တော်လှန်ရေး ပညာရေးနဲ့ ကြုံဆုံရသော အပူလှိုင်းများ

“တော်လှန်ရေး ပညာရေးနဲ့ ကြုံဆုံရသော အပူလှိုင်းများ”
◼️လူရောင်လွင်
တနေ့မှာ ကျနော် ရွာတရွာကိုသွားပြီး စာသင်ကျောင်းကိစ္စ အုပ်ကြီးတွေနဲ့ အစည်းအဝေးလုပ်ရတယ်။ အစည်းအဝေးက မနက် ၉ နာရီလောက်ကတည်းက ပြီးသွားခဲ့ပေမဲ့ မိုးရွာနေလို့ အုပ်ကြီးအိမ်မှာပဲ ခန နေနေလိုက်တယ်။ စကားလေးဘာလေးပြောရင်း တော်ကီဖုတ်ကြပေါ့။
ကျနော်နဲ့အုပ်ကြီးနဲ့ ကျောင်းပညာရေးကိစ္စ ပြောနေကြရင်း တော်လှန်ရေးကာလရောက်မှ ခန့်အပ်တဲ့ ဆရာမလေးတွေရဲ့ အခက်အခဲတွေအကြောင်း ရောက်သွားတယ်။ ကျနော်တို့ တပ်ရင်းမှူးက ပြောဖူးတယ်။ ကြိုက်မယ့်ကြိုက် တော့ ရည်းစားထားမယ်ဆိုရင် ရဲဘော်တွေအနေနဲ့ ကျောင်းဆရာမလေးတွေကိုပဲ ကြိုက်ကွာတဲ့။ ပညာလေးလည်းတတ်၊ တော်လှန်ရေးမှာလည်း ပါနေတာပဲ၊ စျေးဆိုင်က ကောင်မလေးတွေထက်စာရင် အကူအညီ ပိုရတာပေါ့တဲ့။ ကျနော်လည်း အဲဒီ့စကားကို အုပ်ကြီးကို ဖောက်သည်ပြန်ချလိုက်မိတယ်။ အဲရွာက ဆရာမလေးတွေ လှတာကြောင့်လည်းပါတာ​ပေါ့။
အုပ်ကြီးက အစကတော့ ပြုံးနေပြီး နောက်ကျတော့ တခုခုကို သတိရသွားသလိုနဲ့ “ဟ ရဲဘော် အခု ကျောင်းဆရာမလေးတွေဆိုတာလည်း အရင်က လမ်းဘေးမှာ စျေးရောင်းနေတဲ့ ကောင်မလေးတွေပဲတဲ့။ မင်း အဲတော့ ဘာထူးမှာလဲ” လို့ပြောတယ်။
ဟင် ဆိုပြီး ဖြစ်သွားတယ်။ ကျနော်တို့နေတဲ့ ရွာတွေမှာက CDM ဆရာမ ရှားပါးတယ်။ ရှိတဲ့ CDM တွေကလည်း ကိုယ့်နယ်ကိုယ် ပြန်သွားကြတာကများတော့ စာသင်ကျောင်းတွေ လည်ပတ်ဖို့အတွက် အကူဆရာမလေးတွေကို အားကိုးရတယ်။ ဆယ်တန်းအောင်လေးတွေ ဒါမှမဟုတ်လည်း အဝေးသင်တက် ကျောင်းတက်လက်စ ကောင်မလေးတွေပေါ့။ သူတို့က ကျောင်းနားပြီး တော်လှန်ရေးကာလမှာ စျေးရောင်းတာတို့ ရွှေကျင်တာတို့ ကျရာအလုပ်ကလေးတွေ လုပ်နေကြတယ်။ အဲတော့ ကျနော်တို့က ပြန်လည်ငှားရမ်းပြီး အကူအညီတောင်းရတဲ့အခါ ဆရာမလေးတွေ ဖြစ်လာကြတယ်။ ဒီတော့ အုပ်ကြီးပြောတဲ့ စကားဟာလည်း မှားတော့မမှားဘူး။ စာသင်နိုင်ဖို့ သင်တန်းပြန်ပေးကြရပေမဲ့ တော်တော်များများကတော့ စာမသင်ဖူးကြသူတွေက များတယ်။ အဲဒီမှာ ဘာက ပြဿနာတက်လဲဆိုတော့ ကျောင်းသားမိဘတွေရဲ့ ယုံကြည်မှုပဲ။
