
“တော်လှန်စားဖိုမှူးဘဝ အတွေ့အကြုံများ”

စစ်ပွဲတပွဲဖြစ်ခဲ့လျှင်…
နိုင်ငံရေးသမားများက ကျည်ဆန်ထုတ်ပေးလိမ့်မည်။
သူဌေးများက အစားအစာ ထောက်ပံ့ပေးလိမ့်မည်။
ဆင်းရဲသားများကတော့ သူတို့၏ သားသမီးများကို
စစ်မြေပြင်သို့ စေလွှတ်ရလိမ့်မည်။
စစ်ပွဲကြီး ပြီးသည့်အခါ…
နိင်ငံရေးသမားများက စစ်ပွဲတွင် ကျန်ခဲ့သည့် ကျည်ဆန်များ ပြန်ရမည်။ သူဌေးများက အစားအစာများ ပိုလျှံအောင်ပြန်ရမည်။
ဆင်းရဲသားများကတော့ သူတို့သားသမီးများ၏
အုတ်ဂူကို ပြန်ရှာနေပါလိမ့်မည်။
(ဆားဘီးယားစကားပုံ)
***
တော်လှန်စားဖိုမှူးဖြစ်သော ကျွန်ုပ်၏ဘဝတွင် တသက်တာလုံး စွဲထင်အောက်မေ့နေတော့မည့် အဖြစ်အပျက်များစွာ၊ တိုက်ဆိုင်မှုများစွာ ကြုံတွေ့ခဲ့ရပါသည်။ ထိုအဖြစ်အပျက်များကို ပြောပြချင်သည်။
မြိုင်မြို့နယ်သားဖြစ်သောကျွန်ုပ်သည် တော်လှန်ရေးအစပိုင်းတုန်းက ပေါက်မြို့နယ်မှ ရွာတစ်ရွာတွင် တော်လှန်စားဖိုမှူး အဖြစ် တာဝန်ယူခဲ့ပါသည်။ သက်လတ်ပိုင်း အရွယ်ကောင်းဖြစ်သော ကျွန်ုပ်သည် သေနတ်မလွယ်၊ သေနတ်မပစ်၊ တိုက်ပွဲမလိုက်ဘဲ စားဖိုမှူးတာဝန်ကိုသာ ယူရခြင်းမှာ ကျွန်ုပ်သည် အကြားအာရုံ ချွတ်ယွင်းသူတစ်ယောက် ဖြစ်သောကြောင့်ပင်။
ကျွန်ုပ်သည်ကား အကြားအာရုံ ချွတ်ယွင်းသော်လည်း ပညာရေးတွင် ထွန်းပေါက်ခဲ့သဖြင့် ဘွဲ့တစ်ခုကို ရရှိခဲ့သည်။ ထိုဘွဲ့ကြောင့် အစိုးရ ဝန်ထမ်းလည်း ဖြစ်ခဲ့သည်။
ဝန်ထမ်းဖြစ်ရာဌာနကား ကျွန်ုပ်တို့ရွာနှင့် နီးစပ်သော တောတွင်းတနေရာမှ စက်ရုံကြီးတွင် ဖြစ်လေသည်။
(1.2.2021) နေ့တွင် မင်းအောင်လှိုင်က အာဏာသိမ်းလိုက်သောအခါ ကျွန်ုပ်သည် CDM ဝင်ခဲ့သည်။ ကျွန်ုပ်တို့ရွာနှင့် ကျွန်ုပ် CDMလုပ်ရာဌာနမှာ နီးစပ်လွန်းသဖြင့် အချိန်မရွေး ကျွန်ုပ်အပေါ် အန္တရာယ် ကျရောက်နိုင်သည်ကို တွေးမိကာ ကျွန်ုပ်သည် မန္တလေးမြို့သို့ တိမ်းရှောင်ခဲ့ရသည်။
မန္တလေးမြို့၌ တစ်နှစ်မပြည့်ခင်အတွင်း ကျွန်ုပ်သည် တော်လှန်ရေး တပ်ဖွဲ့တစ်ခုထံတွင် တော်လှန်စားဖိုမှူး လုပ်ချင်သောကြောင့် မိဘများနှင့် ဆွေမျိုးသားချင်းများက တားမြစ်သည့်ကြားက ခိုးထွက်ပြေးခဲ့ပါသည်။
ကျွန်ုပ် တော်လှန်စားဖိုမှူး အဖြစ် ထမ်းဆောင်မည့်နေရာကား အဘယ်နေရာမှန်း ကျွန်ုပ်မသိခဲ့သေးပေ။ ထိုအဖွဲ့တွင် ကျွန်ုပ်၏ အစ်ကိုဝမ်းကွဲတစ်ယောက်မှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဆိုသည်ကို သိထားသည်။
အစ်ကိုဝမ်းကွဲ၏အဖွဲ့တွင် နေချင်သည့်အကြောင်း အစ်ကိုဝမ်းကွဲအား ခွင့်တောင်းလျှင် ခွင့်ပြုမည်မဟုတ်မှန်း ကျွန်ုပ် သိပါသည်။ အဘယ်ကြောင့်မူ ကျွန်ုပ်သည် အကြားအာရုံ ချွတ်ယွင်းနေသောကြောင့် အစ်ကိုဝမ်းကွဲက စိတ်ပူစွာနှင့် ခေါ်ဆောင်မည်မဟုတ်ပေ။
သို့သော်လည်း ကျွန်ုပ်သည် ဂရုမစိုက်ပေ။ တော်လှန်စားဖိုမှူးလုပ်မည်ဟု ယတိပြတ်သန္နိဋ္ဌာန် ချထားသောကြောင့် ခိုးထွက်ဖြစ်အောင် ခိုးထွက်ခဲ့ရာ အစ်ကိုဝမ်းကွဲသည် နောက်ဆုံးမတတ်သာသည့်အဆုံးတွင် ကျွန်ုပ်အား လာကြိုခဲ့ရပါသည်။
အစ်ကိုဝမ်းကွဲက ဆိုင်ကယ်နှင့် လာကြိုရာကစပြီး ကျွန်ုပ်၏ဘဝတွင် လုံးဝပင် မထင်မှတ်ရသော တိုက်ဆိုင်မှုများစွာကို ကြုံခဲ့ရပါသည်။ ထိုတိုက်ဆိုင်မှုများမှာ ကျွန်ုပ်ကိုယ်တိုင် လုပ်ကြံဖန်တီးပြီး ရေးထားခြင်း မဟုတ်ရပါ။
ကျွန်ုပ် နေထိုင်မည့် ဋ္ဌာနေသို့ အသွားလမ်းကစပြီး တိုက်ဆိုင်မှုများကို စတင် ကြုံတွေ့ရခြင်း ဖြစ်သည်။
