“တောင်ပိုင်းကိုအားပြုပေးမယ့် ဒီပလိုမေစီ”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
နိုဝင်ဘာ ၂၀ ရက်နေ့က တရုတ်နယ်စပ်က ကန်ပိုက်တီကို ကေအိုင်အေက သိမ်းလိုက်တဲ့အတွက် ကချင် အထူးဒေသ (၁) တခုလုံး ကေအိုင်အေလက်အောက်ကို ကျရောက်သွားပြီဖြစ်တယ်။ တရုတ် ဟန့်နေတဲ့ကြားက သိမ်းလိုက်တာဖြစ်လို့ ကေအိုင်အေဟာ ပထဝီဝင်အရ တရုတ်သြဇာနဲ့ နီးကပ်စွာ ဆက်ဆံနေရပေမယ့် နိုင်ငံရေးအရ အတိုင်းအတာတခုအထိ ကောင်းစွာ (လွတ်လပ်စွာ) ရပ်တည်နိုင်တဲ့သဘောကို ဖော်ပြလိုက်တာဖြစ်တယ်။
‘လားရှိုးနဲ့ ကိုးကန့်ဇာတ်လမ်းတွဲ’
ကိုးကန့်ခေါင်းဆောင် စစ်ဦးစီးချုပ် ဖုန်တာရွှင် တရုတ်မှာ ဆေးကုသမှုခံယူနေရာက တရုတ်က ထိန်းထားလို့ ပြန်မလာနိုင်တဲ့သဘော သတင်းတွေထွက်လာတယ်။ သတင်းတွေကို ကြားချပြီးကြည့်ရရင် ထိန်းသိမ်းထားတယ်ဆိုတာထက် ထိန်းထားတဲ့သဘော၊ လားရှိုးကိုပြန်ပေးဖို့ ချော့တလှည့် ခြောက်တခါ အပေးအယူလုပ်ရင်း နားချ စည်းရုံးနေတဲ့သဘောမျိုး ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆရတယ်။
ဒီတော့ တရုတ်အတွက် FPNCC ၇ ဖွဲ့မှာ ဝ၊ မိုင်းလားနဲ့ SSPP က အငြိမ်၊ မြောက်ပိုင်း ၃ ဖော်မှာ ကိုးကန့်ကို ထိန်းထားနိုင်၊ TNLA ကို ချော့ထား ခြောက်ထားနိုင် (TNLA ကလည်း ရှမ်းမြောက်မှာ ဆက်တိုက်စရာနယ်မြေ နည်းပါးလာလို့ သိမ်းပိုက်ဒေသတွေကို အုပ်ချုပ်ရေးအထိုင်ချဖို့ စစ်ရေးကို ခေတ္တနားထားတာမျိုးနဲ့ တိုက်ဆိုင်နေပုံလည်းရတယ်)၊ အေအေကို ရခိုင်ကျသွားတဲ့အထိ စောင့်ကြည့်နေနိုင်ပြီး (ရှမ်းမြောက်မှာ ညှိလို့ ဖိလို့ မပြတ်သေးတာကလည်း တကြောင်းဖြစ်တယ်)၊ ကေအိုင်အေ အငြင်းကို ဘယ်လိုကိုင်တွယ်ရမလဲ သုံးသပ်နေရတဲ့သဘော တွေ့ရတယ်။
‘စက်သုံးဆီကပေးတဲ့သတင်း’
နိုဝင်ဘာ ၂၀ ရက်နေ့မှာတွေ့ရတဲ့ ဧရာဝတီက သတင်းအရဆိုရင် စကစဟာ စစ်ရှုံးနယ်မြေတွေကို စက်သုံးဆီမရောက်အောင် ပိတ်ဆို့နေတာကို တွေ့ရတယ်။ သူတို့တားမြစ်ထားတဲ့ နယ်မြေတွေဟာ သူတို့ထိန်းချုပ်မှုအောက်မှာ မရှိတော့တဲ့ နယ်မြေတွေလို့ ကောက်ယူရမှာဖြစ်တယ်။ အဲဒီဒေသတွေက ရခိုင်၊ ချင်း၊ မြစ်ကြီးနားကလွဲလို့ ကချင်တနယ် လုံး၊ ရှမ်းမြောက်တခုလုံး၊ စစ်ကိုင်းတိုင်းမှာ ၂၆ မြို့နယ် (၄ ပုံ ၃ ပုံနီးပါး)၊ မကွေးမှာ ပေါက်မြို့နယ်နဲ့ မန္တလေးတိုင်းမှာ မိုးကုတ်နဲ့ မြင်းခြံမြို့နယ်တွေဖြစ်တယ်။