မိဘဆိုတာကတော့ သိတဲ့အတိုင်းပဲ။ ကိုယ့်သားသမီးကသာ အဓိက။ ပြီးတော့ ဆရာမလေးတွေကို အစပိုင်းကာလတွေမှာ ယုံကြည်မှုက နည်းပါးကြတယ်။ ဒီကောင်မလေးတွေက ငါ့သားသမီးကို ပညာတတ်အောင် သင်ပေးနိုင်ပါ့မလား ဆိုတဲ့စိတ်တွေပေါ့။ မိဘတွေရဲ့ လောဘဆိုတော့လည်း ဆရာမလေးတွေခမျာ အဲဒီဒဏ်ကို တော်တော်လေး ခံကြရတယ်။ နောက်တော့ လိုအပ်တဲ့ သင်ကြားရေးသင်တန်းတွေပေး ဘာညာနဲ့ လုပ်ယူတော့မှ မိဘတွေဘက်က ယုံကြည်မှုရှိလာကြတာကို တွေ့ရတယ်။
နောက်တချက်ကတော့ ကျောင်းသားတွေရဲ့ အသက်အရွယ်ပြဿနာပဲ။ တော်လှန်ရေးကာလ အစပိုင်းတွေမှာ ကျောင်းတွေနားတော့ ကျောင်းသားတွေဟာ အသက်တွေ ကြီးလာကြတယ်။ လူပျိုဖော် ဝင်လာကြတယ်။ အပြင်အလုပ် တွေလုပ်ကြ၊ ပျော်ပါးတတ်လာကြတယ်။ အလုပ်လုပ်ရင် ပိုက်ဆံဝင်ပြီး ရတဲ့ဝင်ငွေက ကျောင်းတက်ရင် မိဘကပေးတဲ့ မုန့်ဖိုးထက် များတော့ စာသင်ခန်းတွေဆီကို ပြန်မလာချင်ကြတော့ဘူး။ ပြန်လာတဲ့ ကျောင်းသားတွေကျတော့လည်း အပြင်စိတ်ကလေးက ဝင်နေပြန်တယ်။ အဲဒီမှာ အကူဆရာမလေးတွေနဲ့တွေ့တော့ အသက်အရွယ် မကွာခြားမှုနဲ့ မလေးစားမှုက ကြားကခံနေတယ်။ ဆရာမလေးတွေမှာ အဲဒီဒုက္ခလည်း ထပ်ကြုံရပြန်တယ်။
အစပိုင်းကာလတွေမှာ တော်လှန်ရေးကာလ ကျောင်းဖွင့်နိုင်ဖို့ကို ကျနော်တို့ရဲဘော်တွေ အများကြီး ကြိုးစားခဲ့ကြရတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုက ကြောက်ကြတယ်။ ကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲမှာ၊ နောက်ပြီးတော့ ကျောင်းဖွင့်လိုက်ရင် တော်လှန်ရေးကို လုံးလုံးထောက်ခံသလိုဖြစ်ပြီး ရန်သူက အညှိုးထားမှာ စတာတွေကြောင့်ပဲ။ အဲတော့ ကျနော်တို့က ရပ်ရွာတွေ ကျောင်းဖွင့်ရေးဆိုပြီး ဟောပြောပွဲတွေ လုပ်ကြရတယ်။ ဆရာ ဆရာမတွေ ရှာပေးကြရတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းကအစ တက်ကြွစွာ ရှေ့ကလုပ်ပြတော့မှ လူထုက ပါလာကြတယ်။ စာသင်ကျောင်းမှာ မဖွင့်နိုင်ရင်တောင် Home Based အနေနဲ့ ဖွင့်နိုင်ဖို့ ကြိုးစားကြရတယ်။ ကျောင်းမှာ ဗုံးခိုကျင်းတူးဖို့ကစလို့ စာသင်ဖို့အဆုံး ရဲဘော်တွေရဲ့အားကို သုံးကြရတယ်။