ကျွန်ုပ်သည် အစ်ကိုဝမ်းကွဲ ဘယ်မြို့နယ်၊ ဘယ်ရွာတွင် နေထိုင်သည်ကို သိမထားပါ။ အစ်ကိုဝမ်းကွဲကိုလည်း မေးမထား။ အဘယ်ကြောင့် မမေးရသလဲဆိုလျှင် တော်လှန်ရေးကာလတွင် သိထားခြင်း များပါက အသက် အန္တရာယ်ရှိသောကြောင့်ပင်။ စုံစမ်းမေးမြန်း စပ်စုလွန်းလျှင်လည်း သူလျှိုသတင်းပေးဟု စွပ်စွဲခံရနိုင်တတ်သည်။
အစ်ကိုဝမ်းကွဲကလည်း မေးလျှင် ဖြေမည်မဟုတ်။ အစ်ကိုဝမ်းကွဲက ပအဖ ခေါင်းဆောင် ဖြစ်သောကြောင့် သိုသိုသိပ်သိပ် နေသည်။ နှုတ်လုံလုံ နေသည်။
သူ၏ ညီဝမ်းကွဲဖြစ်သည့် ကျွန်ုပ်က စာရေးသူမှန်း သိသောကြောင့် သူ့အကြောင်းများကို ရေးမည်စိုးသဖြင့် မရေးဖို့ ကြိုပြောထားသေးသည်။
သူ့အတွက် အန္တရာယ် များသည်တဲ့။ ရေးချင်လျှင် တော်လှန်ရေး ပြီးမှသာ ရေးပါတဲ့။
သည်စာမူကိုပင် အစ်ကိုဝမ်းကွဲ သိလျှင် ကြိုက်မည်မဟုတ်။ အစ်ကိုဝမ်းကွဲ ကြိုက်မည်မဟုတ်မှန်း သိသည့်ကြားကကို ရေးဖြစ်ရသည့်အကြောင်းမှာ တော်လှန်ရေး ပြီးမှ ရေးပါဟုပြောသော အစ်ကိုဝမ်းကွဲ၏ စကားကို သဘောမကျသောကြောင့်ပင်။ (ရေးပင်ရေးသော်ငြား အစ်ကိုဝမ်းကွဲ သိလိမ့်မည်မဟုတ်ပေ။ ဤကလောင်သည် အစ်ကိုဝမ်းကွဲ သိထားသောကလောင်မဟုတ်ပေ။)
သဘောမကျရသည့်အကြောင်းကား တော်လှန်ရေးကို ကိုယ်နှင့်မဆိုင်သလို နေစိမ့်နိုင်လွန်းလှသော အမျိုးသားစာပေဆုရှင်များ အပါအဝင် ဆရာ့ဆရာကြီးများအား အွန်လိုင်းပေါ်တွင် ဝေဖန်မှုများ ရှိသောကြောင့်ပင်။
စာပေနှင့် တော်လှန်သင့်သည့်အချိန်မှာ မတော်လှန်ဘဲ တော်လှန်ရေး ပြီးဆုံးသွားသည့်အခါ စာကြီးပေကြီးတွေနှင့် သူတို့ဘယ်လိုတော်လှန်ခဲ့ကြောင်း တဖွဲ့တနွဲ့ရေးလာကြလိမ့်မည်၊ စင်မြင့်ထက်ပေါ်တွင် သူတို့ ဘယ်လို ပုန်ကန်ခဲ့ကြောင်း အာပေါင်အာရင်းသန်သန် တော်လှန်ကြလိမ့်မည် ဆိုသော ဝေဖန်သံများ ပျံ့နှံ့နေသောကြောင့် ဖြစ်သည်။
ထိုသို့သော စာရေးဆရာမျိုးထဲတွင် ကျွန်ုပ် အပါမခံနိုင်ပေ။ ရုပ်ရှင်သမားဟာ ရုပ်ရှင်နှင့် တော်လှန်သင့်၊ အဆိုတော်ဟာ အဆိုနှင့် တော်လှန်သင့်ပြီး စာရေးဆရာဟာ စာပေနှင့် တော်လှန်သင့်သည်ဟု ကျွန်ုပ် ခံယူထားသောကြောင့် ဖြစ်သည်။
အစ်ကိုဝမ်းကွဲက ဆိုင်ကယ်ကို မြိုင်နယ်အစပ်ကနေ ပေါက်နယ်အစပ်ဆီသို့ မောင်းသောကြောင့် ပေါက်နယ်ဘက်သို့ သွားလိမ့်မည်ဟု ကျွန်ုပ် တပ်အပ်သိလိုက်သည်။ တပ်အပ်သိရခြင်းမှာ ထိုနေရာကို ကျွန်ုပ် ရောက်ဖူးသောကြောင့်နှင့် ထိုနေရာတွင် ရင်နင့်ဖွယ် ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်ပွားထားသောကြောင့်ပင်။
အဘယ်သို့သော ဖြစ်ရပ်ဆိုးလဲဆိုလျှင် ပေါက်နယ်ရွာတစ်ရွာမှ PDF ခုနှစ်ဦးသည် ဆိုင်ကယ်ကိုယ်စီဖြင့် နယ်မြေခရီးထွက်လာခဲ့ကြရာ ကင်းပုန်းဝပ်နေသော စစ်သားများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ကြရသဖြင့် ငါးဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ကြရပြီး နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သော ဖြစ်ရပ်ဆိုးပင်။ ထိုသတင်းသည် ဖေ့ဘုတ်တခွင် ပျံ့နှံ့ခဲ့သည်။
ထိုသတင်းကြားသည့်နေ့က ကျွန်ုပ်သည် ရင်နာလွန်းလှသဖြင့် အလုပ်ပင် မလုပ်နိုင်ခဲ့ပေ။
လွတ်မြောက်ခဲ့သူ နှစ်ဦး၏ နေရာမှာလည်း ကျွန်ုပ် ထိထိရှရှ ခံစားခဲ့ရသည်။
သူတို့နှစ်ဦးသည် အသက်ဘေးမှ သီသီလေး လွတ်မြောက်ခဲ့သူများဆိုပြီး သူတို့နှစ်ဦးအကြောင်း ကဗျာရေးချင်စိတ် ပြင်းပြခဲ့သည်။ သူတို့နှစ်ဦးသည် ထိုအဖြစ်အပျက်ကြောင့် နဂိုထက် ပိုမိုရင်းနှီးခင်မင်သွားကြလိမ့်မည်ဟု ကျွန်ုပ်တွေးနေမိသည်။ သည့်ကြောင့် ထာဝရသူငယ်ချင်းဟု ခေါင်းစဥ်တပ်သည်။ တစ်နှစ်ကျော်မှသာ ရေးဖြစ်ခဲ့သည်။ နွေဦးအောင်လံ ဥဒါန်းမာန် မဂ္ဂဇင်းတွင် ဖော်ပြခံရသည်။
