
“တော်လှန်ရေးကိုယ်ကျင့် (သို့) စစ်မုန်တိုင်းကို ရင်ဆိုင်ခြင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဇူလိုင် ၁၇ ရက်နေ့က စကစသင်္ဘော အစီး ၂၀ ခန့် (စစ်သင်္ဘော၊ ရိက္ခာတင်သင်္ဘောနဲ့ အခြားသင်္ဘောတွေ) မန္တလေးကနေ ဗန်းမော်အထိ ဆန်တက်ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြတယ်။ တကယ်တော့ လေကြောင်းက စရိတ်ကြီးမြင့်၊ ကုန်ပစ္စည်းသယ်ယူနိုင်မှု နည်းပြီး ကုန်းလမ်းကို အသုံးမပြုနိုင်တဲ့ စကစတပ်တွေဟာ မိုးတွင်း ဧရာမြစ်ရေတက်ချိန်ကို အသုံးပြုပြီး ရေကြောင်းကနေ လက်နက်နဲ့ ရိက္ခာ ထောက်ပံ့လေ့ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သိရှိထားပြီးသားဖြစ်တယ်။
‘သပိတ်ကျဥ်း’
၂၀၂၄၊ သြဂုတ်က တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ သပိတ်ကျဥ်းမြို့ကို စစ်တပ်က ၂၀၂၅၊ ဇူလိုင် ၂၃ ရက်မှာ ပြန်သိမ်းလိုက်တယ် ဆိုတဲ့အတွက် နောင်ချိုနဲ့ယှဥ်ကြည့်ရင် အချိန်ကာလ အပိုင်းအခြား အတူတူလောက်ပဲလို့ တွေ့ကြရမှာဖြစ်တယ်။ တနည်းပြောရရင် TNLA တပ်တွေ ရှမ်းမြောက်မြို့တွေကိုသိမ်းပြီး ဒေသခံ PDF တွေနဲ့ မန်းတိုင်းထဲကမြို့တွေကို သိမ်းခဲ့လို့ တနှစ်ကြာလာတဲ့အချိန်မှာ အခြေအနေတွေ ပြောင်းလဲလာတယ်လို့တော့ လက်ခံကြဖို့ဖြစ်လာတယ်။
တကယ်တော့ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ သင်္ဘောတွေကို လမ်းကနေ တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က အထိနာတယ်ဆိုပေမယ့် လေကြောင်းက ဗုံးကြိုကြဲ လမ်းရှင်းပြီး ရေကြောင်းက လက်နက်၊ ရိက္ခာနဲ့ စစ်ကူတွေ ပို့ပေးတယ်။ အရေးပါတဲ့မြို့တွေကို ကုန်းတွင်းမှာ အင်အားသုံးပြီး စီးနင်းတိုက်ခိုက်တဲ့ နည်းဗျူဟာကို သိနေပေမယ့် ဆုတ်ပေးလိုက်ရတယ် ဆိုတဲ့အဓိပ္ပါယ်က စစ်တပ်ရဲ့အင်အားကို ယှဥ်ပြီး ရင်မဆိုင်နိုင်လို့ တဘက်ကပြောရရင် စစ်တပ်ရဲ့စစ်အင်အား ပြန်လည် ခိုင်မာလာတယ်ဆိုတဲ့ သဘောဖြစ်တယ်။
မှတ်ချက်။ သပိတ်ကျဉ်းကို စစ်တပ်ကတိုက်ပြီး မှတ်တမ်းယူပြီး အထိုင်မချဘဲ ပြန်ထွက်/ဆုတ်သွားတယ်လို့ သတင်းတခုက ဖော်ပြတယ်။ ဒါမှန်ရင် စစ်တပ်အင်အားဟာ အပေါ်ယံမှာ ဖိသိပ်ထည့်ထားပြီး အတွင်းပိုင်း ခိုင်မာမှုမရှိသေးတဲ့ သဘောဖြစ်တယ်။
