“တရုတ် ၃.၀ ကို ဘယ်လိုဖြတ်သန်းမလဲ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
တအာင်းဘက်ကလည်း စေ့စပ်ဆွေးနွေးရေးဆိုတဲ့ သဘောထားကို နိုဝင်ဘာ ၂၅ ရက်နေ့က ထုတ်ပြန်တယ်။ ရှေ့က ကိုးကန့်နဲ့ သဘောထားချင်း သိပ်မကွဲပြားတဲ့ပုံစံပါပဲ။ ကိုယ်ပိုင်အုပ်ချုပ် ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်၊ ပြည်သူလူထု စစ်ဒဏ်ခံစားနေရတာကို သက်သာရာရစေဖို့၊ တရုတ် စေ့စပ်ညှိနှိုင်းပေးမှုကို အသိအမှတ်ပြု လေးစားတဲ့အနေနဲ့၊ မိမိကိုယ်ကို ခုခံပိုင်ခွင့် အစရှိတဲ့မူတွေကို တင်ပြပြီး ဆွေးနွေးဖို့ အဆင်သင့်ရှိတယ် ထုတ်ပြန်တယ်။ ဒါကြောင့် ရှေ့မှာ သတင်းထုတ်ပြန်ခဲ့တာတွေနဲ့ နှိုင်းယှဥ်ကြည့်ရင် ခုထုတ်ပြန်ချက်က ရှေ့တလှမ်း ထပ်တိုးပေးရတဲ့ သဘောထားအဖြစ် နားလည်နိုင်တယ်။
‘တရုတ်ဖိအားအောက်က ရှမ်းမြောက်’
ဒါပေမယ့် ကိုးကန့်ကော တအာင်းပါ ဆွေးနွေးပွဲတွေရဲ့ အတွေ့အကြုံအရ လက်ရှိ စကစဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေ၊ ဆုံးရှုံးနယ်မြေတွေကို ပြန်တိုက်ဖို့ စစ်ပြင်နေတာတွေ၊ တပ်ဖွဲ့ အရွှေ့အပြောင်းတွေအရ ဆွေးနွေးပွဲဟာ ဖြစ်လာရင်တောင် တိုးတက်မှု မည်မည်ရရ ရှိမှာမဟုတ်ဘဲ နှစ်ဘက် အပြန်အလှန် တောင်းဆိုချက်တွေနဲ့ တဝဲလည်လည် ဖြစ်နေနိုင်တဲ့သဘောပါ။ တဘက်မှာ သိမ်းပိုက်ထားတဲ့ဒေသတွေ ပြန်ပြီး လက်လွှတ်မသွားရဖို့ စစ်ရေးအရ အမြဲအဆင်သင့်ရှိနေဖို့ ပြင်ဆင်ထားတဲ့သတင်းတွေကို တွေ့ရတယ်။ ပြောမယ်ဆိုရင် မိမိကိုယ်ကို ခုခံပိုင်ခွင့်ဆိုတဲ့မူနဲ့ တရုတ်ကိုလေးစားလိုက်နာတဲ့အနေနဲ့ဆိုတဲ့ ဒီပလိုမေစီကြား ဒီသတင်းထုတ်ပြန်ချက်တွေဟာ အခြေအနေတွေအရ တိုးသာဆုတ်သာဖြစ်အောင် စီစဥ်ထားရတဲ့သဘောမျိုးလို့ပဲ လောလောဆယ် သုံးသပ်ရမှာဖြစ်တယ်။
တအာင်းဟာ နောင်ချိုနယ်က တောင်ခမ်းမှာ လက်ရှိအချိန်အထိ စကစနဲ့ စစ်ဆိုင်ထားတာ လနဲ့ချီရှိနေတယ်။ ရှမ်းမြောက်နဲ့ ရှမ်းတောင် (ဒီကမှတဆင့် ကရင်နီ စတဲ့) တော်လှန်စစ်ရဲ့ တောင်မြောက်ဆက်သွယ်ရေးနဲ့ စစ်ဆင်ရေးဆက်စပ်မှု၊ ရှမ်းပြည်နဲ့ အလယ်ပိုင်းစစ်တိုင်းတွေ (ရှမ်းမြောက်နဲ့ မန်းမြောက်) အကြား စစ်ဆင်ရေးဆက်စပ်မှုတွေမှာ TNLA ရဲ့ အရေးပါမှုကို တွေ့ရမှာဖြစ်တယ်။
‘ရခိုင်နဲ့ ကချင် ရဲ့ ၂၀၂၅ ရည်မှန်းချက်’