ထိုနေရာတွင် ထိုPDFတို့ မောင်းနှင်လာခဲ့သော ဆိုင်ကယ်များကို စစ်သားများက မီးရှို့ထားသည်ကို တွေ့ခဲ့ရသည်။ ထို အဖြစ်ဆိုး ကြုံခဲ့သည့် နေရာက သည်နေရာပါလားဆိုပြီး ကျွန်ုပ်သည် ကျောချမ်းကာ သမင်လည်ပြန် လှည့်ကြည့်နေခဲ့မိသည်။
အစ်ကိုဝမ်းကွဲက ရွာများစွာ ဖြတ်မောင်းသွားသည်။ တစ်ရွာရောက်တိုင်း PDFဂိတ်တွေရှိသည်။ ဂိတ်တိုင်းအတွက် ကျွန်ုပ်သည် လူစိမ်းဖြစ်နေသော်လည်း ကျွန်ုပ်တွင် ကြောက်စိတ်မရှိ။ အစ်ကိုဝမ်းကွဲ ပါလို့မဟုတ်။ ကျွန်ုပ်သည် CDM ဖြစ်သောကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။
ရွာများစွာ ဖြတ်လာရသည့်အခါ ကျွန်ုပ်တို့ဒေသတွင် မပေါက်ရောက်သော ပျဥ်းကတိုးသစ်ပင်များ ပေါက်ရောက်ရာ တောများဆီသို့ ရောက်လာခဲ့သည်။ ထိုတောသည် ကျွန်ုပ်နေထိုင်မည့် တပ်၏ ရွာပိုင်ဖြစ်သည်။
ဆိုင်ကယ်နှင့် နှစ်နာရီနီးပါး မောင်းရသည်။ ထူးဆန်းစွာပင် ထိုနေရာကို ကျွန်ုပ် ရောက်ဖူးသလို ခံစားရသည်။ သစ်ပင်များစွာ ပေါက်ရောက်နေပုံနှင့် တောတောင် မြေအနေအထားတို့မှာ ကျွန်ုပ်စိတ်ထဲ ရောက်ဖူးသလိုလို၊ ရင်းနှီးနေသလိုလို ခံစားရသည်။
တကယ်တော့ ထိုရွာကို ကျွန်ုပ် ငယ်စဥ်က တစ်ကြိမ်ရောက်ဖူးခဲ့ပါသည်။ ထူးဆန်းစွာပင် ကျွန်ုပ် တော်လှန်စားဖိုမှူးအဖြစ် တစ်နှစ်ဝန်းကျင် တာဝန်ထမ်းဆောင်ခဲ့သော ထိုရွာသို့ ငယ်စဥ်က ရောက်ဖူးခဲ့သည်ကို ထိုတစ်နှစ်ဝန်းကျင်အတွင်း လုံးဝ မသိခဲ့ဘဲ ကျွန်ုပ် တခြားတပ်ဖွဲ့တစ်ခုဆီသို့ ရွှေ့ပြောင်းသည့် နေ့မှပဲ သိခဲ့ရခြင်းပင်။ (ထိုအကြောင်းကို နောက်ပိုင်းမှသာ ပြည့်စုံစွာ ဖော်ပြပါမည်။)
ထိုရွာသို့ ရောက်တော့ ရွာထဲမှာ တိတ်ဆိတ်နေသည်။ လူ မနေသလိုလို ခြောက်ကပ်နေသည်။ ရွာအပြင်ရောက်သည့်အခါမှ လူသွားလူလာ တွေ့ရသည်။ ရွာနှင့် အတော်လှမ်းသည့် ယာမြေတွေထဲတွင် ထန်းလက်မိုး ထန်းလက်ကာ တဲအိမ်ငယ်လေးတွေကို တွေ့ရသည်။
ဪ လက်စသတ်တော့ တစ်ရွာလုံးဟာ လေကြောင်းရန်ကိုကြောက်လို့ မိမိပိုင်ယာမြေနှင့် ဆွေမျိုးသားချင်းတို့၏ ယာမြေများပေါ်တွင် တဲဆောက်ပြီး နေထိုင်ကြမှန်း သိလိုက်ရသည်။
ထိုရွာကို ဖြတ်ပြီး ထိုရွာ၏တပ်ဖွဲ့ဆီသို့ ရောက်မှသာ ထိုရွာ၏အမည်ကို ကျွန်ုပ် မေးသင့်လို့၊ သိထားသင့်လို့ မေးရသည်။ ကန်ရွာ(ရွာအမည် လွှဲထား)ဟူ၍ သိရသည်။
ကန်ရွာသို့ ရောက်သည့်အခါ ကျွန်ုပ် မန္တလေးက ထွက်လာဖို့အတွက် အိုးဝေခေါ်ပေး၊ လက်မှတ်ဖြတ်ပေးနှင့် ကူညီပေးခဲ့သောသူငယ်ချင်းကို ကန်ရွာ သို့ ချောချောမောမော ရောက်ပြီဖြစ်သည့်အကြောင်း ပြောပြသည်။
သည်တော့မှ သူငယ်ချင်းက ကန်ရွာသည် ခုနက ဖော်ပြခဲ့သော ရက်ရက်စက်စက် သတ်ဖြတ်ခံရသည့် PDF ငါးဦး၏ ရွာဖြစ်သည့်အကြောင်း ပြောပြသည်။
နောက်များ ဆက်ပြီး သိခဲ့ရသည်များမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သူထဲတွင် တစ်ဦးမှာ ကျွန်ုပ်တို့ အဖွဲ့၏ ပကဖ ခေါင်းဆောင်ဖြစ်နေသည်။ သူ့ကို မြင်စက အလွန်ယောကျ်ားပီသပြီး ရဲစွမ်းသတ္တိနှင့် ပြည့်စုံလှသည်ဟု မှတ်ချက်ပြုခဲ့သည်။ ခေါင်းဆောင်သည် ကျွန်ုပ်အပေါ်တွင်လည်း အလွန်နွေးနွေးထွေးထွေး ဆက်ဆံသည်။ လက်အောက်ငယ်သားများအပေါ် ရင်ဝယ်သားကဲ့သို့ ဆက်ဆံသည်။
သူ့အား လေးစားသည့်အနေနှင့် ကျွန်ုပ် အလွန်ရေးချင်နေခဲ့သော နွေဦးအောင်လံ ဥဒါန်းမာန် မဂ္ဂဇင်းတွင် ဖော်ပြခံရသည့် ကဗျာကို ရေးဖြစ်ခဲ့ပါသည်။ ထိုကဗျာ ရွေးချယ်ခံရပြီး ယခုအချိန်အထိ နှစ်နှစ်နီးပါး ကြာမြင့်ခဲ့သော်လည်း သူ မသိသေးပေ။ ကျွန်ုပ်ကလည်း မပြောပြချင်။
