2
တာပလု
‘တောအုပ်ထဲက အဖိုးရွှေနီ’
ညက နက်သည်ထက် နက်လာတယ်။ တောရွာလေးတရွာမှာတော့ ညနက်လေလေ တိတ်ဆိတ်ခြင်းထုထည်က ကြီးလာလေလေ၊ အမှောင်ထုကလဲ ထူထည်းလာလေလေပါပဲ။ အမှောင်ထုနဲ့ တိတ်ဆိတ်ခြင်းကို အားပြုပြီး ရွှေနီတယောက် ဟာနေတဲ့ဝမ်းကို ဖြည့်ရမယ်ဆိုတဲ့ အသိက အလိုလိုရောက်လာတယ်။
ရွှေနီတယောက် လွတ်လွတ်လပ်လပ် သွားလို့လာလို့ရတဲ့ ကာလမျိုးမှာ လူလုံးထွက်မပြတော့တာကြာပြီ။ ဘာကြောင့်လဲဆိုတော့ ပုန်းခိုရမယ်၊ တိတ်တိတ်ဆိတ်ဆိတ်နေရမယ်ဆိုတဲ့အသိကို သေတဲ့အထိစွဲသွားခဲ့တာပဲလို့ ပြောရမယ်။
ရွှေနီက ရွာထဲလာရင် ညမိုးချုပ်တော့မှ လာတာ။ လာတဲ့အချိန်ကလဲ လူတွေအိပ်ချိန်ကြီး။ လူအိပ်ချိန်မှာ ဘာလို့ ရွာထဲကိုလာရတာလဲဆိုရင် သူစားစရာတခုခုကိုရှာစားဖို့ပါ။
ညဦးပိုင်း လူတွေ ရှုပ်နေချိန်၊ စကားသံတွေနဲ့ ဖောင်ဖွဲ့နေချိန်မျိုးမှာ ရွှေနီက ရွာထဲကို လာလေ့မရှိဘူး။ သူက တောထဲမှာပဲ နေတာ။ နေ့ဘက်တွေမှာ သူဘယ်နေရာနေလဲဆိုတာတောင် ရွာထဲကလူတွေက မသိကြဘူး။
လူတယောက်ဟာ လူတွေမသိအောင် နေရထိုင်ရမယ်ဆိုတဲ့အသိကို စိတ်ထဲစွဲသွားတဲ့အခါ ဘယ်လိုမှပြန်ပြီး ပြင်ယူလို့မရတော့ဘူးဆိုတာ ရွှေနီကသက်သေပဲ။ ဒါဟာစစ်ဘေးရဲ့ ပြယုဂ်တခုလို့လည်း ဆိုနိုင်တယ်။
တချိန်က ရွှေနီ့အကြောင်းကို ပြောကြတဲ့အခါ တက္ကသိုလ်တခုမှာ မော်ကွန်းထိန်းဖြစ်ဖူးခဲ့တယ်ဆိုတာ တော်ရုံလူကတော့ မသိနိုင်ဘူး။ ရွှေနီရဲ့ မိသားစုဝင်တွေနဲ့ ရွှေနီနဲ့ နီးစပ်တဲ့သူတွေလောက်ပဲ ဒီအကြောင်းတွေကို သိနိုင်တော့မှာပါ။
တယောက်ယောက်က “ရွှေနီ့အကြောင်းပြောရင် ရင်နာစရာကြီးပါ”လို့ မသိမသာလေး ကြားဖူးလိုက်မိကြမယ်။ သိသိသာသာကြီးတော့ သူ့အကြောင်းကို တခုတ်တရ မေးတဲ့သူတွေ ရှားသွားလို့ပါ။
အဖိုးရွှေနီမဖြစ်ခင်က ပညာတတ် လူငယ်တယောက် ဖြစ်ခဲ့တယ်။ အဝတ်အစား သပ်သပ်ရပ်ရပ်ကလေးဝတ်ပြီး တက္ကသိုလ်နယ်မြေတဝိုက်မှာလဲ သူကျင်လည်ခဲ့မှာပါပဲ။
