တော်လှန်ရေးချဥ်ခြင်း

‘တော်လှန်ရေးချဥ်ခြင်း’
◼️ကိုနီတွက်
“တော်လှန်ရေး” ဆိုသည့် အဓိပ္ပါယ်ကို စဥ်းစားကြည့်မိသည်။
တော် (တြိ) သင့်လျော်သည်၊ လျောက်ပတ်သည်၊ အံကျသည်။
တော်လှန် (တြိ-၁) ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်ရှိအောင်လုပ်သည်။
(တြိ-၂) ဖီဆန်သည်၊ ပုန်ကန်သည်၊ ကာပြန်သည်။
(တြိ-၃) စနစ်တခုမှ တခုသို့၊ အခြေအနေတခုမှ တခုသို့ ပြောင်းလဲပစ်သည်။
တော်လှန်ရေး (န) ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်ရှိအောင် အပြင်းအထန် အားထုတ်လုပ်ကိုင်မှု။
(ခရီးဆောင် မြန်မာ့အဘိဓာန် စာ-၁၃၁)
ဤသို့တွေ့ရသည်။ သို့ဆိုလျှင် မည်သူများက အဘယ်ကြောင့် တော်လှန်ရေးလုပ်ကြသနည်း။
(၁)
(တော် (တြိ) သင့်လျော်သည်၊ လျောက်ပတ်သည်၊ အံကျသည်။)
ကျနော်ငယ်စဥ်က ကမ္ဘာကျော် သတ္ထုတွင်းတခုတွင် အကိုများနှင့်နေခဲ့ရင်း ပညာသင်ကြားခဲ့ရသည်။ ထိုဒေသ၏ လူတန်းစားများမှာ အလုပ်သမား၊ ကြီးကြပ်ရေးမှူး၊ စာရေးစာချီ၊ အရာထမ်းများ ဟူ၍ရှိသည်။ နေထိုင်မှုစနစ်မှာ အောက်ခြေ အလုပ်သမားတို့နေရာသည် အလုပ်သမားတန်းလျား၊ (၁၀) ပေပတ်လည် အခန်းတခန်း၊ မိသားစုများပါက အခန်းနှစ်ခန်းရသည်။ (မပေးချင်ပါက မရနိုင်။) ကြီးကြပ်ရေးမှူးများအိမ်တွင် အတန်ကျယ်ဝန်းသည့်အိပ်ခန်းနှစ် ခန်း၊ ဧည့်ခန်း၊ မီးဖိုဆောင်၊ အိမ်သာ၊ ကြွေဇလုံပါ ရေချိုးခန်း စသည်ဖြင့် ပြည့်စုံသည့် အိမ်လုံးခြင်း။ သူတို့ထက်ကြီးသော အရာထမ်း (တ) များအတွက် သီးသန့်အိမ်လုံးခြင်း သို့မဟုတ် ကျယ်ဝန်းလှသော ခြံကျယ်ကြီးအပြင် အကာအရံများလည်းရှိသည်။ အရာထမ်း (ဒု) (ပ) များအတွက် အနောက်ဥရောပစတိုင် အိမ်ကြီးအိမ်ကောင်းများ၊ ပန်းခြံပြုစုရန် မာလီအပြင် ခြံဝန်းစောင့်လည်းပါသေး၏။
ထိုသို့ ကွဲပြားကန့်သတ်မှုက အောက်ခြေအလုပ်သမား၊ အထက်အရာရှိများနှင့် ပြဿနာမရှိနိုင်ဘူးလား၊ ရှိခဲ့ပါသည်။ ထိုစဥ်က ပညာသင်ဆဲ ငယ်ရွယ်သေး၍ ဘာမှ မသိနားမလည်ခဲ့။ ပညာအရည်အချင်း၊ ကံခြင်း မတူ၍ စံစားခံစားရပုံခြင်း မတူညီနိုင်တာ နားလည်းမိပါလေငြား ထိုခွဲခြားမှုအပြင် အလုပ်ခွင်ကိစ္စ၊ လူမှုရေးကိစ္စများ၌ သဟဇာတ မဖြစ်ခဲ့ကြသည်မှာ ခေတ်အဆက်ဆက်။ အောက်ခြေအလုပ်သမားများမှာ မနက်၊ နေ့လည်၊ ညဆိုင်းများဖြင့် အလှည့်ကျ အလုပ်ဆင်းနေသည့်တိုင် ဘော်သတ္တုတူးဖော်မှု တန်စားပေစားများ၊ အချိန်ပို (over time) များ လုပ်နေရသည့်တိုင် ကြမ်းတမ်းဆင်းရဲမှု၊ စားဝတ်နေရေး မပြေလည်မှုများက ပင်စင်ယူသည်အထိ ပါခဲ့သည်။ အထက်အရာရှိဆိုသူများ၏ အနေအထားကလည်း ခေတ်အဆက်ဆက် အပေါ်စီးချည်းသာ။