ရခိုင်မှာ အေအေဟာ တရုတ်လုံခြုံရေးတပ်တွေ ပိုက်လိုင်းတလျှောက် (အမ်းနဲ့ ကျောက်ဖြူဘက်ကို) ဝင်လာဖို့ရှိနေတယ်လို့ သတင်းတွေ ကြားရပြီးတဲ့နောက် ဒီရက်ပိုင်းတွေအတွင်း စစ်ရှိန်ပြန်မြှင့်လာတာတွေ့ရတယ်။ ဂွ၊ တောင်ကုတ် နဲ့ အမ်း (အမ်းမှာ နပခကလွဲလို့ ကျန်တဲ့နေရာတွေအားလုံးကို အေအေဘက်ကထိန်းချုပ်ထားတယ်) ဘက်မှာ တိုက်ပွဲတွေပြင်းထန်နေသလို မကွေးဘက်ကလာတဲ့ စကစစစ်ကူတွေကို တော်လှန်ရေးတပ်တွေက အမ်း-ပဒန်းလမ်းမှာ ကြားဖြတ်တိုက်ခတ်မှုတွေလည်း ပြင်းထန်တယ်လို့ကြားသိရတယ်။
အေအေလို အချိန်သိပ်ဆွဲလို့ မရတော့ဘူးလို့ လက်ခံလာတဲ့ နောက်ဒေသတခုက မြောက်ပိုင်းစစ်ဒေသက ကေအိုင်အေ ဖြစ်တယ်။ ကေအိုင်အေဟာ တရုတ်နယ်စပ်က အထူးဒေသ ၁ ကို ဒီလထဲမှာ သိမ်းပိုက်လိုက်ပြီး နယ်စပ်ကိုတန်ပြန်ပိတ်ထားတယ်။ ဖားကန့်နဲ့ တနိုင်းဘက်မှာလည်း စီးမိထားပြီး စစ်ကိုင်းနဲ့ ဆက်စပ်နေတဲ့လမ်းကြောင်းတွေနဲ့ ဗန်းမော် မိုးမောက်တဝိုက်ကို တချိန်လုံး စိုးမိုးထားနိုင်တာကို တွေ့ရတယ်။ ဒါကြောင့် နောက်ပိုင်း နိုင်ငံရေးနဲ့ သံတမန်ရေး အခြေအနေတွေအရ ကေအိုင်အေရဲ့ ကချင်ပြည်နည်တခုလုံး ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်ကို ၂၀၂၅ လို့ တွက်ဆကြည့်နိုင်တယ်။
ကေအိုင်အေ၊ အေအေနဲ့ တအာင်းတပ်တွေဟာ အညာလို့ခေါ်တဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန်းရဲ့ ဝင်ပေါက်တွေအားလုံးကို ၂၀၂၅ မှာ အတော်များများ ထိန်းချုပ်ထားနိုင်မယ့်သဘော တွေ့ရပြီး တောင်ပိုင်းက ပဲခူးရိုးမနဲ့ စစ်တောင်းမြစ်ဝှမ်းတဝိုက်ဒေသတွေဟာ မြောက်ပိုင်းလို အင်အားနဲ့စုစည်းမှုတွေ ပီပီပြင်ပြင် အားထုတ်လာနိုင်ပြီဆိုရင် တရုတ်ရဲ့ စကစပေါ်ပံ့ပိုးမှုဟာ ၂၀၂၅ နှစ်ကုန်တဲ့အထိ သွားဖို့ မရေရာဘူးလို့ ကောက်ချက်ချရမှာဖြစ်တယ်။
‘NUG ခေါင်းဆောင်မှု နိုးထလာပြီလား’
ဒီအပတ်မှာ တကယ်အရေးပါတဲ့ သတင်းစကားတခုကတော့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတက ပြည်ပရောက် ဝန်မင်းတွေကို ပြန်လည်ခေါ်ယူမှုဖြစ်တယ်။ ဒီထုတ်ပြန်ချက်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေ (တရုတ်ဝင်လာဖို့ ကြိုးစားတာကို ဆိုလိုတယ်) ဟာ တော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ အခြေအနေတွေကြောင့်လို့ ကောက်ချက်ချတယ်။ ဒါကို တော်လှန်ရေးအောင်မြင်မှုရဲ့ အလှည့်အပြောင်းလို့ ရှုမြင်သလို တရုတ်ကြောင့် အရှိန်တန့်သွားနိုင်တဲ့ တော်လှန်ရေးကို ပြန်လည် စုစည်းပြင်ဆင်မှုတခုလုပ်ရင်း လှုပ်နိုးလိုက်တာလည်းဖြစ်တယ်။
