3
မောင်မူ
‘တိုက်ပွဲတွင်ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်း၏ အလွန်’

တိုက်ပွဲတွင် ခြေထောက်တဖက်ဖြတ်လိုက်ရသော၊ သူ၏သူငယ်ချင်းရဲဘော်အတွက် သူ ဘာလုပ်ပေးနိုင်သည်ကို သိချင်ကြောင်း ရဲဘော်တဦးက မေးလာသဖြင့် ယခုစာကို ရေးဖြစ်ပါသည်။ ရှည်ရှည်ဝေးဝေး နိဒါန်းမချီတော့ဘဲ ရဲဘော်တဦး တိုက်ပွဲတွင် သူ၏ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတခုခုကို ဆုံးရှုံးလိုက်ရပါက ထိုရဲဘော်၏စိတ်တွင် မည်သို့သော စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများ ဖြစ်နိုင်သည်ကို စပြောပါမည်။
ပထမဆုံးတခုမှာ ထိခိုက်ဒဏ်ရာရချိန်နှင့် မကြာမတင် အတောအတွင်း ခံစားရသည့် ကနဦး တုံ့ပြန်မှု ဖြစ်သည်။ ထိုအခြေအနေတွင် ရဲဘော်သည် အဖြစ်အပျက်ကို မယုံနိုင်ဘဲ စိတ်ထဲတွင် ရှော့ခ်ရသလို ဖြစ်နေသည် ဆိုသည်။ စိတ်နှင့်ကိုယ် မကပ်၊ လူသည် ထုံထုံကြီးခံစားနေရကာ မဖြစ်နိုင်ပါဘူး၊ ဆရာဝန် ဆရာမတွေ မှားပြောတာနေမှာပါ၊ ငါ့အခြေအနေ ဒီလောက်မဆိုးပါဘူးဟု ငြင်းဆန်နေသည်ဟု ဆိုသည်။
ထိုမှ နားလည်မှုစတင်ရရှိလာသည့်အဆင့် ဖြစ်သည်။ ထိုအဆင့်တွင် ရဲဘော်သည် မိမိကိုယ်ကိုယ်၊ ကံကို၊ မိမိ၏ခေါင်းဆောင်ကို၊ ရန်သူကို စသဖြင့် ဒေါသထွက်သည်။ ပြီး တချိန်တည်းမှာလည်း ငါ အရင်လို ပြန်ဖြစ်ပါဦးမလား၊ ငါ လောကကြီးမှာ အသုံးဝင်ပါဦးမလား၊ တခြားလူတွေက ငါ့ကို အရင်လို သဘောကျ၊ ချစ်ခင်ကြပါဦးမလား ကြောက်ရွံ့မှုဖြစ်ပြီး မိမိ၏ အသွင်အပြင်ကို ရှက်သည်ကတခု၊ မိမိ၏ လိုအပ်ချက်ရှိသည့် အခြေအနေကို ရှက်သည်ကတခုနှင့် လူအစုအဝေးအား ရှောင်ဖယ်ကာ အထီးကျန် ဖြစ်လာသည်ဟု ဆိုသည်။
နောက်တဆင့်တွင်မှု ရဲဘော်သည် ထိခိုက်ဒဏ်ရာမရမီက ရှိခဲ့သော ရည်မှန်းချက်၊ မျှော်လင့်ချက်များကို လက်ရှိ မိမိ၏အခြေအနေနှင့် ယှဉ်တွဲတွေးကာ သူ့ဘဝသည် ဘယ်တော့မှ ပြီးပြည့်စုံတော့မည် မဟုတ်ဟု ထင်လာပြီး မျှော်လင့်ချက်မဲ့ခြင်းကို ခံစားလာရသည်ဟု ဆိုသည်။ ဥပမာပြရလျှင် ဘောလုံးသမား ဖြစ်ချင်ခဲ့သူရဲဘော်က သူ၏ ခြေထောက်တဖက်ဆုံးရှုံးထားသည့်အခြေအနေနှင့် ယှဉ်တွဲကာ သူ့ဘဝအတွက် မျှော်လင့်ချက်မဲ့လာခြင်းမျိုး ဆိုပါစို့။ နောက်တခုမှာ “ငါက စစ်မတိုက်နိုင်တော့ဘူး၊ ငါ ရဲဘော် တယောက် မဟုတ်တော့ဘူး၊”၊ “ငါက မသန်စွမ်းဖြစ်သွားပြီ၊ ငါက မိသားစုကို ကြည့်ရှုစောင့်ရှောက်နိုင်တော့မှာ မဟုတ်ဘူး၊ ငါက သားအကြီးပေမယ့် အလကားပဲ၊ ငါက အားနည်းသူပဲ”စသဖြင့် လူ့အဖွဲ့အစည်းအတွင်း