ဥပမာတခု ထိုးချင်ပါသည်။ ထိုစဥ်က အလုပ်သမားဆန်ကို သမဝါယမမှ ထုတ်ယူရသည်။ ဆိုင်မဖွင့်ခင် စာအုပ်ထပ်၊ တန်းစီ။ ဆောင်းရာသီတွင် အေး​ချမ်း၊နွေရာသီတွင် ချွေးဒီးဒီးကျ၊ မိုးရာသီတွင် စိုစိုစွတ်စွတ်နှင့် ရှိခဲ့ကြသည်၊ ကြုံခဲ့ကြသည်ဆိုငြား အဆိုပါဆန်ကို ထိုနေ့ ရချင်မှရသည်။ ရသည့်ဆန်ကား ဆန်ကြမ်း၊ စပါးလုံးနိုင်းချင်း၊ ငကျွဲ၊ ဧည့်မထ၊ ငစိန်ဆန်များတည်း။ အရာရှိများကား ထိုသို့မဟုတ်၊ မကြိုက်လျှင် ပြန်လဲပေးရသည်။ သခင်အားရ ကျွန်ပါးဝသူများ၏ အခွင့်အရေးရလိုရငြား မောင်ငဖား မငဖားများကရှိသေး။ ထိုအရာရှိများနှင့် ရင်းနှီးခင်မင်ခွင့်ရတာကိုပင် မဟာလာဘ်ကြီးတပါး။ (သို့သော် အောက်ခြေအလုပ်သမားများနှင့် ဒိုးတူပေါင်ဖက် အလွန်စိတ်ထားကောင်းသော သတ္ထုတွင်းခေါင်ချုပ်များလည်း ရှိဖူးပါသည်။) ငယ်လည်းငယ် ပညာသင် ဆဲလည်းဖြစ်ပြန်တော့ အရာရာအနေအထားမှာ သင့်လျော်လျောက်ပတ် အံကျမှု ရှိနေသည်ဟု မြင်ခဲ့မိပါ၏။ ထို သတ္တုတွင်းဘေးပတ်လည်ကား ပလောင်၊ ရှမ်းလူမျိုးများ နေကြသည်။ ရှမ်း၊ ပလောင် လက်နက်ကိုင်တော်လှန်သူများကို ရှမ်းသူပုန်၊ ပလောင်သူပုန်ဟု သိခဲ့ရ ထင်ခဲ့ မှတ်ခဲ့ရပါ၏။ ထိုစဥ်က ပလောင်သန်းဝင်း၊ ပလောင်အိုက်ထ အမည်များကား ယခုထိ သတိရနေဆဲ။
(၂)
(တော်လှန် (တြိ-၁) ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ ရောက်ရှိအောင်လုပ်သည်။
(တြိ-၂) ဖီဆန်သည်၊ ပုန်ကန်သည်၊ ကာပြန်သည်။
(တြိ-၃) စနစ်တခုမှ တခုသို့၊ အခြေအနေတခုမှ တခုသို့ ပြောင်းလဲပစ်သည်။)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံ။ လယ်ယာချောင်းမြောင်း အလွန်ပေါသော စပါးကျည်နိုင်ငံ။ ထိုစဥ်က ဆန်စပါးတင်ပို့မှုတွင် ကမ္ဘာ့နံပါတ်တစ်နိုင်ငံဟု မှတ်ရဖူးသည်။ ဆန်စပါးပေါသည့်အပြင် မည်သည့်မျိုးစေ့ကိုမဆို လက်နောက်ပြန်ပစ်စိုက်တာတောင် အပင်ပေါက်ပြီး အသီးအနှံအရွက်တို့ကို စားသုံးရနိုင်သည်။ ဤနိုင်ငံမျိုး၏ ပြည်သူများ အဘယ်ကြောင့် ဆင်းရဲ ကြပ်တည်းရသနည်း၊ ငတ်ပြတ်ရသနည်း။ ယခုတော့ ဆန်တင်ပို့မှု ကမ္ဘာ့နံပါတ်တစ်နိုင်ငံကြီးအဖြစ်မှ လျှောကျသည့်အပြင် ပြည်သူများမှာလည်း ဆင်းရဲမွဲတေဆဲ။ ထိုစပါးကျည် ဖြည့်သူများ၏ ဘိုးဘွားပိုင်လယ်ယာများ အဘယ်ကြောင့် ငွေရှိသူ များ၊ အာဏာလက်ကိုင်ထားသူများ၊ သူတို့၏ ခရိုနီများထံ ရောက်ရှိသွားခဲ့ရသနည်း။ ရုံးရောက်ဂတ်ရောက်ရမှာ ကြောက်သော လယ်သမားများ နောက် ဆုံး မဖြစ်စလောက် ငွေအသပြာလေးဖြင့် ဓားမဦးချမြေများ ပိုင်ရှင်ပြောင်းခဲ့ရသည်။ ဦးကြီးများ၏ ရိုးသားမှု၊ ကြောက်ရွံမှု၊ မသိနားမလည်မှုတို့ကို အခွင့် ကောင်းယူကာ လယ်သမားများနှင့် မရင်းနှီးသော ဥပဒေများသည် ပိုင်ရှင်အစစ်ကို အတုဖြစ်အောင် လုပ်ပစ်လိုက်သည်။ ထိုသို့ဖြစ်စေရန် အားပေးသူများမှာ ထိုဒေသကို အုပ်ချုပ်နေသည့် လက်ပါးစေများ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသည့်အတိုင်း အရိုးအရင်းလေး ကိုက်ရယုံလောက်ဖြင့် ကိုယ့်နယ်သူနယ်သားများကို ဖိနှိပ်ခဲ့သည်၊ ခြိမ်းခြောက်ခဲ့သည်။ ရိုးသားဖြူစင်သော ဦးကြီးများ ဘာမျှမတတ်နိုင်၊ လည်စင်းခံခဲ့ရသည်။ မခံနိုင်၍ တုံ့ပြန်သူတို့မှာလည်း မီးများမီးနိုင် ရေများရေနိုင်။ ထောင်မကျလျှင် ဒုက္ခအမျိုးမျိုး အလှည့်ကျ ရောက်လာသည်။ ထောင်ကျသူလည်းရှိသည်။ အမှုနိုင်သူကား တထောင်တယောက်။
ထို့အပြင် ကျောင်းသားဘဝက သင်ခဲ့ရဖူးသော ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကို ကလေးအသိဖြင့် စွဲခဲ့သည်။ တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊လမ်းစဥ်လူငယ် လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ဖူးပါသည်။ စာတတ်မြောက်ရေးလှုပ်ရှားမှု၊ လူဦးရေစာရင်း ကောက်ခံမှုတို့တွင်လည်း သူငယ်ချင်းများနှင့်အတူ ပျော်ပျော်ပါးပါးကို ပါခဲ့ဖူးသည်။ ထိုစဥ်က တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သည်ကိုလည်း မသိ၊ တပါတီလမ်းစဥ် ကျင့်သုံးခဲ့သည်ကိုလည်း နားမလည်၊ အတိုက်အခံပါတီ ရှိမရှိ၊ ထိုပါတီသည် အာဏာရှင်စနစ် ဟုတ်မဟုတ် မသုံးသပ်နိုင်ခဲ့။