အစ်ကိုဝမ်းကွဲက ခြောက်ဆယ်ဝန်းကျင်ရှိပြီမို့ ကန်ရွာမှ လူကြီးပိုင်းတွေနှင့် ရင်းနှီးသည်။ စကားတွေပြောကြရင်း ကျွန်ုပ်အကြောင်း ပါလာကြသည်ထင်ပါသည်။ လူကြီးတွေက ကျွန်ုပ်ကို မေးလာကြသည်။
မင်းက ဦးဘယ်သူရဲ့ သားဆို ဟုတ်လား ဟု။ ကျွန်ုပ်ကလည်း ဟုတ်တယ် ဟု ဖြေရာ လူကြီးတွေက ဆက်ပြီး ပြောလာကြသည်။ ကျုပ်တို့နဲ့ အမျိုးတွေ တော်တယ်ကွဲ့ တဲ့။
ထိုသို့ကြားရသည့်အခါ ကျွန်ုပ် အလွန်ဝမ်းသာသွားရသည်။ မင်းအမေနဲ့ ငါ့မိဘနဲ့ ဘယ်လိုတော်တယ်၊ မင်းအဖေနဲ့ ငါ့မိဘက ညာလိုတော်တယ် စသဖြင့် ရှင်းပြကြသည်။
ကျွန်ုပ်သည် ရပ်ဝေးတနေရာမှာ ဆွေမျိုးတွေနှင့် ရေစက်ဆုံရလိမ့်မည်ဟု လုံးဝ မထင်မှတ်ခဲ့စဖူး။ တိုက်ဆိုင်လွန်းလှချည့်ဟု တွေးနေမိသည်။
ပိုပြီးတိုက်ဆိုင်ရသည်ကား ကျွန်ုပ်တို့နေထိုင်သည့် တပ်၏မြေနေရာသည် ဦးလေးတော်စပ်သူ၏ မြေနေရာဖြစ်နေသည်။ ကျွန်ုပ်သည် ဦးလေးတော်စပ်သူ၏ မြေနေရာမှာ နေရသည့်အတွက် ဘယ်လိုစိတ်ချမ်းသာသည်မသိ။
အားနာမှုမရှိ လွတ်လပ်သည်ဟု ခံစားရသည်။ ဦးလေးတို့ကလည်း ထိုမြေပေါ်မှာ တောင်သူလည်း လုပ်ကြသေးတော့ နေ့စဥ်လိုလို စကားတွေ ဖောင်ဖွဲ့နေအောင် ပြောရသည်။
ကျွန်ုပ်တို့တပ်သို့ တဲဆောက် ထင်းခွေလုပ်အားပေးအဖြစ် ရွာသူရွာသားများ ရောက်လာကြရာ ကျွန်ုပ်ကို မမြင်ဖူးသဖြင့် ဘယ်ကလဲ မေးကြသည်။ ကျွန်ုပ်က ရွာအမည်ကို ဖြေသည်။ ဒါဖြင့် ဘယ်သူ့သားလဲဟု ဆက်မေးကြရာ ကျွန်ုပ်အဖေကို သိကြသူချည်း ဖြစ်နေသည်။ ဆွေမျိုးတော်စပ်နေကြသူချည်း ဖြစ်နေသည်။
ကျွန်ုပ်သည် သည်ရွာကို ကြားပင်မကြားဖူး၊ ရှိမှန်းပင်မသိဘဲ တကယ်ရောက်လာသည့်အခါ ဆွေမျိုးတွေ တပုံတပင်ကြီး ဖြစ်နေသည်ကို အံ့သြမဆုံးဖြစ်ရသည်။
ပိုပြီး အံ့သြဖွယ်ကောင်းသည့်အရာကို
ပြောရမည်ဆိုလျှင် ကျွန်ုပ်သာ ဆွေမျိုးတွေရှိနေသည် အစ်ကိုဝမ်းကွဲမှာ ဆွေမျိုး တစ်ဦးတလေပင် မရှိဟု သိရသည်။
အဘယ်ကြောင့်ဆိုလျှင် အကိုဝမ်းသည် ကျွန်ုပ်၏ အဖေဘက်ကတော်သည်။ အဖေ၏ အဖေ၊ ကျွန်ုပ်၏ အဖိုးသည် ဇနီးနှစ်ယောက်ရှိသည်။ အစ်ကိုဝမ်းကွဲ၏ အမေသည် ကျွန်ုပ်၏ အဖေနှင့် အဖေတူ အမေကွဲ မောင်နှမ အရင်းဖြစ်သည်။ ကန်ရွာမှ ဆွေမျိုးများသည် အဖေ့အမေ၊ ကျွန်ုပ်၏ အဖွားဘက်က ဆွေမျိုးများဖြစ်သည်။ ပြီးနောက် ကျွန်ုပ်၏ အမေဘက်မှ ဆွေမျိုးများဖြစ်နေသည်။ သည့်ကြောင့်ပင်။
ကျွန်ုပ် ကန်ရွာတပ်ဖွဲ့တွင် တော်လှန်စားဖိုမှူး အဖြစ် တစ်နှစ် တာဝန်ထမ်းဆောင်ပြီးသည့်အခါ ကျွန်ုပ်တို့၏ ရွာတပ်ဖွဲ့မှ ခေါင်းဆောင်က ကျွန်ုပ်အား ကိုယ့်ရွာအဖွဲ့ထံတွင် ပြောင်းရွှေ့ခဲ့ပါရန် လှမ်းခေါ်သည်။ လှမ်းခေါ်တော့ အစ်ကိုဝမ်းကွဲကပဲ လိုက်ပို့သည်။
လမ်းကြုံတုန်း သူ့အမေ့အိမ် ခဏဝင်သည်။(အစ်ကိုဝမ်းကွဲက ကျွန်ုပ်တို့ရွာ၏ ဘေးက ရွာက၊ မြိုင်မြို့နယ်) သည်တော့ ကျွန်ုပ်အဖေနှင့် အဖေတူ အမေကွဲအစ်မအရင်း၊ ကျွန်ုပ်၏ အရီးကို ကျွန်ုပ်က ပြောလိုက်သည်။ အရီးရေ ကျုပ်တော့ အဲ့ရွာကို ရှိမှန်းတောင် မသိဘူး၊ ရောက်မယ့်ရောက်တော့လည်း ဆွေမျိုးတွေက တပုံကြီး ဟု။
သည်တော့ အရီးကလည်း ပြန်ပြောသည်။ ဟုတ်ပါ့တော်၊ ဖုတ်ရွာမှာ(ရွာအမည်လွှဲထား) ကိုယ့်အမေ့ဘက်က အမျိုးတွေနဲ့ ကိုယ့်အမေကြီးရဲ့ အမျိုးတွေချည်းပဲတော်၊ ကျုပ်တို့တော့ ဆွေမျိုး တယောက်တောင် မရှိပါဘူး ဟု။ အရီးပြောတာ ကြားလိုက်ရတော့ ကျွန်ုပ်သည် အလွန်အမင်း အံ့သြသွားရပါသည်။
