“တော်လှန်အနုပညာရှင်နဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်”
နေသစ်တည်ဇ
ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းကောင်းကြားရတယ်။ ဒါရိုက်တာဏကြီးနဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုကို Oldenburg ရုပ်ရှင်ပွဲတော်က Honorary Tribute Award ပေးသတဲ့။ နည်းတဲ့သတင်းတော့ မဟုတ်ဘူး။ ပြီးတော့ ဆုကလည်း အကြီးကြီးပဲ။ တကမ္ဘာလုံးက ရုပ်ရှင်သမားတွေထဲကမှ သေသေချာချာ ရွေးပြီးတော့ပေးတာ။ ၁၉၉၄ ခုနှစ်မှာ စပြီး နှစ်တိုင်းပေးလာခဲ့တာ၂၀၂၄ ခုနှစ်အတွက်ကို သူတို့နှစ်ယောက်ကို ရွေးပြီးပေးတာတဲ့။ နှစ်အလိုက်ပေးတဲ့ ရုပ်ရှင်အနုပညာရှင်တွေထဲမှာ နာမည်ကျော် ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ ကမ္ဘာကျော်သရုပ်ဆောင် နီကိုးလပ်ကေ့ဂျ်က စလို့ လာအိုကဒါရိုက်တာ မတ်တီဒိုအထိ ပါဝင်တဲ့အတွက် နှယ်နှယ်ရရ ပေါပေါပဲပဲဆုမျိုးတော့ မဟုတ်တာ သေချာလွန်းနေခဲ့တာပေါ့။ ပိုပြီးမိုက်တာက ဒီသတင်းကို Hollywood Reporter ဆိုတဲ့ မဂ္ဂဇင်းကြီးက ခမ်းခမ်းနားနား ဆောင်းပါး ရေးပေးထားတာပဲ။
Oldenburg Film Festival ဆိုတာ ဂျာမနီနိုင်ငံမှာရှိတဲ့ အထင်ကရ ရုပ်ရှင်ပွဲတော်တခုပါ။ ဂျာမနီရဲ့ Sundance လို့လည်း အမေရိကရဲ့ ကမ္ဘာကျော် Sundance ရုပ်ရှင်ပွဲတော်နဲ့ ခိုင်းနှိုင်းပြီးတော့ သတ်မှတ်လေ့ရှိတာပါ။ ကမ္ဘာ့ရုပ်ရှင်ပွဲတော်တွေထဲမှာဆိုလည်း ထိပ်ပိုင်းအဆင့်မှာ ရပ်တည်နေတဲ့ ရုပ်ရှင်ပွဲတော်တခုလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ပွဲတော် မှာပဲ ၂၀၂၁ ခုနှစ်တုန်းက ကိုဏကြီးကိုယ်တိုင် ရေးသားရိုက်ကူးပြီး ပိုင်ဖြိုးသုနဲ့ အိန္ဒြာကျော်ဇင် အဓိက ပါဝင်သရုပ် ဆောင်ထားတဲ့ “What Happened to the Wolf?” ရုပ်ရှင်ကားကို World Premiere အဖြစ် ပထမဆုံး ပြသခံခဲ့ရတာပါ။ အဲဒီ့ဇာတ်ကားနဲ့ပဲ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကို အကောင်းဆုံးသရုပ်ဆောင်အဖြစ် Seymour Cassel Award ပေးအပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဘယ်လိုပဲပြောပြော အရင်ဆုတွေရခဲ့၊ ပြသခံရခဲ့တဲ့ အချိန်တွေကတည်းကိုက ကိုဏကြီးရော၊ ပိုင်ဖြိုးသုရော၊ အိန္ဒြာကျော်ဇင်ပါ ဒီပွဲတော်တွေကို တက်ရောက်ခွင့် မရခဲ့တာပါ။ အကြောင်းကတော့ အာဏာရှင်ရဲ့ ဒုက္ခပေးမှုနဲ့ ထောင်ကျတဲ့သူနဲ့၊ ပြေးရပုန်းရသူနဲ့ဆိုတော့ ဘယ်မှာ ပွဲတက်နိုင်ခဲ့ပါ့မလဲ။ အခုလည်း ဂုဏ်ပြုဆု ထပ်ရပြန်ပါတယ်။ ရတာကလည်း