“တောင်သမန်နဲ့ အင်းရေမှာ ပျော်ရွှင်သည်”
■ ကျော်ဇောခိုင်
– သတင်းသုံးသပ်ချက်ဆောင်းပါး –
တကမ္ဘာလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ အမေရိကန်ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တွေကို ပြတ်ပြတ်သားသား အနိုင်ရရှိသွားခဲ့တယ်။ ထရမ့်လို သမ္မတသက်တမ်းအတွင်း အယုံအကြည်မရှိအဆို ၂ ကြိမ် တင်သွင်းခံခဲ့ရတဲ့၊ အမှုပေါင်းများစွာ ရင်ဆိုင်နေခဲ့ရသူတယောက် အလွယ်တကူနဲ့ တကျော့ပြန် အနိုင်ပြန်ရသွားခဲ့တာဟာ အမေရိကန်ဒီမိုကရက်တွေရဲ့ ကျဆုံးမှုမျှသာမဟုတ်ဘဲ ဒီမိုကရေစီနဲ့ နှုန်းစံတန်ဖိုးတွေကို ပါးစပ်က ဆီမန်းရွတ်သလို တတွတ်တွတ် ပြောနေတာကလွဲလို့ အကျိုးစီးပွားကိုပဲ အခြေခံတဲ့ ကမ္ဘာ့နိုင်ငံရေးနဲ့ ဒီမိုကရက်တစ် အရင်းစနစ် တခုလုံးရဲ့ ပြဿနာတွေဟာ ပိုမို နက်ရှိုင်းနေတယ်ဆိုတာကို ဖော်ပြလိုက်တာပဲဖြစ်တယ်။
အစိုးရသစ်ရဲ့ ကျန်တဲ့ ပေါ်လစီ အပြောင်းအလဲတွေကြားမှာ ထရမ့်ရဲ့ ယူကရိန်းစစ်ပေါ်ထားတဲ့ သဘောထားနဲ့ ရပ်တည်ချက်ဟာ တော်လှန်ရေးကို သွယ်ဝိုက်ပြီး သက်ရောက်ဖို့ရှိတာကြောင့် ဆက်လက် စောင့်ကြည့်ကြဖို့ဖြစ်တယ်။
‘ကူမင်းဘက်က အသံတွေ’
တရုတ်ကိုရောက်နေတဲ့ စစ်ခေါင်းဆောင်က တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံပွဲမှာ မြောက်ပိုင်းတပ်တွေအနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားကြောင်း ကြိုတင်ပြသမယ်ဆိုရင် ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်တယ်လို့ဆိုတယ်။ ဒီအချက်က မြောက်ပိုင်းမှာ ဆုံးရှုံးသွားတဲ့နယ်မြေတွေ စစ်စခန်းတွေနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အစိတ်အပိုင်းတခုဖြစ်စေ အများစုဖြစ်စေ ပြန်ပေးဖို့ဆိုတာမျိုး ဖြစ်ဖို့ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေကိုလည်းတွေ့ရတယ်။ ဒီအချက်သာမှန်မယ်ဆိုရင် တရုတ် ကမကထလုပ်မယ့် ရှမ်းမြောက်ဆွေးနွေးပွဲဟာ လိပ်ခဲတင်းတင်း ဖြစ်နေဦးမှာပဲဖြစ်တယ်။
ဒီခရီးစဥ်အတွင်း တရုတ်ဗဟိုကော်မတီဝင်နဲ့ ယူနန် ပါတီကော်မတီ အတွင်းရေးမှူးနဲ့ တွေ့ဆုံပွဲမှာ မြန်မာဘက်ကသဘောတူထားတဲ့ စီမံကိန်းတွေ အမြန်ပြန်စဖို့ တရုတ်ဘက်က တိုက်တွန်းခဲ့တာကို တွေ့ရတယ်။ ဆိုလိုတဲ့သဘောက စကစကို တရုတ်ဗဟိုက နိုင်ငံရေးအရ လက်ခံဆွေးနွေးပြီး ယူနန်အစိုးရက စီးပွားရေးစီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ အပြိုင် တွန်းအားပေးမယ့်သဘောဖြစ်တယ်။ တရုတ်နဲ့စကစ ဘယ်အထိ ဆက်သွားနိုင်မလဲ ဆိုတာကတော့ တော်လှန်ရေးဘက်က ဘယ်လောက် စုစည်းတုန့်ပြန်နိုင်မလဲ ဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါလိမ့်မယ်။
‘အညာဌာနီ’