ဟင် ကန်ရွာက ဖုတ်ရွာလား ဟု မေးလိုက်ရသည်။ ဟုတ်တယ်လေ တဲ့။ အရီးအဖြေကို ကြားတော့ ကျွန်ုပ် မင်သက်လို့ မဆုံး။ ဒါဖြင့် ဒါဖြင့်။ ကျွန်ုပ် အဲ့သည် ဖုတ်ရွာတဖြစ်လဲ ကန်ရွာကို ငယ်ငယ်က ရောက်ဖူးခဲ့သည်ပဲ။ အမေကလည်း ဖုတ်ရွာမှာ ဘာ၊ ဖုတ်ရွာမှာ ညာ ဟု ခဏခဏ ပြောနေသံ ကြားဖူးသည်။ ဖုတ်ရွာမှာ အမေ့အဖေ၊ ကျွန်ုပ် အဖိုး၏ ဆွေးမျိုးသားချင်းတွေ ရှိသည်ပဲ၊ ပြောမည်ပေါ့။
ဪ လက်စသတ်တော့ ကန်ရွာသို့ ရောက်စက မြေအနေအထားနှင့် သစ်ပင်များကို ကြည့်ပြီး ရောက်ဖူးသလို၊ မြင်ဖူးသလိုလို ခံစားရခြင်းမှာ တကယ် ရောက်ဖူးနေခဲ့သောကြောင့်ပဲ။ ကန်ရွာသူရွာသားတွေက အရင်က သည်ရွာ၏ အမည်မှာ ဖုတ်ရွာဖြစ်သည့်အကြောင်း မပြောကြသောကြောင့် ကျွန်ုပ် ရောက်ဖူးသည်ကို မမှတ်မိရခြင်း ဖြစ်သည်။ ရွာအမည်က မလှပသဖြင့် ကန်ရွာဟု ပြောင်းလဲ ထားကြခြင်း ဖြစ်နိုင်ပါသည်။
ကန်ရွာသို့ ကျွန်ုပ် ငယ်ငယ်က ရောက်ဖူးခဲ့ရခြင်းမှာ ကျွန်ုပ်၏ အဖေက မဏ္ဍပ်အလှဆင်လုပ်ငန်းကို လုပ်သောကြောင့်ပင်။
ကျွန်ုပ်ငယ်ငယ် ဟိုးအရင်က ကန်ရွာသို့ ကျွန်ုပ်၏ အမေနှင့်အတူ မဏ္ဍပ်တွေ လှည်းပေါ်တင်ပြီး ကျွန်ုပ် ရောက်ဖူးသည်ဟု ထင်ရသော နေရာသို့ ဖြတ်သွားခဲ့ဖူးပါသည်။(အဖေက စက်ဘီးနှင့် သွားပါသည်။)
မြေအနေအထားနှင့် သစ်ပင်များမှာ ကျွန်ုပ်တို့ရွာ၏ အနေအထားနှင့် မတူသောကြောင့် ထူးဆန်းပြီး စိတ်ထဲစွဲနေရခြင်း ဖြစ်သည်။ (ထိုနေရာလေးနှင့် ပတ်သက်ပြီး ဝန်ခံစရာလေးတခု ပြောပြချင်ပါသေးသည်။
2022 ခုနှစ်တုန်းက NUG အစိုးရက ဒီဇင်ဘာနှစ်ရက်နေ့တွင် ကျရောက်သော မသန်စွမ်းသူများ အထိမ်းအမှတ်အဖြစ် ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ပန်းချီ၊ ကာတွန်း စသဖြင့် မသန်စွမ်းသူများသာ ပြိုင်ရသည့် ပြိုင်ပွဲကို ကျင်းပခဲ့သည်။မသန်စွမ်းသူများလည်း တော်လှန်ရေးတွင် ပါဝင်နေသည်ကို အသိအမှတ်ပြုလိုသောကြောင့် ကျင်းပပေးခြင်းဖြစ်သည်။
နွေဦးမီးလျှံငှက်များ အမည်ဖြင့် စာအုပ်ထွက်သည်။ အကြားအာရုံ ချွတ်ယွင်းသော ကျွန်ုပ်လည်း ပါဝင်ယှဥ်ပြိုင်ခဲ့ရာ ဆောင်းပါး ပထမဆုနှင့် ဝတ္ထုတို နှစ်သိမ့်ဆု(၁) ရရှိခဲ့သည်။(ကလောင်ခွဲနှင့်) ဝတ္ထုထဲတွင် ”မှောင်ကြီးမည်းမည်း လမသာ ကြယ်အလင်းရောင်ဖြင့် ဖြတ်ခဲ့ရသည်လည်းရှိသည်။(မဏ္ဍပ်လှည်းနှင့် ဖြတ်ခြင်းဖြစ်သည်။) အမေက ”ကြောက်ရင် သီချင်းဆိုလေ။ သီချင်းဆိုရင် တစ္ဆေမခြောက်ဘူး” ဟု ဆိုသဖြင့် မောင်မြင့် ကလေးပီပီ ရရာ သီချင်းလေးတွေ ညည်းတတ်ခဲ့သည်။” ဟူသော စာသားကို ရေးဖွဲ့ထားသည်။
ဝတ္ထုထဲမှာ ညအချိန်ကိုသာ ရေးဖွဲ့ထားသော်လည်း ထိုစာသားရေးစဥ်က စိတ်ထဲတွင် ကန်ရွာ၏ ထိုမြေနေရာအနေအထားကို စိတ်ထဲ ပြေးမြင်နေခဲ့ပါသည်။)
ဆိုင်ကယ်နှင့်ပင် နှစ်နာရီသွားရသော ကန်ရွာသို့ လှည်းနှင့်သွားလျှင် ဘယ်လောက် ဝေးလံသည်ကို မှန်းဆနိုင်ပါသည်။ ထိုရွာသည် ဝေးသောကြောင့် နောက်နောင် မဏ္ဍပ်အလှဆင် မငှားတော့တာ ဖြစ်နိုင်ပါသည်။ မဏ္ဍပ်အလှဆင်လုပ်ငန်းရှင်များလည်း ပေါလာသေးသည်ပဲ။
ထို့ကြောင့်ပဲ ကျွန်ုပ်သည် ကန်ရွာတွင် တစ်နှစ်နေခဲ့သည့်အတောအတွင်း ငယ်ငယ်က ရောက်ဖူးသည်ကို လုံးဝမသိဘဲ ပြန်သည့်နေ့မှပဲ သိရခြင်းဖြစ်သည်ဟု အထက်မှာ ဖော်ပြခဲ့ခြင်း ဖြစ်သည်။
ထိုအဖြစ်အပျက်များမှာ ကျွန်ုပ်၏ တော်လှန်စားဖိုမှူး ဘဝတွင် မေ့မရနိုင်သော အမှတ်ရစရာ တိုက်ဆိုင်မှုများ ဖြစ်သည်။ ထို့ထက်ပိုပြီး မေ့မရနိုင်သော အဖြစ်အပျက် တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။ ထိုအဖြစ်အပျက်က ရင်နာစရာ ကောင်းပါသည်။
