
‘တော်လှန်ရေးလမ်းမပေါ်က ကျမ တွေ့ခဲ့တဲ့ ရဲဘော်’

ကျမ အဲ့ဒီ့ရဲဘော်နဲ့ စသိတာက ဖေ့စ်ဘုတ်မှာ။ အဲ့ဒီ့ရဲဘော်တို့ ဒေသဘက်က သတင်း မေးမြန်းရင်းနဲ့ပေါ့။ ကျမနဲ့ဆို ငါးနှစ်လောက်ကွာတဲ့ ကျမမောင်လေးအရွယ်ပေါ့။ လေးစားသမှုနဲ့ သူ့နာမည်ရှေ့ကနေ “ကို” တပ်ပြီး ခေါ်တယ်၊ ပြောတယ်။
အပြင်မှာ တခါမှ မမြင်ဖူးဘူး။ ဖေ့စ်ဘုတ်မှာ ဖရန့်ဖြစ်ကြတော့လည်း ခပ်တန်းတန်းသာ နေဖြစ်ခဲ့တယ်။ သူ ရေးတဲ့ ပိုစ့်အတော်များများက ရယ်ရတယ်။ တခါတလေတော့လည်း သူရဲ့ ရဲဘော်တွေအကြောင်း ရေးတတ်တယ်။
အဲ့ဒီ့နောက် ကျမတို့ တွေ့ဆုံရတဲ့ အခြေအနေတခု ဖြစ်လာခဲ့တယ်။
၂၀၂၄ ခုနှစ်၊ မတ် ၂ ရက်နေ့ ည။ တိုက်ပွဲတခုမှာ အဲ့ဒီ့ရဲဘော်နဲ့ သူ့ရဲ့ သူငယ်ချင်းဖြစ်သူ ဒဏ်ရာရတယ်ဆိုတဲ့ ပိုစ့်တွေ ဆက်တိုက် တက်လာတယ်။ သူငယ်ချင်းဖြစ်သူ ထိပြီး နာရီဝက်ကြာတော့ အဲ့ဒီ့ရဲဘော် ထိတာ။ သူငယ်ချင်းဖြစ်သူက အဆင်ပြေပေမယ့် သူကတော့ လေယာဥ်ပေါ်ကချတဲ့ ဗုံး ကျောရိုး၊ လက်ပြင်နဲ့ ခါးကို အစမှန်ပြီး ဆေးရုံကုတင်မှာ အသက်လုနေရတဲ့ အနေအထား တဲ့။
ဘယ်လောက်ပဲ အနေစိမ်းပါစေ။ ကျမတို့ရဲ့ တော်လှန်ရေးထဲက ရဲဘော် ထိတယ် ဆိုတော့ ကျမလည်း လန့်သွားတယ်။ သူနဲ့ လူချင်း မသိပေမယ့်၊ စကားကောင်းကောင်းမွန်မွန်မပြောခဲ့ပေမယ့် သူ့ကို မြန်မြန်သက်သာစေချင်မိတာ အမှန်ပဲ။ ကျမ သူ့အတွက် ဘုရားစာတွေရွတ်တယ်။ ရဲဘော် တယောက် မြန်မြန် နေကောင်းကျန်းမာပါစေ ပေါ့။
သူ ဖေ့စ်ဘုတ်ပြန်သုံးနိုင်တဲ့အချိန်မှာ ကျမတို့ စကားတွေ ပြောဖြစ်တယ်။ အကူအညီလိုရင်လည်း တတ်နိုင်သမျှ ကူညီမယ့်အကြောင်းတွေ။ တိုင်းရင်းသားနယ်မြေတခုမှာ ဆေးရုံလာတက်ရမယ် ဆိုတော့လည်း ကျမ ကူညီနိုင်တာ ကူညီဖို့ ပြောဖြစ်တယ်။
ဒဏ်ရာအတွက် အဲ့ဒီ့ဘက်က ဆေးရုံမှာ လိုအပ်တဲ့ ဆေးပစ္စည်းတွေ၊ ကိရိယာတန်ဆာတွေ မပြည့်စုံတဲ့အတွက် ဆေးရုံရှိတဲ့ ကျမနေထိုင်နေတဲ့နေရာကို သူ ပြောင်းလာရတယ်။ အဲ့ဒီ့နေ့က ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၆ ရက်။
