5
ထွင်
‘တော်လှန်စားဖိုမှူးဘဝ အတွေ့အကြုံများ (၃)’

တော်လှန်စားဖိုမှူးတယောက်အနေနှင့်တော့ စစ်ရေးအတွေ့အကြုံများကို ပြောပြနိုင်စွမ်း မရှိပါ။ ကိုယ်တိုင်က တော်လှန်ရေးမှာ တော်လှန်စားဖိုမှူးလောက်သာ လုပ်ဆောင်နိုင်စွမ်း ရှိသောကြောင့် မစ်ရှင်အတွေ့အကြုံများနှင့် ထိတွေ့ခွင့် မရခဲ့ပါ။ တိုက်ပွဲအတွေ့အကြုံများစွာ မရေးသားနိုင်ဘဲ ထမင်းချက်အတွေ့အကြုံလောက်ကိုပဲ လေကြီးလေကျယ်နှင့် စာတတန် ပေတဖွဲ့ ပြောပြနေတာမျိုး ဖြစ်နေလျှင်တော့ ရှက်မိပါရဲ့။ သို့သော်လည်း တော်လှန်စားဖိုမှူးဆိုတာကလည်း တော်လှန်ရေးနယ်မြေအတွင်းထဲ ပါဝင်သည်မို့ တော်လှန်ရေးကာလတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်တချို့ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသောကြောင့် ကျွန်ုပ် ပြောပြနိုင်ပါသည်။ ကျွန်ုပ်တသက် မေ့မရနိုင်မည့် အဖြစ်အပျက်တချို့ပေါ့။
“တော်လှန်ရေးလောကထဲ တကယ်ထိတွေ့ဝင်ရောက်နေသူမဟုတ်လျှင် တော်လှန်ရေးရဲ့ အသံအစစ်အမှန်ကို တကယ်မထွက်နိုင်ပါဘူး” ဟု ရေးဖော်လည်းဖြစ်သော၊ တော်လှန်ရေးသမားလည်းဖြစ်သော လူရောင်လွင် က ကျွန်ုပ်ကို ပြောခဲ့ဖူးပါသည်။ ကျွန်ုပ်ပြောမည့် စကားသံများက တော်လှန်ရေးနှင့် တကယ်ထိတွေ့နေသူ၏ အသံ အစစ်အမှန် ဟုတ်မဟုတ် သုံးသပ်ကြည့်ကြပါကုန်။
တနေ့ ကျွန်ုပ် ထမင်း၊ ဟင်း ချက်ပြုတ်ပြီးစီးလို့ ကော်ဖီသောက်နေစဥ် ကျွန်ုပ်နှင့် အသက်ရွယ်တူ အမျိုးသမီးနှင့် ဆယ်နှစ်အရွယ် ကလေးမလေးတို့ ညီအစ်မနှစ်ယောက် ဆိုင်ကယ်လေးနှင့် ကျွန်ုပ်တို့ Camp သို့ ရောက်လာပါသည်။ သူကလေးတို့က ကျွန်ုပ်တို့ကမ့်ပ်ကနေ လမ်းလျှောက်လျှင် ငါးမိနစ်ခန့်ကြာသော နေရာကလေးမှာ တောအိမ်ကလေးနှင့် နေကြပါသည်။ သူတို့မိသားစုနှင့် ကျွန်ုပ်တို့ တကမ့်ပ်လုံး ရင်းနှီးနေကြသည်။ ကျွန်ုပ်လည်း စားဖိုမှူးပီပီ ငါးပိကလေးတို့၊ နနွင်းမှုန့်ကလေးတို့ ပြတ်လပ်နေလျှင် တောအိမ်ကလေးကနေ ချေးချေး ယူတတ်သည်။ သို့သော်လည်း တောအိမ်ကလေးက အပြီးပေးလိုက်တတ်သည်။ ပြန်မပေးရ။