နေရာယူထားသည့် မိမိ၏ ဖြစ်တည်မှု ဝေဝါးပျောက်ဆုံးကာ ဖြစ်တည်မှုအသစ်ကိုလည်း ရှာမတွေ့သည့် အခြေအနေ ဖြစ်သည်။ ထို့ပြင် မိမိ၏ ရပ်တည်မှုအတွက် အခြားသူများကို မှီခိုရသည့်အခြေအနေကို လက်သင့်ခံနိုင်ရန်လည်း စိတ်ပိုင်းဆိုင်ရာ အရ ရုန်းကန်ရသည်။ ထိုမှ လူများကို အလွန်အမင်း မှီခိုခြင်း (သို့) အလွန်အမင်း ရှောင်ဖယ်ခြင်းများ ဖြစ်လာသည်ဟု ဆိုသည်။
မှန်များကို ရှောင်ခြင်း၊ ဓါတ်ပုံရိုက်ရန် ရှောင်ခြင်းနှင့် အစုအဖွဲ့များကို ရှောင်ရှားခြင်းများ လုပ်နိုင်ပြီး ထိုမှ ဆွဲဆောင်မှု မရှိမည်ကို စိုးရိမ်ခြင်း၊ သမီးရည်းစားလင်မယားဆက်ဆံရေးအပေါ် စိုးရိမ်ခြင်း၊ ဆေးတပ်သား (သို့) မိမိ၏ အိမ်ထောင်ဖက်အား မိမိ၏ကိုယ်ခန္ဓာကို ပြသရန် စိတ်မသက်မသာဖြစ်ခြင်း၊ ကိုယ်ခန္ဓာချင်း ထိတွေ့မှု (ဝါ) လိင်မှုကိစ္စများကို ရှောင်ရှားခြင်း၊ အဝတ်အစားလဲချိန် (သို့) ကိုယ်လက် သန့်စင်ပေးချိန်များတွင် ရှက်ရွံ့ခြင်းတို့လည်း ဖြစ်သည်ဟု ဆိုသည်။ ကိုယ်လက်အင်္ဂါဆုံးရှုံးထားသော ရဲဘော်သည် မိမိကိုယ်မိမိ အခြားသူများ၏ နောက်တွင် ကျန်ခဲ့ပြီဟုလည်း ခံစားရနိုင်ပါသည်။
ယခုပြောခဲ့သည်များမှာ မိမိ၏ကိုယ်လက်အင်္ဂါဆုံးရှုံးရခြင်းအတွက် ရဲဘော်၏ စိတ်ပိုင်းဆိုင်ရာ တုံ့ ပြန်မှုများဖြစ်ကာ ထိုအခြေအနေများအား ရဲဘော်များက မည်သို့ ကိုင်တွယ်ဖြေရှင်းတတ်ကြသည်ကို ဆက် ပါမည်။
ရဲဘော်များသည် တဦးချင်းစီအလိုက် ဖြေရှင်းနည်းများမတူကြ။ အချို့ကို ဖြစ်သည့်အခြေအနေနှင့် လိုက်လျောညီထွေပြောင်းလဲကာ စိတ်ခံစားမှုများနှင့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြသည်။ ဥပမာ ဆိုရလျှင် ရဲဘော်ရဲဘက်အုပ်စုများထံမှ အထောက်အပံ့၊ အကူအညီများ ရယူခြင်း၊ အားကစားနှင့် ကိုယ်ခန္ဓာ ကုထုံးများတွင် စိတ်ပါလက်ပါ ပါဝင်ခြင်း၊ ပညာရပ်အသစ်တခု သင်ကြားကာ ရည်မှန်းချက် အသစ် ရှာဖွေခြင်းနှင့် မိမိ ကျွမ်းကျင်သည့် ပညာရပ်တခုကို အခြားသူများအား လေ့ကျင့်ပေးသည့် သင်တန်းဆရာအဖြစ် ပြောင်းလဲကာ ဖြစ်တည်မှုအသစ် ရှာဖွေခြင်း၊ မိသားစုအတွင်း၊ တပ်ရင်းတပ်ဖွဲ့အတွင်း အခန်းကဏ္ဍ တခု ပြန်လည်ရှာဖွေခြင်းများ ဖြစ်သည်။
သို့သော် အချို့၏ ဖြေရှင်းနည်းများမှာ လိုက်လျောညီထွေမရှိ။ မှားယွင်းသည့်နည်းလမ်းများလည်း ဖြစ်နေနိုင်သည်။ ဥပမာဆိုရလျှင် ရဲဘော်သည် လူများ၊ ရဲဘော်ရဲဘက်များ၊ မိမိအား အကူအညီပေးမည့် သူများကို ရှောင်ဖယ်ခြင်း၊ တိတ်ဆိတ်ခြင်းနှင့် ဒေါသကြီးခြင်းများ၊ ကုထုံးများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်း စဉ်များတွင် ပါဝင်ရန် ငြင်းဆန်ခြင်းများ၊ အဖိုးမတန်သည့် ဘဝဟု မိမိကိုယ်ကိုယ် ခံယူကာ အသက်အန္တရာယ် ရှိသော အပြုအမူများအား လုပ်ဆောင်ခြင်းများ ဖြစ်သည်။