‘မိုးကုတ်နဲ့ စဥ့်ကူး’
သပိတ်ကျဥ်းကို ရလိုက်တဲ့အတွက် စကစဘက်က မိုးကုတ် ပြန်သိမ်းနိုင်ရေး အိပ်မက်ဟာ နီးကပ်လာတဲ့သဘော ဖြစ်လာတယ်။ မိုးကုတ်ကို သြဂုတ်ဆွေးနွေးပွဲမှာ တရုတ်ဖိအားနဲ့ ပြန်တောင်းမလား ဆက်တိုက်မလား ဆိုတာကတော့ ခုနေ ပြောဖို့ စောပါသေးတယ်။ ပုံမှန်မှာ သပိတ်ကျဥ်းကို ခိုင်မာအောင် စောင့်၊ နောင်ချိုကနေ ကျောက်မဲကိုတက်ပြီးမှ မိုးကုတ်ကိုဝင်တာဟာ ပိုသဘာဝကျမယ်လို့ ယူဆရတယ်။ တဘက်က ပြန်တွက်ကြည့်ရင်တော့ စစ်တပ် ရှေ့ကို မဲတိုက်နေတုန်း မန်းပီဒီအက်ဖ်က မတ္တရာနဲ့ ပုသိမ်ကြီးအစပ် ရွာ ၃ ရွာက စခန်းတွေကို ခုရက်ပိုင်း ဇူလိုင် ၂၀ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ သိမ်းယူခဲ့တယ်။ ဒါကြောင့် လတ်တလောမှာ စစ်တပ်ဘက်က သပိတ်ကျဥ်းကနေ ဗန်းမော်နဲ့ မိုးကုတ်ကို ဆက်ဝင်ဖို့ ကြိုးစားတာထက် အောက်ကိုပြန်ဆင်းပြီး စဥ့်ကူး၊ မတ္တရာ၊ မန်းဘက်မှာ ပြန်အထိုင်ချမလားလဲ စဥ်းစားစရာရှိတယ်။
ဒီလမ်းကြောင်းရွေးချယ်မှုမှာ စစ်တပ်ရဲ့ မန္တလေးစစ်အင်အား ဘယ်လောက် ခိုင်မာသလဲဆိုတဲ့အပေါ် မူတည်မှာဖြစ်တယ်။ လောလောဆယ်တော့ မန္တလေးအောင်မြေသာစံမြို့နယ်ထဲက ရပ်ကွက်တွေမှာ စစ်သင်တန်းသား အသစ်တွေရဖို့ လူစုခေါ်ယူပြီး မဲနှိုက်ခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ တက်လာတာတွေ့ရတယ်။
‘ကရင်ပြည်နယ်’
ဒီနှစ်ပိုင်းထဲ စစ်တပ်ကို ဖြည်းဖြည်းနဲ့ မှန်မှန် မပြတ်တမ်း တိုက်လာတဲ့အဖွဲ့ကတော့ KNLA ဖြစ်တယ်။ ထိုင်းနယ်စပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့ပြီး တဖြည်းဖြည်းချင်း အတွင်းပိုင်းကို ဝင်လာဖို့ ရည်ရွယ်ထားပုံ တွေ့ရတယ်။ ကရင်မှာ ထူးခြားလှတယ်မဟုတ်ပေမယ့် တွေ့လာရတဲ့ အပြောင်းအလဲတခုက စကစနဲ့ ကရင် BGF စောချစ်သူအဖွဲ့အကြားက ခွာပြဲမှုပါပဲ။
၂၀၂၄၊ ဧပြီလအတွင်းက တော်လှန်ရေးတပ်တွေရဲ့ မြဝတီမြို့သိမ်းပွဲမှာ BGF ခေါင်းဆောင် စောချစ်သူနဲ့အဖွဲ့ဟာ စစ်တပ်ကို ဝင်ဖေးမပေးခဲ့ကြတယ်။ ဒီနှစ် အစောပိုင်း (ဖေဖော်ဝါရီ ၂၀၂၅) ကရင်ပြည်နယ် ကျားဖြန့်နှိမ်နှင်းရေးအတွက် တရုတ် ဝင်ပြီး ဖိအားပေးလာချိန်မှာ စစ်တပ်နဲ့ BGF ကြားမှာ အက်ကြောင်းကြီးတခု ပေါ်လာတယ်။ နောက်ပိုင်းမှာ စောချစ်သူအဖွဲ့က စကစ အထောက်အပံ့မယူဘဲ သီးခြားရပ်တည်တယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ BGF ကို KNA လို့ အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့တယ်။