ထိုကြားထဲက ဦးသန့်အရေးအခင်း၊ ၁၉၈၈ အရေးအခင်း၊ ဦးစောမောင် အာဏာသိမ်းခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ ခမောက်ပါတီကို အာဏာမလွဲခဲ့​ခြင်း၊ ဦးသန်းရွှေမှ အာဏာ ထပ်ဆင့်သိမ်းယူခြင်း၊ ရွှေဝါရောင် သံဃာ့အရေးအခင်းများ ဆက်တိုက် ပေါ်ပေါက်လာသည်။ ထိုတော်လှန်ရေးများတွင် ရဟန်းရှင်လူ ပြည်သူအများ အသတ်ခံရ၊ ထောင်ချခံရ၊ အပယ်ခံရ၊ ရက်စက်ကြမ်းကြုပ်မှုတည်းဟု ဆိုနိုင်သော လူ့ငရဲကို ခံရ၊ မဟုတ်မမှန် စွပ်စွဲမှုတို့ဖြင့် လုပ်ကြံခံရ၊ ပြည်တွင်းမှ ပြည်ပသို့ ထွက်ပြေးကြရနှင့် အမျိုးမျိုးအဖုံဖုံ ဒုက္ခစုံတောမှာ အမောဖောက်သူ ဖောက်၊ လဲကျသူ လဲကျ၊၊ မှတ်မိပါသေးသည်။ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ ရုပ်ရှင်ရိုက်ခွင့်မရ။ နောက်ဆုံး မြေဖြူလုပ် အသက်မွေး ဝမ်းကြောင်းခဲ့တာတောင် အပိတ်ခံရသည်။ ပြည်သူချစ်သော အနုပညာသည်တယောက် ဆင်းရဲညှိုးနွမ်းစွာ ဘဝကို အဆုံးသတ်သွားခဲ့ရသည်။
အာဏာရှင်များ ကြီးစိုးလာသောအချိန်မှစ၍ သူတို့သာ ကြီးပွားတိုးတက်ခဲ့သည်။ ပြည်သူများ၏ဘဝကား အစစအရာရာ နိမ့်ကျသည်ထက် နိမ့်ကျလာသည်။ တချိန်တခါက အာရှနိုင်ငံသားများ ပညာလာသင်ခဲ့ရသော ရန်ကုန်တက္ကသိုလ်ကြီး။ ယခုအခါမှာတော့ မြန်မာပြည်သူများက ထို အာရှတက္ကသိုလ်များထံသို့ ပညာသွားသင်နေရတော့သည်။ ထိုအာဏာရှင်များ၏ အတ္တကြီးမှု၊ ကိုယ်ကျိုးရှာမှု၊ မတရားမှု၊ မမျှတမှုများကြောင့် ပြည်သူများ ဝမ်းခါးမလှ ဖြစ်ခဲ့ရသည်မှာ ငြင်းဆို၍မရ။ သူတို့ကျင့်သုံးခဲ့သော စနစ်ကောင်းလျှင် မြန်မာပြည်ကြီး နိမ့်ကျစရာမရှိနိုင်သလို ပြည်သူပြည်သားများလည်း ဘာကြောင့်ကျစရာ ရှိမည်နည်း။ ဖြစ်ပေါ်လာခဲ့သော တော်လှန်ရေးများ၊ ERO များ၏ ပုန်ကန်မှုများသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခဲ့ခြင်းမဟုတ်။ မမျှတမှု၊ မတရားမှု၊ မလွတ်လပ်မှုတို့သည် အရင်းခံ အကြောင်းတရားများသာတည်း။
ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေး၊ လမ်းပန်းဆက်သွယ်ရေး ဖွံဖြိုးတိုးတက်မှုများသည် တနိုင်ငံလုံး မျှတပါ၏လော။ တိုင်းရင်းသားဒေသများပါမကျန် တူညီအချိုးကျစွာ ခံစား စံစားရပါ၏လော။ ထိုစဥ်က အိမ်နီးချင်း ထိုင်းဘုရင် ဘူမိဘော၏ ပြည်သူလူထုအပေါ် အကျိုးပြုမှုများကိုလည်း အတုမယူ၊ အနောက်နိုင်ငံများ၏ ဖွံဖြိုးတိုးတက်မှုများကိုလည်း မမြင်ချင်ဟန်ဆောင်ခဲ့ပုံရသည်။ စင်ကာပူနိုင်ငံလေး၏ ဖြတ်ကျော်မှုကိုလည်း အမှုမထား။ ပြာပုံထဲက ထလာသော ဂျပန်နိုင်ငံ၏ ထောက်ပံ့မှုများကိုလည်း လုပ်ချင်ရာ လုပ်ပစ်ခဲ့သည်။ ယခုတော့ လာအိုနိုင်ငံငယ်လေးကပါ ရွှေမြန်မာပြည်ကြီး၏ အပေါ် ရောက်သွားခဲ့ပြီ။