ဆက်လက်၍ အထက်တွင်ပြောခဲ့သည့် စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုများထက်ပိုသော စိတ်ပိုင်းဆိုင်ရာ ဝေဒနာများ အကြောင်းကို ဆက်ပြောပါမည်။
ကိုယ်လက်အင်္ဂါဆုံးရှုံးထားသည့် ရဲဘော်သည် လူမှုအသိုင်းအဝိုင်းအတွင်း မိမိ၏ အခန်းကဏ္ဍ ပျောက်ဆုံးခြင်း၊ လုပ်ငန်းတာဝန် ဆုံးရှုံးခြင်း၊ နာတာရှည်နာကျင်ခြင်းနှင့် ဘဝရည်မှန်းချက် ပန်းတိုင်များ ပြောင်းလဲခြင်းများက စိတ်ကျခြင်း၊ စိတ်ဝင်စားမှုမရှိခြင်း၊ အအိပ်နှင့် အစားအသောက် ပျက်ခြင်း(သို့) ပြောင်း လဲခြင်း၊ “ငါ အသုံးမကျဘူး”ကဲ့သို့ မိမိကိုယ်ကိုယ် အဆိုးမြင်စကားများ ပြောခြင်း၊ မိမိကိုယ်ကိုယ် သတ်သေရန် ကြံစည်ခြင်း စသည့် လက္ခဏာများကို ခံစားရကာ စိတ်ကျဝေဒနာဖြစ်နိုင်ပါသည်။
ထိခိုက်ဒဏ်ရာရသည့် အဖြစ်အပျက်က ရဲဘော်၏ စိတ်ထဲတွင် ခိုတွယ်နေလျက် ထိုအဖြစ်အပျက် များကို ညအိပ်မက်ဆိုးများအဖြစ် ပြန်မက်ခြင်း၊ အမှန်တကယ် ဖြစ်ပျက်သည့်သဖွယ် ပြန်မြင်ယောင် ခံစားရခြင်း၊ ကိစ္စတိုင်းတွင် သတိလွန်ကဲနေခြင်း၊ ထိတ်လန့်တုန် လှုပ်နေခြင်း၊ ခံစားချက်များ ထုံနေခြင်း၊ စိတ်နှင့်ကိုယ် မကပ်ခြင်း၊ အဖြစ်အပျက်နှင့် ပတ်သက်သော အရာမှန်သမျှကို ရှောင်ဖယ်ခြင်း၊ စသည့် ထိခိုက်ဒဏ်ရာ နောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ (PTSD) ကိုလည်း ခံစားရနိုင်သည်ဆို၏။
ကိုယ်လက်အင်္ဂါဆုံးရှုံးပြီး (သို့) ရုပ်ရည်ပျက်စီးပြီးနောက် လူအများကြားသွားရန် စိုးရိမ်စိတ် လွန်ကဲခြင်း၊ လူအုပ်/လူစိမ်း/အမှောင်ကို တွေ့ရလျှင် ထိန်းမရအောင် ထိတ်လန့်ခြင်း၊ လူသည် မကောင်းသည့် တခုခု ဖြစ်ပျက်ခါနီး အခြေအနေ အစွန်းတခုတွင် ရပ်နေရသည့်ခံစားချက်မျိုး အမြဲရှိနေခြင်း စသည့် စိုးရိမ်စိတ်လွန်ကဲသည့် ဝေဒနာကိုလည်း ခံစားရနိုင်သည်ဟုဆိုသည်။
နောက်တခုမှာ သူတို့၏ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများ၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများကို သက်သာစေရန်အတွက် အရက်၊ ထရာမဒေါ ကဲ့သို့ အနာသက်သာဆေးများနှင့် အိပ်ဆေးများကို မိမိသဘောနှင့် သောက်သုံးရာမှ ဆေးစွဲနိုင်ချေ မြင့်မားလာခြင်းဖြစ်သည်။ ထိုမှတဆင့် အခြားသူများကို ဝန်ထုပ်ဝန်ပိုး မဖြစ်စိမ့်သောငှာ မိမိကိုယ်ကိုယ် သတ်သေတတ်ကြသည် ဆိုပါစို့။
