်သလို ဇာတ်ဆောင်များရဲ့ ပကတိတည်ရှိမှုကို ပြဆိုတာကနေပဲ သူ့အနုပညာ အမိုက်စားတွေကို ရှုစားကြရတာဖြစ်တယ်။ ဆိုတော့ သူလို ဒါရိုက်တာကြီးအတွက် အင်မတန် တာဝန်ကြီးလှတဲ့ ဒီလို သမိုင်းနောက်ခံ ရုပ်ရှင်မျိုး ဖန်တီးရာမှာ ပိုပြီး ပေါ့ပါးနေတယ်လို့တောင် ထင်ရတယ်။ ဒီရုပ်ရှင်မှာ ဘာတိုလူစီ အကြောင်းချည်းပဲ စာတအုပ်စာလောက် ထိုင်ချီးကျူးပေးသင့်တာ အမှန်ပါပဲ။ ဘာတခုမှ ဟာကွက်မရှိအောင်၊ ဖျော်ဖြေမှုအရရော၊ အနုပညာအရာပါ နိုင်နိုင်နင်းနင်းနဲ့ ရိုက်ပြသွားလို့ပါပဲ။ ဗဟုသုတအနေနဲ့ ဆက်ပြောရရင် ဒီလိုရုပ်ရှင်မျိုးကို တရုတ်ပြည် အာဏာပိုင်တွေက လာရောက် ရိုက်ကူးခွင့်ပေးတာက အံ့အားသင့်ဖို့လည်း ကောင်းပါတယ်။ ဘာလို့ဆိုတော့ ဘာတိုလိုစီလို ဒါရိုက်တာမျိုးက အနုပညာပေါ်လွင်ဖို့ တခုသာ ကြည့်တဲ့သူမျိုးတွေ ဖြစ်သလို နိုင် ငံရေးတွေ၊ ထိလွယ်ရှလွယ်၊ ဆင်ဆာဘာညာတွေလည်း အရေးစိုက်သူမဟုတ်လို့ပါ။
သို့ပေမဲ့ ယခုရုပ်ရှင်က ကော်မာရှယ်အရလည်း အောင်မြင်တဲ့ ရုပ်ရှင်တခုဖြစ်ခဲ့သလို အော်စကာဆုတွေလည်း ၉ ဆုအထိ ဆွတ်ခူးရရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်မှာ တရုတ်ပြည်တွင်းကဆိုရင် တရုတ်ရုပ်ရှင်လောကကို ဆက်လက်ဦးဆောင်ကြမယ့် မျိုးဆက်သစ် လူငယ်တွေဖြစ်တဲ့ ချန်ကေခိုင်တို့လို ကျန်းရိမူတို့လိုမျိုးပါ ရုပ်ရှင်တစိတ်တပိုင်းအတွက် ပါဝင် ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲလိုနဲ့ သိပ်မကြာခင် သုံးလေးနှစ်မှာပဲ ချန်ကေခိုင်ဟာ ဒီလို တရုတ်နိုင်ငံ သမိုင်းကြောင်းတွေကိုပဲ အခြေခံပြီး Farewell Of My Concubine လို ရုပ်ရှင်ကို ရိုက်ပြသွားတာကလည်း ဘာတိုလူစီတို့ အတွင်းသားထိ နှိုက်မပြနိုင်ခဲ့တဲ့ တရုတ်တွေရဲ့ ဒဏ်ရာတွေကို သူက ပိုပြီး ဖော်ပြပေးနိုင်တယ်။ ကျနော့်ပါဆင်နယ်အရကတော့ Farewell ရုပ်ရှင်က တရုတ်လူမျိုးများရဲ့ အနာတွေကိုရော ရှိရင်းစွဲ အနုပညာတွေကိုရော ပိုလို့ အလုံးစုံမြင်ရတဲ့ ရုပ်ရှင် (ဝါ) ဒါရိုက်တာကြီး