ထို အဖြစ်အပျက်မှာ ကျွန်ုပ်သည် ကန်ရွာတပ်မှ ကျွန်ုပ်တို့ရွာတပ်သို့ ပြောင်းရွှေ့လာခါမှ ကြုံရခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ရွာတပ်သည် ရွာအနားတွင် မနေနိုင်ကြသေးပေ။ အထက်မှာ ပြောခဲ့သည့်အတိုင်း ကျွန်ုပ်တို့ရွာသည် ကျွန်ုပ် CDM လုပ်ရာ ဌာနကြီးနှင့် နီးစပ်လွန်းသောကြောင့် ဖြစ်သည်။
ကျွန်ုပ်တို့ရွာတပ်သည် တပ်သီးသန့် မဖွဲ့နိုင်သဖြင့် တခြားရွာမှတပ်များနှင့် ပူးပေါင်းဖွဲ့စည်းထားသည်။ ထိုအဖွဲ့မှာ လေးရွာ ပေါင်းထားသည်။နယ်မြေအတော်အသင့် စိုးမိုးနိုင်သည့်အခါ ကျန်သုံးရွာက မိမိတို့ရွာတွင် တပ်စွဲနိုင်သဖြင့် ခွဲထွက်သွားကြတော့သည်။
သူတို့ရွာများသည် ကျွန်ုပ် CDM လုပ်ရာ ဌာနနှင့် ဝေးသောကြောင့် ဖြစ်သည်။ ထိုဌာနမှာ မင်းအောင်လှိုင်၏ လက်ပါးစေများက မသကာ ရွာများကို ဒုက္ခပေးရန် ထွက်လာမည်ထား ကျွန်ုပ်တို့ရွာကို အလျင်ဆုံး ဖြတ်ရမည် ဖြစ်သဖြင့် ကျွန်ုပ်တို့ရွာလောက် အန္တရာယ်နှင့် မနီးစပ်ကြပေ။
ရိက္ခာကုန်လို့ ခိုးဝှက်လုယက်ချင်ကြလျှင် ကျွန်ုပ်တို့ရွာလေးဆီသို့သာ အလျင်ဆုံး လာကြသည်။ ထို့ကြောင့်သာ မိမိပိုင်ရွာမှာ တပ်စွဲနိုင်ကြခြင်းဖြစ်သည်။
ကျွန်ုပ်တို့ရွာသည်သာ မိမိပိုင်ရွာမှာ တပ်မစွဲနိုင်သေးပေ။ မိမိပိုင်ရွာမှာသာ တပ်စွဲလျှင် ကျွန်ုပ်စီဒီအမ်လုပ်ရာ ဌာနမှ မင်းအောင်လှိုင်၏ လက်ပါးစေများက အချိန်မရွေး ဒုက္ခပေးနိုင်သလို ရွာလေးကိုပါ ဖျက်ဆီးပစ်နိုင်သည်။ ရွာမှာက သူလျှိုတွေ ပေါပါဘိသနှင့်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတုန်းက NLD ပါတီကို မဲ မပေးသည့် မဲအရေအတွက်က တစ်ရာနီးပါး ရှိခဲ့သေးသည်ကိုး။ ရွာမှာ နေရသည်က ကန်ရွာမှာ နေရသည်လောက် မလွတ်လပ်။
ကန်ရွာမှာတုန်းက တောထဲတွင် ကျွန်ုပ်ကို မမြင်ဖူးသေးသူတွေက ဘာမှ မဖြစ်သလို နေကြသည်။ ထိတ်လန့်မနေကြ။
ရွာမှာဆိုလျှင် လူစိမ်းမြင်လျှင် လန့်နေရသည်။ ဟိုလူက ဘယ်ဘက် ဘာနဲ့ ထွက်သွားသည်၊ ဒီလူက ဒီဘက် ညာနှင့် ထွက်လာသည် စသဖြင့် မြင်လျှင် မင်းအောင်လှိုင်၏ လက်ပါးစေတွေဆီ လှမ်းပြီး ဒလန်လုပ်မည့်သူတွေချည်း။
ဆက်ပါစို့။ ကျွန်ုပ် တပ်သစ်သို့ ရောက်သည့်အခါ တခြားသုံးရွာမှ တပ်သားများမရှိတော့သဖြင့် သူတို့နှင့် ခင်မင်ခွင့် မရတော့ပေ။ တပ်ဖွဲ့ဝင်များစွာ မည်သို့ အတိတ်ကိုယ်စီ ဖြစ်ခဲ့ကြသည်ကိုလည်း သိခွင့်မရခဲ့။
ကိုယ့်ရွာသားများသာ ကျန်တော့သည်။ သည့်ကြောင့် ကိုယ့်ရွာသားများချည်း စုပြီး တပ်သစ်ဖွဲ့ရန်အတွက် ခေါင်းဆောင်က ခေါ်ခြင်းဖြစ်သည်။ ကျွန်ုပ်သည် စားဖိုမှူးတာဝန်ကိုသာ ယူသည်။
ကျွန်ုပ်တို့တပ်၏ မြေနေရာသည် ကန်ရွာကဲ့သို့ ရေမပေါ။ ဆောင်းမကုန်ခင်ကတည်းက ရေခမ်းခြောက်ကုန်ပြီ။
ရေကို ရေသယ်ကားကြီးဖြင့် ဝယ်သုံးရသည်။ ကန်ရွာမှာဆို ရေပေါသည်။ စမ်းချောင်းပင် ရှိသည်။ ကျေးငှက်သာရကာ စုံသည်။
ကျွန်ုပ်တစ်သက်တွင် မေ့မရနိုင်သော အဖြစ်အပျက်မှာ ရေရှားရာက စ,ပါသည်။
တစ်နေ့တွင် ကျွန်ုပ်သည် ချိုးစရာ ရေမရှိသဖြင့် သည်တပ်ဖွဲ့ကနေ ခွဲထွက်သွားသောတပ်ဖွဲ့၏ ရွာ၏တပ်ဖွဲ့တွင် အဖော်နှင့်အတူ ရေချိုးရန် ထွက်လာခဲ့သည်။ ရေမှာ တယောက်ချင်း ချိုးရသည့် နေရာဖြစ်သဖြင့် ကျွန်ုပ်က အရင်ချိုးပြီး အဖော်ချိုးအပြီးကို ထိုင်စောင့်နေခဲ့ပါသည်။ ကျွန်ုပ်၏ ဘေးတွင် ထိုတပ်မှ တပ်ဖွဲ့ဝင် သုံးယောက်ရှိနေသည်။ နှစ်ယောက်သည် ကျွန်ုပ်တို့ရွာတပ်သို့ ကျွန်ုပ်ရှိတုန်း ရောက်ဖူးသဖြင့် ရင်းနှီးသည်။ သူတို့နှင့် စကားပြောနေမိသည်။ ကျန်တစ်ယောက်ကိုတော့ ကျွန်ုပ် မမြင်ဖူး။ ထိုသူကလည်း ကျွန်ုပ်ကို ပထမဆုံး မြင်ဖူးဟန် ရှိသည်။