ဖြတ်တောက်ထားရသည့် ခြေထောက်နှင့် လက်များမှ နာကျင်သည်ဟု ခံစားရခြင်း ရှိပါက စိတ်ပိုင်းဆိုင်ရာ ပြဿနာများက ပို၍ ဆိုးရွားနိုင်ပြီး နာတာရှည် နာကျင်မှုနှင့် အိပ်စက်ခြင်းပြဿနာများကိုလည်း ခံစားရနိုင်သည် ဆိုပါသည်။ ထိုမှ စိတ်ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ စိတ်မတည်ငြိမ်ခြင်းများ ပို၍ ဆိုးရွားစေသည်ဆိုပါသည်။
ယခု ထိုရဲဘော်များအား မည်ကဲ့သို့ဆက်ဆံရမည်ကို ဆက်ပါမည်။
ပထမအချက်မှာ ရဲဘော်၏ ဂုဏ်သိက္ခာကို လေးစားမှုရှိဖို့ လိုပါသည်။ သနားခြင်း၊ ရှောင်ဖယ်ခြင်းများ မပြုသင့်။ အလွန်အမင်း ဂုဏ်ပြုခြင်းကလည်း ရဲဘော်အား စိတ်မသက်သာမှုကို ဖြစ်စေနိုင်ပါသည်။ ရဲဘော်အား လူနာဟု ခေါ်ဆိုခြင်းမပြုဘဲ ရဲဘော်ဟုသာ ခေါ်သင့်သည်ဟု ဆိုပါသည်။
ဒုတိယအချက်မှာ ထိခိုက်ဒဏ်ရာ-အခြေပြု ဆက်ဆံခြင်းဖြစ်ပါသည်။ ရဲဘော်များသည် အထက်တွင် ပြောခဲ့သည့်အတိုင်း သူတို့၏ စိတ်ဖိစီးမှုများကို ဖြေရှင်းရန်အတွက် မှားယွင်းသည့်နည်းလမ်းများကို အသုံးပြုနေနိုင်ပါသည်။ ထိုအတွက် ကျနော်တို့သည် ဒေါသကို ရှေ့ထားခြင်း၊ ပြစ်ဒဏ်ပေးခြင်းကို ရှေ့ထားခြင်းမျိုး မပြုဘဲ၊ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှု၏နောက်ဆက်တွဲအဖြစ် စဉ်းစားကာ ကုစားမှုပေးရပါမည်။ စိတ်ဖိစီးမှု ဖြေရှင်းနည်းလမ်းများကို သင်ကြားပေးရပါမည်။
တတိယအချက်မှာ တည်ငြိမ်သော ပုံမှန်လေသံနှင့်ပြောကာ လိုအပ်လျှင် ကူညီပေးရန် ရှိနေရမည် ဆိုပါစို့။ အကူအညီ ပေးရာတွင်လည်း အကူအညီလိုအပ်နေတာပဲဟု မိမိဘာသာ ယူဆပြီး ကူညီခြင်း မပြုဘဲ “အကူအညီ ပေးရမလား” ဟု အမြဲမေးကာ လေးစားမှုကို ပြဖို့ လိုအပ်ပါသည်။
ထိုကဲ့သို့သော ရဲဘော်အား ဆက်ဆံနည်းကို သိပြီဆိုပါက မည်သို့မည်ပုံ ကူညီမည်ကို ဆက်သွားကြပါစို့။
ပထမအဆင့်မှာ ကြည့်ခြင်းဖြစ်ပါသည်။ ထိုရဲဘော်သည် လူများကို ရှောင်ဖယ်ကာ သီးသန့် နေနေသလား၊ ဒေါသကြီးလာသလား၊ စိတ်တိုစိတ်ဆတ်လာသလား၊ အရက်နှင့် အကိုက်အခဲပျောက်ဆေး၊ မူးယစ်ဆေး သုံးစွဲမှု မြင့်တက်လာသလားစသဖြင့် ရဲဘော်၏ စိတ်ခံစားချက်၊ အပြုအမူ အ ပြောင်းအလဲများကို ခြေရာကောက်စောင့်ကြည့်ရပါမည်။ ပြီး ချိန်းဆိုထားသည်ကို မလာခြင်း၊ အစား မစားခြင်း၊ ဆေးပုံမှန် မသောက်ခြင်း စသည့် တို့ကိုလည်း စောင့်ကြည့်ရပါမည်။ ထိုမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များတွင် မပါဝင်ခြင်းကိုလည်း ကြည့်ဖို့ လိုအပ်ပါသည်။ အရေးပေါ်အခြေအနေမျိုးတွင်သာ မဟုတ်ဘဲ ပုံမှန်၊ နေ့စဉ်လုပ်ငန်းအနေဖြင့် ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ရပါမည်။