နောက်တခု ပြဿနာက ဘာလဲဆိုတော့ တော်လှန်ရေးကာလ ပညာရေးကို ဘယ်လောက်ထိ မျှော်မှန်းထားလဲဆိုတာပဲ။ အမှန်တိုင်းပြောရရင်တော့ အစောပိုင်းကာလတွေမှာ စာတတ်ဖို့နဲ့ ကလေးတွေ ပညာရေးနဲ့ အရမ်းဝေးကွာ မသွားဖို့ကိုဘဲ ကျနော်တို့ ဦးတည်ခဲ့ကြတယ်။ MOE အနေနဲ့ ရည်မှန်းချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ မြေပြင်က အစောပိုင်းကာလတွေမှာ အဲသလိုပဲ ကျနော်တို့ ဦးတည်ကြရတယ်။
တော်လှန်ရေးနယ်မြေတွေမှာ ဖွင့်တဲ့ကျောင်းတွေနဲ့ပတ်သတ်ပြီး အစောပိုင်းကာလတွေမှာ အမေးခံရဆုံး မေးခွန်းကတော့ ဒီကျောင်းကိုတက်ပြီးရင် လစာရဖို့ ဘယ်မှာ အလုပ်လုပ်လို့ရမလဲ ဆိုတာရယ် တက္ကသိုလ်ပညာရေးကို ဘယ်မှာ ဆက်တက်ရမလဲ ဆိုတာရယ်ပဲ။
အမှန်တိုင်းဝန်ခံရရင် အဲဒီကာလတွေတုန်းက ကျနော်တို့မှာ ဖြေစရာအဖြေ မရှိခဲ့ဘူး။ ကိုယ့်သူငယ်ချင်းတွေက အကြမ်းဖက်စစ်ကောင်စီ ကျောင်းကနေ ဆယ်တန်းအောင်ပြီး စစ်ကောင်စီ တက္ကသိုလ်တွေမှာ တက်နေတဲ့အချိန်မှာ ကျောင်းနားထားတဲ့ CDM ကျောင်းသားတွေဟာ စျေးရောင်းတာတို့ ကျပန်းအလုပ်တို့ကိုလုပ်ပြီး မိသားစုဝမ်းရေးကို ဖြေရှင်းနေကြရတယ်။ အဲဒီမေးခွန်းကို စကြားတော့မှ ကျနော်တို့လည်း ဟုတ်သားပဲ ဆိုတဲ့အချက်ကို သတိရတယ်။ တော်လှန်ရေးမှာ ပါဝင်နေတာပဲ ဆိုတာရယ်၊ စစ်ကောင်စီ ပညာရေးက ဘာလုပ်လို့ရမှာလဲ ဆိုတာရယ်ကိုပဲ ရှင်းပြပြောဆိုပြီး ချွေးသိပ်ခဲ့ရတယ်။ ဆင်းရဲတဲ့ ပြည်သူလူထုအတွက် ဝင်ငွေဟာ အဓိကပဲ။ ကိုယ့်သားသမီး ပညာရေးကနေ ဝင်ငွေရတဲ့ အလုပ်ကိုလုပ်နေရင် သူတို့အတွက် ခါးနာသက်သာကြတယ်။
အဲတော့ ဒီကာလမှာ ဘာတွေများ မျှော်လင့်နေတာလဲ ဦးလေးတို့ရယ်လို့ ပြောမထွက်ခဲ့ဘူး။ ပြောလည်းမပြောရက်ခဲ့ဘူး။ အခုနောက်ပိုင်းမှာတော့ အလုပ်အကိုင်ကိစ္စက အဆင်မပြေသေးပေမဲ့ ကျနော်တို့ တော်လှန်ရေးနယ်မြေတွေမှာ အဝေးသင်တွေတော့ တက်လို့ရလာတာကို တွေ့ရတယ်။ တက်လည်း တက်နေကြတယ်။ အဲတော့မှ ကိုယ်တွေလည်း သက်ပြင်းချနိုင်တယ်။