ဆရာရွှေနီ၊ အဲ့ဒီကနေ ဆရာကြီးရွှေနီပေါ့။ ရသလောက်နေရာကနေ သူ့အကြောင်းတွေ မေးမိတော့ စစ်ဘေးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် ကြုံရချိန်မှာ ဆရာရွှေနီ အရွယ်လောက်မှာလား၊ ဆရာကြီးရွှေနီ အရွယ်လောက်မှာလား ဆိုတာတောင် မသဲကွဲတော့ဘူး။
စစ်ဘေးက ဆရာရွှေနီတို့ရှိတဲ့ တက္ကသိုလ်နယ်မြေအနားကို ရောက်လာတယ်။ ကျောင်းတွေ ပိတ်လိုက်ရတယ်။ ဘယ်သူကမှ ကျောင်းမလာကြတော့ဘူး။ ဆရာရွှေနီလဲ သူ့ဇာတိရွာ ပျဉ်းမချောင်းကို ပြန်လာတယ်။
ရွာပြန်ရောက်တော့မှပဲ တိုက်ပွဲတွေနဲ့ အနီးကပ်ဖြစ်သွားတော့တယ်။ တက္ကသိုလ်နယ်မြေနဲ့ ရွာဆို စစ်ဘေးနဲ့အနီးဆုံးက သူ့ရွာဖြစ်နေတာကိုလည်း ကြိုမသိလိုက်ဘူး။ ရွာကိုပြန်ရောက်တဲ့နေ့မှာပဲ အိမ်မှာ ဖင်ပူအောင်တောင် မထိုင်လိုက်ရဘူး။ ရွာသူ၊ ရွာသားတွေက ပြေးကြတော့ သူပါပြေးရတော့တာပဲ။
ရွှေနီတို့နေတဲ့ ပျဉ်းမချောင်းရွာနဲ့ ဇွဲ့ချီရွာဆိုတာ နီးနီးလေးပဲ။ ဇွဲ့ချီတိုက်ပွဲဆိုတာ နာမည်ကြီး တိုက်ပွဲတွေထဲက တခုပါ။ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့တိုက်ပွဲတွေထဲမှာ ဇွဲ့ချီတိုက်ပွဲအကြောင်း ဖယ်ထားလို့မရဘူး။
ဇွဲ့ချီတိုက်ပွဲ။ အဲ့ဒီရွာက ရွာရယ်လို့မဖြစ်ခင်က ကာကွယ်ရေးတပ်ဖွဲ့တွေ အထိုင်ချတပ်စွဲခဲ့ကြတဲ့နေရာ။ မြို့နဲ့လဲမဝေးဘူး။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ လုံလုံခြုံခြုံစခန်းချလို့ရနိုင်မယ့် နေရာတခု။ ဘာလို့လဲဆိုတော့ တောအရမ်းထူတဲ့နေရာ ဖြစ်လို့ပဲ။
အဲ့ဒီနေရာနဲ့ အနီးအနားတွေမှာတော့ ရွာတွေရှိတယ်။ အဲ့ဒီရွာတွေထဲမှာ ရွှေနီတို့နေတဲ့ ပျဉ်းမချောင်းရွာလဲပါတယ်။ စစ်တပ်က မြို့ကနေ တချီဆုတ်ခွာသွားခဲ့သေးတယ်။
စစ်တပ်က မြို့ထဲကနေ ဆုတ်ခွာသွားချိန်မှာ မြို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အပိုင်ရလိုက်တာပေါ့။ နောက်တကြိမ် မြို့ကိုပြန်ပြီး ဝင်စီးချိန်မှာတော့ တော်လှန်ရေးတပ်ဖွဲ့က မြို့ကိုလက်လွှတ်ရတဲ့အပြင် ဇွဲ့ချီစခန်းအထိပါ တိုက်ပွဲတွေက ဆင့်ပွားပြီး တိုက်လာတဲ့အတွက် ဇွဲ့ချီစခန်းမကျရေး အင်တိုက်အားတိုက် တိုက်ခဲ့ကြတဲ့ တိုက်ပွဲတခုဖြစ်ခဲ့တာပဲ။