ဘာတိုလူစီ မြင်ရင်လည်း ဒီလူငယ်ဒါရိုက်တာလေးကို အင်မတန်မှ လက်ဖျားခါ သဘောကျရမယ့် ရုပ်ရှင်လို့သာ ဆက်စပ် ဆိုချင်ပါသေးတယ်။ စစ်ရဲ့ဒဏ်ရာတွေ၊ အနာတွေကို သယ်ဆောင်ပြီး ခေတ်ကို သယ်ယူရသူတွေရဲ့ ဘဝဇာတ်ဆောင်တွေဟာ စိတ်ဝင်းစားဖွယ် အပြည့်ချည်းသာ မဟုတ်ပါလား။
ခု ဒီရုပ်ရှင်ရဲ့ ရုပ်ရှင်ဇာတ်ကြောင်းကတော့ တရုတ်ပဒေသရာဇ်လောကရဲ့ နောက်ဆုံးနေဝင်ချိန်ကို ဖော်ပြတဲ့ ရုပ်ရှင်။ နန်းကျဘုရင်တပါးရဲ့ မှောင်ရီဖျိုးဖျကာလများ။ ရုပ်ရှင်ကိုကြည့်နေရင်း တွေးစရာတွေလည်း အများကြီး ပေးပါတယ်။ ခေတ်အပြောင်းအလဲတွေမှာ ဘုရင်စနစ်တွေက ဘယ်လိုတွေ လိုက်ပါပြောင်းလဲခဲ့သလဲ။ တချို့နိုင်ငံက ဘုရင်တွေမှာ အလိုက်သင့် ရွေ့လျားနိုင်ခဲ့ပေမဲ့ နိုင်ငံအများစုမှာတော့ လူလူချင်း ဖင်ဗူးထောင် ဦးညွှတ်ခံရမယ့် အခွင့်ထူးခံဘဝကို ဘာကြောင့် ပျောက်ဆုံးသွားကြရသလဲ။ ယခုထက်တိုင် ပြည်သူများရဲ့ လေးစားဦးညွှတ်မှုကို ရနေဆဲ ဗြိတိန်တော်ဝင်မိသားစု။ ထိုင်းမှာ ပြည်သူတွေအများစုက စိတ်ကုန်လာတာကို မြင်သိလာရပေမဲ့ ပန်းပန်နိုင်နေဆဲ ထိုင်းဘုရင်။ ရုပ်သေးအဆင့်သာရှိတော့တဲ့ ကမ္ဘောဒီးယားက တော်ဝင်မိသားစုအကြောင်း။ ပြီးတော့ စောစီးစွာ ပြိုလဲသွားတဲ့ ဒီ ရုပ်ရှင်ထဲက မန်ချူးရီးယားမင်းဆက်။ နောက် အိန္ဒိယမှာပဲ အကျဉ်းစံဘဝနဲ့ ပြီးသွားတော့တဲ့ မြန်မာ သီပေါဘုရင်။ ဒီလို အပြိုင်အဆိုင် ပျက်သုဉ်းကြရတဲ့ ဘုရင်တွေရဲ့ ဘာကြောင့် ခုလိုဖြစ်ရသလဲ ဆိုတဲ့အကြောင်းရင်းက အင်မတန် ရိုးရှင်းပါတယ်။ ခေတ်နဲ့ အညီ အပြောင်းအလဲလုပ်ဖို့ တွန့်ဆုတ်ကြတဲ့ အတွက်ပါပဲ။ ယခင်တုန်းကလို ပြည်သူတွေဟာ သူတို့ပြောစကားတခွန်းမှာပဲ တည်ရမယ်။ သူတို့တွေကပဲ ဒီအခွင့်ထူးခံလောကမှာ အထက်စီးကနေသာ အရာရာ အမိန့်ပေးမယ်။ ဘာစောဒကမှ မတက်ရ စလို့ အရိုးဆွေးစနစ်တွေကို ဒီဘက်ခေတ်တွေမှာ လုပ်ဆောင်လို့ မရတော့ဘူးဆိုတာကို နားလည်တဲ့ အတွေးအခေါ်တွေ သိမ်ဖျင်းခဲ့ရလို့ ဖြစ်တယ်။ အဲဒီအခြေအနေကို နားလည်သူတွေကတော့ လက်ရှိခေတ်အထိ ဟန်မပျက်ဘဲ ရှင်သန်နိုင်ကြပါတယ်။