တကယ်တော့ ကျမက ဆေးရုံဆိုရင် မသွားရဲဘူး။ ရဲဘော်တွေရှိတဲ့ ဆေးရုံဘက်ဆို ပိုပြီး မသွားဖြစ်သေးတယ်။ ဘာလို့ဆို ရဲဘော်တွေ ထိခိုက်လာတဲ့ဒဏ်ရာတွေ၊ ပတ်တီးစီးထားတဲ့အခြေအနေတွေကို မမြင်ရက်ဘူးလေ။ ကျမက အသည်းမာပေမယ့် ဒီလိုအခြေနေတွေမှာ မျက်ရည်လွယ်တယ်။
ကျမတို့ဘက်ကို မလာခင်က ၂၀၂၄ ခုနှစ်၊ မတ်လတလလုံးက ကျမတို့လည်း စစ်ရှောင်ဖြစ်နေခဲ့ရတာပေါ့။ ဆေးရုံမှာလည်း ဒဏ်ရာရရဲဘော်တွေ၊ ဆရာဝန်တွေ၊ ဗော်လန်တီယာတွေ ခြေချင်းလိမ်နေလို့ပေါ့။ ဆေးရုံဘက်မှာ ကျမ အမျိုးသားနဲ့ မိတ်ဆွေတွေကတော့ ဗော်လန်တီယာတွေအဖြစ် လုပ်ကိုင်ကြတယ်။ ကျမကတော့ နောက်ချန်လူအဖြစ်ပဲ။
အဲ့ဒီ့ရဲဘော် ကျမတို့ဘက်က ဆေးရုံတက်ဖို့ ရောက်လာတဲ့အချိန်မှာ ကျမတို့လင်မယားက ခရီးရှည်တခု ထွက်ဖို့ တိုင်ပင်နေတဲ့ ကာလ။ ဒါပေမယ့် ခရီးမထွက်ဖြစ်တော့ဘူး။ အစီအစဥ်ဆွဲထားသမျှလည်း ဖျက်ပစ်ပြီး ရှိရင်းဆဲ နေရာမှာဘဲ ဆက်နေခဲ့တယ်။
ရဲဘော် ဆေးရုံရောက်ပြီဆိုတော့ နောက်တနေ့ မနက်မှာပဲ မုန့်တွေဝယ်ပြီး ကျမအမျိုးသားနဲ့ ကျမ ဆေးရုံကို သွားခဲ့တယ်။ လူချင်းတောင်မမြင်ဖူးတဲ့ ရဲဘော်အတွက်နဲ့ ကျမ ပထမဆုံး ဆေးရုံရောက်ခဲ့တယ်။
ကုတင်နံပါတ် D – 31။ ကျမအမျိုးသားက ရှေ့ကနေ ဝင်ပြီး ဒဏ်ရာရထားသူ ရဲဘော်ကို ရှာတယ်။ ကျမအမျိုးသားကဆို သူ နဲ့ စကားလည်းမပြောဘူးသလို သိတောင်မှမသိဘူး။ ကျမအပြောသက်သက်နဲ့ပဲ ရဲဘော်ရဲ့ နာမည်ကိုပဲ ကြားဖူးပြီး ငါတို့ရဲဘော်ဆိုတဲ့ စိတ်နဲ့ ဝင်ရှာနေတာ။ မတွေ့တာနဲ့ ၂၆ ရက်ညက လေယာဥ်ဗုံးထိပြီး ရောက်လာတဲ့ ရဲဘော်နဲ့ တွေ့ချင်လို့ပါ ဆိုမှ အဆင်ပြေတယ်။