ဇွဲ့ချီတိုက်ပွဲအကြောင်း နှုတ်ပြောအနေနဲ့ပဲပြောကြတာ။ မှတ်တမ်းတင်ဖော်ထုတ် ရေးသားကြသူတွေလဲမရှိခဲ့ဘူး။ အဲ့ဒီလို နှစ်ဖက်ထိတွေ့တိုက်ပွဲက တော်လှန်ရေးတပ်တွေရဲ့ စခန်းဖြစ်တဲ့ ဇွဲ့ချီခန်းမှာ ဖြစ်ခဲ့ကြတာ။
အနီးအနားကရွာတွေက ဒေသခံတွေ တယောက်တလေမှတောင် မနေရဲကြတော့ဘူး။ ရွှေနီအပါအဝင် ရွာသူ၊ ရွာသားတွေ တိုက်ပွဲနဲ့ဝေးတဲ့ နေရာကို ရှောင်ပြေးသွားကြတာ။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အရေးမလှတဲ့အကြောင်း ထွက်ပြေးသွားကြတဲ့ရွာခံတွေက သတင်းကြားကြတယ်။ အဲ့ဒီလိုသတင်းကြားတဲ့အတွက် ရွာခြေပြန်မကပ်နိုင်ကြသေးဘူးဆိုတဲ့ အသိကိုရခဲ့ကြတယ်။
တိုက်ပွဲတွေ ကင်းစင်သွားတဲ့တရက်မှာတော့ ရွာသူ၊ ရွာသားတွေ ပြန်လာကြတယ်။ ရွှေနီတို့ရဲ့ပျဉ်းမချောင်းဒေသခံတွေလဲ ပါတာပေါ့။ အဲ့ဒီလို ရွာကိုပြန်လာကြချိန်မှာတော့ ရွှေနီတယောက်က ဆရာရွှေနီ၊ ဆရာကြီးရွှေနီ၊ ဦးရွှေနီအဖြစ်ကနေ အဖိုးရွှေနီဖြစ်လို့နေပါပြီ။
ရွာကိုပြန်လာချိန်မှာတော့ အဖိုးရွှေနီတယောက် ရွာထဲကို ပြန်မဝင်တော့ပါဘူး။ ပျဉ်းမချောင်းရွာအနီးက တောအုပ်တခုမှာပဲ ကျန်နေခဲ့တော့တယ်။ သူ့မိသားစုတွေက ရွာမှာလူတွေအားလုံး ပြန်နေကြပြီ၊ ဘာအန္တရာယ်မှ မရှိတော့ဘူးလို့ ပြောလဲ မရပါဘူး။
အဖိုးရွှေနီတယောက် ရွာထဲကို ပြန်မဝင်ရဲတော့ပါဘူး။ မိသားစုဝင်တွေပဲ ခေါ်ခေါ်၊ တခြားရွာသူ၊ ရွာသားတွေကပဲ ခေါ်ခေါ် သူခေါင်းပဲခါနေတော့တာ။ ပြီးတော့ ရွာကိုမပြန်ရဲတော့ဘူးလို့လည်း ပြောရှာပါတယ်။
“သူအဲ့ဒီအချိန်ထဲက ရွာကိုပြန်မလာရဲတော့တာ။ ဘာဖြစ်သွားလဲမသိပါဘူး။ စစ်ရှောင်ခဲ့ကြတဲ့ နေရာမှာနေတုန်းကတော့ အကောင်းပဲ။ ရွာပြန်လာတော့မှ ဘာဖြစ်သွားလဲမသိဘူး”လို့ အဖိုးရွှေနီအကြောင်း သူ့မိသားစုဝင်ဖြစ်တဲ့ အဖိုးတယောက်က ပြောပြပါတယ်။