ထိုအကြောင်းများကြောင့် ၁၉၈၈ အရေးအခင်းက “လှိုင်းကြီးလေထန် ဖြစ်ရပ်မှန်” ကို ပြည်သူများက မယုံကြည်ခဲ့။ ၁၉၉၀ ​ရွေးကောက်ပွဲ အနိုင်ရသူများကို အာဏာလွဲမပေးဘဲ ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျား ပြန်မည်ဆိုသော စကားကိုလည်း မယုံခဲ့ကြ။ သိသာလွန်းသည်ကား သူတို့အသုံးပြုနေသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၆ နှစ်ကျော်ကြာအောင် အချိန်ဆွဲဗျူဟာဖြင့် ရေးဆွဲခဲ့သည့်အပြင် အတည်ပြုရန်အတွက် နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် ခံစားခဲ့ရသည်ကို မစာနာဘဲ အတင်းအဓမ္ မသူတို့လုပ်ချင်ရာ လုပ်ခဲ့သည်က သက်သေ။ အာဏာ ဆက်လက်စွဲကိုင်ထားသည်က သူတို့၏ မရိုးသားမှု။
ကချင်ပြည်နယ်ထွက် ကျောက်စိမ်းတုံးများ အထူးသဖြင့် ၂၂ တန်ရှိသော ကျောက်စိမ်းတုံးကြီး မည်သို့ သုံးလိုက်ကြသည်မသိ။ ကချင်ပြည်နယ် ဖွံဖြိုးတိုးတက်မှုကို မတွေ့မမြင်ရသည်ကတော့ အမှန်။ ရှမ်းပြည်နယ်ထွက် ဓာတ်သတ္ထုများသည် ရှမ်းပြည်လူထုအတွက် နှမ်းဖြူးရုံထက် မပို။က ယားပြည်နယ်ထွက် လျှပ်စစ်သည်လည်း ကရင်နီပြည်နယ် အမှောင်ကျနေမှုက ထင်ထင်ရှားရှား။ ကျန်သော ပြည်နယ်တိုင်းများရှိ မြေပေါ်မြေအောက် သယံဇာတများသည်လည်း သူတို့ကိုယ်ကျိုးက ခပ်များများ၊ တိုင်းသူပြည်သားများအတွက်က ခပ်ပါးပါး။ နေရာစုံထောင့်စုံ အာဏာရှင်များ၏ အနိုင်ကျင့်မှုများကြောင့် တိုင်းရင်းသားအားလုံးသည် “ဗမာ” လူမျိုးများကိုအလွန်မုန်းခြင်းသာ အဖတ်တင်သည်။ ထို့ကြောင့်ပင် မညီမျှမှု၊ မတရားမှု၊ မလွတ်လပ်မှုတို့အတွက် ဖီဆန်ရန်၊ပုန်ကန်ရန်၊ သူတို့လိုချင်သော စနစ်ဟောင်း ခေတ်ဟောင်းကို စနစ်သစ် ခေတ်သစ်အဖြစ် လက်နက်ကိုင် တော်လှန်နေခြင်း မဟုတ်ပါလော။
(၃)
(တော်လှန်ရေး (န) ခေတ်ဟောင်း စနစ်ဟောင်းမှ ခေတ်သစ် စနစ်သစ်သို့ အပြင်းအထန် အားထုတ်လုပ်ကိုင်မှု)