ကျွန်ုပ်နှင့် ရွယ်တူမိန်းကလေးကို ကျွန်ုပ်က မမစပ်စု ဟု ခေါ်သည်။ ကမ့်ပ်ကကောင်တွေ ရှေ့တန်းက ပြန်လာရင် အတွေ့အကြုံတွေကို အလွန်စပ်စုတတ်သောကြောင့်ပင်။ မမစပ်စု သည်လိုစပ်စုတာကလည်း စေတနာရှိလို့ပါ။ ရှေ့တန်းရဲဘော်တယောက်က မမစပ်စုကို သုံးကောင်ဂိ၊ သုံးကောင်မိ၊ လေးလက်ရ ဟု သတင်းကောင်းပေးလိုက်လျှင် မမစပ်စုဟာ ပြုံးဖြီးပြီး အိမ်ကို အပြေးပြန်တော့သည်။ ပြီးလျှင် ဘီယာ၊ အချိုရည်၊ ကော်ဖီ၊ ကိတ်မုန့်၊ လက်ဖက်သုပ်၊ ခေါက်ဆွဲကြော်၊ ကုန်းဘောင်ကြော် စသဖြင့် ဖွယ်ဖွယ်ရာရာ ပြင်ဆင်ပြီး ရဲဘော်တွေကို လာခေါ်တော့သည်။ အောင်ပွဲအတွက် ဂုဏ်ပြုပွဲလေး ကျင်းပပေးတာပါတဲ့လေ။
ကျွန်ုပ် ကမ့်ပ်သို့ ရောက်စက ကလေးမလေးကိုတော့ မမစပ်စု၏ သမီးကလေး ထင်မှတ်ခဲ့မိသည်။ အဘယ်ကြောင့်မူ မမစပ်စုမှာ သမီးကလေးတယောက် ရှိသည်ဟု ကောင်တွေက ပြောထားဖူးသောကြောင့်နှင့် မမစပ်စု၏ မိဘများမှာ အသက်ကြီးနေပြီမို့ ဆယ်နှစ်အရွယ် သမီးကလေး မရှိနိုင်လောက်ဘူးဟု ထင်မိသောကြောင့်ပင်။
မမစပ်စုက ကောင်တယောက်ကို လာရှာတာ။ သူ့ညီမလေးက ပုစ္ဆာတပုဒ်ကို မတွက်တတ်သာကြောင့် အဖြေရှာပေးဖို့ အကူအညီတောင်းချင်လို့ပါတဲ့။ အဲ့အချိန် ရှာတဲ့ ကောင်ကမရှိ။ အပြင်ခဏသွားနေသည်။ သူ့ညီမလေးက သုံးတန်း။ သုံးတန်းပုစ္ဆာလောက်ကို အီကိုနှင့် ဘွဲ့ရထားသူဖြစ်သော ကျွန်ုပ်က ဖြေရှင်းပေးနိုင်ပါသည်။ သို့ပါသော်လည်း ကျွန်ုပ်ကို အကူအညီတောင်းခြင်း မဟုတ်သဖြင့် ကျုပ်ဖြေရှင်းပေးမယ်ဟု မပြောဖြစ်။ ကျွန်ုပ်က ဘွဲ့ရတယောက်ဆိုသည်ကို မမစပ်စု မသိလို့များလား။ ရှိပါတော့လေ။ ကျွန်ုပ်ကလည်း လူတကာကို ငါက ဘွဲ့ရပါဟု လုံးဝပြောမည်မဟုတ်။ အကြားအာရုံ မသန်စွမ်းသော ကျွန်ုပ်ကို ဘယ်သူကမှ ဘွဲ့ရတယောက်ဖြစ်လိမ့်မည်ဟု ထင်မိကြမလဲ။ ကျွန်ုပ်ကို လူတိုင်းနီးပါးက အကြားအာရုံ မသန်စွမ်းသဖြင့် ဆယ်တန်း မအောင်သေးသူလို ဆက်ဆံခဲ့ကြသည်မှာ ရိုးနေပါပြီ။ စီဒီအမ်ဝန်ထမ်း ဖြစ်လိမ့်မည်လို့တော့ လုံးဝ ထင်မှတ်မိကြမှာ မဟုတ်။ အဲ့ဒီတော့ သုံးတန်းပုစ္ဆာလောက်ကို ကျွန်ုပ်က ဖြေရှင်းတတ်လိမ့်မည်ဟု မမစပ်စု ထင်မိမည်လည်း မဟုတ်။