သူနေတဲ့ တောအုပ်ထဲမှာ တဲတလုံးဆောက်ပေးတော့လဲ အဲ့ဒီတဲမှာသူမနေဘူး။ သူဘာဖြစ်သွားတာလဲ။ အဲ့ဒီအချိန်က အဖိုးရွှေနီကို စိတ်ပိုင်းဆိုင်ရာကုစားပေးတဲ့ ဆရာဝန်တယောက်ယောက်များရှိရင် ကောင်းမှာပါပဲ။
အဖိုးရွှေနီတယောက် ရွာထဲကိုပြန်မလာတော့ဘူး။ သူ့ရွာဖြစ်တဲ့ ပျဉ်းမချောင်းရွာကို ရွာသူ၊ရွာသားတွေ စစ်ဘေးရှောင်နေရာကနေ ပြန်လာပြီး နေကြပြီ။ သူကတော့ ရွာထဲကိုပြန်မနေရဲတော့ပါဘူး။
စစ်ဘေးက လူတယောက်ကို ဘယ်လောက်အထိ စိတ်ထိခိုက်သွားစေနိုင်လောက်လဲဆိုတာ အဖိုးရွှေနီအကြောင်းမေးရင်း တွေးမိတယ်။ စိတ်ဒဏ်ရာ ဒဏ်ချက်က ဘယ်လိုအချိန်မှာ ကုလို့ရနိုင်တာလဲ။ ဘယ်လိုအရွယ်မျိုးမှာ ကုလို့လွယ်သလဲဆိုတာ စိတ်ပိုင်းဆိုင်ရာ ကုသ၊ ကုစားပေးနေတဲ့ သူတွေလောက်ပဲ သိနိုင်မယ်ထင်ပါတယ်။
စစ်ဘေးမှာ ဒေသခံတွေရဲ့ ဆုံးရှုံးနစ်နာချက်တွေက ထုနဲ့ဒေးရှိနေမှာပါ။ အဖိုးရွှေနီတို့လို စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားသူတွေလဲ ရှိမှာပါပဲ။
အဖိုးရွှေနီ ရွာကို ပြန်မလာတော့ဘူး။ ရွာသားတွေ ဆောက်လုပ်ပေးတဲ့ တဲထဲမှာလဲ မနေဘူး။ ဆောင်း တွင်းအခါကြီး အေးတော့လဲ ရွာအနီးက တောအုပ်ထဲမှာပဲနေတယ်။ မိုးတွင်းအခါ မိုးရွာတော့လဲ တောအုပ်ထဲမှာပဲနေတာ။ နွေရာသီလဲ အဲ့ဒီတောအုပ်ထဲမှာပဲ နေတော့တာ။
ရွာကလူကြီးတချို့က မိုးလုံလေလုံနေရာမှာ နေရရဲ့လားဆိုတာ လိုက်ပြီးချောင်းမြောင်းကြည့်တော့ ရွာသားတွေ သိသွားတဲ့နေရာဆို သူမနေတော့ဘူး။ နောက်ထပ်နေရာတခုမှာ ပြောင်းပြီးနေလိုက်တော့တာ။ အဲ့ဒီအခြေအနေကို သိသွားကြတဲ့ ရွာသားတွေက နောက်ဆို သူနေတဲ့နေရာကို ချောင်းမြောင်းစုံစမ်းတာတွေ မလုပ်ကြတော့ဘူး။
တကယ်လို့ ရွာသားတွေ သူနေတဲ့နေရာ သိသွားရင် သူ့ခမျာ နေရာအသစ်တခု ထပ်ပြီး ရှာနေရဦးမှာဆိုတာကို ရွာသားတွေက သိသွားကြလို့ပါ။ နေရာသစ်တခုရှာပြီး ပြောင်းနေရမယ့် ဒုက္ခဆင့်ပွားတခု အဖိုးရွှေနီကို မပေးချင်ကြတာလဲ ပါပါတယ်။
