
“တော်လှန်စားဖိုမှူးဘဝ အတွေ့အကြုံများ (၂)”

တော်လှန်စားဖိုမှူးဘဝတွင် အတွေ့အကြုံများအရ ကျွန်ုပ် သိခဲ့သည်။
PDF ဆိုသည်မှာ အသက်စွန့်ကြရသူများပါ။ ဟိုးယခင်က ရှေ့တန်းဆိုသည်မှာ စစ်သားများ တိုက်ပွဲထွက်ရာနေရာသို့ သွားရခြင်းကို ဆိုလိုခြင်း။ ယခုမူ ရှေ့တန်းဆိုသည်မှာ စစ်သားများအတွက် မဟုတ်တော့ဘဲ PDF များ တိုက်ပွဲထွက်ရာ နေရာအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ။ ထိုသို့ ပြောင်းလဲသွားလိမ့်မည်ဟု အိပ်မက်ပင် မမက်စဖူး။
စစ်သားများသည် တိုင်းပြည်အာဏာကို သိမ်းလိုက်ပြီး ပြည်သူများကို မကာကွယ်တော့။ စစ်ကျွန်လက်အောက် ကျရောက်အောင် လုံးဝသိမ်းသွင်းလိုက် ပြီး ပြည်သူများအပေါ် ဒုက္ခအဖုံဖုံကို ပေးစွမ်းခဲ့ပါသည်။ ပြည်သူများကို သတ်ဖြတ်လိုက်၊ အိုးအိမ်များကို မီးရှို့လိုက်၊ ခိုးဆိုးလုနှိုက်ဖျက်ဆီးလိုက်၊ မုဒိမ်းကျင့်သတ်ဖြတ်လိုက်၊ အဓမ္မ စစ်မှုထမ်းခိုင်းလိုက်၊ ပေါ်တာဆွဲပြီး ငွေကြေးနှင့် ရွေးခိုင်းလိုက် စသဖြင့် စသည်ဖြင့် ပြည်သူ့အပေါ် ဒုက္ခအဖုံဖုံ ပေးစွမ်းနေတော့ ပြည်သူ့စစ်သား မဟုတ်ပေတော့ဘူးပေါ့။ ပြည်သူ့သူပုန် ဖြစ်သွားခဲ့ပြီပေါ့။ ပြည်သူတွေကတော့ စစ်ခွေးဟု ခေါ်ဝေါ်ကုန်ကြပြီ။
သည်တော့ ပြည်သူ့အပေါ် ဒုက္ခအဖုံဖုံ ပေးစွမ်းနေသည့် စစ်ခွေးများ၏ရန်ကနေ ကာကွယ်ရန်အတွက် PDF များ ပေါ်ပေါက်လာကြတော့သည်။ PDF သည် ပြည်သူ့အပေါ် ကာကွယ်မှုပေးစွမ်းတော့ ပြည်သူ့သူရဲကောင်း၊ ပြည်သူ့စစ်သား ဖြစ်သွားခဲ့သည်။ သည်တော့ ဟိုးယခင်က ရှေ့တန်းဆိုသော အသုံးအနှုန်းမှာ PDF များအတွက် ဖြစ်သွားခဲ့ပြီ။
ကျွန်ုပ် တော်လှန်စားဖိုမှူးကာလအတွင်း မြင်ခဲ့၊ ကြုံတွေ့ခဲ့ရသဖြင့် သိရှိလိုက်ရသော အရာများကား PDF များသည် ရှေ့တန်းတွင်မှ အသက်စွန့်ရသည်မဟုတ်။ အမျိုးမျိုးသော နေရာများတွင် အသက်စွန့်ကြရပါသည်။ ခြေတို၊ လက်ပြတ်၊ အမြင်အာရုံဆုံးရှုံး၊ သေရာပါ အမာရွတ်များစွာ၊ စိတ်ဒဏ်ရာ ဖြစ်ခဲ့၊ ကျန်ရစ်ခဲ့ကြရပါသည်။