ကောင်က ညနေမှ ပြန်ရောက်လာသည်။ သည့်ကြောင့် မမစပ်စုတို့ ညီအစ်မလည်း ပြန်ရောက်လာကြသည်။ ကောင်ကလည်း မမစပ်စု၏ ညီမလေးကို တတ်သလောက် ဖြေရှင်းပေးနေသည်။ နောက်နေ့တွေကျတော့ မမစပ်စုက သူ့သမီးလေးရယ်နှင့် သူ့တူလေးပါ ခေါ်လာတော့သည်။ ကလေးတွေကို စာကျက်စေချင်လို့ပါတဲ့လေ။ မမစပ်စုရဲ့ ညီမလေးရယ်၊ သမီးလေးရယ်နှင့် တူလေးရယ်က သုံးမိုင်လောက်ဝေးသည့် NUG လက်အောက် စာသင်ကျောင်းမှာ ကျောင်းတက်နေကြသည်လေ။
မမစပ်စုတို့၏ မိသားစုက တောအိမ်ကလေးသာ ဆိုသည် မိသားစုကြီးက သိုက်သိုက်ဝန်းဝန်းရှိသည်။ မိသားစုဝင် ၁၂ ယောက်မျှ ရှိသည်။ တောင်သူအဓိက လုပ်ကိုင်သည်။ ခရမ်းချဥ် ဖြစ်ထွန်းသော နေရာမို့ ခရမ်းချဥ် လှိုင်လှိုင်ပေါသော ရာသီတွင် ကျွန်ုပ်တို့ကန့်သို့ ခရမ်းချဥ်သီး နေ့စဥ်လာလာပေးသည်။ လုံးဝ မဝယ်ရ။ စေတနာပါလွန်းသဖြင့် ခရမ်းချဥ်သီးကို မြန်မြန်ချက်၊ များများချက်ဟု ပြောကြသည်။ ထို့ကြောင့် ကျွန်ုပ်လည်း ခရမ်းချဥ်သီးကို ချက်သည်။ ကြော်လည်းကြော်သည်။ သုပ်လည်းသုပ်သည်။ တကြိမ်တည်း ခရမ်းချဥ်ဟင်းချည်း သုံးမျိုးဖြစ်နေသည်။ အဲ့လိုအချိန်မျိုးဆို ကမ့်ပ်အတွက် ဟင်းဖိုးလည်း သက်သာသည်။ သြဇာပင်လည်း မစိုက်ပျိုးဘဲနှင့် အလေ့ကျပေါက်ရာ သြဇာသီးရာသီဆိုလျှင် လက်ဆွဲခြင်းကြီး အပြည့်နှင့် လာလာပေးကြသည်။ ကျွန်ုပ်လည်း သြဇာသီးဆို အလွန်ကြိုက်သဖြင့် တခါတည်း ဆယ့်ငါးလုံးလောက် စားပစ်သည်။ သို့သော်လည်း သြဇာသီးက ကုန်မသွား။ အဲ့သလို စေတနာကောင်းသည့် မမစပ်စုတို့မိသားစု။
ကောင်ကလည်း မမစပ်စုတို့၏ ကလေး များကို တတ်သလောက် သင်ပြပေးသည်။ ကောင်က ကိုဗစ်တုန်းက ဆယ်တန်းတက်နေခဲ့သူ။ ကိုဗစ်က ဆိုးဝါးလွန်းသဖြင့် မဖြေလိုက်ရ။ ကိုဗစ်ငြိမ်ပြန်တော့လည်း ပြည်တွင်းစစ် ဖြစ်ပြန်တော့ စီဒီအမ်ကျောင်းသား ဖြစ်သွားရသည်။ စီဒီအမ်ကျာင်းသားကနေ တော်လှန်ပီဒီအက်ဖ်။
နောင်နေ့တွေမှာလည်း ကလေးများက ကျောင်းကအပြန် ရောက်ရောက်လာကြသည်။ စာမှန်မှန်လုပ်စေချင်သောကြောင့်ပင်။ သို့ပေမယ့် ကောင်က ရှေ့တန်း ခဏခဏ ထွက်ရသဖြင့် ကောင့်ကိုယ်စား တချို့ကောင်တွေ သင်ပြပေးနေကြသည်။ သည်အထိ ကျွန်ုပ်အား ကလေးတွေကို သင်ပြပေးဖို့ မည်သူကမျှ မပြောလာသေး။ တချို့ကောင်တွေရဲ့ သင်ပြပုံက ရှေ့ကကောင်ထက် ဆိုးကြသည်။ စိတ်မရှည်ကြ။ ကလေးတွေကို ဖိန့်နေတာ တွေ့ရသည်။ ကလေးတချို့ ကြောက်ပြီး ငိုနေကြသည်။ သည်တော့မှ မနေနိုင်တော့သည့် ကျွန်ုပ်က ဝင်ပြောလိုက်သည်။ ကလေးတွေကို ကြောက်အောင် မလုပ်ရဘူး၊ အကြောက်တရား မသွင်းရဘူး ဟု။ သည်တော့ ကောင်တွေက စိတ်မရှည်သည့်ပုံနှင့် ကျွန်ုပ်ကို ပြောတော့သည်။ ခများ ဘာမှလည်း မသိဘဲနှင့် ဝင်မပါစမ်းပါနဲ့ တဲ့။ ကျွန်ုပ် မသိတာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ကလေးတွေကို သင်ကြားပေးရသည့်ပုံစံမှာ ကျွန်ုပ်တို့ ငယ်စဥ်က သင်ကြားပုံနှင့် မတူတော့တာကို ကျွန်ုပ်သိပါသည်။ ကျွန်ုပ်တို့ခေတ်တုန်းက သင်ကြားပုံမှာ ဆရာ၊ ဆရာမများအားလုံး တုတ် ကိုင်ခွင့် ရှိသဖြင့် ကျောင်းသားများကို ရိုက်နှက်ခွင့် ရှိသည်။ ဤလုပ်ရပ်မှာ အကြောက်တရားစိတ် ဝင်အောင် သွတ်သွင်းခြင်းနှင့်၊ အကြမ်းဖက်လုပ်ရပ် ဖြစ်သဖြင့် ဒေါ်အောင်ဆန်းစုကြည်က ဆရာ ဆရာမများ တုတ် ကိုင်ခွင့်ကို ပိတ်ပစ်ခဲ့ပါသည်။ ကလေးတွေ ဘယ်လောက်ပဲ ဆိုးသွမ်းနေပါစေ အကြမ်းနည်းနှင့် မတုံ့ပြန်ဘဲ အနုနည်းနှင့်သာ တုံ့ပြန်ရမည်ပဲဖြစ်သည်။ ကျွန်ုပ်သည်လည်း အကြောက်တရားနှင့် သင်ကြားခံခဲ့ရသဖြင့် ထိုသင်ကြားနည်းမှာ မှားကြောင်း သိလိုက်ရရာ ဒေါ်အောင်ဆန်းစုကြည်ပြဋ္ဌာန်းသော သင်ကြားနည်းစနစ်သစ်ကို ထောက်ခံပါသည်။
နောက်နေ့တွေများမှာတော့ ကောင်တွေအကုန် ရှေ့တန်းရောက်ကုန်ကြသဖြင့် ကျွန်ုပ်ပဲ ကျန်တော့သည်။ သည့်ကြောင့် ကန့်မှာ အမြဲရှိသည့် ကျွန်ုပ်ပဲ ကလေးတွေကို မတတ်သာစွာ သင်ပေးလိုက်ရတော့သည်။
ကျွန်ုပ်ဘဝမှာ ပထမဆုံးအကြိမ် သင်ကြားပေးခြင်း ဖြစ်သဖြင့် ဘယ်ကစပြီး သင်ရမည်ကို မသိဖြစ်နေသည်။ သည့်ကြောင့် သည်နေ့ ကျောင်းက ပေးလိုက်သော အိမ်စာကို လုပ်ပါဟု ပြောလိုက်ရသည်။ မမစပ်စု၏ တူလေးက KG တန်း၊ သမီးလေးက ပထမတန်း၊ ညီမလေးက သုံးတန်း။
ကျွန်ုပ်က စာရေးသူဖြစ်သဖြင့် စာလုံးပေါင်းသတ်ပုံပိုင်းမှာ ကျွမ်းကျင်သည်။ သည့်ကြောင့် မြန်မာစာကို အဓိက သင်ပေးသည်။ စာတွေ ကဗျာတွေကို အလွတ်ကျက်ခိုင်းပြီး အလွတ်ရေးခိုင်းသည်။ စာလုံးပေါင်း သတ်ပုံမှားလျှင် ပြင်ပေးသည်။ သင်ရင်းသင်ရင်းနှင့် ကလေးတွေ အညံ့ဆုံးဘာသာကို သိလိုက်ရရာ အညံ့ဆုံးဘာသာကို ဖိသင်ပေးသည်။ သင်လျှင် ကလေးတွေ ပျော်အောင် အပျော်လေးတွေ ထည့်သင်သည်။