ဇူလိုင် ၁ ရက်နေ့မှာ စကစက နာမည်ပျက်ထုတ်ပြန်တဲ့ စီးပွားရေးကုမ္ပဏီတွေထဲမှာ စောချစ်သူနဲ့ သူ့ကုမ္ပဏီ ပါဝင်ခဲ့တာကြောင့် ကရင်ပြည်နယ်အတွင်း စကစနဲ့ အခိုင်အမာ မဟာမိတ်တခု ခွာပြဲသွားခဲ့ပြီဖြစ်တယ်။ စောချစ်သူရဲ့ ဓနအင်အားနဲ့ အထူးသဖြင့် လက်နက်အင်အားဟာ ကေအင်ယူဘက်ကို အတိုင်းအတာတခုအထိ စီးဆင်းလာမယ်ဆိုရင် ကရင်ပြည်နယ်တွင်း တိုက်ပွဲတွေဟာ ရှမ်းမြောက် ခေတ်ကောင်းစဥ်ကလို ခြိမ့်ခြိမ့်သဲသဲ အောင်မြင်မှု ရယူလာနိုင်မယ့်သဘောမျိုး မှန်းဆကြည့်နိုင်တယ်။
ဒါပေမယ့် ဇူလိုင်၂၃ ထိုင်းနယ်စပ် မိုးများရေကြီးမှုဟာ ကရင်ပြည်နယ်တွင်းကို ဝင်ရောက်လာတာမို့ ကရင်စစ်ဦးဟာ ခနတော့ ပြန်တန့်သွားမလား စောင့်ကြည့်ရမှာဖြစ်တယ်။ ဝီဖာဆိုင်ကလုန်းဟာ ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းကို ဇူလိုင် ၂၃ နဲ့ ၂၄ နေ့တွေမှာ ဝင်ရောက်လာမှာဖြစ် တယ်။ မဒေါက်မှာ စစ်တောင်းမြစ် တာကျိုးတဲ့အတွက် ရေတက်လာပြီး မြို့အနိမ့်ပိုင်းတွေကို ရေဝင်လာတယ်၊ ညောင်လေးပင်-မဒေါက် ကားလမ်း ရေကျော်နေတယ်လို့ သိရတယ်။
ဒီအခြေအနေတွေဟာ အရှိန်ရလာတဲ့ စကစ စစ်ဦးကို ထိပ်တိုက် ရင်မဆိုင်ရင်တောင် ကြားဖြတ် သို့မဟုတ် နောက်ကွယ်က သို့မဟုတ် အခြားနေရာဒေသတခုခုကနေ ထိန်းထားဖို့ လိုအပ်လာတယ် ဆိုတာပဲဖြစ်တယ်။
‘၂၀၂၅ နှစ်ဝက်’
၂၀၂၃ အောက်တိုဘာ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၄ အကုန်မှာ အရှိန်ကျသွားပြီး MNDAA နဲ့ TNLA တပ်တွေဟာ တော်လှန်ရေးအခြေအနေ အရပ်ရပ်နဲ့အတူ သိမ်းပိုက်နယ်မြေအတွင်း အုပ်ချုပ်ရေး ထူထောင်လာခဲ့ကြတယ်။ ဒီအလှည့်အပြောင်း အချိန်တခု ရလာတဲ့အခါမှာ စစ်တပ်ဟာ စစ်မှုထမ်းသစ်တွေ တရုတ်ထောက်ပံ့လက်နက်တွေ စည်းရုံးသိမ်းသွင်းမှုတွေနဲ့အတူ ရှမ်းမြောက် သိမ်းပိုက်ခံနယ်မြေတွေနဲ့ မန်းမြောက် နယ်မြေတွေကို စစ်အင်အား လက်နက် အင်အား အလုံးအရင်းနဲ့ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့တယ်။ ဒီမိုဒယ်ကို စစ်တပ်က ဘယ်လောက်ကြာအောင် ဆက်လက် သုံးစွဲနေနိုင်မလဲ ဆိုတာက တော်လှန်ရေးတပ်တွေ ဘယ်လို တုန့်ပြန်မလဲဆိုတဲ့ အခြေအနေပေါ် အနည်းနဲ့အများ မူတည်နေပါလိမ့်မယ်။