မိခင်ဌာနေမှာတင် အဖြစ်မျိုးစုံ ကြုံရသည်။ မိုင်း၊ လက်နက်များစွာ လုပ်ငန်းခွင်မှာတင် ERROR ဖြစ်တာမျိုး။ စစ်ခွေးများ လာရာလမ်းမှာ မိုင်းဆင်၊ မိုင်းထောင်ရင်း ERROR ဖြစ်တာမျိုး။ မိုင်းထောင်ရာနေရာဆီ မိုင်းလုံးကြီးများကို နွားလှည်းပေါ် တင်တန်တင်၊ ကားပေါ်၊ ဆိုင်ကယ်ပေါ် တင်လိုတင်နှင့်။ မိုင်းလုံးကြီးများကို ပွေ့ထားရသည်။ မိုင်းလုံးကြီးပေါ် ထိုင်နေရသည်။ အချိန်မရွေး ERROR ဖြစ်ပြီး ထကွဲနိုင်သည်၊ အသက်ပျောက်နိုင်သည်၊ အလောင်းပင် ဆက်မရလောက်အောင် အသားတွေ ဟိုတစ သည်တစ ဖြစ်သွားနိုင်သည်။ ဖြစ်လည်း ဖြစ်ဖူးကြပါသည်။ ဟိုနေရာ၊ သည်နေရာသို့ ဟိုကိစ္စ၊ သည်ကိစ္စဖြင့် သွားလာရသည့်အခါ စစ်ခွေးများ၏ ကင်းပုန်းနှင့် တိုးမိပြီး သတ်ဖြတ်ခံရတာမျိုး။ ဟိုလူသည်လူက မနာလိုတာ ခံရသည့်အခါ ဟိုနေရာ သည်နေရာမှာ လုပ်ကြံသတ်ဖြတ်ခံရတာမျိုး၊ တခါတခါ ဋ္ဌာနေ နေရာအတိအကျ သတင်းပေးခံရပြီး အားလုံးအိပ်မောကျနေချိန် ဝင်စီးခံရ၊ ဝင်ပစ်ခံရ၊ ဝင်ခုတ်ခံရတာမျိုး စသည်ဖြင့် စသည်ဖြင့် နည်းအမျိုးမျိုးနှင့် သေကြေကြရ၊ ဒုက္ခများစွာ ဖြစ်ကြရပါသည်။
သည်အဖြစ်အပျက်များကို ကျွန်ုပ်သည် ထမင်းချက်ရင်း၊ ဟင်းသီးဟင်းရွက်လှီးရင်း မြင်နေ ကြားနေရသည်။ ကျွန်ုပ်သည် ထိုအဖြစ်အပျက်များကို မြင်ရသည့်အခါ ကြောက်ရွံ့စိတ် ဖြစ်မိသည်။ ငါသာဆို ဘာဆိုဘာမှ မလုပ်တတ်တော့ အလွယ်တကူ ERROR ဖြစ်ပြီး သေမှာပါပဲဟု တွေးမိသည်။ အကြားအာရုံ မသန်စွမ်းဖြစ်နေသည့် ငါသာ ရှေ့တန်းလိုက်လျှင် ရန်သူ့ကျည်ဆန် ဘယ်ဘက်က လာမှန်းမသိဘဲ ရန်သူ့ထံ တည့်တည့် ပြေးဝင်နေမိမှာပဲဟု ထင်မိသည်။
ဪ PDF တွေခမျာ သူတို့အတွက် ဘာအကျိုးအမြတ်မှ၊ ဘာ လစာငွေကြေးမှ မရဘဲ အသက်သေဆုံးနိုင်သည့်၊ ဒုက္ခိတဖြစ်နိုင်၊ စိတ်ဒဏ်ရာမျိုးစုံ ရနိုင်သည့် အလုပ်တွေ လုပ်နေကြပါလားဟု တွေးမိသည်။ သည်သို့တွေးမိတော့ ဪ သူတို့ဟာ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးကို ထမ်းရွက်သည့် လူသားဆန်သူတွေ၊ သူရဲကောင်းစစ်စစ်တွေ ဖြစ်ကြပါတယ်ဟု မှတ်ချက်ပြုကာ ချီးမွမ်းမိသည်။