မစန္ဒာလမင်းဝင်းပပတို့အိမ်မှာ (ဆိတ်ကလေး) (ဆိပ်ကလေး) (ခြောက်ကောင်) (ချောက်ကောင်) ရှိတယ်။ (ကြောင်ကလေး)(ကျောင်ကလေး)က (ကျွက်ကလေး)(ကြွက်ကလေး) ကို (ခုပ်) (ခုတ်)တယ်။ အဲသည်လို ကလေးတွေရဲ့ အိမ်က အကြောင်းတွေကို ထည့်သင်တော့ ကလေးတွေက ပျော်လာပြီး တခြားတောအိမ်က ကောင်ကလေးကိုပါ ခေါ်လာကြတော့သည်။ အဲ့ကောင်လေးကတော့ ကျန်တဲ့ ဘာသာတွေ တော်ပြီး မြန်မာစာမှာ ညံ့နေသည်။ ပထမတန်းရောက်နေပြီဖြစ်သော်လည်း မြန်မာစာကို စာလုံးပေါင်းပြီး မဖတ်တတ်သဖြင့် က ကာ ကား ကနေ သင်ပေးရသည်။ အဲ့ကောင်လေးနှင့်တင် ကျွန်ုပ်မှာ လည်ချောင်းတွေ နာရသည်။ မနည်းစိတ်ရှည်နေရသည်။ သည်တော့မှ ကျောင်းဆရာ၊ ဆရာမများလည်း ဒုက္ခကြီးမှာပဲဟု တွေးမိရသည်။
တနေ့မှာတော့ ရှေ့တန်းရောက် ကောင်တယောက်က ကျွန်ုပ်ထံ မက်ဆေ့ပို့လာသည်။ စားဖိုမှူးကြီးရေ ဒီနေ့ ဧည့်သည်တွေအများကြီးလာမယ်။ ထမင်း၊ ဟင်း များများချက်ထားပေးပါဦးဟု ဆိုသဖြင့် ဆန်ကို အိုးကြီးကြီးနှင့် တည်ထားလိုက်သည်။ ဝက်သားချက် နည်းနည်း ကျန်သေးရာ ဧည့်သည်များတယ်ဆိုသဖြင့် မျှစ်နှင့် ရောချက်မည်ဟု တွေးပြီး မမစပ်စုတို့အိမ်က မျှစ်ကို အပြေးယူသည်။ အဲ့သည်မျှစ်ဟာ မမစပ်စုနှင့် ကျွန်ုပ် အတူချိုးထားသောမျှစ်၊ မမစပ်စုတို့အိမ်မှာ ပြုတ်သည်။ ကျွန်ုပ်ကလည်း မမစပ်စုတို့အား ဧည့်သည်အများကြီး လာမှာ ဟု ပြောလိုက်သဖြင့် မမစပ်စုက ကျွန်ုပ်၏ မီးဖိုချောင်ထဲ ဝင်ပြီး ကူချက်ပေးသည်။
ကျွန်ုပ်တို့ ချက်ပြုတ်လို့ ပြီးလုမှာပဲ ကမ့်ပ်သို့ ကားတစီး ထိုးဆိုက်လာပြီး ပြည်သူများစွာ ဆင်းလာကြတော့သည်။ ဪ ဧည့်သည်တွေဆိုတာ ပျူရွာကနေ ထွက်ပြေးလွတ်မြောက်လာကြသော ပြည်သူများမှန်း ကျွန်ုပ်သိလိုက်သည်။ ရဲဘော်တယောက်က ကားပေါ်က ဆင်းဆင်းချင်း ကျွန်ုပ်ထံ ပြေးလာပြီး ဟင်းအိုးကို လှပ်သည်။ ဟာ ဝက်သားမျှစ်တွေပါလား ဆိုပြီး ပန်းကန်ကို အပြေးဆေးကာ ခူးခပ်တော့သည်။ သည်တော့ ကျွန်ုပ်က အဲ့ဒါ ပျူရွာက ပြည်သူတွေမဟုတ်လား၊ သူတို့ဆို ထမင်းမစားရတာ ကြာလောက်ပြီ၊ သူတို့ကို အရင်စားပါစေဦး ဟု ဆိုလိုက်သဖြင့် ရဲဘော်လေးက ဟာ စားဖိုမှူးကြီးကလည်း ကျနော်တို့က သူတို့ ထွက်လာမယ်ဆိုလို့ ညကတည်းက စောင့်နေကြတာ၊ ညကနေ အခုထိ ထမင်းမစားရသေးဘူးဗျ၊ ဆာနေတာ သေတော့မယ်။ ဪ အဲ့လိုကိုး၊ အေးပါ၊ ဝအောင်သာစား ထမင်းတွေ လောက်အောင် ချက်ထားပါတယ် ဟု ဆိုလိုက်ရသည်။