ယနေ့အချိန် နွေဦးတော်လှန်ရေးကြောင့် ယခင်မျိုးဆက်များ၏ တော်လှန်ပုန်ကန်မှု အကြောင်းချင်းရာများကို သိကြရပြီ၊ တွေ့ကြရပြီ၊ မြင်ကြရပြီ။ မြန်မာပြည်အနှံ့ ပိုင်ဆိုင်မှုဟူသမျှ သေနတ်ကိုင်တပ်၊ ထိုတပ်၏ ခေါင်ချုပ်များသာ ပိုင်ဆိုင်ကြသည်။ စီးပွားရေးလုပ်ငန်းဟူသမျှ သူတို့ချည်းနှင်နှင်သာ။ အကျိုးအမြတ်မှန်သမျှ သူတို့သာ ရကြ ခံစားကြသည်။ သူတို့ပါတနာများ၊ ခရိုနီများ၊ မြန်မာစကားမတတ်သော စိနတိုင်းသားအ ကျိုးတူများ၏ ပိုင်ဆိုင်မှုများကလည်း မနည်းမနော။ သူတို့၏ အနိုင်ကျင့်မှုကြောင့် စက်ရုံအလုပ်ရုံလုပ်သားများ အလုပ်ချိန်နှင့် လုပ်အားခ မမျှတ။ အခွင့်အရေးများကို တောင်းဆိုလျှင် အလုပ်ထုတ်ပစ်သည့်အပြင် ရပိုင်ခွင့်မှန်သမျှလည်း ဆုံးရှုံးရသည်။ တောင်သူလယ်သမားများ၏ လယ်ယာများသည် ထိုသူတို့၏ စျေးကွက်များ ဖြစ်သွားသည်။ လက်ညိုးထိုးမလွဲအောင် ပိုင်ဆိုင်ကြသည်ကား သူတို့သည် အမှန်တကယ်ပင် အလွန်တော်သော လူချွန်များပေလော။ အံ့သြစရာကောင်းလှသည်။မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားကြွေးမြီ ကျပ်ငွေ ထရီလီယံအထိရှိအောင် ချွတ်ခြုံကျနေသော်လည်း ထိုသူများ၏ နိုင်ငံခြားဘဏ်တွင် အပ်နှံထားမှုမှာ ထိုထက်မက ပိုများသည််။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ခံရသော အစိုးရအဖွဲ့၏ အကြီးအကဲ နိုင်ငံတော်သမ္မတသည်ပင် ထိုသူများကို အမိန့်ပေးခွင့်မရှိ။ ထူးထွေတည့် အံရာသောဝ်။ ထိုသူတို့သည် ဖိအားရှိလာလျှင် သမ္မတအကာအကွယ်ကို ယူသည်။ ဖိအားမရှိလျှင် သီးသန့် အထူးအစိုးရတရပ် ဖြစ်သွားသည်။လွှတ်တော်တွင် စစ်အသုံးစရိတ် အတိုင်းအဆမရှိ တောင်းနိုင်၏။ သုံးစွဲမှုကို သမ္မတပင် စစ်ပိုင်ခွင့်မရှိ။ လွှတ်တော်ထဲတွင် ၂၅ % အကျောပေးထားရသေးသည်။ ကမ္ဘာ့ ဒီမိုကရေစီ နံပါတ်တစ်၊ ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြိမ် ၂၀၀ ကျော် ပြင်ဆင်ပြီးမှ ယခုအခြေအနေ ရောက်ခဲ့သည်။ မြန်မာအာဏာရှင်များ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကား ၁၆ နှစ်ကြာအောင် အချိန်ယူ (အချိန်ဆွဲ) ရေးဆွဲခဲ့၍ ပြည့်စုံလွန်းသည်ထင့်၊ ဘာမှပြင်မရ။ ပြင်ခွင့်ပေးခဲ့သည်များကလည်း အရေးမပါ။ မဲခွဲဆုံးဖြတ်လျှင် အချောင်ဝင်ထိုင်နေသူများက ကန့်ကွက်မြဲ။ အရာရာ အထက်စီး။သူတို့၏ မတရားမှု၊ မမျှတမှု၊ အတ္တကြီးမှု၊ အနိုင်ကျင့်မှုကား သိသာလွန်းလှသည်။ လူကြီးလူကောင်းမဆန်၊ ကလေးကုလားဆန်လွန်း၏။
