ဆူးနတ်သန်
တခုသော မိုးရွာပြီးစ စိုစွတ်သောနေ့တနေ့မှာ ကျမ တော်လှန်ရေးတပ်ဖွဲ့မှာ ဝင်ရောက်ခဲ့ပါတယ်။ ကျမ အသက်ဆယ့်ငါးနှစ်မှာ အာဏာသိမ်းခြင်းဆိုတဲ့ အမှောင်တိုက်တခု ကျမရဲ့ နေ့စဉ်ဘဝထဲမှာ တရွတ်တိုက် ဝင်ရောက်လာပါတော့တယ်။
ကျမက ဆယ်တန်းနှစ်မှာပဲ COVID ကပ်ရောဂါနဲ့ ကျောင်းနားနေရစဉ်မှာပဲ ဒီဖြစ်ရပ်ဆိုးကြီး စတင်ခဲ့ပါတယ်။ ကျမလို ဆယ်ကျော်သက်အရွယ် မိန်းကလေးတယောက်ဟာ ကျွန်မတို့ ယောနယ်မှာတော့ ဘာများ အသုံးကျနိုင်ဦးမှာလဲ။ ကျောင်းတက်ချင်တက်ဆိုတဲ့အရွယ်မှာ ကျောင်းတံခါးတွေ ပိတ်သွားကြပြီ။ ကျမတို့လို ဆယ်ကျော်သက်တွေအတွက် မမီမကန်း နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ဆိုတာကလည်း အသက်မပြည့်သေးတော့ ရွေးချယ်စရာ မျှော်လင့်စရာဟာ တော်လှန်ခြင်း တော်လှန်ရေး အောင်မြင်အောင် ဆောင်ရွက်ခြင်းတခုပဲ ရှိပါတော့တယ်။
ကျမ ကျောင်းတက်ချင်ပါတယ်။ ကျမအရွယ်က စာသင်ခန်းမှာ စာအံရင်း ကမ္ဘာကြီးရဲ့ ပြတင်းပေါက်ကို လှစ်ဟကြည့်နေရမှာ ဖြစ်ပါတယ်။ အယုတ်နဲ့ အညံ့ကို ခွဲခြားတတ်ဖို့ ကျမ ပညာတတ်ဖြစ်ချင်တယ်။ သေနတ်သံတွေ လက်နက်ကြီးသံတွေကြားမှာတော့ ကျမဆန္ဒတွေ အထမမြောက်နိုင်ပါဘူး။ ဒါ့ကြောင့် ကျမ သေနတ်လွယ်ခဲ့တယ်။ ကျမ သေနတ်ပစ်ခဲ့တယ်။
ရယ်တော့ ရယ်ရသား။ ကျမ တော်လှန်ရေးတပ်ထဲ ဝင်ခဲ့တာ သေချင်ရုံသက်သက်ပါ။ ကျမ လေ့ကျင့်ရေး Camp ထဲ ဝင်ရချိန်မှာ ခေါင်းကို ရေနှစ်ထားတဲ့အချိန် စက္ကန့်ပေါင်းများစွာ အသက်မရှူဘဲ ကျမ အသက်ရှူသံတွေ ရပ်တန့်ထားနိုင်ခဲ့ပါတယ်။ သေမယ့်ဆန္ဒဟာ မဖြစ်ထွန်းခဲ့ဘူး။ ကျမ တော်လှန်ရေးတပ်မှာ အထူးချွန်ဆုံးတပ်သား ဖြစ်လာတယ်။ ဒီလိုပါပဲ ဘဝက ပစ်ချလိုက်တဲ့နေရာမှာ ကျမ အသားကျလာပါတယ်။
အခုဆို ကျည်ကွယ် မျက်ကွယ်အရပ်ကို ကျမ ခန့်မှန်းနိုင်နေပြီ။ လက်နက်ကြီးသံကို နားထောင်ရင်း အမျိုးအစား ခွဲတတ်ပြီ။ ကိုယ်ပိုင်သေနတ်ကို ကျမအသက်ထက် တန်ဖိုးထားတတ်ပြီ။ ကျမ အသားအရည် ကြေးညိုရောင် သမ်းလာသလို ကျမစိတ်ဓာတ်ဟာ မာကြောလာတယ်။ ကျမပစ်နေတဲ့ ကျည်ဆံတွေဟာ ကျမမျှော်လင့်ချက်တွေဆီ အရောက်ပို့ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။
ဘယ်ညာ ဘယ်ညာ ခြေလှမ်းအရွေ့တွေမှာ စိတ်အားထက်သန်စွာ ကျမလှမ်းမိတယ်။ ကျမ ခြေလှမ်းတွေဟာ ကျောင်းတံခါးတွေ ပြန်ဖွင့်ကြမယ့် ခြေလှမ်းတွေလို့ ယုံကြည်နေမိတယ်။ သွေးစွန်းနေတဲ့ ကျောင်းလွယ်အိတ်တွေ လွယ်ရင်း အဆိပ်သင့်နေတဲ့ စာသင်ခန်းတွေဆီက စာအံသံတွေ အဝေးကနေ ပျံ့လွင့် လာတိုင်း ကျမ ကင်းစောင့်တယ်။ ကျမယုံကြည်တဲ့ ပညာရေးကို သန့်သန့်စင်စင် ကာကွယ်ရမယ်။