ပျူရွာကနေ ထွက်ပြေးလွတ်မြောက်လာကြသော ပြည်သူများမှာ အယောက်နှစ်ဆယ်မက ရှိပါသည်။ အရွယ်စုံသည်။ ကလေးတွေရော၊ သက်ကြီးရွယ်အိုတွေရော။ ပျူစောထီးများရော ပါသဖြင့် ထိုပျူစောထီးတို့၏ အကူအညီနှင့် အခုလို များပြားစွာ ထွက်ပြေးလာနိုင်ကြခြင်း ဖြစ်သည်။
ကျွန်ုပ်ကလည်း ပျူရွာက ပြည်သူတွေ လများစွာ ထမင်းမစားကြရမှန်း သိထားသဖြင့် မဆိုင်းမတွဘဲ ခေါင်းဆောင်များအား ”ထမင်း၊ ဟင်း ကျက်ပါပြီ၊ သူတို့ကို ကျွေးလိုက်ကြပါတော့” ဟု ပြောလိုက်သည်။ သည့်ကြောင့် ပျူပြည်သူများသည် မီးဖိုချောင်ထဲ ဝင်လာကြသည်။ သူတို့မျက်နှာမှာ အကြောက်တရားတွေ လွှမ်းနေကြသည်။ မကြောက်စေရန်အတွက် ကျွန်ုပ်က အတတ်နိုင်ဆုံး ပြုံးထားပြီး ထမင်းဟင်းတွေ အများကြီး ရှိပါတယ်၊ ဝအောင်စားပါ အားမနာပါနဲ့ ဟု ပြောရသည်။ ယခု သူတို့တွေ ထမင်းစားရခြင်းဟာ ရေဆာတုန်း ရေတွင်းထဲ ကျသည့်အဖြစ်ပါ။ ထမင်းမစားရသည်မှာ လများစွာ ကြာခဲ့ကြပြီလေ။ တကယ်လည်း ပြည်သူများသည် ထမင်းကို မဝစတမ်း စားနေကြသည်ကို ကျွန်ုပ် သတိထားမိသည်။ စားနေကြသည်မှာ နာရီဝက်မက ကြာသည်။ သည်လို ငတ်ပြတ်နေကြသူများအား ပထမဆုံး စားရသည့် ထမင်းတနပ်ကို ကျွန်ုပ်ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးခွင့် ရသဖြင့် ကျွန်ုပ် ပီတိဖြစ်ရသည်။ ကူညီပြီး ချက်ပြုတ်ပေးသည့် မမစပ်စုလည်း ပီတိဖြစ်လိမ့်မည်ထင်သည်။
အခုလို ပျူရွာက ပြည်သူတွေ ရောက်လာသည့်အခါ ကျွန်ုပ်သင်ပေးနေသည့် ကလေးတွေ မလာတော့သဖြင့် မမစပ်စုကို မေးရသည်။ ဧည့်သည်တွေ ရှိလို့ မလာတာတဲ့။ ကျွန်ုပ်က ရပါတယ်၊ ဧည့်သည်တွေရှိလည်း ဘာမှမဖြစ်ဘူး၊ အစောင့်တွေ အများကြီး ရှိပါတယ်၊ လွှတ်လိုက်ပါ ဟု။
သည်တော့ ကလေးတွေ ရောက်လာကြသည်။ အဲ့အချိန် ပျူရွာက ကလေးတွေလည်း ဘေးမှာ ရှိနေသဖြင့် ကျွန်ုပ် တွေးလိုက်သည်။ ပျူရွာက ကလေးတွေလည်း ပညာငတ်မွတ်နေကြမှာပဲ။ သူတို့လေးတွေကိုလည်း သင်ပေးသင့်တယ်။ ပြီးရင် အဲ့ကလေးတွေဟာ ဒီမှာ တပတ်လောက်ပဲ နေကြမှာ။ အဲ့ဒီတပတ်အတွင်းမှာ သူတို့လေးတွေအတွက်ရော မစန္ဒာလမင်းဝင်းပပတို့အတွက်ရော အမှတ်တရကောင်းလေးတွေ ကျန်ခဲ့စေဖို့ ကျွန်ုပ် ဖန်တီးပေးသင့်တယ်လို့ တွေးမိသည်။ သည့်ကြောင့် ပျူရွာက ကလေးများဘက်သို့ လှည့်ကာ စာသင်ချင်ရင် ဒီနား လာထိုင်ကြလေ ဟု ပြောရာ လေးငါးယောက်လောက် ထလာကြသည်။ သူတို့ကလေးတွေမှာ စာအုပ်ခဲတံမပါသဖြင့် စန္ဒာလမင်းဝင်းပပတို့ဆီက စာရွက်တွေ ဖြုတ်ယူပြီး ဝေမျှ ပေးလိုက်သည်။
သည်လို ကလေး ကိုးယောက်လောက်ကို သင်ပြခွင့် ရသည့်အခါ ကျွန်ုပ်သည် Beyond Yangoon (1995) ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတခုကို ပြေးမြင်လိုက်မိသည်။ ဇာတ်ဝင်ခန်းထဲမှာကား စစ်ရှောင်စခန်းတခုတွင် ကလေးငယ်များကို မဖြစ်ဖြစ်သည့် နည်းနှင့် သင်ကြားပေးနေသည့် ဇာတ်ဝင်ခန်း။ ကလေးငယ်များသည် ဘယ်အချိန်၊ ဘယ်နေရာတွင်မဆို ပညာသင်ကြားရမည်ဖြစ်သည်။ ယခု သည်ကလေးများသည်လည်း စစ်ကာလထဲတွင် ကျရောက်နေသဖြင့် မဖြစ်ဖြစ်သည့်နည်းနှင့် ပညာသင်ကြားပေးရမည်ဖြစ်သည်။
ကျွန်ုပ်သည် ကလေးများအား ကျွန်ုပ်လို အကြားအာရုံ မသန်စွမ်းသူများအကြောင်း သိထားစေလိုသဖြင့် သေချာရှင်းပြပေးပါသည်။ အကြားအာရုံ မသန်စွမ်းသူများသည် အသံကို ကြားသာကြားသည် ဘာအသံလဲ၊ ဘယ်နေရာက လာသလဲ ဆိုသည်ကို မခွဲခြားနိုင်ကြကြောင်း၊ မကြားလို့ဆိုပြီး အသံအကျယ်ကြီး အော်ပြောရန် မလိုကြောင်း၊ အော်ပြောသည့်အသံကို ကြားပါသော်လည်း ဘာပြောသည်ကို မသဲကွဲသောကြောင့် နားမလည်ကြောင်း၊ ပြောသောစကားကို အသံမပါဘဲနှင့် ပါးစပ်လှုပ်ပုံကိုကြည့်ပြီး နားလည်နိုင်ပါကြောင်း၊ မြန်မြန်ကြီး ပြောလျှင် နားမလည်သောကြောင့် ဖြည်းဖြည်းသာ ပြောရကြောင်း၊ ဘယ်လောက် နားလည်အောင် ပြောပြော နားမလည်နိုင် ဖြစ်နေလျှင် စိတ်မရှည်သော အပြုအမူနှင့် မတုံ့ပြန်သင့်ကြောင်း၊ အကြားအာရုံ မသန်စွမ်းသူများအပေါ် စိတ်မရှည်သော အပြုအမူနှင့် တုံ့ပြန်သည်မှာ ရိုင်းရာကျကြောင်း၊ အကြားအာရုံ မသန်စွမ်းသူသည် မသန်စွမ်းသူစာရင်းထဲ ပါဝင်သဖြင့် ဖေးဖေးမမ ဆက်ဆံရကြောင်း စသဖြင့် အသံမပါဘဲ နားလည်အောင် ပြောနည်းပါ သင်ပေးလိုက်သည်။
