
‘တောအရက် မြို့အရက်’

အရက်အကြောင်းကို ဘယ်က စပြောရမလဲဆိုတော့ လူတယောက်မေးတဲ့ မေးခွန်းကနေ စရမယ် ထင်ပါတယ်။ ရန်ကုန်-ဘိုကလေး ပြေးဆွဲနေတဲ့ ကားပေါ်မှာ လူတယောက်က အမှတ်တမဲ့ မေးခွန်းထုတ်လိုက်တာပါ။ သူ့အရွယ်နဲ့ ကျနော့်အသက်နဲ့ဆို မျိုးဆက်နှစ်ဆက်လောက်တော့ ကွာလောက်တယ်။
“ဟေ့ကောင် မင်း ဘယ်အရွယ်လောက်ကစပြီး အရက်သောက်တာလဲ” တဲ့။ ချက်ချင်းဆိုသလို ကျနော့်မှာ အဖြေရှိတယ်။ အရက်ဆိုတာနဲ့ အမေ၊ ပတ္တမြားသွေးဆေးနဲ့ အိမ်အကြောင်း မန်မိုရီ ပြန်ပေါ်လာတယ်။
အိမ်မှာ ခွက်ပုန်းအရက်ဆိုင် ဖွင့်ထားတယ်။ သီးသန့်ဆိုင်ရယ်လို့ ဖွင့်ထားတာမဟုတ်ဘူး။ ထမင်းချက်တဲ့ မီးဖိုခန်းထဲမှာ အရက်တွေကို ထားတယ်။ဝယ်သောက်ချင်သူတွေက မီးဖိုခန်းဘေး ရေကပြင်ကနေလာပြီး ဝယ်သောက်ကြတယ်။ ရေကပြင်ဆိုတာက သိတဲ့အတိုင်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်တော့ မဟုတ်ဘူး။ ရေကပြင်အောက်မှာဆို ဆယ့်နှစ်ရာသီ ဗွက်အိုင်လိုဖြစ်နေတယ်။ ရေကပြင်ပေါ်ကနေ ဆန်ဆေးရေလည်း သွန်ချ၊ ပန်းကန်ဆေးရေလည်း သွန်ချ၊ ဟင်းသီးဟင်းရွက် အသားငါး ဆေးတော့လည်း ဒီရေကပြင်အောက်ကိုပဲ သွန်ချကြတာ။ ရေစီးရေလာကောင်းဖို့ မြောင်းဖော်ပေးထားတာလည်း မရှိတော့ ဆယ့်နှစ်ရာသီ ဗွက်အိုင်ဖြစ်နေတော့တာပေါ့။
ဒီနေရာမျိုးမှာ အရက်ရောင်းတာ ရောင်းကောင်းတယ်ပဲ ပြောရမယ်။ အမေက အရက်လည်းရောင်းတယ်။ သောက်လည်းသောက်တယ်။ သူသောက်တာက အရက်ချည်း သီးသန့်သောက်တာမဟုတ်ဘူး။ အရက်ကို ပတ္တမြားသွေးဆေးနဲ့ ရောပြီးသောက်တာ။
ကလေးတွေဆိုတာ အတုမြင် အတတ်သင်ကြတဲ့အမျိုး။ အမေက ရှေ့ကလုပ်ပြထားတာကို အမေ ကျောကွယ်လိုက်တာနဲ့ ကျနော်တို့ ညီအကိုတွေလည်း နောက်က လိုက်လုပ်တော့တာပဲ။ ပတ္တမြားသွေးဆေးနဲ့ အရက်နဲ့ရောပြီး အရက်ကို စမ်းသောက်လာရာကနေ အရက်သောက်တတ်လာတယ်ပဲ ပြောရမယ်။
မီးဖိုဘေးမှာ ရောင်းဖို့အတွက် အရက်တွေကိုထားတယ်။ အဲဒီနေရာမှာပဲ အရက်ရှိတာလားဆိုတော့ မဟုတ်သေးဘူး။ အိမ်ခန်းထဲမှာလည်း အိမ်တွင်းနတ် ကို အရက်တလုံး အမြဲ ချိတ်ဆွဲထားသေးတာ။ နတ်စား ကရင်တွေအိမ်ရဲ့ အိမ်ခန်းထဲမှာ အစိမ်းရောင် အရက်ပုလင်းတလုံးကို အမြဲချိတ်ဆွဲထားတယ်။အရက်ခိုးသောက်ချင်ရင် အဲဒီပုလင်းထဲကို အပြင်ကအရက်တွေ ယူလာပြီးထည့်၊ မသိမသာလေးသောက်ပြီး မူးလာရင် တခါထဲအိပ်။ ပလပ်ကျွတ်အောင် တော့ သောက်လို့မရဘူးပေါ့။ အိမ်ခန်းထဲက အရက်ပုလင်း ချိတ်ဆွဲထားပေးရတဲ့ နတ်ကို “ကဆဖဒို” လို့ ခေါ်တယ်။