အဖိုးရွှေနီတယောက် ရွာထဲကိုလာတဲ့အချိန် တချိန်ရှိပါတယ်။ ရွာထဲမှာ လူတွေအိပ်ချိန်ဆို အဖိုးရွှေနီတယောက် ရွာထဲကိုလာပါတယ်။ လူတွေတိတ်ဆိတ် အိပ်စက်နေချိန်မှပဲ ရွာထဲကိုလာတာပါ။
အဲ့ဒီအချိန်ရွာထဲရောက်လာရင် အိမ်တအိမ်ရဲ့ နောက်ဖေးရေကပြင်ကနေ အိမ်ပေါ်ကိုတက်မယ်။ ပြီးတော့ မီးဖိုထဲကိုဝင်မယ်။ မီးဖိုထဲမှာ ထမင်းကျန်၊ ဟင်းကျန်တွေကို ရှာစားတော့တာ။
ရွာထဲကိုစပြီး ဝင်တဲ့အချိန်တုန်းကဆို သူခိုးသူခိုးလို့ အိမ်ရှင်ကအော်တော့ ရွာသူ၊ ရွာသားတွေလဲ ဝိုင်းလာကြတယ်။ အဖိုးရွှေနီလဲ အိမ်နောက်ဖေး ရေအပြင်ကနေ ခုန်ချထွက်ပြေးသွားတော့တာ။
ရွာသားတွေက သူ့ကိုဖမ်းရင်မိတာပေါ့။ အဖိုးရွှေနီမို့လို့ မဖမ်းကြပါဘူး။ အဖိုးရွှေနီကလဲ အဲ့ဒီလို အိမ်ပေါ်တက်ပြီး မီးဖိုခန်းထဲက အိုးခွက်တွေဖွင့်ပြီး စားစရာတခုခုရှိရင် ယူစားသွားတာပါပဲ။ အိမ်ပေါ်က ဘာပစ္စည်းကိုမှ ယူတာမရှိပါဘူး။
ပျဉ်းမချောင်းရွာလို တောရွာက အိမ်တွေဆိုတာက အိမ်ရှေ့တံခါး၊ အိမ်နောက်တံခါး ရှိကြတာမဟုတ်ပါဘူး။ သူခိုးထူတဲ့အရပ်မဟုတ်လို့ အခုလိုနေကြတာလဲဖြစ်နိုင်ပါတယ်။
အဖိုးရွှေနီကတော့ အဲ့ဒီလို တံခါးမရှိတဲ့အိမ်တွေပေါ် တက်ဖို့တော့ အလွယ်လေးပေါ့။ ညမိုးချုပ် လူတွေအိပ်ချိန်ဆို သူ ရွာထဲကိုဝင်လာမယ်၊ အိမ်နောက်ဖေး ရေကပြင်ကနေ အိမ်ပေါ်ကိုတက်မယ်၊ ပြီးတော့ မီးဖိုခန်းထဲမှာ စားစရာတခုခု ရှိလေမလားဆိုတာ လိုက်ရှာမယ်။ ရှိရင်လဲစားသွားလိုက်တာပဲ။ မရှိတော့လဲ အိမ်ရှင်ကို ရန်ရှာတာမလုပ်ပါဘူး။ လာလမ်းအတိုင်း ပြန်သွားတာပါပဲ။
အဲ့ဒီအကြောင်းကို ရွာလူကြီးသိတော့ ရွှေနီ့အတွက် စားစရာတခုခုရှိရင် ရေကပြင်မှာ ထားပေးကြပါလို့ အမိန့်ထုတ်လိုက်ပါတယ်။
အဲ့ဒီအချိန်ကစပြီး အိမ်ရှင်တချို့က ရေကပြင်မှာ ထမင်းကျန်၊ ဟင်းကျန်တချို့ထားပေးကြပါတယ်။ တချို့ကတော့ မီးဖိုခန်းထဲ ဝင်စားပါစေဆိုပြီး လွှတ်ပေးထားပါတယ်။
ရေကပြင်မှာ အသံကြားတာပဲဖြစ်ဖြစ်၊ မီးဖိုခန်းထဲ အသံကြားတာပဲဖြစ်ဖြစ် ဒါအဖိုးရွှေနီတယောက်ပဲဆိုတာ အားလုံးကသိထားကြပါတယ်။