BPLA နည်းတူ မန်းမြောက် (မိုးကုတ်၊ မတ္တရာ၊ သပိတ်ကျင်း) ဘက်မှာ တိုက်ပွဲဝင်ခဲ့တဲ့ PLA ကလည်း စစ်ကိုင်းဘက် မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေလုပ်မယ်လို့ ထုတ်ပြန်လာတယ်။ ဒါကို အညာအထိုင် ရပ်တည်နေတဲ့ နိုင်ငံရေး စစ်ရေးအဖွဲ့တွေက သဘောထားတွေ ထုတ်ပြန်လာတာကိုလည်း တွေ့ရတယ်။
ပူးပေါင်းမှုအစောပိုင်း ကြားကာလအတွင်း အသံတချို့ ထွက်လာနိုင်ပေမယ့် ရေရှည်မှာ တော်လှန်ရေးကို အားဖြစ်စေမယ့် စုစည်းမှုတွေ ဖြစ်လာနိုင်တယ်လို့ ယူဆရတယ်။ ဒေသခံနဲ့ ပြောင်းရွှေ့လာမယ့် တော်လှန်ရေးအဖွဲ့တွေထဲမှာ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်တခုရလာရင် စစ်ဟာ ရှမ်းမြောက်ကနေ မန်းနဲ့ စစ်ကိုင်း၊ မကွေးဘက်ကို ပြောင်းရွှေ့လာတယ်လို့ ပြောနိုင်မှာဖြစ်တယ်။
‘မြန်မာပုန်ကန်မှု ကွန်ယက်အသစ်’
နိုဝင်ဘာ ၁ ရက်နေ့က ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာပါတဲ့ ဒေးဗစ် စကော့မက်သီဆန်ရဲ့ မြန်မာပုန်ကန်မှု ကွန်ယက်အသစ် (Myanmar’s New Network Insurgency) ဆောင်းပါးမှာ နောက်ပိုင်းပေါ်ထွက်လာတဲ့ အစိုးရပုန်ကန်မှုတွေမှာ မြန်မာမှာဖြစ်လာတဲ့ ပုန်ကန်မှုဟာ နက်ဝပ်ကို အားပြုထားတဲ့ပုံစံသစ် (စစ်တပ်ကိုဖြုတ်ချဖို့ဆိုတဲ့ ဘုံသဘောထားနဲ့ အီးအေအို၊ ပီဒီအက်ဖ်တွေ ချိတ်ဆက် တိုက်ပွဲဝင်တာကိုဆိုလိုတယ်) ဖြစ်တယ်လို့ ဖော်ပြပြီး အားသာချက် (၂ ခု) နဲ့ အားနည်းချက် (၁ ခု) ကို သုံးသပ်ထားတာတွေ့ရတယ်။
ပထမအချက်က တော်လှန်ရေးအင်အားစုတွေကြားက မဟာမိတ်ဖွဲ့စည်းတဲ့ပုံစံဟာ အရင်ရှိပြီးသား ပုံစံဟောင်း (ထက်အောက် အမိန့်ပေးစနစ် တည်ဆောက် အုပ်ချုပ်တာကိုဆိုလို) တွေကို တုပထားတာမျိုးမဟုတ်ဘဲ တီထွင်ဖန်တီးမှုရှိတဲ့စုစည်းမှု (နက်ဝပ်ပုံစံစုစည်းမှု) အဖြစ် ပြောင်းလဲလာတယ်။ ဗဟိုကချုပ်ပြီး ကိုင်တွယ်ထိန်းချုပ်တဲ့ ပုံစံမျိုးမဟုတ်တော့ဘူးလို့ သုံးသပ်ထားတယ်။ NUG က ဒီပုံစံကို ကျင့်သုံးနေတယ်လို့လည်း ဆိုတယ်။ ဒါဟာ တစုတစည်းထဲပေါင်းစည်းမှုကနေ တဝက်စုစည်းမှုကို ရွှေ့ပြောင်းလာတာဖြစ်ပြီး လက်ရှိအနေအထားဟာ ညွှန့်ပေါင်းသဘောအသွင်ဆောင်တယ်လို့လည်း မှတ်ချက်ပေးတယ်။ ဒါပေမယ့် ဒီ စစ်ရေးစုစည်းပုံဖော်မှုမှာ နိုင်ငံရေးမျက်နှာစာဟာ ဟန်ချက်ညီ လိုက်ပါမလာဘူးလို့လည်း သုံးသပ်ထားတယ်။
မက်သီဆန်က တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေကြားက နက်ဝပ်အပြင် စစ်ဘက်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကြားမှာလည်း နက်ဝပ်တွေရှိနေတယ်လို့ ဒုတိယအချက်အနေနဲ့ တင်ပြတယ်။ ရှေ့ကဖြစ်ခဲ့တဲ့ တော်လှန်ရေးအတွင်း (ဥပမာ ၈၈ အရေးတော်ပုံအပြီး) လက်နက်ကိုင်အင်အားစုတွေနဲ့ အရပ်ဘက်အင်အားစုတွေဟာ ဆွေးနွေးပွဲတွေနဲ့ ညီလာခံတွေအတွင်းမှာ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေကြတယ်လို့ဆိုတယ်။ ဂျန်ဇီးတွေကို