ဦးခင်ညွန့်လက်ထက်ကလား ဦးသန်းရွှေလက်ထက်ကလားဆိုတာ မမှတ်မိတော့ဘူး။ ရွာတွေမှာ ဆန်အရက် ချက်ရောင်းတဲ့သူတွေကို တရားမဝင် လုပ်လိုက်တယ်။ ဒီလို ရွာတွေမှာ တပိုင်တနိုင်ချက်တဲ့ ဆန်အရက်တွေကို တရားမဝင်လုပ်လိုက်တော့ ဝါဝင်တခါ ဝါထွက်တခါ ကဆဖဒိုကိုတင်ဖို့ အရက်က ဝယ်လို့မရတော့ဘူး။ တချို့က မျက်ကွယ်နေရာကိုရွှေ့ပြီး အရက်ချက်တာကို ဆက်လုပ်တယ်။ ဒီလို ခိုးချက်တဲ့အရက်ကိုဝယ်ပြီး လမ်းမှာမိရင်လည်း မလွယ်ဘူး။
ကဆဖဒိုက ဆန်အရက်ပဲ ကြိုက်တာ၊ ဆန်အရက်ပဲ တင်ရမယ် ဆိုတဲ့သူတွေက အရက်ခိုးချက်တဲ့ နေရာကနေ ဆန်အရက်ကို မရအရ ဝယ်လာပြီးတော့ တင်မြှောက်ကြတာပေါ့။ အဲဒီအခါ အရက်ဝယ်လာရင်း လမ်းမှာ ရဲနဲ့မိလို့ ထောင်ကျသွားတဲ့သူလည်း ရှိတယ်။ ကဆဖဒို လိုက်ကယ်တယ်ဆိုတာလည်း မကြားမိဘူး။ တရားမဝင်အရက်ကို ဝယ်လို့ဆိုပြီး ရဲအဖမ်းခံရလို့ ထောင်ကျသွားတဲ့သူလည်း လွတ်ရက်စေ့မှပဲ ပြန်လာရတာပါ။
တောအရက်တွေ မချက်ရဘူး၊ မရောင်းရဘူး၊ မြို့အရက်ပဲ ဝယ်ယူသောက်သုံးရမယ်ပေါ့။ အိမ်မှာတော့ မြို့အရက်တွေဝယ်လာပြီး ကဆဖဒိုကို တင်မြှောက်ပါတယ်။ အသုံးလုပ်ပေးမယ့် နတ်ဆရာကို အိမ်ရှင်တွေက စကားတခွန်းကို မဖြစ်မနေ ပြောခိုင်းကြတယ်။
“ကဆဖဒိုရေ တောအရက်တွေကို ပိတ်လိုက်ပြီ၊ မြို့အရက်ပဲ သုံးဆောင်ပါ” ဆိုပြီး ထည့်ပြောရသေးတာ။ အမှားပါရင် ခွင့်လွှတ်ပါဆိုတာက ပါသေးတယ်။
တောအရက် မြို့အရက် ဂယက်က ရွာတွေမှာ အတော်လေးကို ရိုက်ခတ်သွားတယ် ပြောရမယ်။ တချို့သောသူတွေကတော့ ဘဝနဲ့ရင်းပြီး ပေးဆပ်လိုက်ရတယ်။ တန်ရာတန်ကြေးသဘော ပေးဆပ်လိုက်ရတာ မဟုတ်ဘူးဆိုတာတော့ သိကြပါတယ်။
အိမ်က ရေကပြင် အရက်ပုန်းဆိုင်မှာလည်း တောအရက်၊ ဆန်အရက် ရောင်းချရာကနေ မြို့အရက်ကို စပြီးရောင်းလာရတယ်။ မြို့အရက်တွေ ယူရောင်းတော့ ခွက်ပုန်းဆိုင်မဟုတ်တော့သလို ဖြစ်လာတယ်။ တရားဝင်တဲ့အရက်ဆိုင် ဖြစ်လာတာလားဆိုတော့လည်း မဟုတ်ဘူး။ နည်းနည်းတော့ နားလည်ရခက်တယ်။
မြို့အရက် လိုင်စင်ရထားတဲ့ဆိုင်ကနေ ယူရောင်းရတယ်။ လိုင်စင်ရဆိုင်ကနေ ယူရောင်းတာဆိုတော့ အဖမ်းအဆီးနဲ့ လွတ်ကင်းနိုင်တယ်ပေါ့။ ဒါလည်း စိတ်ချရတာတော့ မဟုတ်ဘူး။ အမြင်ကပ်တဲ့ပုဒ်မတပ်ပြီး အဖမ်းခံရနိုင်သေးတယ်။ အမိန့်ထုတ်ထားတဲ့ ဥပဒေကို လက်တလုံးခြားလုပ်ကြတဲ့ အစောပိုင်းကာလတွေလို့ ပြောလို့ရမယ်။