မီးဖိုထဲအသံကြားလိုက်တာ၊ ရေကပြင်ကနေ အသံကြားလိုက်ပြီဆို တချို့က “ရွှေနီရေ ဒယ်အိုးထဲ ဝက်သားဟင်းလေးရှိသေးတယ်ဟဲ့ စားသွားနော်” ဒီလိုပြောလေ့ရှိပါတယ်။
အဖိုးရွှေနီတယောက် ရွာထဲမှာ ပြန်မနေရဲတော့ပေမယ့် ညမိုးချုပ်ရင် ရွာထဲမှာ ထမင်းရှာစားရမယ်ဆိုတဲ့ အသိကို ရှိနေသေးပါတယ်။ အခုလိုထမင်းကျန်၊ ဟင်းကျန် လာစားတာကို ရွာသူ၊ ရွာသားတွေကလဲ အပြစ်မမြင်ကြပါဘူး။ အချိန်တန် သူအလွယ်တကူစားလို့ရအောင် အရံသင့်ထားပေးတဲ့သူတွေလဲ ရှိလာပါတယ်။
ညမိုးချူပ်ရင် အိမ်နောက်ဖေး ရေကပြင်ကပဲဖြစ်ဖြစ်၊ မီးဖိုခန်းထဲကနေပဲ ဖြစ်ဖြစ် အိုးသံ၊ ခွက်သံ ကြားရရင် အဖိုးရွှေနီပဲဆိုတာ တန်းသိနေကြပါပြီ။
အဖိုးရွှေနီကလဲ ညမိုးချုပ် လူခြေတိတ်ချိန်ဆို ရွာထဲကအိမ်တအိမ်မှာ အခုလိုပဲ အိုးခွက်တွေဖွင့်ပြီး ရှာစား၊ ဖွေစားလုပ်နေတာပဲဖြစ်ပါတယ်။
အစားအစာအတွက်ပဲ အဖိုးရွှေနီက အခုလိုရွာထဲကိုရောက်လာတတ်တာပါ။ အိမ်တအိမ်ရဲ့ ရေကပြင်မှာ၊ မီးဖိုထဲမှာ သူ တခုခုစားသောက်နေချိန်မှာ တယောက်ယောက်က သူ့ကိုလာကြည့်တာမျိုးဆို စားနေရင်းတန်းလန်း ထပြေးတော့တာပါပဲ။
တောထဲမှာအနေကြာလို့ လူတွေ့မခံချင်တော့တာလား။ လူတွေရှိတဲ့နေရာဟာ သူ့အတွက် လုံခြုံမှုမရှိတဲ့နေရာလို့ သူထင်နေတာလား။ သူ့ရွာမှာ နောက်တကြိမ်စစ်ဖြစ်လာမှာကို စိုးရိမ်နေတာလားဆိုတာတော့ မပြောတတ်ပါဘူး။ အဖိုးရွှေနီကတော့ သူ့ဆွေမျိုးအပေါင်းအသင်း မိတ်ဆွေတွေအပြင် တခြားဘယ်သူ့ ဘယ်သူကိုမှ အတွေ့မခံတော့တာဖြစ်ပါတယ်။
ရွာသားတချို့က တောအုပ်ထဲ မှိုနှုတ်၊ မျှစ်ချိုး၊ ထင်းခွေလုပ်ကြတဲ့အခါမျိုးမှာ အဖိုးရွှေနီနေတဲ့နေရာနား ရောက်သွားလို့များတော့ တနေရာကို တောတိုးပြီးထွက်ပြေးသွားတော့ပါပဲ။ ကိုင်းပင်၊ မြက်ပင်တွေ ယိင်းထိုးလှုပ်ခပ်သံထွက်ပေါ်လာတဲ့အခါ ဒါအဖိုးရွှေနီတယောက် လူတွေသူ့အနား ရောက်လာလို့ ထွက်ပြေးသွားတာပဲဆိုတာ သိနေကြတာပေါ့။