တခါတရံ ခြောက်အိပ်မက်များနဲ့ နိုးလာတဲ့ ရွတ်ပြတ်တော ညတွေမှာတော့ စာသင်ခန်းတွေရှေ့ ကျမဝိညာဉ်က လွင့်နေတတ်ပါတယ်။ ကျမ အထက်တန်း ပညာရေး ပြီးဆုံးသွားတယ်။ ကျမ တက္ကသိုလ် ဆက်တက်နေတယ်လို့ အိပ်မက်တစ္ဆေ ခြောက်ခံရတယ်။ မပြီးဆုံး မပြည့်ဝခဲ့တဲ့ မျှော်လင့်ချက်တွေအတွက် သေနတ်တွေပဲ ထပ်ပစ်လိုက်တယ်။
ကျမတို့ဟာ အမှောင်ထဲမှာပါ။ အမှောင်ထဲမှာတော့ အားလုံး အစစ်တွေချည်းပါပဲ။ စိတ်ဒဏ်ရာတွေ သွေးတွေ အစစ်တွေပါပဲ။ သေနတ်ကိုင်ထားတဲ့ အသားမာတက်နေတဲ့ လက်တစုံကိုကြည့်ရင်း မှင်တွေ ပေရမယ့်လက်ဟာ သွေးတွေပေခဲ့ပါလား ဝမ်းနည်းမိတယ်။ ကျမရဲ့ မာကျောလာတဲ့ နှလုံးသားမှာ အမုန်းတရား အမျက်ဒေါသ တရားတို့ပဲ လွှမ်းမိုးလာတယ်။
မှန်မှန်ကန်ကန် တွေးခေါ်နိုင်ဖို့ ကျမအတွက် အချိန်နည်းလာတယ်။ ဒါပေမဲ့ ကျမ ရှင်သန်နေမှန်း PT ပြေးနေတိုင်း ခံစားမိတယ်။ တပ်က ထမင်းနှစ်နပ်စားရတဲ့အခါတိုင်း ထမင်းစားသစ္စာဆိုတိုင်း ခံစားသိနေတယ်။
တနေဝင် တမိုးချုပ်သလိုပါပဲ။ အဟောင်းမြည့်တွေ ပယ်ဖျက်နိုင်ရင် အသစ်တွေ အစားထိုး ဝင်ရောက်လာတာချည်းပါ။ မျှော်လင့်ချက်ဆိုတာ အမြဲတမ်း ရှင်သန်နေမှာပါ။ အခုဆို ကျမတို့အတွက် ဖတ်စာအုပ်အသစ်တွေ ထပ်ထုတ်နေလောက်ပြီ။ သင်ခန်းစာအသစ်တွေ ပညာရေးရည်မှန်းချက်တွေ အသစ် ရေးဆွဲနေလောက်ပြီ။ စာမျက်နှာအသစ်တွေ ဖွင့်လှစ်နေလောက်ပြီ။
ပညာရေးနဲ့ ကျမကြား မိုင်ပေါင်းဘယ်လောက် ဝေးသလဲ။ ကျမခြေလှမ်းတွေနဲ့ စာသင်ကျောင်းဟာ နာရီပေါင်း ဘယ်လောက်ကြာသလဲ။ ကျမက ဟောဒီ ချင်းတောင်ရဲ့ တောင်ဇလပ်ပန်းလေးလို နီစွေးစွေး သတ္တိတို့ ရှိပါတယ်။ ကျမ ဖြတ်ကူးနေတဲ့ ပင်လယ်ထဲမှာ ကျမအနာဂတ်တို့ကို ပစ်ထည့်ခဲ့ပါတယ်။ ကျမ ပြန်လာနေတာ စာသင်ကျောင်းတွေ၊ ကျမ ပြန်လာနေတာ စစ်ကျွန် အငွေ့အသက်ကင်းတဲ့ ပညာရေးပန်းခင်းတွေ၊ ကျမ ပြန်လာနေတာ ဉာဏ်ပညာ လွတ်လပ်ရေးမှသည် တန်းတူညီမျှမှုတွေ။
ကျွမတို့ ခရီးရှည်ကြီး ထွက်ခဲ့ပြီး ကျမ ပစ်ရမယ့် တာဝန်တခုကလည်း စစ်ကျွန်ပညာရေးပါပဲ။ ဉာဏ်ပညာ သရဖူအတွက် ကျမ သုံးနှစ်သုံးမိုး သေနတ်ထမ်းထားပါတယ်။ ကျမ ယုံကြည်တဲ့ ပညာရေးစနစ်တစ်ခုအတွက် ရဲရဲပွင့်မယ်။ ရဲရဲကြွေမယ်။
(အညာဒေသမှာ တွေ့ခဲ့ရသော တော်လှန်ရေးရဲဘော် ညီမလေးနှင့် ချင်းတောင်တန်းက တော်လှန်ရေးရဲဘော် ညီမငယ်များ CDMers ကျောင်းသား/သူများထံမှ သတင်းစကားများကို ကျနော့်၏ မဖြစ်ထွန်းလှသော စာအရေးသားဖြင့် ဖော်ပြပေးလိုက်ပါသည်။ အချိန်မရတဲ့အတွက် အတိုချုံ့ရေးသားရာ လိုအပ် သော သတင်းစကားများ မပါသွားသည်ရှိသော် ကျနော့်လိုအပ်မှုကို ညီမငယ်များ CDM ကျောင်းသားများ နားလည်ပေးကြပါရန် အနူးအညွတ် ပန်ကြားပါသည်။)
Be the first to comment