ပျူရွာက ပြည်သူများသည် တပတ်ခန့် ကြာသည့်အခါ မြို့ကြီးပြကြီးဆီမှ ဆွေမျိုးအသီးသီးထံသို့ ပြန်သွားကြသည်။ ကလေးများအား ငါးရက်ခန့် သင်ကြားပေးခွင့် ရလိုက်သည်။ သည့်အတွက် ကျွန်ုပ် ရည်ရွယ်သလို ကလေးများအတွက် အမှတ်တရ အတွေ့အကြုံကလေးတွေ ကျန်ခဲ့လိမ့်မည်ဟု ထင်ပါသည်။ အဲ့လို ကျန်ခဲ့မည်ဆိုလျှင် ကျွန်ုပ်၏ နာမည်ကိုလည်း သိထားဖို့လိုသဖြင့် ကျွန်ုပ်၏ နာမည်ကို စောစောကတည်းက မိတ်ဆက်ပေးထားခဲ့သည်။ ကျွန်ုပ်၏ တော်လှန်ရေး အမည်မှာ ဒေးဗစ်ဖြစ်သည်။ ဦးဒေးဗစ်ဟု ခေါ်လျှင် ရှည်နေမည် စိုးသဖြင့် ကိုဗစ်ဟု ခေါ်စေချင်သည်။ သို့သော်လည်း ကိုဗစ်ဆိုသည်မှာ မကြာသေးခင်က ဖြစ်ပွားခဲ့သော ကပ်ရောဂါ၏ အမည်ဖြစ်နေပြန်သဖြင့် ဦးဗစ်ဟု ခေါ်စေသည်။ သည်တော့ ကလေးများက ကျွန်ုပ်ကို ဦးဗစ်ဟု ခေါ်ရုံမက မမစပ်စုကပါ ယခုအထိ ဦးဗစ်ဟု ခေါ်တွင်တော့သည်။
ပျူရွာက ပြည်သူများ ပြန်သည့်အခါ ကျွန်ုပ်က လက်ဆောင်ထည့်ပေးဖို့ စိတ်ကူးသည်။ ရွာမှာဆိုလျှင် မြို့တက်သည့်အခါ တောစာ၊ တောင်စာလေးများကို လက်ဆောင်အဖြစ် ယူလာကြသည့် ဓလေ့ရှိသည်။ သည့်ကြောင့် ပျူရွာပြည်သူများကိုလည်း လက်ဆောင်ပါစေချင်သည်။ သူတို့မှာ ဘာလက်ဆောင်မှ ယူစရာမရှိ။ သည့်ကြောင့် မမစပ်စုတို့ ယာထဲမှာ အလေ့ကျပေါက်သည့် ကဆစ်သီးများနှင့် ခါးလယ်လောက်မြင့်သော ချဥ်ပေါင်ရွက်များကို ခူးထည့်ပေးလိုက်သည်။ မြို့မှာဆိုလျှင် ကဆစ်သီး ရှိမည်မဟုတ်သလို ကြားပင်ကြားဖူးကြမည်မထင်။ ချဥ်ပေါင်ရွက်ဆိုလျှင် ဝယ်စားရသည်ပဲ။ ဒီမှာ အဖိုးမတန်ပေမယ့် မြို့မှာတော့ အဖိုးတန်ပါသည်။ သည့်ကြောင့် မြို့ကလူတွေ လက်ဆောင်အတွက် ကျေနပ်လိမ့်မည်ထင်သည်။
သည်တော့ အဖွားတဦးက ကျွန်ုပ်အား ကျုပ်မှာ ကိုယ်တို့အရွယ် သမီးသုံးယောက်ရှိတယ် ဟု ရေလာမြောင်းပေးသဘောမျိုးနှင့် စစနောက်နောက် ပြောလာသည်။ သည်တော့ ကျွန်ုပ်ကလည်း ဘာလဲ ကျုပ်နဲ့ ပေးစားမလို့လား ဟု ပြန်လည် စ,လိုက်သည်။ အဖွားက ကိုယ်တို့ကြိုက်ရင် ပေးစားမှာပေါ့တော် တဲ့။ ဟိုမိုတယောက်ဖြစ်သော ကျွန်ုပ်ကတော့ သားတွေရော မရှိဘူးလားဟု မေးချင်သည်မှာ ပါးစပ်ကို ယားနေပါသည်။ ဟုတ်ကဲ့ပါအမေကြီးရေ၊ ခေတ်ကောင်းရင် ပြန်တွေ့ကြမယ်နော်၊ နေကောင်းအောင်နေပါ ဆိုပြီး နှုတ်ဆက်စကားအသီးသီး ပြောကြသည်။
တော်လှန်စားဖိုမှူးဘဝမှာ အဲ့သလို အမှတ်တရ အတွေ့အကြုံများစွာ ကြုံခဲ့ရပါသည်။
(28.5.2025)