သူတို့မောင်နှံ နှစ်ယောက်စလုံးကို ပူးတွဲပေးတာပါ။ ဆိုတော့ အခုတကြိမ်လည်း သွားခွင့်လာခွင့် မသာနိုင်ခဲ့သေးပါဘူး။ အာဏာရှင်ရဲ့ ဒုက္ခမျိုးစုံပေးမှုနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ မှီခိုနေရဆဲ အခြေအနေမို့လို့ပါ။ ဒါကိုလည်း သူတို့ရဲ့ ဆုကြေညာတဲ့ပို့စ်မှာ Myanmar Artist in Exile ဆိုပြီး ထည့်ရေးထားတာပါ။ ဒါက ဘာကို ရည်ညွှန်းသလဲဆိုရင် သူတို့ဟာ Exile (ပြည်ပြေး) အနုပညာရှင်တွေဖြစ်တယ်ဆိုတာ သိသိလျက်နဲ့ ဆုရွေးချယ်ရေးအဖွဲ့က ဂုဏ်ပြုချီးမြှင်ခဲ့တယ်ဆိုတာကတော့ ထင်ရှားပါတယ်။
ဒီဆုဟာ တကယ်တော့ တော်လှန်ရေးလုပ်နေတဲ့ အနုပညာရှင်မို့လို့ဆိုပြီး သီးသန့်ရွေးပေးတာတော့လည်း မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ရဲ့ အနုပညာအပေါ်မှာ အခြေခံပြီးတော့ ဂုဏ်ထူးဆောင်ဆုကို ချီးမြှင်ခဲ့တာပါ။ ဒါပေမယ့် ကြေညာချက်မှာရော Hollywood Reporter မဂ္ဂဇင်းမှာရောက သူတို့ဟာ အာဏာသိမ်းမှုကို တော်လှန်နေတဲ့ အနုပညာရှင်တွေဖြစ်တယ်။ အဲဒီလို အာဏာဖီဆန်ခဲ့လို့လည်း တိမ်းရှောင်နေရတာဖြစ်တယ်။ ဒါ့အပြင်လည်း တိမ်းရှောင်နေရတဲ့ အချိန်မှာတောင်မှ ပြည်ပြေးအနုပညာရှင်တွေ စုပေါင်းပြီး Artists’ Shelter ဆိုတဲ့ အဖွဲ့အစည်းကို တည်ထောင်ပြီး အနုပညာအလုပ်ရော တော်လှန်ရေးကြီးမှာပါ မျက်ခြေမပြတ် ပါဝင်နေကြတာ ဖြစ်တယ်လို့ တခမ်းတနား ဖော်ပြထားတာပါ။ ဒါကြောင့်မို့လို့လည်း တော်လှန်အနုပညာရှင်တရပ်လုံးက ဒီဆုအတွက် ဝိုင်းပြီး ဂုဏ်ယူနေကြတာလည်း ဖြစ်ပါတယ်။
တကယ်ဆို သူတို့မောင်နှံဟာ ‘မီ’ ရုပ်ရှင်တကားပဲ ပြည်တွင်းထဲမှာ ရုံတင်နိုင်ခဲ့ပြီးတော့ ဒုတိယရုပ်ရှင် “What happened to the wolf?” ရုံတင်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာပဲ ကိုဗစ်နဲ့ကြုံ၊ နောက်တော့ အာဏာသိမ်းမှုနဲ့ကြုံပြီး တခန်းရပ်သွားခဲ့ရတာပါ။ ဒါပေမယ့် ၂၀၂၁ အာဏာသိမ်းလို့ ပြေးနေရတဲ့အချိန်မှာပဲ Oldenburg မှာ ပထမဆုံးပြခွင့်ရခဲ့တယ်။ အခုလည်း ဂုဏ်ထူးဆောင်ဆုနဲ့အတူတူ “မီ” ရော၊ “What happened to the wolf?” ရော၊ တော်လှန်ရေးထဲမှာ ရိုက်ခဲ့ကြတဲ့ “နိုင်ငံပျောက်သူ” ရော၊ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရောနဲ့ အခုနောက်ဆုံး ဒေါင်းနဲ့ရိုက်ခဲ့တဲ့ “The Guilt” ပါ ပွဲတော်အချိန်မှာ ပြသခွင့်ရမှာပါ။