ဒုတိယမှာ နားထောင်ခြင်းဖြစ်ပါသည်။ ရဲဘော်အား စကားပြောဖို့ ကမ်းလှမ်းပါမည်။ သေချင်နေသလား၊ စိတ်ဓါတ်ကျနေသလား၊ စိတ်မပျော်ဖြစ်နေသလား၊ ဝမ်းနည်းနေသလား သူ၏ စိတ်ခံစားချက် များကို နားထောင်ဖို့ လိုပါသည်။ ပြီး သူ ရင်ဖွင့်သည့် စကားများကို “ဒါက ခက်ခဲတာပဲ”၊ “ခင်ဗျား ခံစားနေရတဲ့ ခံစားချက်မျိုး ဘယ်သူမဆို ခံစားရမှာပါပဲ၊ ဒါက ဖြစ်တတ်ပါတယ်” စသဖြင့် ကျိုးကြောင်းညီညွတ်စွာ တုံ့ပြန်ပြောဆိုရပါမည်။ ချုပ်ပြောရလျှင် အထက်တွက် ပြောခဲ့သော စိတ်ကျခြင်း၊ ထိခိုက်ဒဏ်ရာနောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ ဖြစ်နေသလား၊ မူးယစ်ဆေး သုံးစွဲနေသလား၊ မိမိကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားနေသလား စသည့် စိတ်ပိုင်းဆိုင်ရာပြဿနာများ ရှိမရှိကို ကြည့်ခြင်း၊ နားထောင်းဆန်းစစ်ခြင်းဆိုပါစို့။
တတိယမှာ ထိုကြည့်ခြင်းနှင့် နားထောင်ခြင်းမှ ရလာသည့် အခြေအနေများပေါ် မူတည်ကာ အထက် အရာရှိ၊ အကူအညီပေးနိုင်သည့် ရင်းမြစ်၊ တာဝန်ခံဆရာဝန်၊ စိတ်ပိုင်းဆိုင်ပညာရှင်များနှင့် ချိတ် ဆက်ပေးရန် ဖြစ်ပါသည်။
ထိုအဆင့်ဆင့်တွင် မပြုလုပ်သင့်သည့် ရှောင်ရန်များလည်း ရှိပါသည်။
ရဲဘော်အား သနားခြင်း (သို့) အလွန်အမင်း ကာကွယ်ခြင်း မပြုရပါ။ ထိုအပြုအမူများသည် ယုံကြည်မှုနှင့် စိတ်ဓါတ်ရေးရာကို လျော့ကျစေသည်။ မလိုအပ်ပါက လူမှုဆက်ဆံရေးအခန်းကဏ္ဍများနှင့် တပ်ရေးတပ်ရာကိစ္စများမှ ခွဲခြားမထားရ။ လူများကို ရှောင်ဖယ်ခြင်း၊ မျော်လင့်ချက်မဲ့ခြင်း၊ မူးယစ်ဆေးများ သုံးစွဲခြင်း စသည့် စိတ်ကျန်းမာရေးလက္ခဏာရှိလာပါက လျှစ်လျူမရှုထားရ။ “ခင်ဗျား အသက်ရှင်တာ ကံကောင်းတာပဲ”၊ “အနည်းဆုံးတော့ ခင်ဗျား ခြေထောက် နှစ်ချောင်းလုံး မဆုံးရှုံးသေးဘူး” စသည့် စကားမျိုးပြောခြင်းကို ရှောင်ရပါမည်။ “သန်မာစမ်းပါ” ဆိုသည့် စကားမျိုးလည်း မပြောရ။ ထိုစကားမျိုးပြောခြင်းက ရဲဘော်အား စိတ်ခံစားချက်များ ဖွင့်ဟပြောဆိုလာမည့် အခြေအနေကို တားဆီးမိစေနိုင်ပါသည်။ ထို့အတူ “ခင်ဗျား မကြာခင် ကျော်လွှားနိုင်မှာပါ” ဆိုသည့် စကားမျိုးလည်း မပြောသင့်ဟုဆိုပါသည်။ အားနည်းသူ (သို့) တပ်ဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုးအဖြစ် ဆက်ဆံခြင်း မပြုရ။ အရေးပေါ်အခြေအနေမှ လွဲ၍ ရဲဘော်၏သဘောတူညီမှုမပါဘဲ သူ၏ပုဂ္ဂိုလ်ရေးအခက်အခဲများအား ထုတ်ဖော်ပြောခြင်း မပြုရ။ ယုံကြည်မှုကို မပျက်စေရ။ ထို့ပြင် သူတို့၏ ဇာတ်လမ်းများကို လုံးစေ့ပတ်စေ့ နားထောင်ခြင်းမပြုခင် အကြံပေးခြင်းမျိုး မပြုသင့်ဟု ဆိုပါသည်။
ပြုလုပ်ပေးရမည့်အရာများများမှာ ရဲဘော်အား အမှီအခိုကင်းခြင်းကို အားပေးရပါမည်။ ရဲဘော်အား သူ တတ်နိုင်သည့် လုပ်ငန်းဆောင်တာများကို လုပ်ခွင့်ပေးရပါမည်။ တပ်စုတပ်ဖွဲ့၊ လေ့ကျင့်ရေးနှင့် လူမှုရေးလှုပ်ရှားမှုများတွင် ပါဝင်ရန် တိုက်တွန်းပြီး လူပိုကဲ့သို့ ခံစားရသည့် စိတ်ကို သက်သာစေရပါမည်။ သူတို့၏ ပြဿနာများကို ဝေဖန်၊ ကဲ့ရဲ့၊ ပြစ်တင်ခြင်းမရှိဘဲ စိတ်ပါလက်ပါ နားထောင်ပေးရမည်။ ရဲဘော်အား ကျင့်သားရစေရန် ရှင်းလင်းသော နိစ္စဓူဝ လုပ်ငန်းများ၊ နေရာအခင်းအကျင်းများကို ထောက်ပံ့ပေးရမည်။ အထောက်အပံ့၊ အကူအညီယူရန် ကမ်းလှမ်းရမည်။ နှစ်ယောက်လျှင်တတွဲ မိတ်ဖက်ဖွဲ့ အပြန်အလှန် စောင့်ရှောက်သည့်စနစ်ကို ကမ်းလှမ်းရမည်။ ကျန်းမာရေးနှင့် အခြားကိစ္စများတွင် ပုဂ္ဂိုလ်ရေးအချက်အလက် လုံခြုံမှုနှင့် ဂုဏ်သိက္ခာကို လေးစားမှုရှိရမည်။ လုပ်နိုင်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း၊ ဝါသနာနှင့် စိတ်ဖြေလျော့ခြင်း စသည့် ကျန်းမာရေးနှင့်ညီညွတ်သော ပြဿနာကိုင်တွယ်ဖြေရှင်းနည်းများကို အားပေးရမည်။ အန္တရာယ်ရှိသည့် လက္ခဏာများ ပေါ်ပေါက်လာလျှင် ကျန်းမာရေးဝန်ထမ်းများနှင့် အချိန်မီ ပြသပေးရပါမည်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်ရာတွင် ခန္ဓာကိုယ်ကုထုံးပညာရှင်၊ စိတ်ကျန်းမာပညာရှင်၊ ဆေးပညာရှင်၊ မိသားစုနှင့် ခြေတုလက်တု ကျွမ်းကျင်ပညာရှင်၊ အစရှိတဲ့ ဘာသာရပ်ဆိုင်ရာများ စု ပေါင်းလုပ်ဆောင်ကြခြင်းက ရလာဒ်ကောင်းစေသည်ဟု ဆိုပါသည်။ အခြားထိခိုက်ဒဏ်ရာရ ရဲဘော်များနှင့် အုပ်စုဖွဲ့ကုသမှုခံယူစေခြင်း၊ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးနှင့် အနားယူခြင်းများအတွက် နှစ်ယောက်တတွဲ အဖွဲ့ဖွဲ့ထားသည့် စနစ် ပြုလုပ်ခြင်းများလည်း ပြုလုပ်၍ ရပါသည်။
