‘တော်လှန်ရေးကြီးပြီးသွားရင်…’
Jasmine (မဂျက်)
တော်လှန်ရေးကြီးပြီးသွားရင်
ကျည်ဆံခွံတွေကို အရုပ်လုပ်မယ်
ကျဆုံးကြယ်တွေကို သူတို့နေရပ်တိုင်းမှာ အစဥ်လင်းလက်တောက်ပစေမယ်
အောက်မေ့ဖွယ်ရာ အထိမ်းအမှတ်တွေနဲ့ မမေ့မလျော့ အလေးပြုကြမယ်
တော်လှန်ရေးကြီးပြီးသွားရင်
မီးလောင်ပြင်တွေဆီကိုသွားမယ်
အိမ်ပျောက်ရှာသူတွေနဲ့သူငယ်ချင်းဖွဲ့မယ်
သစ်ပင်စိုက်မယ် သီချင်းဆိုမယ်
နွေးထွေးရာအရပ်ဟာလဲ အိမ်ပဲဖြစ်ကြောင်း
သူတို့ကိုနှစ်သိမ့်ပေးမယ်
တော်လှန်ရေးကြီး ပြီးသွားရင်
ကလေးငယ်တွေဆီကိုသွားမယ်
ပျော်ရွှင်ခြင်းတွေ ကူရှာပေးမယ်
တီတီတာတာ တွတ်ထိုးပြီး သူတို့ဝါသနာတွေကို ရေးမယ်
ကဗျာတွေဝေဝေဆာဆာရွတ်ဆိုပြီး လွတ်လွတ်လပ်လပ် ကခုန်ကြစေမယ်
တော်လှန်ရေးကြီး ပြီးသွားရင်
အမေအိုတို့ဆီသွားမယ်
နာကျင်မျက်ရည်တွေ သုတ်ပေးမယ်
နှလုံးသားတစ်ခုစာ နွေးထွေးစေမယ်
သားပျောက်မိခင်တွေအတွက်
ကိုယ့် ရင်ခွင်ကို ခနငှားပေးမယ်
ဘဝအမောတွေ အတူနားထောင်ရင်း မိခင်တွေရဲ့အပြုံးကိုပြန်တူးဖော်မယ်
တော်လှန်ရေးကြီးပြီးသွားရင်
ဖိနှိပ်ခံအမျိုးသမီးတွေဆီကိုသွားမယ်
လူသားဆန်မှု ဟာတကယ်ရှိကြောင်း လက်တွေ့ပြမယ်
နူးညံ့ခြင်းဟာ လူတိုင်းနဲ့ ထိုက်တန်ကြောင်း ဖွင့်ဆိုရှင်းပြပေးမယ်
လမ်းသစ်ကိုရှာပြီး ရဲရဲဆက်လျှောက်ဖို့ နည်းလမ်းတူတူရှာကြမယ်
ဘဝကို ရင်ဆိုင်ရဲဖို့ စိတ်ခွန်အားတွေ ဝေမျှမယ်
တော်လှန်ရေးကြီးပြီးသွားရင်
ဘယ်တော့မှမလွှတ်တော့မယ့် လက်တစ်စုံကို တွဲမယ်
ခိုနားရာလို့ အမည်ပေးထားတဲ့ အဲဒီစိတ်တစ်ခုထဲမှာ စိတ်ချလက်ချ နေထိုင်မယ်
နာကျင်စရာတွေကို မေ့ပစ်မယ်
နွေးထွေးကြင်နာမှုကိုပဲ ရှာမယ်
ချစ်ခြင်းဖွဲ့စကားကိုပဲဆိုမယ်
ကိုယ်ကစလို့ ကိုယ့်ဝန်းကျင်ကို ပျော်ရွှင်ခြင်းတွေပဲ လက်ဆောင်ပေးမယ်
တော်လှန်ရေးကြီးပြီးသွားရင်
…….
တော်လှန်ရေးကြီးပြီးသွားရင်
……..
တော်လှန်ရေးကြီးပြီးသွားရင်ပေါ့
ဒီတော်လှန်ရေး ကြီးပြီးသွားရင် ပေါ့
(2024)
Be the first to comment