ထို့အပြင် ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲကိုလည်း မဲမသမာမှု အကြောင်းပြချက်များဖြင့် အာဏာလုယူ၊ အဓမ္မအာဏာသိမ်း၊ အစိုးရအကြီးအကဲများကို မတရား ပုဒ်ထီးပုဒ်မများဖြင့် ထောင်သွင်း အကျဥ်းချ၊ အနိုင်ရပါတီနှင့် တိုင်းရင်းသား အင်အားကြီးပါတီများကို ဖျက်ဆီး။ သူတို့ကို မထောက်ခံသူများကို ဖမ်းဆီးသတ်ဖြတ်၊ အမှုဆင်ထောင်ချ၊ နှိပ်စက်။ ကျေးရွာမြို့ပြ ရိက္ခာများကို မီးရှို့ဖျက်ဆီး၊ ပြည်သူပိုင်များကို ခိုးယူ၊ အိမ်များကို ချိတ်ပိတ်။ မြန်မာပြည်ဒေသအနှံအပြားကို လေယာဥ်ဖြင့် မညှာမတာ ဗုံးကျဲချ။ အင်တာနက်ဖြတ်တောက်ကာ စစ်ဘေးရှောင်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ ရဟန်းသံဃာတော်များပါမကျန် ဖျက်ဆီး ဖြိုချ ဗုံးကျဲချနေမှုတို့သည် သူတို့၏ အတ္တကြီးမှု၊ အမြော်အမြင်မဲ့မှု၊ အရည်အချင်း မပြည့်ဝမှု၊အာဏာလက်လွှတ်ရမှာ ကြောက်မှုတို့ပင် မဟုတ်လော။
၂၀၂၅ မတ်လ (၂၈) နေ့က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ကို အကြောင်းပြုကာ နိုင်ငံရေးအမြတ်ထုတ်၊ ပြည်သူအပေါ် ယုတ်မာရန်သာ ကြိုးပမ်းအားထုတ်နေပြီး ဒုက္ခရောက်ပြည်သူများကို ကယ်ဆယ်ရန် အနည်းငယ်မျှပင် စိတ်ဝင်စားဟန်မပြ။ မတရားမှု၊ ယုတ်မာ​​​ရက်စက်မှုများ​​​ဖြင့်​ နွေဦးတော်လှန်ရေး၏ အကိုင်းအခက်၊ အရွက်အလက်၊ အညွန့်အဖူးတို့ကို ခုတ်ချရန်သာ လုပ်နေကြသည်။
နွေဦးတော်လှန်ရေးကား စုပေါင်းခေါင်းဆောင်မှုအပေါ် တည်ထားသည့် ပညာတတ်လူငယ်များ။ ထိုသူတို့၏ တော်လှန်ရေး၊ တော်လှန်ရေးသမားများကား လူငယ်လူရွယ်များ၊ ပညာသင်ရွယ်များ၊ အချို့ကား ပညာတတ် ဆရာဝန် အင်ဂျင်နီယာများ၊ အချို့ကား အသက်ပင်မပြည့်သေး။ မိန်းကလေးများသည်လည်း ယောကျ်ားလေးများကဲ့သို့ ကျရာတာဝန်ကို ထမ်းနေကြသည်။ ဆိုးရွားလှသော ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်သစ်သို့ရောက်အောင်အပြင်းအထန် အားထုတ်နေကြသည်။ အချို့ကား လမ်းခုလတ်တွင် ကျန်နေခဲ့ကြလေပြီ။ ကျနော်တို့ခေတ်ကဲ့သို့ ဂျင်းထည့်၍မရ။ အရာရာစူးစမ်းပြီး အမှန်ကိုသိအောင် လုပ်နိုင်သော မျိုးဆက်။ ထို့ကြောင့်ပင် ဆန္ဒပြပွဲ ကြွေးကျော်သံကဲ့သို့ “၈၈ က အချိုးတွေ ၂၁ မှာ လာမလုပ်နဲ့” ဟု အာ​​ပေါင်အာရင်းသန်သန် အော်ခဲ့ကြသည်လေ။