ချန်ကေရှိတ်ရဲ့ တပ်တော်ကြီး နန်းဆောင်အတွင်းကို ဝင်လာပြီး တနာရီအတွင်း အပြင်ကိုထွက်ပေးဖို့ မောင်းထုတ်ခိုင်းတဲ့ ဇာတ်ကွက်တွေအရောက်မှာတော့ ကျနော့်မှာလည်း သီပေါမင်းပါတော်မူတဲ့ ဇာတ်ကြောင်းတွေကို သတိရမိပါတယ်။ ဘာတိုလိုစီနဲ့ သူ့ရဲ့လက်စွဲတော် Cinematographer Vittorio Storaro တို့ဟာ နောက်ဆုံး ရုပ်သေးမင်းကလေး ပုယွီရဲ့ နန်းတက်ပွဲကို ခမ်းနားပြီး စိုလွင်တဲ့အရောင်တွေကို မသုံးဘဲ အမှောင်ကဲနေတဲ့ အရောင်တွေနဲ့ပဲ ကြည့်ရသူ ကျနော်တို့တွေကို စတင် ခြောက်ခြားစေခဲ့ပါတယ်။ သုံးနှစ်သာသာ ဒီကလေးလေးက အဲဒီ ဘုရင်စနစ်တွေ၊ ဘုရင်လို ဘယ်လိုရှင်သန်ရမှာတွေဆိုတာကို ဘယ်လိုလုပ် နားလည်နိုင်မှာတဲ့လဲ။ အဲဒီအရွယ်က အမေ့ရင်ခွင်မှာပဲ မှေးစက်ပြီး ပျော်ချင်တဲ့အရွယ်လေ။ နန်းဆောင်တံတိုင်းကြီးရဲ့ ဟိုမှာဘက် က ဖြစ်ချင်သလို ဖြစ်နေတာတွေကို ဆက်ဖြစ်ရဖို့ ဒီဘုရင်ကလေးမှာ အတိတ်မင်းဆက်တွေက ချန်ပစ်ခဲ့တဲ့ ပြဿနာတွေကို ခါးစည်းခံရဖို့ လူဖြစ်လာရတာ ဆိုတာကို ပထမဆုံး ဇာတ်ဝင်ခန်းမှာတင် မြင်သိခံစားခဲ့ရတယ်။ နန်းဆောင်ကြီးများရဲ့ အိုမင်း အသက်ကင်းမဲ့နေမှုက ပျက်သုဉ်းလုဆဲကာလကို ရောက်နေပြီဆိုတာကို မြင်သာအောင် ဒါရိုက်တာကြီးက ပြဆိုပေးနိုင်ခဲ့ပါတယ်။
ကျနော့်မှာတော့ လေးနာရီနီးပါး ရှည်လျားတဲ့ ရုပ်ရှင်ဇာတ်လမ်းသွားကြီးထဲကို ဆက်မတိုးခင် အစပိုင်းကလေးမှာတင် ထဲထဲဝင်ဝင် စူးနစ်ခဲ့ရပြီ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ကစဉ့်ကလျား ဖြစ်မှုဟာ ဘာမှ ပြစ်မျိုးမှဲ့မထင်ရှိလှတဲ့ ဒီလိုကလေးငယ်အပေါ်ကို ညှာတာမှုမဲ့စွာ ပစ်ချရက်လေသလားပေါ့။ ပထမဇာတ်ဝင်ခန်းအတွင်းက နန်းဆောင်ခန်းမကြီးတွေက အမှောင်သိပ်သည်းလွန်းလှပြီး ခြောက်ခြားဖွယ်ရာ ကောင်းလှတယ်။ ဒီထဲက မကျွတ်လွတ်နိုင်သေးလောက်မယ့် အတီတီအတာတာက မျိုးရိုးစဉ်ဆက် ဝိညာဉ်တွေဟာ ဒီ သုံးနှစ်သားအရွယ် ဘုရင်ကလေးကိုကြည့်ပြီး ဘယ်လိုများ တွေးနေကြမလဲ။ ကျနော်မသိနိုင်။
