‘တရေးနိုးသူရဲ့တွန်သံ’
မြတ်မင်းအိမ်
ချဥ်ပေါင်ရွက်အကြောင်း မပြောနဲ့
မုန်လာဥအကြောင်း မပြောနဲ့
အာလူးစားသူများဆိုတာ
ကန်စွန်းဥစားသူများနောက်မှ ဖြစ်ပေါ်လာတာ။
ဂွါရာနီးကား ပန်းချီကားကိုကြည့်ပြီး
ရှမ်းမြောက်က ကလေးက ခါးထောက်ပြီးရယ်တယ်။
မွန့်ချ်ရဲ့အော်သံဟာ နမ့်ခမ်းလောက်ညံလို့လား
အဖိုးမဖြတ်နိုင်အောင် တန်ရဲ့လား။
ရေခဲမုန့်ကိုသိပြီး
ရေခဲမုန့်မရှိတဲ့အရပ်မှာ
ဗုံးသီးတွေပဲ ဘဝထဲ ကြွေကြွေကျတယ်။
ကမ္ဘာကြီးကြားအောင်
ဘယ်ကီးနဲ့အော်ရမှန်းမသိတဲ့
သူတို့ခမျာ
လောင်စာကို ဆာလောင်နေကြရပေါ့။
ကကြီးခခွေး ကျက်မယ်
တစ်နှစ်သုံးလေး တွက်မယ်
ပြီးရင်တော့ တရုတ်ပြည်တက်မယ်ပေါ့
ဒီအရပ်မှာ။
ဘဝဆိုတာကလည်း
ကြုံရာကားစီးလိုက်ရတဲ့ ခရီးသည်လိုပါပဲ
ကိုယ်သွားချင်တဲ့စိတ်ကူးနဲ့
သူရောက်ရှိမယ့်နေရာ
တီတီတာတာလည်း ဖြစ်မယ်မထင်ပါဘူး။
အေးအေးချမ်းချမ်းပေါ့
တိုက်လေယာဥ်ကြီးတွေ ငေးနေရတာ
လက်နက်ကြီးသံတွေ နားစွင့်နေရတာ။
ဘယ်ကစလဲလို့မေးရင်
ဘယ်မှာဆုံးမလဲလို့ အရင်မေးမိတော့မယ်။
Be the first to comment