တော်လှန်စားဖိုမှူးဘဝ ဟူသည်ကား PDF များလောက် အသက်အန္တရာယ်နှင့် မနီးစပ်သော်လည်း တကယ်ပင် ပင်ပန်းပါသည်ဟု ကျွန်ုပ် ဆိုချင်ပါသည်။ သည်လိုပြောလို့ ခိုငှက်ဟုပဲ ဆိုချင် ဆိုပါစေတော့လေ။
ဘယ်ဌာနေ၊ ဘယ်ကန့်တွင်မဆို PDF ဦးရေ ၂၀ ကျော်၊ ၃၀ ကျော် ရှိနိုင်ပါသည်။ အလျင်ကဆို ကျွန်ုပ်တို့ကန့်သည် ရွာပေါင်း ငါးရွာ စုပေါင်းထားသဖြင့် ၁၀၀ ဝန်းကျင် ရှိခဲ့သည်။ ထိုစဥ်တုန်းက ကျွန်ုပ်မရှိသေး။ တခြားတပ်မှာ။ ထိုစဥ်တုန်းကသာ ကျွန်ုပ်ရှိခဲ့လျှင် ဘယ်လောက် ပင်ပင်ပန်းပန်း ချက်ရ ပြုတ်ရမည်မသိ။ ကျွန်ုပ် ရောက်လာသည့်အခါမှာတော့ ၃၀ ဝန်းကျင်သာ ရှိတော့သည်။
PDF ၃၀ ဝန်းကျင်အတွက် ကျွန်ုပ်တယောက်တည်း ချက်ရပြုတ်ရသည်မှာ တကယ်ပင် ပင်ပန်းပါသည်။ ဆန် လေးပြည်ဝင်အိုးကြီးကို နေ့တိုင်း သယ်ရ၊ မ,ရသည်။ ငှဲ့ရသည်။ ဟင်းက တနေ့ သုံးမျိုးလောက် သင်ရ၊ နွှာရ၊ ချက်ရပါသည်။ တနေ့လျှင် သုံးကြိမ်၊ သုံးနပ်စာ။ တွေးကြည့်ပါ။ သည့်အတွက် ကျွန်ုပ် မှာ နာတာရှည် ခါးနာ စွဲကပ်ခဲ့ရသည်။ မနက်မနက်ဆိုလည်း အစောကြီး ထ,ချက်ရနှင့်။ ဘယ်မနက်မှ လွတ်လွတ်လပ်လပ် အိပ်ခွင့်မရ။ တော်လှန်ရေးမတိုင်ခင်ကဆိုလျှင် ကျွန်ုပ်သည် နေမြင့်မှ ထ,တတ်သည်။ ကျွန်ုပ်တသက်တွင် အပျင်းရိရဆုံးအချိန်ကား မနက်အစောကြီး ထရခြင်းကိုပင်။ ကျွန်ုပ်က အကြားအာရုံ မသန်စွမ်းသူဖြစ်တော့ မနက်ဆို လင်းကြက်တွန်သံလည်း မကြားနိုင်။ တောသူ့ရွာမို့ ကဗျာထဲကလို ကြက်တွန်သံကိုလည်း ဗဟိုမပြုနိုင်။ သည့်ကြောင့်လည်း နေမြင့်အထိ အိပ်ပျော်နေမှာ ကြောက်တယ်ဆိုပြီး လူက နိုးနိုးနေသည်။ လွတ်လွတ်လပ်လပ် မအိပ်နိုင်။ သည်တော့ အိပ်ရေးကလည်း ပျက်သည်။ အိပ်ရေးမပျက်အောင် အစောကြီး အိပ်ပေးရသည်။ သူများတွေလို ညဥ့်နက်အထိ အင်တာနက်လည်း မသုံးရတော့။
ထင်းကလည်း ခွေရသေးသည်။ စားအိုးကြီးကြီးတွေ တည်ရတော့ ပေါင်လုံးလောက ရှိသော ထင်းတုံးကြီးတွေ ခုတ်ရသည်။ ထင်းခွေသည့်နေရာမှာတော့ ကောင်လေးတွေက ကူညီကြလို့ ကျွန်ုပ် သက်သာရာရပါသည်။