တိုင်းပြည်တခုမှာ စစ်ပွဲတွေဖြစ်ပြီဆိုရင် အရင်ဆုံး ပျက်စီးရတာကတော့ ပညာရေးပဲ။ ဆရာအောင်သင်း လေသံနဲ့ ပြောရရင် “ခင်ဗျားတို့နော် ဒါကြီးက သိပ်ဝမ်းနည်းစရာကောင်းတယ်” ဆိုတာပဲ။ တော်လှန်ရေးနဲ့အတူ ပညာရေးကို တပါတည်း ဆောင်ရွက်နေတယ်ဆိုပေမဲ့ အားနည်းနေသေးတယ်။ ကိုယ့်ညီအရွယ်လေးတွေ လက်နက်ကိုင်နေတာ မြင်ရရင် အမြဲမေးကြည့်မိတယ်။ မင်း ကျောင်းကို ဘယ်ထိတက်ခဲ့ရလဲလို့။ တချို့က ပထမနှစ်၊ တချို့က အထက်တန်း၊ တချို့က ဒုတိယနှစ်။
အရင်က ပညာရေးစနစ်ဟာလည်း ကောင်းခဲ့တာမဟုတ်ဘူး ဆိုတာကိုတော့ ကျနော်တို့အားလုံး ဘဝနဲ့ရင်းပြီးကို သိကြပါတယ်။ ဒါပေမဲ့ လူငယ်တွေကို ပညာရေးဆိုတာထက် ကျောင်းတက်ရတဲ့ လွတ်လပ်မှုနဲ့ ကျောင်းဆိုတဲ့ လူမှုအသိုက်အဝန်းကို ရစေချင်တယ်။ တက္ကသိုလ်ရဲ့အရသာ၊ အဆောင်နေကျောင်းသားဘဝရဲ့ အတွေ့အကြုံတွေနဲ့ ဘဝကို ဘယ်လို တယောက်တည်း ရပ်တည်ရလဲ ဆိုတာတွေကို သိစေချင်တယ်။ ရဲဘော် တော်တော်များများဟာ ကျောင်းစိမ်းပုဆိုးကိုချွတ်ချပြီး ယူနီဖောင်းဝတ်ဖို့ လာကြသူတွေများတယ်။ သူတို့မှာ နောင်တဆိုတာမရှိဘူး။ နိုင်ငံတော်ကြီးကို ကယ်တင်မယ်ဆိုတာလည်း မရှိဘူး။ မကျေနပ်ဘူး အာဏာရှင်ကို ရွံတယ်ဆိုတဲ့ အသိတခုပဲရှိတယ်။
ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တရပ် တည်ဆောက်အံ့ ဆိုတဲ့ဆောင်ပုဒ်ဟာ ကျနော်တို့နိုင်ငံမှာ သုံးစားမရတာ အတော်လေး ကြာခဲ့ပါပြီ။ တော်လှန်ရေးဖြင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးအား တည်ဆောက်အံ့ ဆိုတာပဲ ရှိတော့တယ်။ ဝမ်းနည်းစရာတော့ ကောင်းတယ်။ တိုင်းပြည် ပြန်လည်ထူထောင်ခဲ့ရင် ပညာရေးဟာ အတော်လေး နာလန်ထအောင် ကုယူရမဲ့ လူနာပဲ။ ကုလို့ ရကောင်းရနိုင်သေးတယ်လို့လည်း မျှော်လင့်မိတယ်။ ရနိုင်ပါစေလို့လည်း ဆုတောင်းမိတယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*