တခုသတိပြုရမှာက စစ်တပ်လက်နက်ချမှုနဲ့ အလင်းဝင်မှုဟာ ၂၀၂၃ နဲ့ ၂၀၂၄ တွေလို မဟုတ်တော့။ တော်လှန်ရေးတပ်တွေအတွင်း စုစည်းမှု အားနည်းခြင်းနဲ့ တော်လှန်ရေးအလွန် အစိုးရတရပ်ကို ပုံဖော် မပြသနိုင်ခြင်းဟာ နိုင်ငံတကာက တော်လှန်ရေးကို ထောက်ခံပေးရမယ် ဆိုတဲ့အသိ ရှိပေမယ့် စစ်ပွဲပြီးဆုံးရေးကိုသာ ဦးတည်စေခဲ့တယ်။ တနည်းပြောရရင် တော်လှန်ရေးဟာ ကိုယ်ကျင့်ပိုင်းခိုင်မာမှု ရှိပေမယ့် လိုအပ်တဲ့ အထောက်အပံ့ကို မရခဲ့တာ တွေ့ရတယ်။ ဒီအတွက် အချင်းချင်းနဲ့ နိုင်ငံတကာကို အပြစ်တင်နေမယ့်အစား မိမိလုပ်နိုင်တဲ့ ပြောင်းလဲမှုတွေကို လုပ်ကြဖို့ဖြစ်တယ်။
‘တော်လှန်ရေးကိုယ်ကျင့်’
စစ်တပ်ဟာ စစ်အင်အား၊ လက်နက်အင်အားသက်သက်နဲ့ လက်ရှိအောင်မြင်မှုကို အချိန်အတော်ကြာ ဆက်လက်မြှင့်တင်ထားဖို့ မဖြစ်နိုင်ပါဘူး။ တော်လှန် ရေးရဲ့လွှမ်းခြုံမှုဟာ နိုင်ငံတဝန်းလုံးမှာ ကျယ်ပြန့်စွာ ဖြစ်ထွန်း အခြေကျနေခဲ့ပြီး ဖြစ်တာကြောင့်ဖြစ်တယ်။ ဒါပေမယ့် လက်ရှိ တိုက်ပွဲဝင်လာတဲ့ စကစ စစ်သားတွေဟာ အရင်ကလို ကိုယ်ကျင့်ပိုင်းအရ နစ်မွန်းနေတဲ့၊ စစ်ဓာတ်ကျဆင်းနေတဲ့ စစ်သားတွေပဲလား၊ ပြောင်းလဲသွားပြီလား၊ ပြောင်းသွားတယ်ဆိုရင် ဘာကြောင့် ပြောင်းလဲသွားတာလဲ ဆိုတာကို ဆန်းစစ်လေ့လာကြည့်ဖို့လိုမယ်။
တော်လှန်ရေးတခုမှာ အင်အား (လူ၊ လက်နက်နဲ့ ငွေကြေး) နည်းတူ တော်လှန်ရေးတရပ်ရဲ့ ကိုယ်ကျင့်မှန်ကန်မှုဟာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးနိုင်တဲ့အထိ အရေးပါတဲ့အခန်းမှာ ပါဝင်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ တော်လှန်ရေးရဲ့ မှန်ကန်မြင့်မြတ်တဲ့ ကိုယ်ကျင့်ပိုင်း ခိုင်မာကောင်းမွန်မှုကို မိမိတပ်တွေထဲ ထပ်ဟပ်ပြသနေဖို့ လိုသလို ဒီ မှန်ကန်ကောင်းမွန်တဲ့ တော်လှန်ရေးကိုယ်ကျင့်ဟာ ခေါင်းဆောင်မှုမှသည် အောက်ခြေလူထုအထိ အတူ ပူးတွဲရှင်သန်နေဖို့ဖြစ်တယ်။
Be the first to comment