စားဖိုမှူးဘဝ ပင်ပန်းသည့်အခါ တခြားသူတွေကို အကူအညီ တောင်းချင်ပေမယ့်လည်း မတောင်းရက်။ သူတို့က ရှေ့တန်းလိုက်ရ၊ မိုင်းဆင်ရနှင့် အသက်ပေးသည့်အလုပ်တွေ လုပ်နေကြသူတွေ။ ကျွန်ုပ်က သူတို့လုပ်သည့်အလုပ်တွေ မလုပ်၊ မလုပ်တတ်၊ မကူတတ်။ သည်တော့ စားဖိုမှူးတာဝန် ကျေအောင်လုပ်ရုံသာ။
တော်လှန်စားဖိုမှူးဘဝမှာ တခါတခါ အလွန့်အလွန်လည်း စိတ်တိုရပါသည်။ ချက်ရပြုတ်ရလို့ ပင်ပန်းသည့်အခါမျိုး၊ ချက်လို့ပြုတ်လို့ မပြီးနိုင်သည့်အခါမျိုး၊ မီးဖိုချောင်ထဲ ကြက်တွေဝင်ပြီး မွှေလို့၊ စားပွဲတွေပေါ် ချေးပါသည့်အခါမျိုး၊ ကိုယ်က ကြော်လှာ်နေသည့်အခါ မကြောက်မကန်း ဒယ်ထဲ နှိုက်စားရဲကြသေး၊ လူကို မထီချက်။ တခါတခါ ကောင်တွေဟာ ညစာစားအပြီး ဟင်းခွက်တွေကိုမဆေးဘဲ သည်အတိုင်း ထားသည့်အခါမျိုး။ ဟိုလိုချက်ရင် မကောင်းဘူး၊ သည်လိုချက်ရင် ကောင်းတယ် စသဖြင့် ကျွေးတာမစားဘဲ သူများ ပင်ပင်ပန်းပန်း ချက်ထားတာကို ဝေဖန်သည့်အခါမျိုး။ အဲသည်လို စိတ်လည်း ပင်ပန်းရပါသည်။
သည်တော့ ကျွန်ုပ်မှာ တခါတခါ တွေးမိသည်။ ငါက သည်ကောင်တွေအတွက် ကျွန်ကြီးကို လုံးလုံးဖြစ်လို့ပါလားလို့။ ငါလုပ်ပေးခဲ့တဲ့ လုပ်ရပ်တွေက ငါ့ရဲ့ တနေ့စာ သုံးနပ်စာ တန်ဖိုးတင်မက လစာအများအပြားပင် ရနိုင်သည့် တန်ဖိုးလောက် ရှိနေပြီ။ သို့ပေမယ့် ငါ့အတွက်က ထမင်းသုံးနပ်ကလွဲလို့ ဘာမှမရ၊ ဘာလစာမှ မရ။ အသိတယောက်ဆို မလေးရှားမှာ စားဖိုမှူးလုပ်ရသည်တဲ့၊ သူဆို တိုက်ကြီး ဆောက်နိုင်ခဲ့သလို မြေကွက်များလည်း ဝယ်နိုင်ခဲ့သည်။ သူ့အဖြစ်နှင့် ကျွန်ုပ်အဖြစ်ကို နှိုင်းနေမိသေးသည်။ သီတင်းကျွတ်လို၊ သင်္ကြန်လို ပွဲတော်ကြီးတွေ ရှိမှသာ မုန့်ဖိုးလေးဘာလေး ရသည်။ မိဘကိုလည်း ဘာမှ မထောက်ပံ့နိုင်။ မုန့်ဖိုးလေး ဘာလေးရမှ မသုံးရ မစွဲရဘဲ မိဘကို မဝရေစာ ပေးရသည်။ နေ့တိုင်းလိုလို ငါ့ဘဝက မီးဖိုချောင်ထဲမှာပဲ အချိန်ကုန်နေပြီ။ ဘယ်မှလည်း မသွားရ။ အကျဥ်းကျနေသလိုလို။ ငါ့အတွက် ဘာတက်လမ်းမှမရှိ။ အာဏာမသိမ်းခင်ကဆို ယူနီဖောင်းလေး ကျကျနနဝတ်၊ ရုံးသွား၊ ရုံးပြန်၊ လစာလေးယူလိုက်။ ဘဝက မချမ်းသာပေမယ့် အေးအေးဆေးဆေး။ အခုတော့ သည်လိုဘဝကို ရောက်သွားပြီ။ သည်လိုတွေ တွေးမိသည့်အခါ ကျွန်ုပ်သည် ဝမ်းနည်းပြီး ငိုမိသည်။