ပထမဆုံး မြင်ကွင်းကတော့ ကျမတို့ရဲဘော်က ကုတင်ပေါ်မှာ ပိုက်တန်းလန်း ပက်လက်အနေအထားနဲ့။ အာရုံကြောတွေထိသွားတဲ့အတွက် ခါးအောက်ပိုင်းတလျှောက် ခံစားမှုမရဘူး။ ကုတင်ပေါ် နေရတဲ့ကြာတော့ ခြေဖနောင့်နဲ့ ခြေထောက်တဝိုက်မှာ အနာလေးတွေ ဖြစ်နေတယ်။ ဆရာဝန်တွေကတော့ လိုအပ်တာတွေ မှာကြားနေတယ်။ ဒါ ကျမရဲ့မိတ်ဆွေ ရဲဘော်ကို ကျမ ပထမဆုံး မြင်ဖူးတာပဲ။ အသက် ၂၀ အရွယ် လူငယ်လေးက ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့။ ကျမ တကယ်စိတ်မသက်မသာ ဖြစ်ခဲ့တယ်။ ဒဏ်ရာတွေတော့ မမြင်ခဲ့ရဘူး။
နောက်ရက်မှာတော့ ကျမတို့ ရဲဘော် အားရှိအောင် အနာမြန်မြန်အသားပြည့်အောင် အမဲသားကြော်တွေ၊ ကြက်ဥကဒ်တွေနဲ့ ဆေးရုံကို သွားတယ်။ တခါကတော့ ဆေးထည့်နေတဲ့ အချိန်နဲ့ တိုးတယ်။ တင်ပါးမှာ ခြောက်လက်မလောက်အကျယ်နဲ့ တလက်မနီးနီး အနက်နဲ့ ဒဏ်ရာကြီး။ ပြီးတော့ လက်ပြင်တွေမှာ အစဝင်ထားတာ။ ကျောရိုးထဲ ကန့်လန့်စိုက်ဝင်နေတာတွေ။ ကျမ မြင်ခဲ့ရတယ်။ ဆေးရုံက အသိဆရာဝန်တွေနဲ့ စကားပြောဖြစ်တော့ သူ့ရဲ့ ဒဏ်ရာတွေကလည်း ခွဲစိတ်မှုမကြာခဏလုပ်ရမယ် ဆိုတာ သိခဲ့ရတယ်။
သူနဲ့ အတူ ပါလာတဲ့ သူ့ရဲ့ သူငယ်ချင်း ဆေးမှူးကိုလည်း လိုအပ်တာရှိရင် အားမနာဖို့၊ မြို့ပေါ်ရောက်ရင်လည်း ဝင်ခဲ့ဖို့ ရင်းရင်းနှီးနှီးပြောခဲ့တယ်။ ဆေးရုံမသွားဖြစ်ရင်လည်း သူနဲ့က လိုင်းပေါ်ကနေ စကားတွေ ပြောဖြစ်တယ်။
တိုက်ပွဲထဲမှာ လေယာဥ်ဗုံးစထိခဲ့တဲ့ အချိန်တုန်းကဆို ကျနော်တော့ ခါးပြတ်သွားပြီ ထင်တာ လို့ ရဲဘော် က ကျမကို ပြောတယ်။ “လေယာဥ်က ဝဲပြီး ထိုးဆင်းလာတာ။ ဝုန်းကနဲ အသံမြည်ပြီး ကျနော့ ခန္ဓာကိုယ်မြောက်တက်သွားတာ။ ပါးစပ်ကလည်း သွေးတွေကျလို့ပဲ။ ကျနော် ခါးပြတ်ပြီး သေပြီထင်နေတာ”။ ၂၀၂၄ ခုနှစ်၊ မတ် ၂ ရက် ညမှာ ဗုံးစမှန်တယ်။ မတ် ၃ ရက်မှာ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း အဲ့ဒီ့တိုက်ပွဲမှာပဲ ကျသွားတယ်။ အခု သူ့ ဘေးက လူနာစောင့် ဆေးမှူးကလည်း သူငယ်ချင်းအရင်းတွေပါပဲ။