ကိုယ့်ပြည်ရဲ့ ပဒေသရာဇ်ခေတ် နှောင်းကာလတွေဟာလည်း ထိုနည်းနှင်နှင် အတိုင်းပဲ မဟုတ်ပါလား။ မင်းတုန်းမင်း ကံတော်ကုန်သွားပြီး အိမ်ရှေ့စံလောင်းလျာ ကနောင်မင်းသားကြီးပါ မရှိတော့တဲ့နောက် ဒီ အခွင့်အာဏာကို မက်မောကြပုံတွေက ကြောက်မက်ဖွယ်ရာပင်။ မန္တလေးနန်းဆောင်ကြီးအတွင်းမှာ ဘယ်အမျှအထိ သွေးချောင်းတွေ စီးခဲ့ရသလဲ။ ဘာမှမဆီဆိုင်လှတဲ့ ကလေးငယ်တွေ။ သားသမီးလေးတွေအထိ ။ အာဏာအတွက် ရက်စက်စွာ သတ်ဖြတ် ပစ်ခဲ့ကြတာတွေ။ နောက်ဆုံး ပလ္လင်ပေါ်ရောက်လာတဲ့ သီပေါမင်းသားဆိုတာလည်း ဒီ တရုတ်မန်ချုးမင်းဆက်ထဲက ပုယီလို ရုပ်သေးဓားစာခံ ဘုရင်ဘဝနဲ့ ဘာများထူးသေးလို့လဲ။ ပြိုကျအတိ ပြီးအံ့ရောက်လေပြီဖြစ်တဲ့ နှောင်းပိုင်းကာလတွေမှာ အဓိကအဖြေဖြစ်တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အတွေးအခေါ်မရှိကြတော့ ကျောင်းအိုကြီး ပြိုကျသွားသကဲ့သို့ သက်ဦးဆံပိုင် ဘုရင်စနစ်က ဝုန်းခနဲပဲ ပြိုကျပျောက်ကွယ်သွားခဲ့တာ။ ဘုရင်စနစ်နှောင်းပိုင်းရဲ့ အပြောင်းအလဲတွေကို ခါးစည်းခံကြရတဲ့ ဦးသျှောင်မင်းများရဲ့ ဘဝတခုလုံးက ကျိန်စာတွေ၊ ဒဏ်ရာတွေ အပြည့်နဲ့ပဲ အတိပြီးကြရတာပါပဲ။ ကျနော့်မှာ ရုပ်ရှင်ထဲက ပုယွီကိုကြည့်ရင်း အတွေးတွေက တဆင့်တန်း ပေါ်ထွက်လို့လာနေပါတယ်။
အခြားတဘက်ကနေ ကြည့်ရင်တော့ ဒီဘုရင်ကောင်တွေဘဝကပဲ စောင်ကျိုးနည်းသာယာလိုက်ကြတာ။ နန်းဆောင်ကြီးရဲ့ ဟိုမှာဘက်မှာတော့ တရုတ်ပြည်သူတွေမှာ မျိုးဆက်သုံးဆက်နီးပါး နိုင်ငံရေးအပြောင်းအလဲဒဏ်ကို ကျောကော့အောင် ခံစားခဲ့ကြရတယ်။ ဘုရင်စနစ် ပြိုပျက်ပြီးနောက်မှာ ကိုလိုနီစနစ် ကို တွန်းလှန်ရပြန်တယ်။ အဲဒီကနေ ချန်ကေရှိတ်တို့လို၊ မော်စီတုန်းတို့လို နိုင်ငံရေးခေါင်းဆောင် အကွဲအပြဲ ပါဝါအားပြိုင်မှုတွေအောက်မှာ အလူးအလိမ့် ခံကြရပြန်တယ်။ အဲဒီလိုတွေ ဖြစ်ခဲ့ပေမဲ့ ရေပေါ်ဆီ ဒီ ဘုရင်လူတန်းစားတွေကတော့ မိဖုရားနှစ်ပါးနဲ့ပဲ ဟိုရွေ့ဒီရွေ့လုပ်ရင်း