ပြီးတော့မှ ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ကာ အားတင်းရပါသည်။ ငါကဆို ထမင်းလေးပဲ ချက်ရတာပါ။ အသက်လည်း မပေးရ၊ အသက်အန္တရာယ်နဲ့လည်း မနီးစပ်၊ ရှေ့တန်းလည်း မလိုက်ရ။ လုပ်ကြံချင်မည့် မနာလိုသူလည်း မရှိ။ ဟိုကောင်တွေဆို အသက်ပေးရသည်။ ရှေ့တန်းလည်း လိုက်ရသည်။ အချိန်မရွေး ERROR ဖြစ်ပြီး အသက်သေဆုံးနိုင်သည့်၊ ခြေတိုလက်ပြတ်၊ ဒုက္ခိတ၊ စိတ်ဒဏ်ရာရနိုင်သည့် အလုပ်မျိုးစုံတွေ လုပ်နေရသည်ပဲ။ သည်လို အများအကျိုးကို များများလုပ်နိုင်နေသည်ကို မချီးကျူးဘဲ၊ အကောင်းမြင်မပေးဘဲ မနာလိုစိတ်ဝင်ပြီး လုပ်ကြံချင်သူတွေက ပေါသေး၊ သူတို့လည်း ထမင်းသုံးနပ်ကလွဲလို့ ဘာအကျိုးအမြတ်၊ ဘာလစာ ရလို့လဲ။ သူတို့လည်း မိဘကို မထောက်ပံ့နိုင်။ ကိုယ်ကျိုးကိုစွန့်ပြီး အများအကျိုးကို ထမ်းရွက် နေရသူတွေချည်းပဲ။ သူတို့လုပ်ရပ်၊ သူတို့ဘဝနဲ့စာရင် ငါ့ပင်ပန်းမှုက ဘာမှမဟုတ်သေးပါဘူး။ ငါလည်း ထမင်းချက်ရင်း တော်လှန်ရေးကို တဘက်တလမ်းကနေ ပါဝင်နေသူပဲ။ အရေးတော်ပုံ အောင်မြင်အောင် ကြိုးစားပေးနေသူတွေကို ငါက ချက်ပြုတ်ပေးနေရတာပဲလေ။ လူလေလူလွင့်တွေအတွက် ချက်ပြုတ်နေရတာမှ မဟုတ်တာ။ ငါ့ပင်ပန်းမှုက ငါ့ရဲ့ပေးဆပ်ခြင်းပဲ။ ငါ့လုပ်ရပ်အတွက် ငါ့ကိုယ်ငါ ဂုဏ်ယူမယ်။
သည်သို့ တွေးမိသောအခါ မသီတာ (စမ်းချောင်း) ဘာသာပြန်သည့် ”ဒေါ်အောင်ဆန်းစုကြည်အတွက် စာတစောင်” ထဲမှ ဒေါ်အောင်ဆန်းစုကြည် ပြောသောစကားကို ပြေးသတိရသည်။ “ဟင်းချက်တယ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြခြင်းတခုပဲ” တဲ့။ သည့်ကြောင့် ကျွန်ုပ်သည် တိုင်းပြည်အပေါ် ချစ်မြတ်နိုးသည့်စိတ်နှင့် လက်ရာကောင်းအောင် စေတနာများစွာ ထည့်ချက်နေမိတော့သည်။
အာဏာရှင်တို့၏ သမိုင်းဆိုးသည် သေသည်မရှိ။
Be the first to comment