ကျွန်ုပ် ဘေးက အသိနှစ်ယောက်နှင့် စကားပြောနေစဥ် ထိုသူသည် ကျွန်ုပ်အား စူးစူးဝါးဝါး ကြည့်နေသည်ဟု ကျွန်ုပ် ထင်သည်။ ကျွန်ုပ်ကို ရန်ပြုတော့မည့်ပုံ။ ထိုသူက လွယ်အိတ်ကို လွယ်ထားသည်။ ထို လွယ်အိတ်ထဲတွင် ပစ္စတို သို့မဟုတ် ဓားမြောင်တခုခု ပါလျှင် ထိုအရာဖြင့် ကျွန်ုပ်အား လုပ်ကြံတော့မည့်အလား။ ကျွန်ုပ် တကယ်ပင် လန့်နေသည်။ အဖော်ပါသူကလည်း ဘေးမှာ မရှိ။ ရေချိုးနေတုန်း။
ထိုလူက ဘေးလူနှစ်ယောက်အား စကားတွေ ပြောနေသည်။ ဘာတွေ ပြောနေသည်မသိ။ ကျွန်ုပ်သည် အကြားအာရုံ ချွတ်ယွင်းသူမို့ ကျွန်ုပ်ကို တိုက်ရိုက်မပြောလျှင် လုံးဝနားမလည်တတ်။ ဘေးလူနှစ်ယောက်က ထိုလူအား တတွတ်တွတ် ပြောပြနေသည်။ ရှင်းပြနေသည်သို့။
ထိုစဥ် အဖော်က ရေချိုးပြီး ရောက်လာရာ ဘာဖြစ်နေသည်ကို သိသွားသည်။ ထို့ကြောင့် ကျွန်ုပ်အတွက် အန္တရာယ် ရှိနိုင်သည်ဟု မြင်ပြီး ချက်ချင်း လှည့်ပြန်ခဲ့ကြသည်။ လမ်းတွင် ကျွန်ုပ်မှာ ထိုသူ ဘာဖြစ်နေမှန်း သိချင်လွန်းလှသဖြင့် ရင်တွေတုန်နေသည်။ အဖော်ကို မေးတော့လည်း ဟိုရောက်မှ ပြောပြပါ့မယ်ဟု ဆိုသည်။
မိခင်တပ်ရင်းသို့ ရောက်သည့်အခါ အဖော်က ရှင်းပြသည်။ အဲ့လူက ခများကို ပြောနေတာ၊ ခများမျက်နှာက မရိုးသားဘူးတဲ့၊ ဒလန်လို့ ထင်တယ်တဲ့၊ ရုပ်ကလည်း လူမျိုးခြားရုပ် ပေါက်သတဲ့၊ ဒီနယ်မြေက မဖြစ်နိုင်ဘူးတဲ့၊ လက်ဟန်တွေနဲ့ စကားပြောနေတာက ထူးဆန်းတယ်တဲ့၊ မယုံနဲ့တဲ့၊ အဲ့လူက အဲ့လိုတွေ ပြောနေတာ။
ထိုသို့ ကြားရသည့်အခါ ကျွန်ုပ်သည် ဘယ်လို ၊ ဘယ်လိုတောင် ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်မိရတဲ့အထိ။
အဲ့ဒါကို ဟိုနှစ်ယောက်က ရှင်းပြပေးနေတာ၊ ခများက စီဒီအမ်ဖြစ်တဲ့အကြောင်း၊ နားမကောင်းတဲ့အကြောင်း၊ မကြာသေးခင်ကမှ ဒီအဖွဲ့ကို ပြောင်းလာတဲ့အကြောင်း၊ ကျုပ်တို့ရွာသားဖြစ်တဲ့အကြောင်း စသဖြင့်ပေါ့ဗျာ၊ တကယ်က အဲ့လူက စိတ်ထိခိုက်နေတာလေ၊ သူ့ညီက တိုက်ပွဲမှာ ကျသွားပြီးနောက် အဲ့လို ဖြစ်သွားတာ၊ ခများဘေးက ဝကြီးဆိုသူနဲ့ အဲ့လူက ညီအစ်ကိုအရင်းလေ၊ ညီအစ်ကိုသုံးယောက်ရှိတာ၊ ကျသွားတဲ့ သူ့ညီက တပ်ရင်းဘယ်လောက်မှာဆိုလားပဲ၊ သူ့ညီရဲ့ အုတ်ဂူဘေးမှာ သွားသွားအိပ်တာတဲ့၊ သူတို့တပ်ရင်းနားက ရွာမှာ မြှုပ်တာတဲ့၊ သူတို့က သရက်ကွရွာကလေ။
(သရက်ကွရွာသည် ပျူစောထီးတို့ တပ်စွဲထားသော ရွာဖြစ်သည်။ ကျွန်ုပ် ရေးခဲ့ပြီးသော ”အိမ်ကို မပြန်ချင်ဘူး” အမည်ရှိ ဝတ္ထုတိုနှင့် ”ပျူစောထီးရွာသူရွာသားများနှင့် ပတ်သက်၍” အမည်ရှိ ဝတ္ထုထဲမှ ကွရွာမှာ သူတို့ညီအစ်ကို၏ ရွာဖြစ်သည်။ ။စကားချပ်)
ထိုသို့ ကြားရသည့်အခါ ကျွန်ုပ်သည် ကျွန်ုပ်အား ဒလန်ဖြစ်နိုင်သည်၊ မရိုးသားဘူး စသဖြင့် မှတ်ချက်ပြုခံရသည်ကို နည်းနည်းလေးပင် စိတ်မကွက်မိဘဲ ထိုသူ့ကိုသာ သနားနေမိတော့သည်။ ဖြစ်မှ ဖြစ်ရလေဟု စုတ်တသပ်သပ် သပ်မိသည်။ ကျွန်ုပ်၏ မိသားစုဝင် တဦးဦးလည်း သူ့ညီလို ဆုံးရှုံးခံရလျှင် ကျွန်ုပ်သည်လည်း ထိုသူကဲ့သို့ ဖြစ်မသွားနိုင်ဘူးဟု ပြောနိုင်ရိုးလား။
ထိုသူ ထိုသို့ မှတ်ချက်ပြုမည်ဆိုလည်း မှတ်ချက်ပြုချင်စရာပင်။ ကျွန်ုပ်သည်ကား လူထူးလူဆန်းတစ်ယောက် ဖြစ်ပါသည်။ ကျွန်ုပ်သည် မြန်မာလူမျိုးစစ်စစ်၊ ဗမာမိဘနှစ်ပါးမှ မွေးဖွားလာသည့် ဗမာလူမျိုးစစ်စစ်ဖြစ်ပြီး ရုပ်ရည်မှာ မြန်မာလူမျိုး၊ ဗမာလူမျိုးနှင့် မတူပေ။ အဘယ်ကြောင့် ထိုသို့ ကွဲပြားစွာ မွေးဖွားလာသည်ကို ကျွန်ုပ် မသိ။