ထို့ပြင် ရဲဘော်အချင်းချင်းအနေဖြင့် သူတို့ ရုန်းကန်ရသည့်ကိစ္စများကို ပုံမှန်သဘောသက်ရောက်အောင် ပြုမူ ပြောဆိုရပါမည်။ ဥပမာ- ဒီလိုကိစ္စမှာ ဒီလို ခံစားရတာက ပုံမှန်ပါပဲ၊ ခင်ဗျား ပျော့ညံ့လို့မဟုတ်ပါဘူး” ဆိုသည်မျိုး။ သေးငယ်သည့် အောင်မြင်မှုကိုပင် အားပေးရပါမည်။ ဥပမာ “ဒီနေ့ ခင်ဗျား ပိုဝေးဝေး လျှောက်ခဲ့တာပဲ”ဆိုသည်မျိုး။ အောင်မြင်မှုအဆင့်တိုင်းကို အောင်ပွဲခံရပါမည်။ ဥပမာ – ကနဦး ဘာမှ မပြောဘဲ တိတ်ဆိတ်နေသည့်အဆင့်မှ စိတ်ခံစားချက်များ ပွင့်ထွက်လာခြင်းမျိုးကို ချီးကျူးခြင်းဖြစ်သည်။ တိုးတက်မှုများကို စောင့်ကြည့်ချီးကျူးသကဲ့သို့ အခက်အခဲများကိုလည်း စောင့်ကြည့်ကူညီဖို့ လိုအပ်ပါသည်။ လက်ရှိထိခိုက်ဒဏ်ရာအပြင် ဒဏ်ရာ၏အလွန် ရဲဘော်၏ဖြစ်တည်မှုနှင့် မျှော်လင့်ချက် ပြန်လည်ရရှိရေးကိုလည်း အာရုံစိုက်ဖို့လိုအပ်ပါသည်။
မိသားစုဝင်များကလည်း ရဲဘော်အား ကူညီနိုင်မည့်နည်းလမ်းများကို လေ့ကျင့်သင်ကြားဖို့ လိုအပ်ပါသည်။ ရဲဘော်အား မွန်းကြပ်မှုမဖြစ်စေဘဲ အထောက်အပံ့၊ အကူအညီပေးနိုင်ဖို့၊ ရဲဘော်၏ ခံစားချက်နှင့် ဆက်သွယ်မှုပြုလုပ်နိုင်ဖို့၊ နေအိမ်အား ရဲဘော်မှ အမှီအခို ကင်းစွာနေနိုင်ရန် ပြောင်းလဲခြင်းများ စသဖြင့်ဖြစ်ပါသည်။
ရဲဘော်အနေဖြင့် လူအဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ရောက်ရာတွင် စိန်ခေါ်မှုများကို တွေ့နိုင်ပါသည်။ ဥပမာ လူများက စိုက်ကြည့်ခြင်း (သို့မဟုတ်) ဂရုမစိုက်ခြင်းများ။ ရဲဘော်ဘဝနှင့် မတူသည့် အရပ်သားပြည်သူဘဝကို နှေးကွေးသည်၊ အဓိပ္ပါယ်မဲ့သည်ဟု ခံစားရလည်း ဖြစ်နိုင်ပါသည်။
ကိုယ်လက်အင်္ဂါဆုံးရှုံးရသူများအနေဖြင့် မိမိ၏ ဆုံးရှုံးမှုကိုသာမကဘဲ မိမိ ကျွမ်းကျင်စွာ လုပ်နိုင်သည့်အရာ၊ မိမိ၏ စွမ်းရည်များကိုလည်း အာရုံစိုက်၍ လက်တွေ့နှင့်ကိုက်ညီသော အကောင်းမြင်စိတ် ထားရှိကာ ကောင်းမွန်သည့်နေထိုင်မှုပုံစံ ဖြစ်ဖို့ အားပေးရပါမည်။ ငါ့မှာ ဂရုစိုက်ပေးမယ့် မိသားစု၊ ရဲဘော်ရဲဘက်နဲ့ ချစ်ခင်သူတွေ ရှိတာပဲ၊ ငါက ပညာရပ်အသစ်တွေကို သင်ယူပြီး အခြားသူတွေကို လမ်းညွန်သင်ကြားပေးနိုင်တယ်၊ ငါက ငါ့ရဲ့တပ်ရင်းတပ်ဖွဲ့နဲ့ လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိတဲ့သူပဲ၊ စသဖြင့် မိမိ၏ဖြစ်တည်မှု၊ မိမိတွင်ရှိသည့် စွမ်းရည်များကို အာရုံစိုက်တတ်အောင် အားပေးရပါမည်။ ထိခိုက်ဒဏ်ရာနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုကို အားပေးခြင်း၊ မျှော်လင့်ချက်အသစ်၊ ဖြစ်တည်မှုအသစ် ရှာဖွေရာတွင် ကူညီပေးခြင်းဆိုပါစို့။