“ကျနော်ထိတုန်းက ဘေးက ဆရာမက ကျနော့လက်မောင်းကိုကိုင်ပြီး လုပ်ပါဦး၊ သွေးပေါင်ချိန်တောင်တိုင်းမရတော့ဘူး။ အေးစက်နေပြီတဲ့။ အဲ့ဒီတော့မှ ကျနော်လည်း အခြေအနေဆိုးပြီဟ လို့။ တပည့်က ဒီလိုဆိုတော့ သူတို့ဆရာကြီးက မနက်လင်းလာတော့ တကွက်ပြတယ်။ ညက မင်းသေတော့မှာ တဲ့” သူထိတဲ့ညကအကြောင်း ပြန်ပြောပြတာ ပေါ့ပေါ့လေး။ ကျမမှာ နာနာကျင်ကျင်နဲ့ ရယ်ခဲ့ရသေးတယ်။
ဗုံးစမမှန်ခင်က တုတ်တုတ်ခိုင်ခိုင် စစ်သားတယောက်။ အခုတော့ ဆေးအရှိန်တွေနဲ့ ပေါင် ၁၀၀ ဝန်းကျင်ပဲ ရှိတော့တယ်။ ဆံပင်ကေခုတ်ထားရင်တော့ ဒီလူက သန့်နေဆဲပဲပေါ့။
ဆေးရုံရောက်ကတည်းက အသားဟင်းတလှည့်၊ အသားကြော်တလှည့် ပို့ပေးတယ်။ တခါတလေတော့ ခေါက်ဆွဲပေါ့။ တခါသားကတော့ သူက ရှောက်သီးသုပ်စားချင်တာ ဆိုလို့ ဝမ်းမလျှောအောင် မချဥ်မစပ်လေးလုပ်ပြီး ပို့ပေးတာပေါ့။ နောက်နေ့တော့ ရှောက်သီးသုပ်က မချဥ်လို့ဆိုပြီး ကျမမယ် အဆူခံရသေးတယ်။
ကျမ ဘေးကနေအမြင် ဒီရဲဘော်ဟာ သိပ်သန်မာတယ်လို့ ဆိုရမယ်။ ဒီလူ့ စိတ်ဓာတ်က သိပ်မာကျောတယ်လို့ စိတ်ပိုင်းဆိုင်ရာ ကြည့်ပေးနေတဲ့ စိတ်ကျန်းမာရေးဒေါက်တာကလည်း ပြောတယ်။ တချို့ရက်တွေမှာ ဒေါက်တာ့ဆီကို ဖုန်းဆက်ပြီး စိတ်ညစ်ကြောင်းတွေပြောနေရင်လည်း နှစ်ယောက်သား ထရယ်ကြတာပဲတဲ့။ ဒေါက်တာကလည်း အမြဲတမ်း ပြုံးပြုံးနဲ့ သိပ်သဘောကောင်းတယ်။ တခါတလေတော့လည်း ပြိုလဲတဲ့အချိန်တွေရှိပြီး ကျမဆီ ရင်လာဖွင့်တဲ့အခါ ကျမ ဘာမှ အားပေးစကားမပြောတတ်ဘူး။ တခါတလေတော့ ပျော်စရာလေးတွေဆီ စကားလမ်းလွှဲရတယ်။ ဝမ်းသာစရာက သူ့ရဲ့ ခြေထောက်တွေကလည်း နာကျင်မှုတွေကို အနည်းငယ် ခံစားမိနေပြီတဲ့လေ။