ထိုတော်လှန်ရေးသည် တူမီး၊ လက်လုပ်သေနတ်များနှင့် စခဲ့ကြသည်။ ယခုအခါတွင် ထိုတော်လှန်ရေးကား စုပေါင်းအင်အားကို အသုံးချရင်း ရန်သူ့လက်နက် ကိုယ့်လက်နက်ဖြင့် စစ်စခန်းများ၊ မြို့များ၊ စစ်ဌာနချုပ်များ၊ ကပစစက်ရုံများ စသ​​ည်ဖြင့်သိမ်းပိုက်​​ထား၊ သိမ်းပိုက်ရန် တာစူနေသည်။ စစ်ဗိုလ်ချုပ်များ၊ အရာရှိ အရာခံ အကြပ်တပ်သားများကို မကျွေးနိုင်၍ ဖမ်းမိသမျှ ထိန်းသိမ်းထားရန် ခက်လာ​ကြသည်။ စစ်ဗျူဟာများသည်လည်း ပစ်အားဖြင့် စစ်ကစားနေကြသည်။ တပ်ရင်းလိုက် ပြုတ်အောင် တိုက်နိုင်လာလေပြီ။ ရန်သူစခများ လက်ထွက်လျှင် လက်ပစ်၊ ခေါင်းထွက်လျှင် ခေါင်းပစ်သည့်အတွက်ကြောင့် ကတုတ်ကျင်းများထဲတွင်သာ ချီးပါ သေးပေါက် ထမင်းစားရသည်အထိ လုပ်ထားနိုင်လေပြီ။ စစ်ကားဖြင့် မထွက်ရဲသော စစ်ခွေးများ မည်သည့်ကားဖြင့်လာလာ သတင်းအတိအကျရကာ လမ်းပေါ်တွင်စောင့် ဖမ်းဆီးနိုင်လေပြီ။ ရန်သူ စစ်ခွေးရဲခွေးအပြင် မအလ၏ သခင်အားရ ကျွန်ပါးဝ ဘောမ ပျူစောထီး၊ မဘသ၊ သွေးသောက်များကား စိတ်ဓာတ်ပျက်ပြားနေသည်။ ထို့အပြင် အရိုးအရင်းလေးကိုက်ရလျှင် ကျေနပ်နေသည့် အထက်ဖားအောက်ဖိ အုပ်ချုပ်ရေးမှူးများသည်လည်း တော်လှန်ရေးသမားများ၏ သတိပေးမှုကြောင့် လုပ်ရဲသူ နည်းလာသည်။ လုပ်သူရှိပါကလည်း တော်လှန်ရေးသမားများ၏ လက်အောက်မှာ အသက်ပျောက်နေကြသည်။
တဘက်ကကြည့်လျှင် ဘာမဆိုလုပ်ရဲသည့် မအလဦးဆောင်သော သူခိုး ကြမ်းပိုး တပ်အဆင့်ထိ လျှောကျသွားသည်။ ကမ္ဘာ့ အဆင့် ၃၅ ချိတ်ခဲ့သော တပ်ကြီးကား ခံစစ်အသေထိုင်ရင်း တော်လှန်ရေးတပ်များ၏ အသိမ်းပိုက်ခံလောက်သာ ရှိတော့သည်။ မအလ၏ ကောက်ရိုးမျှင်များဖြစ်သည့် ရုရှား၊ တရုတ်များသာ မကယ်လျှင် မအလနှင့် အပေါင်းပါများကား မြေကြီးထဲတွင် ဆွေးနေလောက်ပြီ။
အဘယ်ကြောင့် တော်လှန်ရေးတပ်များသည် အသက်သွေးချွေးများဖြင့် ရင်းနှီး ပေးဆပ်နေကြသနည်း။ ဤမေးခွန်းကား ​ဖြေဆိုရန်​ ခေါင်းခြောက်ခံ စဥ်းစားစရာပင်မလို။ ခေတ်ဟောင်း စနစ်ဟောင်း၊ ခေတ်ဆွေး စနစ်ဆွေးမှသည် ခေတ်သစ် စနစ်သစ် ဖက်ဒရယ်ဒီမိုကရေစီ ရရှိလိုသည့်အပြင် အာဏာရှင် များ၏ ဖောက်ပြန်သော အကျင့်ပျက်​​များကို မြန်မာ့မြေပေါ်မှ အပြီးတိုင် သုတ်သင်ဖယ်ရှားလိုသည်ကား ပြည်သူများ၏ တော်လှန်ရေးချဥ်ခြင်းပင် မဟုတ် ပါလော။
(၂၁-၅-၂၀၂၅)
ကျောက်မဲမြို့
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*