လူဖြူမိဘနှစ်ဦးကနေ လူမည်း သားသမီး မွေးဖွားသလို ဖြစ်နေသည်။ တကယ်လည်း လူဖြူမိဘနှစ်ဦးကနေ ဖောက်ပြန်ခြင်းမဟုတ်ဘဲ လူမည်းသားသမီးလေးတွေ မွေးဖွားတတ်သည်။ ထိုအရာမှာ သဘာဝဖြစ်သည်ဟု ကျွန်ုပ် ဖတ်ဖူးပါသည်။ ကျွန်ုပ်သည်ကား အိန္ဒိယလူမျိုးရုပ် ပေါက်သည်။ ကု-လားမင်းသား တူသည်ဟု ခဏခဏ ပြောကြသည်။ တကယ်က ထိုမင်းသားမှာ အမီတာဘဂျမ်းပင်ဖြစ်သည်။
ကျွန်ုပ် လီဆယ်ရေးနေခြင်းမဟုတ်။ ကျွန်ုပ်ကို ပထမဆုံးအကြိမ်တွေ့ဖူးခြင်းနှင့် ကျွန်ုပ်နှင့် စကား ပထမဆုံး ပြောဖူးသူတိုင်းက စကားဝဲတယ်နော် ဘာလူမျိုးလဲဟု ခဏခဏ မေးခံရဖူးပါသည်။ စကားပြောလျှင်လည်း ဆွံ့အ နားမကြားသူများကဲ့သို့ လက်ဟန်တွေ ပါနေတတ်သည်။ တကယ်က အကြားအာရုံ ချွတ်ယွင်းသူများသည် ဆွံအ နားမကြား သူများကဲ့သို့ လက်ဟန်နှင့် မပြောတတ်ကြပေ။ လက်ဟန်အပြောမှာ သင်ယူမှ တတ်နိုင်သည်။ တခြားသူက စကားပြောလာလျှင် အသံတခုတည်းနှင့် နားမလည်နိုင်။ အသံရော၊ ပြောသူ၏ ပါးစပ်ကို မြင်ရမှရော၊ လက်ဟန်နည်းနည်းပါးပါးပါမှရောသာ နားလည်နိုင်တတ်သည်။ ထို့ကြောင့် ကျွန်ုပ် စကားပြောတိုင်း လက်ဟန်တွေက အလိုလို ပါနေတတ်သည်။
ကျွန်ုပ် စကားဝဲသည်မှာလည်း အကြားအာရုံ ချွတ်ယွင်းသောကြောင့် ဖြစ်နိုင်သည်ဟု ကျွန်ုပ် ထင်မြင်သည်။ အဘယ်ကြောင့် ထိုသို့ ထင်မြင်ရသလဲဆိုလျှင် ကျွန်ုပ် မန္တလေးတွင် တစ်နှစ်ခန့် ခိုလှုံစဥ်က ကျွန်ုပ်ကဲ့သို့ အကြားအာရုံမကောင်းသော အစ်ကိုတစ်ယောက်နှင့် အလုပ်အတူ လုပ်ခဲ့သည်။ထိုစဥ်က လုပ်ဖော်ကိုင်ဖက် တခြားတယောက်က အသံချင်း တူနေတယ်ဟု ပြောဖူးသည်။
သည့်အပြင် ဟင်းချက်ဝယ်စဥ် ဆိုင်ရှင်အဒေါ်ကြီးကလည်း နားမကြားတာရော၊ အသံရော တူနေတယ်၊ ညီအစ်ကိုတွေလား ဟု မေးခံခဲ့ရဖူးသည်။ အကြားအာရုံ ချွတ်ယွင်းသူများသည် တခြားသူ ဘယ်လိုအသံမျိုးနှင့် ပြောကြသည်ကို မကြားသိကြရ၊ ထို့ကြောင့် တုပပြီး မပြောနိုင်။ မိမိကိုယ်ပိုင် အသံဖြင့်သာ ပြောကြရသည်။
ထို့ကြောင့် အကြားအာရုံ ချွတ်ယွင်းသူတို့၏ စကားသံမှာ သာမာန်လူများ၏ အသံနှင့် မတူဘဲ ကွဲ ပြားနေတတ်နိုင်သည်။ ထို့ကြောင့်သာ စကားဝဲသကဲ့သို့ ဖြစ်နေတာ ဖြစ်နိုင်ပါသည်။ ကျွန်ုပ်၏ ထိုသို့ ထူးဆန်းသော အဖြစ်များကြောင့် ညီဖြစ်သူကို ဆုံးရှုံးခဲ့ပြီးသော ထိုသူက ကျွန်ုပ်အား သူလျှိုလိုလို စွပ်စွဲသလိုမျိုး မှတ်ချက်ပြုတာ မဆန်းပါပေ။
ထိုသူ၏ အဖြစ်ကို ကြားသိရသည့်အခါ ကျွန်ုပ်သည် သည်အဖြစ်အပျက်ကို ကျွန်ုပ်တစ်သက် မေ့တော့မည်မဟုတ် ဟု တွေးမိရသလို အထက်တွင် ဖော်ပြထားသော ဆားဘီးယားစကားပုံကိုလည်း ပြေးသတိရခဲ့သည်။
ညီဖြစ်သူကို သည်လောက်အထိ ချစ်ပုံအရဆိုလျှင် စစ်ပွဲကြီး ပြီးသွားသည့်အခါ ညီဖြစ်သူ၏ အုတ်ဂူကို တူးဖော်ပြီး မိမိမွေးရပ်ဇာတိ သရက်ကွရွာသို့ ပြန်သယ်လေမလားဟု တွေးနေမိပါတော့သည်။
တော်လှန်ရေးကြီး အမြန်ပြီးဆုံးပါစေတော့။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
— — — — — —
စာကြွင်း။ ။စာကြွင်းတွင်လည်း တိုက်ဆိုင်မှု ရှိပါသည်။ ကျွန်ုပ် သည်စာကို စတင်ရေးသားနေသည့်အချိန် (၂၁၊ ၁၂၊ ၂၀၂၄) နေ့တွင် ပျူစောထီးတို့ တပ်စွဲထားသော မြိုင်မြို့နယ် သရက်ကွရွာအား သိမ်းပိုက်နိုင်ခဲ့သည့်အကြောင်း သတင်းကောင်း ကြားသိခဲ့ရပါသည်။ စာရေးသူတို့ တပ်ဖွဲ့ဝင်များလည်း အပါအဝင် သိမ်းပိုက်ခဲ့ကြပါသည်။ ကျွန်ုပ်သည် တပ်ဖွဲ့ဝင်များ ရှေ့တန်းရောက်နေသည့်အခါတွင် စားဖိုမှူးတာဝန် အားလပ်နေတတ်ပြီး စာရေးချိန်ရလေသည်။
Be the first to comment