နုဂျီဟာ တဘက်မှာ အဖွဲ့အစည်း တည်ဆောက်ပုံအရ တော်လှန်ရေးနဲ့ လိုက်လျောညီထွေပြောင်းလဲဖို့ လိုအပ်နိုင်သလို အခြားတဘက်မှာ နိုင်ငံတကာ အားပေးထောက်ခံမှုနဲ့ ပံ့ပိုးမှုကိုယူပြီး တော်လှန်ရေးအဖွဲ့အစည်း အသီးသီးကို အထောက်အပံ့ ပြုလုပ်ပေးနိုင်ဖို့ဖြစ်တယ်။ ဒါမှသာ တော်လှန်ရေးမှာလိုအပ်နေတဲ့ ဦးဆောင်မှုနေရာကို မှန်ကန်စွာ ရယူနိုင်မှာဖြစ်တယ်။ တော်လှန်ရေးဖြစ်ထွန်းမှုနဲ့ ဖြတ်သန်းလာမှု အတွေ့အကြုံတွေအရ ခေါင်းဆောင်မှုရယူနိုင်ဖို့ရာမှာ မြေပြင်တိုက်ပွဲတွေကို ဘယ်လောက်အထိ အောင်မြင်နေသလဲ (hard power) နဲ့ မြေပြင်အခြေအနေတွေကို နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်သလဲ (soft power) နှစ်ခုစလုံးကို အတိုင်းအတာတခုအထိ ပြသနိုင်ဖို့ဖြစ်တယ်။
‘အဆင့် ၄ ဆင့်’
တော်လှန်ရေးမှာ တရုတ်ပါဝင်ပတ်သက်မှုဟာ အဆင့် ၄ ဆင့်ကို ဖြတ်သန်းသွားလိမ့်မယ်လို့ ယူဆကြည့်မိတယ်။
ပထမအဆင့်က စစ်အာဏာသိမ်းမှုကို ထောက်ခံပြီး ဆွေးနွေးညှိနှိုင်းရေးဖြစ်တယ်။ အာဆီယံကို ကြားခံကစားတယ်။ ဒီအဆင့်ကို မအောင်မြင်ခဲ့ဘူး။ ဒုတိယအဆင့်မှာ စစ်တပ်ကို ဆက်လက်ထောက်ခံဆဲဖြစ်ပေမယ့် မြန်မာနိုင်ငံရေးမတည်ငြိမ်မှုနဲ့ ရှုပ်ထွေးမှုကို မှေးလိုက်ရင်း တရုတ်ရဲ့ပေါ်လစီတခုကို အကောင်အထည်ဖော်ခဲ့တာဖြစ်တယ်။ ဒီအဆင့်မှာ တရုတ်ဟာ စကစနဲ့ အီးအေအိုတွေကြား ယိမ်းကစားပြီး တရုတ်နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေကို အပြီးရှင်းထုတ် ခဲ့တာဖြစ်တယ်။ ဒါပေမယ့် တရုတ် ကျားဖြန့်နှိမ်နှင်းဆေးရဲ့ ဘေးထွက်ဆိုးကျိုးက ရမခအကျ၊ တအာင်းနယ်မြေသစ်၊ အေအေရဲ့ ရခိုင်ပြည်နယ်အနှံ့အပြား စစ်အောင်နိုင်မှုနဲ့ ခြေကုပ်ရယူနိုင်မှုဖြစ်တယ်။
လက်ရှိ အဆင့် ၃ ဟာ တရုတ်ရဲ့ စကစပေါ် ပုံအောထောက်ပံ့မှုနဲ့ မြန်မာတည်ငြိမ်ရေးမှာ တရုတ်စီးပွားရေး၊ နယ်စပ် ကုန်သွယ်ရေးကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားလာတာဖြစ်တယ်။ ဒီအဆင့်ဟာ ၂၀၂၅ နှစ်ဝက်နဲ့ အလွန်ဆုံး တနှစ်လောက်ကြာမယ်လို့ ယူဆကြည့်နိုင်ပြီး တော်လှန်ရေးရဲ့ မျှော်လင့်မထားတဲ့ စိန်ခေါ်ချက်တခု ဖြစ်လာဖို့ရှိနေတယ်။ ဒီအခြေအနေကို တော်လှန်ရေးအင်အားစုတွေဟာ မှန်ကန်တဲ့ဦးဆောင်မှု၊ စုစည်းမှုတွေနဲ့သာ ကျော်ဖြတ်နိုင်မှာဖြစ်ပြီး အချိန်ကာလဟာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်လာမယ်။ လူထုထောက်ခံမှုကလည်း ပူးတွဲလိုက်ပါနေဖို့ လိုမှာဖြစ်တယ်။
နောက်ဆုံးအဆင့်မှာ တရုတ်ဘယ်လိုပုံစံနဲ့ ပြောင်းလဲဖြတ်သန်းမလဲဆိုတာကို ၂၀၂၅ က အဖြေထုတ်ပေးပါလိမ့်မယ်။
Be the first to comment