ယူရောင်းနေတဲ့ လိုင်စင်ရ အရက်အဆီဆိုင်က ရေရောရောင်းတာနဲ့ ကြုံလာရပြန်တယ်။ ဆိုင်က ရေရောထားတဲ့အရက်ကို လက်လီ ပြန်ယူရောင်းတဲ့နေရာမှာ ရေထပ်ရောတော့ ရေနှစ်ခါရော ဖြစ်ရော။ ရေနှစ်ခါရောထားတဲ့ အရက်ကို သောက်သုံးသူတွေက မကြိုက်ကြဘူး။ တခွက်တဖလားနဲ့ မူးချင်ကြသူတွေဆိုတော့ ဝယ်သောက်ရတာ မကိုက်ဘူးပေါ့။
အဖေက အကြံတခုထုတ်တယ်။ အရက်ကို မြို့နယ်ကျော်ပြီး ယူရောင်းဖို့အတွက်ပါ။ ယူရောင်းနေတဲ့ ပင်ရင်းဆိုင်က ရေရောထားတဲ့အရက်တွေကို အရောင်ပြလေး တပုံးလောက်ယူပြီး တခြားမြို့နယ်ဆိုင်ကနေ ယူပြီးရောင်းတယ်။ တမြို့နယ်က အရက်ဆီကို တခြားတမြို့နယ်က ယူရောင်းလို့မရတဲ့ ဘာမှန်းမသိတဲ့ အမိန့်ကလည်း ထုတ်ထားတာဆိုတော့ သားအဖတွေ အရက်ခိုးသယ်တဲ့အလုပ်ကို စွန့်စွန့်စားစား လုပ်ခဲ့ကြတယ်။
မနက် လေးနာရီမထိုးခင် သားအဖနှစ်ယောက် လှေတစီးနဲ့ အိမ်ကနေထွက်တယ်။ မြို့နယ်အပိုင် နယ်နိမိတ်ထဲကနေ တခြားတမြို့နယ်မှာရှိတဲ့ အရက်ဆီဆိုင်က အရက်ကို ယူရောင်းမှာဖြစ်လို့ လူမသိအောင် ခိုးထွက်ရတာမျိုးပါ။
လိုချင်တဲ့ပမာဏကို ပုံးကြီးပုံးငယ်အသွယ်သွယ်နဲ့ လှေပေါ်တင်ပြီး အပြန်ခရီးကို စတင်လိုက်ကြတယ်။ လှေပေါ်က အရက်ပုံးတွေ လူမြင်ကွင်းမှာ မမြင်ရလေအောင် ချောင်းရိုးဘေးတနေရာက ဆန်စက်တခုမှာ စပါးခွံတွေကို အိတ်ထဲ လေးငါးဆယ်လုံးထည့်ပြီး အရက်ပုံးတွေပေါ်ကနေ တင်လိုက်တယ်။ ရွာမရောက်ခင် သုံးရွာကျော်လောက်မှာ မိုးချုပ်ခံပြီး နေရသေးတာ။ မိုးမချုပ်ခင် အိမ်အဝင်ပြလိုက်တာနဲ့ တယောက်ယောက်က အကဲခတ်ကြည့်နေမှာမျိုးကို စိုးရိမ်ရသေးတယ်။ သားအဖနှစ်ယောက် အရက်ခိုးသယ်တဲ့အလုပ်က စွန့်စားခန်းတခုလိုပါပဲ။
အရက်မရောင်းတော့တာ ကြာခဲ့ပါပြီ။ အကြောင်းပေါင်းတိုက်ဆိုင်ရင်တော့ အရက်ခိုးသယ်တဲ့ စွန့်စားခန်းခရီးတွေနဲ့ ခွက်ပုန်းရောင်းခဲ့ဖူးတဲ့ ရေကပြင်အရက်ဆိုင်ကိုတော့ သတိရမိပါတယ်။
အရက်ဆီ၊ စပ်အရက် ရွာမှာတော့ မြို့အရက်လို့ ခေါ်ကြတဲ့ အရက်အမျိုးအစားက လူတယောက်ကို အချိန်တိုတိုအတွင်းမှာ အသက်နုတ်ယူသွားနိုင်သလား ဆိုတာတော့ မပြောတတ်ဘူး။ ရွာမှာတော့ စပ်အရက်၊ အရက်ဆီတွေသောက်လို့ သေသွားကြတဲ့သူတွေ ဒုနဲ့ဒေး ရှိလာတယ်ဆိုတဲ့အသံကို ခပ်စိတ်စိတ် ကြားလာရတယ်။
တနှစ်တခါလောက်ပဲ ရွာပြန်ရောက်ဖြစ်တဲ့ ကျနော်။ တရက်မှာ ရွာပြန်ရောက်တုန်း အဒေါ်က သူ့အိမ်အလည်လာဖို့ ဖိတ်ပါတယ်။ သူ့အိမ်ရောက်တော့ ချွေးနည်းနည်းပျံနေတယ်။ မိုးနဲ့နေ လုတဲ့ရာသီဆိုတော့ ပူတာရော အိုက်တာရော တပြိုင်တည်း ခံစားနေရတဲ့အချိန်လည်းဖြစ်တယ်။