ကာမဂုဏ်ငါးပါးကို ခံစားနေရုံပဲလို့ ထင်စရာရှိပေမဲ့ ဒီ ဘုရင်ကလေး ပုယွီရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်သူမှ မြင်နိုင်မယ မထင်ပါဘူး။ တော်လှန်ရေးအတွင်းက ဘာမှမကျန်အောင် ခံစားခဲ့ရသူအဖို့တော့ ဒီလိုဘုရင်ကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်နိုင်မှာလဲ။ စစ်ကြောရေးမှာ သူ့ကိုစစ်တော့ ခင်ဗျားသိလား မန်ချူးမြေမှာ ကျုပ်မိဘတွေ အရှင်လတ် လတ် မြေမြှုပ်ခံခဲ့ရတာဗျ တဲ့ ။ အဲဒီအချိန်မှာ ဒီကောင်တွေက အသာလေး အမိန့်ပေးနေတာ။ ဘယ်လိုမှ ခွင့်လွှတ်စရာ အကြောင်းမရှိဘူးတဲ့။
ချန်ကေခိုင် ရုပ်ရှင်ထဲက မောင်းမငယ်က ခေတ်ကြီးကို မသိခဲ့ဘဲ ဒီ သဘင်သည်ဘဝကိုပဲ ဖက်ဆစ်မဟူ ပြည်သူမဟူ ငါမသိဆိုပြီး နေခဲ့လို့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာပဲ ပြစ်ဒဏ်သင့်ခဲ့ရတယ်ဆိုရင် ဒီဘုရင်ကလည်း အရာရာကို နားလည်ဖို့ နှေးကွေးခဲ့တာပဲလေ။ ဘုရင် ပြန်ဖြစ်နိုင်မလား ဆိုတာကိုပဲ မိုက်မဲစွာ တွေးထင်ခဲ့မိတယ်။ အဲဒီကနေ ဒုတိယကမ္ဘာစစ် တော်လှန်ရေးကာလမှာပဲ ဂျပန်ဘက်က ရပ်ခဲ့မိတယ်။ ဂျပန်တွေက သူ့ကို ရုပ်သေးအစိုးရအဖြစ်ပဲ ထားရှိမှန်း အသိဝင်လာတဲ့ အချိန်မှာတော့ နောက်ကျခဲ့ပြီ။ တရုတ်ပြည်တခုလုံးရော၊ မန်ချူးပြည်ရော ဂျပန်တွေကြောင့် ထောင်းလမောင်းကြေနေခဲ့ပြီ ဖြစ်သလို သူ့ဘဝထဲက ကြင်ယာတွေ အခြွေအရံတွေဟာလည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။
စစ်ပွဲအလွန် ချန်ကေရှိတ်နဲ့ မော်စီတုံးတို့အကြား အရေးအခင်းဖြစ်အပြီး ချန်ကေရှိတ်က ထိုင်ဝမ်ကို ထွက်ခွာပြေးချိန်မှာတော့ ၁၉၅၀ ကာလမှာပဲ ဘုရင် ဟောင်း ပုယွီဟာ ရာဇဝတ်သားအဖြစ် အဖမ်းခံရပါတယ်။ အဲဒီကာလက စစ်ကြောရေး ဖြောင့်ချက်တွေဟာပဲ ပုယွီရဲ့ ဘဝခရီးလမ်းကို မြင်သာစေခဲ့ပါတယ်။ သူဟာ တကယ်ပဲ နိုင်ငံကို ရောင်းစားသူ၊ အလိုတော်ရိ သစ္စာဖောက်တယောက် ဖြစ်ခဲ့တာလား စသဖြင့် ဒါရိုက်တာ ဘာတိုလူစီဟာ ကြည့်ရှူသူတွေကိုယ်တိုင်ကိုသာ ဆုံးဖြတ်စေခဲ့တာကို တွေ့နိုင်ပါတယ်။ ဒီအခါမှာ ပုယွီရဲ့ ဘဝသရုပ်က ရုပ်ရှင်ထဲမှာ ကြွတက်လာခဲ့တယ်။ စစ်ကြောရေးက ဆရာဖြစ်သူက သူ့အကြောင်းတွေကို ဖတ်ရှုရင်း ပုယွီကို ရှာတွေ့ဖို့ ကြိုးစားပါတော့တယ်။