စက်သုံးစီကပေးတဲ့ ကောက်ချက်ကတော့ နေပြည်တော်တောင်ပိုင်းတခုလုံးကို စကစက လုံးလုံး အပိုင်တွက်မထားရင်တောင် သူ့အုပ်ချုပ်ရေး ကောင်းစွာလည်ပတ်နေနိုင်တဲ့ ဒေသတွေလို့ ယူဆထားပုံရတယ်။ တနည်းပြောရရင် ၂၀၂၅ ရွေးကောက်ပွဲအတွက် ဘယ်ဒေသတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ စကစရဲ့ စဥ်းစားပုံအကြမ်းကို တွက်ဆကြည့် နိုင်ဖို့ဖြစ်တယ်။
‘နယ်မြေထိန်းချုပ်ရေး ရှုထောင့်နှစ်ခု’
ဒီအပတ်အတွင်း ကျယ်လောင်လာတဲ့ နောက်ထပ်အသံတခုက စကစရဲ့ တရုတ်ခရီးစဥ်အတွင်း တရုတ်ရဲ့ မြန်မာပြည်တွင်း အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် တရုတ်လုံခြုံရေးတပ်တွေ ချထားဖို့ ဆွေးနွေးတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ တရုတ်ရဲ့ အရေးအပါဆုံး လုံခြုံရေးကိုကြည့်ရင် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းနဲ့ ပိုက်လိုင်းတလျှောက် ရည်ရွယ်ထားတဲ့ ရထားလမ်းပရောဂျက် (ရွှေလီ၊ မူဆယ်၊ မန္တလေး၊ ကျောက်ဖြူ) ကို တွေ့ရမှာဖြစ်တယ်။
တရုတ်ဟာ ဒီလမ်းကြောင်းကိုဝင်ဖို့အတွက် ကိုးကန့်ကို အကျပ်ကိုင်ဖိအားပေးပြီး လားရှိုးကို ပြန်ထုတ်ယူဖို့နဲ့ တဘက်မှာ ပြင်ဦးလွင်ကနေ လားရှိုးလမ်းပိုင်းတခုလုံးကို TNLA ကို ညှိနှိုင်းဖိအားပေးပြီး ပြန်ဖွင့်ဖို့လိုမယ်။ မန္တလေးကျောက်ဖြူ လမ်းပိုင်းတခုလုံး (မန်း၊ မကွေးနဲ့ ရခိုင်) ကတော့ လုံခြုံရေး တင်းကျပ်စွာ ချထားရမယ့်အပိုင်း ဖြစ်တာကိုတွေ့ရမယ်။ ဒီတော့ ဒီလမ်းတခုလုံးမှာ အခရာကျတဲ့ မန္တလေးထိန်းချုပ်ရေးကို တော်လှန်ရေးဘက်က ဘယ်အချိန်မှာလုပ်နိုင်မလဲနဲ့ တရုတ်နဲ့ စကစ ဘယ်လို ညှိနှိုင်းပြေလည်သွားနိုင်မလဲ ဆိုတဲ့အချိန်ကို နယ်မြေထိန်းချုပ်ရေးဆိုတဲ့ ရှုထောင့် ၂ ခု (တရုတ်အကျိုးစီးပွားနဲ့ စကစရည်မှန်းချက် ရွေးကောက်ပွဲ) ကကြည့်ရင် ၂၀၂၅ ဟာ တော်လှန်ရေးရဲ့ အဓိကနဲ့ နောက်ဆုံးအလှည့်အပြောင်း ဖြစ်လာဖို့ရှိနေတယ်။
‘နိုင်ငံတကာဆက်ဆံရေး’
တော်လှန်ရေး ဦးဆောင်မှုအပိုင်းအဖြစ် ပြည်တွင်းပြည်ပက ထောက်ခံအားပေးထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ဘက်မှာ အီးအေအို၊ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ အဆင်ပြေသလို စုစည်း၊ စည်းရုံး တိုက်ပွဲဝင် နေတာကို တွေ့ကြရမယ်။ အောင်မြင်မှု၊ အားသာချက်၊ အားနည်းချက်တွေကိုကြည့်ပြီး သတင်းဌာနတွေ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ နိုင်ငံရေးလေ့လာသုံးသပ်သူတွရဲ့ ဝေဖန်၊ အကြံပေး၊ ထောက်ခံ၊ ကန့်ကွက်မှုတွေရှိနေတယ်။