အနှစ်ချုပ်ရလျှင် ကိုယ်လက်အင်္ဂါဆုံးရှုံးခြင်းသည် ရုပ်ပိုင်းဆိုင်ရာမျှသာ မဟုတ်။ စိတ်ပိုင်းဆိုင်ရာ အားဖြင့်လည်း ပြင်းထန်စွာ ထိခိုက်မှုရှိပါသည်။ အတူရှိသည့် ရဲဘော်ရဲဘက်များနှင့် မိသားစုဝင်များသည် စိတ်ပိုင်းဆိုင်ရာအတွက် အကူအညီပေးနိုင်သည့် ရှေ့တန်းတပ်သား များဖြစ်သည်။ အတူရှိပေးခြင်း၊ နား ထောင်ခြင်း၊ ချိတ်ဆက်ပေးခြင်းကဲ့သို့ သေးငယ်သည့် အပြုအမူများကပင် အရေးပါသည့် လုပ်ရပ်များ ဖြစ်ပါသည်။ လိုအပ်လျှင် စိတ်ပိုင်းဆိုင်ရာ တတ်သိပညာရှင်ထံသို့ လွှဲပို့ရပါမည်။ သူ ပြုံးနေတာဆိုတော့ သူ ကောင်းနေတာပဲဟု ဘယ်သောအခါမှ ယူဆ၍မရ။ မိမိသည် ကုထုံးပညာရှင်မဟုတ်သော်လည်း မိမိ၏ အခန်းကဏ္ဍအရ အရေးပါသည်ကို အတူနေရဲဘော်ရဲဘက်များနှင့် မိသားစုဝင်များက သိရပါမည်။ အပြုအမူ များက တသမတ်တည်းဖြစ်ဖို့လိုပြီး တည်ငြိမ်၊ ကြင်နာရမည်။ ရဲဘော်အား လေးစားမှုပြခြင်းက ရဲဘော်၏ ပြန်လည်ကောင်းမွန်ရေးကို လုပ်ဆောင်ခြင်းပင် ဖြစ်ပါသည်။
တိုက်ပွဲကြောင့် ခြေလက်များ ဖြတ်တောက်ရသည်။ ကျောရိုးမကြီး ထိခိုက်သွားသဖြင့် လမ်းမလျှောက် နိုင်တော့။ ဦးနှောက်ကို ထိခိုက်ဒဏ်ရာရပြီး လပေါင်းအတော်ကြာ အိပ်ရာထဲတွင် လှဲနေရသည်။ မီးလောင် ဒဏ်ရာကြောင့် ရုပ်ရည်သွင်ပြင် ပျက်စီးသွားသည်။ အမြင်နှင့် အကြားအာရုံများ ဆုံးရှုံးသွားသည်။ အာရုံကြောများ ထိခိုက်ကာ နာတာရှည်နာကျင်မှုဝေဒနာကို ခံစားနေရသည်။ ဝမ်းဗိုက်နှင့် အူလမ်းကြောင်းကို ထိခိုက်မိသဖြင့် ကျန်နေသည့် ဘဝတသက်တာကို ဝမ်းအိတ်နှင့် ဖြတ်သန်းသွားရတော့မည်။ ယခုပြောခဲ့သော အကြောင်းအရာများသည် တော်လှန်ရေးရဲဘော်များကြား မကြာခဏ ကြားရသည့် ဇာတ်လမ်းများဖြစ်ကာ အချို့မှာ မိမိရဲဘော်ရဲဘက်၏ ဇာတ်လမ်းများဖြစ်၍ အချို့မှာ မိမိကိုယ်တိုင်၏ ကာယကံရှင်အဖြစ် ပါဝင်ရသည့် ဇာတ်လမ်းများ ဖြစ်ပါသည်။ ကိုယ်လက်အင်္ဂါဆုံးရှုံးထားသော ရဲဘော်များ၏ ၆ဝ ရာခိုင်နှုန်းသည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ခံစားရကြောင်း သတင်းပို့သည်ဟု ဆိုသည်။ ထိခိုက် ဒဏ်ရာနောက်ဆက်တွဲ စိတ်ဖိစီးမှုဝေဒနာ၊ စိတ်ကျဝေဒနာနှင့် စိုးရိမ်စိတ်လွန်ကဲသည့်ဝေဒနာများကို မကြာ ခန ခံစားကြရသည်ဟုလည်း ဆိုသည်။ အတူနေ ရဲဘော်ရဲဘက်များနှင့် မိသားစုဝင်များသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာများအတွက် ပထမဆုံးသိနိုင်သည့် ရှေ့ပြေးတပ်သားများ ဖြစ်ပြီး လိုအပ်သည့်အခြေအနေတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ချိတ်ဆက်ပေးဖို့လိုကြောင်း ထပ်လောင်း ပြောကြားချင်ပါသည်။