ကြည့်မယ်ဆိုရင်လည်း ၂၀၂၁ အာဏာသိမ်းအပြီး ချီတက်ဆန္ဒပြပွဲတွေကြားမှာ အဖွဲ့အစည်းအလိုက် တဦးချင်းစီအလိုက် သိကျွမ်းခဲ့ကြသူတွေ ဖြစ်တယ်လို့ဆိုတယ်။ စစ်ဘက်အဖွဲ့အစည်းတွေဟာ ဗဟိုချုပ်ကိုင်မှုအားကြီးတာ၊ လူသစ်အတင်းအကျပ်စုဆောင်းတာ၊ ဒီမိုကရေစီ နှုန်းစံတွေကို မလိုက်နာတာ စတဲ့ဓလေ့ရှိတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောတရားပိုင်းဆိုင်ရာ ပံ့ပိုးမှု အထောက်အကူတွေနဲ့ ပေါင်းစပ်တည်ဆောက်ဖို့ လိုတယ်လို့လည်း ထောက်ပြတယ်။
ဖော်ပြခဲ့တဲ့ စစ်အင်အားချင်း နက်ဝပ်တည်ဆောက်မှုနဲ့ စစ်ဘက်အရပ်ဘက် အဖွဲ့အစည်းတွေကြား နက်ဝပ်တည် ဆောက်မှုဟာ တော်လှန်ရေးရဲ့ အားသာချက်တွေလို့ မက်သီဆန်ကဆိုပြီး သူအားမရတဲ့အချက်ကတော့ နက်ဝပ်ချိတ်ဆက်မှု ပြတ်တောက်နေတဲ့ တော်လှန်ရေးဇုန်အဖြစ် အညာ (မန်း၊ စစ်ကိုင်းနဲ့ မကွေး) ကိုဖော်ပြတယ်။ ရာနဲ့ချီတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေဟာ နက်ဝပ်တွေ မတည်ဆောက်နိုင်ဘဲ တကွဲတပြားစီ ရပ်တည်နေကြတယ်။ ဒီအဖွဲ့တွေဟာ စစ်ဖွဲ့စည်းမှု ပုံစံမကျသလို ခိုင်မာတဲ့ အမိန့်ပေးစနစ်နဲ့ စစ်စည်းကမ်း၊ ကျင့်ဝတ်တွေလည်း လိုအပ်နေဆဲဖြစ်တယ်။
တချို့တိုက်ပွဲတွေမှာ လိုကယ်အင်အားစုတွေအချင်းချင်း ပေါင်းစပ် တိုက်ပွဲဝင်ကြတာမျိုးရှိပေမယ့် ပေါ်လာမှ စုစည်းပြီး ထတိုက်ကြတာမျိုးဖြစ်လို့ ဒါကို သူက နက်ဝပ်လို့ မကောက်ယူဘူး။ ဒါကြောင့် အညာကို ပိုပြီးစနစ်တကျ စုစည်းတည်ဆောက်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေ ဝင်လာတာဟာ အားကောင်းတဲ့နက်ဝပ်တွေ အစပြုဖို့ ဖြစ်လာနိုင်တယ်ဆိုတဲ့သဘော သူက အကောင်းဘက်က ရှုမြင်ထားတယ်။
‘အစွန်း ၂ ဘက်နဲ့ တော်လှန်ရေး’
NUG အောက်က တခုတည်းသော ဦးဆောင်မှုကို တောင်းဆိုတာဟာ လက်ရှိ တော်လှန်ရေးအခြေအနေအရ အစွန်းတဘက်လို့ပြောနိုင်ပြီး ငါတို့ဟာ တော်လှန်ရေးသန္ဓေတည်ကတည်းက ကိုယ့်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်၊ ယမ်းထောင်းပြောင်းထိုးပြီး စွန့်ဦးတီထွင် တိုက်ပွဲဝင်ခဲ့ကြသူတွေဖြစ်လို့ ကိုယ်ဘာသာကိုယ် ဆက်လက်ရပ်တည်မယ်၊ ဘယ်ဦးဆောင်မှုမျိုးကိုမှ မခံယူဘူး၊ လိုအပ်မှ အတူတွဲတိုက်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးကလည်း နောက်ထပ် အစွန်းတဘက်ဖြစ်တယ်။
အေအေရဲ့ ရခိုင်အပြီးသတ် တိုက်ပွဲတွေနဲ့အတူ ၁၀၂၇ ဒုတိယလှိုင်းဟာ ပြီးဆုံးလုနီးပြီဖြစ်တယ်။ ၁၀၂၇ အလွန်အတွက် NUG နဲ့ ဒေသဆိုင်ရာစုဖွဲ့မှုတွေအကြား အညာကိုဆင်းလာမယ့် တပ်တွေဟာ ကွင်းဆက်တွေ ဖြစ်လာခဲ့မယ်ဆိုရင် ဒီအလှည့်အပြောင်းဟာ သမိုင်းတွင်ရစ်မယ့် အလှည့်အပြောင်းတခုဖြစ်လာမယ်။ လူထုရဲ့ တော်လှန်ရေးအပေါ် မျှော်လင့်ချက်ဟာလည်း ပိုပြီး ရှင်သန်ဝင်းပလာမှာဖြစ်တယ်။
Be the first to comment