တဘက်မှာ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာဆက်ဆံရေးအပိုင်းမှာ နုဂျီဟာ နိုင်ငံတကာက နွေဦးတော်လှန်ရေးကို အသိအမှတ်ပြုဖို့၊ ထောက်ခံဖို့နဲ့ စကစကိုပိတ်ဆို့ဖို့မှာ ထိရောက်တဲ့ လုပ်ဆောင်နိုင်မှုတွေ တွေ့ရပေမယ့် ပြည်တွင်းအင်အားစုတွေကို နိုင်ငံရေးအရ စုစည်းမှုနဲ့ မြေပြင်တော်လှန်ရေးကို နိုင်ငံတကာက တိုက်ရိုက်ပံ့ပိုးနိုင်အောင်ဆိုတဲ့ ရည်မှန်းချက်မျိုး မရှိတဲ့ (မချမှတ်နိုင်တဲ့) သဘောကို တွေ့ရမှာဖြစ်တယ်။
ဒါဟာ ထွက်တော်မူ နန်းကခွာမယ့် အမေရိကန် ဒီမိုကရက်တွေရဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ တကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအမြင် (ယူကရိန်းစစ်နဲ့ ဥရောပ၊ တရုတ်ကို စီးပွားရေးအရ နည်းပညာအရ ထိန်းချုပ်ယှဥ်ပြိုင်ရေး၊ ထိုင်ဝမ်ဦးစားပေးသဘောထား၊ အရှေ့အလယ်ပိုင်းစစ်နဲ့ အကျပ်အတည်း) ပေါ်မှာလည်း မူတည်တာ (တိုးမပေါက်နိုင်တာကို) တွေ့ရတယ်။ အမေရိကန်အစိုးရသစ်ဟာ ၂၀၂၅ မြန်မာ့တော်လှန်ရေး အရေးပါတဲ့ အလှည့်အပြောင်းနဲ့ အချိန်ကိုက် ပေါ်ထွက်လာတာဖြစ်လို့ ဒီပလိုမေစီပိုင်းက ဘယ်လို ပြင်ဆင် သုံးသပ် ချဥ်းကပ်မှုတွေ လုပ်မလဲဆိုတာဟာ အလွန်အရေးကြီးတယ်ဆိုတာ ပေါ်လွင်နေတယ်။
‘ဒီပလိုမေစီအတွက် အချက်နှစ်ချက်’
ဒီအတွက် နိုင်ငံတကာချဥ်းကပ်မှုပိုင်းမှာ အချက်နှစ်ချက်ကို ထည့်သွင်း စဥ်းစားကြည့်နိုင်မလား ချိန်ဆကြစေလိုတယ်။ ပထမတခုက နုဂျီပြင်ပက အတွေ့အကြုံရှိတဲ့ (အီအေအိုတွေနဲ့ပါ နီးစပ်မှုရှိတဲ့၊ တိုင်းရင်းသားတွေပါ ပါဝင်တဲ့) အမေရိကန်နိုင်ငံရေးကို အကျွမ်းတဝင်ရှိတဲ့ (လော်ဘီလုပ်နိုင်တဲ့) ပြည်ပရောက် နိုင်ငံရေးသမားတွေကို ထည်းသွင်း စုစည်းတဲ့ အဖွဲ့အစည်း တည်ဆောက်မှုအပိုင်းကို စတင် စဥ်းစားကြည့်နိုင်တယ်။
ဒုတိယအချက်က မြောက်ပိုင်း (တရုတ်နယ်စပ်) ကို အားပြုခဲ့တဲ့ တော်လှန်ရေးဟာ တရုတ်ဖိအားကို ဆန့်ကျင်ရင်း အထနှေးသွားချိန်မှာ တောင်ပိုင်းကို အပြိုင်တည်ဆောက်နိုင်တဲ့ စစ်ရေးဗျူဟာတခုကို နိုင်ငံတကာ ဒီပလိုမေစီကနေထည့်သွင်းစဥ်းစား ပံ့ပိုးကြည့်ဖို့ဖြစ်တယ်။ ဒီအယူအဆကို ပျိုးထောင်ရင်း၊ လက်တွေ့ဖြစ်နိုင်ခြေ ကို သုံးသပ်ရင်း၊ တကယ် ကျင့်သုံးလာနိုင်မယ်ဆိုရင် တနင်္သာရီ (နဲ့ တဆက်တည်း ကရင်) ဒေသကို တောင်ပိုင်း အပြိုင်စစ်ရေးတည်ဆောက်မှုရဲ့ အစမှတ်တခုအဖြစ် ယူဆကြည့်ဖို့ဖြစ်တယ်။
Be the first to comment