ဒီတကြိမ်စစ်တပ်က အာဏာသိမ်းတော့ မတရားမှုကို တွန်းလှန်တော်လှန်ကြတဲ့ နေရာတွေ အများစု ပေါ်ထွက်လာပါတယ်။ တွန်းလှန်တော်လှန်နေရချိန်မျိုးမှာ ဒေသခံတွေအဖို့တော့ စစ်ဘေးဒဏ်ကို ခံကြရတာပဲဖြစ်ပါတယ်။ ဒီတကြိမ်စစ်တပ်က အာဏသိမ်းလို့ လက်နက်ကိုင်ပြီး တော်လှန်ကြတဲ့ လူငယ်တွေကတော့ အဖိုးရွှေနီတို့ခေတ်တုန်းကလိုတော့ ဘယ်ဟုတ်ပါ့မလဲ။
ခေတ်မှီနည်းပညာနဲ့ စဉ်းစားမျှော်မြင်နိုင်တဲ့ အတွေးအခေါ်မျိုးတွေနဲ့ တော်လှန်နေကြတာဆိုတော့ အဖိုးရွှေနီတို့ခေတ်ကနေ အခုချိန်ထိ အသက်ရှင်ကျန်နေကြသေးတဲ့ အဖိုးအို၊ အဖွားအိုတွေက လူငယ်တွေကို အားရတယ်လို့ စကားသံတွေထွက်ပေါ်လာပါတယ်။
ပျဉ်မချောင်းရွာလေးမှာ အဖိုးရွှေနီမရှိတော့တာ ကြာပါပြီ။ သူရွာထဲကို မလာတော့တဲ့နောက်ပိုင်း ရွာသားတွေက တောနင်းရှာကြပါသေးတယ်။ သူ့ကိုတော့ မတွေ့ရတော့ပါဘူး။ သူနေထိုင်ခဲ့ဖူးတယ်လို့ ထင်ရတဲ့နေရာလေး နှစ်ခုသုံးခုလောက်မှာ ခြေရာလက်ရာတချို့ကိုတော့ တွေ့ခဲ့ကြပါတယ်။
သူရွာကိုမလာတာ ဘယ်လောက်ကြာသွားသလဲဆိုတာကိုတော့ ဘယ်သူကမှတိတိကျကျ မသိကြပါဘူး။ အဲ့ဒီခေတ်ကာလက လူတယောက်စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အခါ ကျန်းမာရေးပြန်ကောင်းလာဖို့ ကုသပေးရမယ်ဆိုတဲ့ အသိ၊ အမြင်မျိုးလဲ မရှိကြဘူးလို့ အဖိုးရွှေနီအကြောင်း ပြန်ပြောပြတဲ့သူတွေက ပြောပါတယ်။
ပျဉ်းမချောင်းရွာလေးက မြန်မာနိုင်ငံထဲက တခြားရွာတွေလိုပါပဲ။ ညမိုးချုပ်ရင် တိတ်ဆိတ်ငြိမ်သက်လို့နေပါတယ်။ စစ်တပ်အားသိမ်းတဲ့ကာလ တနိုင်ငံလုံးစစ်မီးပျံနှံ့နေတဲ့ကာလမျိုးမှာ နောက်တကြိမ် ရွာအနီးမှာ တိုက်ပွဲတွေရှိလာလေမလားဆိုတဲ့ စိုးရိမ်နေကြသူတွေလဲ ရှိကြပါတယ်။
နောက်တကြိမ် စစ်ဘေးဒဏ် မကြုံရနိုင်ဘူးလို့လည်း အာမခံချက် ဘယ်ရှိပါ့မလဲ။ အသက်ကြီးပိုင်းအဖိုး၊ အဖွားတချို့က ပျဉ်းမချောင်းရွာမှာ စစ်ဘေးဒဏ်သင့်လို့ ပြေးလွှားခဲ့ကြတဲ့အကြောင်းပြောကြရင် အဖိုးရွှေနီအကြောင်းတော့ ပြောနေကြပါသေးတယ်။