ရုပ်ရှင်ပြီးချိန်မှာတော့ ကျနော့်မှာ ပုယွီရဲ့ အမှားတွေ၊ ဘဝနှောင်းပိုင်းတွေထက် ငယ်နုစဉ်က သုံးနှစ်သားအရွယ် ပုယီကလေးကိုပဲ မြင်ယောင်လာပါတယ်။ ကလေးပီပီ မေမေ့ဆီကိုပဲ ပြန်ချင်ရှာလွန်းလို့ နန်းတော်ထဲမှာ တစာစာအော်ငိုနေတဲ့ ကလေးလေး။ ခေတ်ရဲ့ ဆိုးယုတ်မှုက ဒီလိုကလေးလေးကို ဘဝသေတပန် သက်တဆုံးအထိ မိခင်နဲ့သားကြား မေတ္တာတရားကို ပိုင်းဖြတ်ပစ်ခဲ့တယ်။ နန်းဆောင်ကြီးအတွင်းမှာပဲ လှောင်ချိုင့်ထဲရောက် ရွှေကျေးလေးသဖွယ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ညတွေ။ အပြင်ကို ထွက်ပြေးချင်လွန်းလို့ တံတိုင်းပေါ်ကို မကြောက်မလန့် တက်ပြေးခဲ့ပုံတွေ။
သူသွားလေရာ ဆောင်ထားတဲ့ ကြွက်ဖြူကလေးကို နံရံကိုပဲ နောက်ဆုံး ပစ်ပေါက်ပြီး လွတ်မြောက်မှု ပေးလိုက်တာတွေအထိ။ ဒီဘုရင်ကို ကျနော်နားလည် ရင်း သနား နာကျင်ခဲ့ရပါတယ်။ ကျနော် ရှစ်နှစ်သားလောက်တုန်းကလည်း ကျနော့်အမေဖြစ်သူက ပခုက္ကူကို လိုက်မှာစိုးလို့ အိပ်ရာထဲ ထားပစ်ခဲ့လို့ နိုးလာချိန်မှာ ရှိုက်ကြီးတငင် အော်ငိုခဲ့ရတဲ့ ခံစားချက်တွေကို မေ့လို့မှ မရနိုင်တာဘဲ။
လူတယောက်ရဲ့ ဘဝက နူးညံ့ခြင်း၊ အကောင်းမြင်တတ်ခြင်းများနဲ့ ကြီးပြင်းဖို့ နွေးထွေးတဲ့ ငယ်ဘဝဆိုတာ လိုအပ်လှတာပဲ မဟုတ်လား။ အဲဒီ မနက်လင်းအရုဏ်ထဲမှာ မေမေပျောက်သွားတော့ ကျနော့်မှာ ကလေးတန်မဲ့ ကြောက်ရကောင်းမှန်း မသိတော့ဘဲ သရဲတစ္ဆေပေါပါတယ်ဆိုတဲ့ ရွာတောင်ဘက်က ဖျောက်ဆိပ်ပင်အိုအောက်ကို ပြေးပြီး အမေ့ကို လိုက်ရှာခဲ့ပုံတွေ။ ကြည့်ရင်း ကျနော်ဟာ ပုယွီကလေးဖြစ်သွားပြီး မျက်ရည်တွေ ဝေ့သီစွာနဲ့ပဲ ဒီလေးနာရီနီးပါးကြာတဲ့ ရုပ်ရှင်က ပြီးလို့ပြီးမှန်းတောင် မသိဘဲ မျောပါသွားခဲ့ရပါတယ်။
Be the first to comment