“အိုက်နေရင် ထရံပေါ်က ယပ်တောင်တွေ ယူခပ်လေ” တဲ့။ အဒေါ်ဖြစ်သူပြောလို့ ယပ်တောင်တွေဆိုတာကို ကြည့်လိုက်တာ နည်းမှမနည်းတာ။ယပ်တောင်တွေက များလိုက်တာလို့ပြောတော့ “အဲဒါ အရက်သောက်လို့သေတဲ့ မသာတွေ” တဲ့။ ဒီတော့မှပဲ ယပ်တောင်တွေကို သေသေချာချာ ကြည့်မိတာ အများစုက နာရေးယပ်တောင်တွေ ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။
သဘာဝတရားနဲ့ ကင်းကွာတဲ့သူတွေက အသေစောတာပဲတဲ့။ ဒီစကားကို အဖိုးတယောက်က ပြောခဲ့ဖူးတယ်။ ချက်အရက် (တောအရက်) တွေကို အရက်ချက်ခွင့် အရက်ရောင်းခွင့် ပိတ်လိုက်ပြီးတော့ မြို့အရက်တွေ သောက်သုံးပြီး အသက်ငယ်ငယ်နဲ့ မာလကီးယားသွားကြသူတွေ များလာတဲ့အချိန်မှာပဲ အခုလိုမျိုးစကားသံ ထွက်လာတာဖြစ်ပါတယ်။
မကြာသေးခင်က ဖတ်လိုက်ရတဲ့ သတင်းတပုဒ်ရှိပါတယ်။ ဒီသတင်းကြောင့်ပဲ အရက်နဲ့ပတ်သက်တဲ့ အပိုင်းအစတချို့ ပြန်ပေါ်လာတာ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ်ထဲမှာ အနှစ်နှစ်အလလ ခြေကုတ်ယူထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က သိမ်းယူလာနိုင်တယ်။ အကြီးမားဆုံးလို့ ပြောလို့ရတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကိုပါ သိမ်းယူနိုင်တဲ့အထိ အောင်မြင်မှုတွေ ရရှိလာတာ ဖြစ်ပါတယ်။
အဲဒီအောင်မြင်မှုရဲ့ အသီးအပွင့်အနေနဲ့ ရခိုင်ပြည်နယ်က နယ်မြေတချို့မှာ လွတ်မြောက်နယ်မြေတွေ ရှိလာတာလည်း ဖြစ်ပါတယ်။ လွတ်မြောက်နယ် မြေတွေထဲက တချို့နေရာတွေမှာ ဒေသအရက်တွေကို ချက်ခွင့်ပြုလိုက်တယ် ဆိုတဲ့သတင်း ဖြစ်ပါတယ်။ ဒီသတင်းမတိုင်ခင်ကတော့ စစ်တပ်နဲ့ ပတ်သက်တဲ့ ယမကာမှန်သမျှ ပိတ်ပင်လိုက်တဲ့ အကြောင်းပါ။ ဒေသ ချက်အရက်တွေကို ခွင့်ပြုလိုက်တယ်ဆိုတာ ချိုးနှိမ် ဖျက်ဆီး ပိတ်ပင်ခံလိုက်ရတဲ့အရာကို ပြန်လည် အသက်သွင်းပေးလိုက်တာလည်း ဖြစ်ပါတယ်။
သူ့အရပ် သူ့ဒေသ ကိုယ့်အရပ် ကိုယ့်ဒေသက အမှတ်အသား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေနဲ့အတူ အစားအစာ၊ အဝတ်အစားတွေပါမကျန် လွတ်လပ် စွာ ရှင်သန်ခွင့်ရှိသင့်ပါတယ်။ ဗိုလ်ကျစိုးမိုး ခြယ်လှယ်ကြသူတွေကို ဖယ်ရှားလိုက်နိုင်တာဟာ အဓမ္မ ဖျောက်ပစ်ခံထားရတဲ့ အရာတွေကို ပြန်ဦးမော့လာဖို့ အခွင့်အရေးရစေမှာလည်း ဖြစ်ပါတယ်။
Be the first to comment