“ကျနော်စိတ်လျှော့လိုက်တော့တာ။ ဘာမှလည်းကျနော့်မှာမရှိတော့ဘူး။ ဘာမှလည်းမလုပ်ချင်တော့ဘူး။ ဖြစ်ချင်ရာဖြစ်” တချို့ရက်တွေမှာ အဲ့လိုတွေ ပြောပြီး နောက်နေ့တွေကျ သူမဟုတ်သလိုဘဲ။ သူ့ကိုယ်သူလည်း ပြောတယ် “ဧရာဝတီသား အာက ချောင်သလားမမေးနဲ့” တဲ့။ ဆေးရုံကုတင်ပေါ်ကနေ ဘောလုံးပွဲလောင်းတယ်။ မောင်းကျိုးတာက ခပ်များများ။ မောင်းအောင်ရင်လည်း အသိရဲဘော်တွေကို မုန့်ဖိုးပေးသေးတာ။ ထောက်ပို့ထီလည်း ရောင်းသေးတယ်။ သက်သာပြီဆိုတာနဲ့ နောက်က သူ့တပ်ရင်းအတွက် အလုပ်လုပ်တော့တာပဲ။ ကျန်းမာရေးကိုသာ ပိုဂရုစိုက်ပါ ပြောလည်း မရ။ အခုလက်ရှိအချိန်ထိ သူဟာ သိပ်သန်မာနေဆဲပဲ။ ကျန်းမာရေးသာ ဒေါင်ဒေါင်မြည်သွားရင် ကရင်နီဘက်ကို သွားဦးမယ်။ အညာကိုလည်း ဆင်းဦးမယ်တဲ့။ နေကောင်းသွားရင် စစ်ပြန်တိုက်မယ် တဲ့။
လတိုင်း လတိုင်းရဲ့ ၃ ရက်မြောက်ရောက်တိုင်း တိုက်ပွဲမှာ ကျသွားတဲ့ သူငယ်ချင်းအတွက် အမျှအတန်းပေးဝေတယ်။ အဲ့ဒီ့သူငယ်ချင်းအတွက် ရည်စူးပြီး စစ်ရှောင်စခန်းတွေကို လှူတယ်။ ကူတယ်။ တခါတလေတော့လည်း သူငယ်ချင်းကို သိပ်လွမ်းတဲ့အကြောင်းတွေ ပြောပြတယ်။
သူ က ထိထားတာများတော့ ရယ်လိုက်တိုင်း နာတယ်။ ကျမတို့ကလည်း တွေ့ကြရင် ရယ်စရာမပြောဘဲနဲ့ကို ရယ်ချင်နေကြတာ။ သူကလည်း လူနာနဲ့ကို မတူဘူး။ အမြဲတမ်း ခွီနေပြီးတော့ ဟာသတွေချည်း ပြောနေတာ။ ဆေးရုံပေါ်က ရဲဘော်နဲ့ အမှတ်တရတွေပေါ့။
၂၀၂၄ ခုနှစ်၊ သြဂုတ်လနှောင်းပိုင်းမှာ ကျမတို့နှစ်ယောက်နဲ့ ရဲဘော်တွေနဲ့ စိုးမိုးနယ်မြေတွေဆီကို ခရီး ထွက်လာခဲ့ကြတယ်။
သူ့ ကို နှုတ်မဆက်ဖြစ်ခဲ့ဘူး။ စိတ်ဆိုးမလားမသိပေမယ့် ကျမကတော့ နှုတ်မဆက်ချင်လို့ ဆေးရုံကို မသွားခဲ့တာပါပဲ။ သူလည်း ဆေးရုံထပ်ပြောင်းရတယ်။
အခုဆို သူက စာတွေရေးတယ်။ ကျန်းမာရေးတိုးတက်လာတယ်။ မအောင်တဲ့ မောင်းတွေ။ ထောက်ပို့ထီ ရောင်းတယ်။ ကျမကတော့ သူ့ကို စိတ်ဓာတ်မာကျောသန်မာလှတဲ့ တကယ့် တော်လှန်ရေးကြီးထဲက အသက် ၂၀ အရွယ် ရဲဘော်လို့ ကျမ မှတ်ယူရပါတယ်။
Be the first to comment