ဆိုလိုတာက ဒီအနုပညာရှင်တွေကို စစ်အာဏာရှင်က အမှုမျိုးစုံ၊ ပုဒ်မမျိုးစုံတပ်ပြီး အနုပညာအလုပ်တွေ ဆက်မလုပ်နိုင်အောင်၊ သူတို့ရုပ်ရှင်တွေ ရုံတင်ပြသခွင့်မရအောင် အမျိုးမျိုး ဖိနှိပ် ချုပ်ချယ် ကန့်သတ်ခဲ့ပေမယ့် ကမ္ဘာသိ ထင် ရှား ရုပ်ရှင်ပွဲတော်ကြီးက သီးသန့်ကိုရှာဖွေပြီး ဂုဏ်ထူးဆောင်ဆု ပေးအပ်ခဲ့တဲ့အပြင် သူတို့ရိုက်သမျှ ရုပ်ရှင်တိုင်းကို နိုင်ငံတကာက ရုပ်ရှင်ကြီးတွေနဲ့ တတန်းထဲ ပြသပေးသွားဦးမှာ ဖြစ်ပါတယ်တဲ့။ ဒါဟာ နိုင်ငံတကာက ဂုဏ်သိက္ခာရှိတဲ့ ရုပ်ရှင်အသိုင်းအဝိုင်းကြီးတခုက စစ်အာဏာရှင်နဲ့ တသဘောထဲ မရှိရုံမက စစ်အာဏာရှင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကိုပါ လက်မခံဘူးဆိုတာကို ခမ်းနားတဲ့ဂုဏ်ပြုမှုတွေနဲ့အတူ ဆွဲကိုင်ပြသလိုက်တာပဲ ဖြစ်ပါတယ်။
ပိုပြီး ထင်ရှားစေတာကတော့ ဒီလိုရုပ်ရှင်တွေပြပေး၊ ဆုတံဆိပ်တွေ ပေးအပ်နေပေမယ့် ဒီအနုပညာရှင်တွေဟာ ဒီပွဲတော်တွေကို မသွားရောက်နိုင်သေးပါဘူး။ သူတို့ရဲ့ ထိုင်ခုံတွေနေရာမှာ၊ ဆုတံဆိပ်တွေ လက်ခံမယ့်သူနေရာမှာ ဘယ်သူမှမရှိဘဲ လစ်လပ်နေဦးမှာပါ။ ဒီလိုအကြောင်းတရားတွေဟာ နောက်ကွယ်မှာရှိနေတဲ့ အာဏာရှင်တွေနဲ့ သူတို့ရဲ့ မတရားသဖြင့် အနိုင်ကျင့် ဗိုလ်ကျမှုတွေ၊ ဆိုးယုတ် ကောက်ကျစ်မှုတွေကို နိုင်ငံတကာစင်မြင့်ထက်မှာ မီးမောင်းထိုးပြသလို ထင်ရှားစေဦးမှာပါ။ အဲဒီကနေတဆင့် စစ်အာဏာသိမ်းမှုအောက်က အတိဒုက္ခရောက်နေတဲ့ သန်းပေါင်းများစွာသော မြန်မာပြည်သူလူထုတွေရဲ့ ညည်းတွားသံတွေကို ကြားယောင်လာနိုင်ကြမှာပါ။
ဒီဆုတံဆိပ်တွေဟာ ပုဂ္ဂိုလ်ရေး ဂုဏ်ပြု ချီးမြှင့်မှုတွေဖြစ်ပေမယ့် သွယ်ဝိုက်သောအားဖြင့်လည်း တော်လှန်ရေးအတွက် အကျိုးသက်ရောက်မှုတွေကို ဆင့်ပွားရရှိစေမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့နှစ် ယောက်ထဲတင်မကဘဲ တော်လှန်အနုပညာရှင်တွေအားလုံးရဲ့ မဆုတ်မနစ် တွန်းလှန်မှုတွေကိုရော၊ မြန်မာပြည်သူလူထုတရပ်လုံးရဲ့ ကြံကြံခံနိုင်စွမ်းတွေကိုပါ တပေါင်းတစည်းထဲ ဂုဏ်ပြုချီးမြှင်တယ်လို့ မှတ်ယူပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရတာပါ။ ဒီကနေပြီးတော့လည်း ခွန်အားတွေနဲ့အတူတူ ရှေ့ဆက်ဆောင်ရွက်မယ့် အနုပညာအလုပ်တွေမှာရော၊ တော်လှန်ရေးကြိုးပမ်းမှုတွေမှာပါ အကောင်းဆုံး ဆက်လက် လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ယုံကြည်စေတာပါ။
တကယ်တော့ စစ်မှန်တဲ့ အနုပညာရှင်တွေနဲ့ သူတို့ရဲ့လက်ရာတွေဆိုတာဟာ ဘယ်လိုနည်းနဲ့မှ တားဆီးပိတ်ပင်ထားလို့ မရနိုင်ပါဘူး။ ဘယ်လိုပဲ ဖက်ဆစ်စစ်တပ်ရဲ့ အောက်တန်းကျမှုတွေနဲ့ တားဆီး ဖိနှိပ်ထားပေမယ့်လည်း နိုင်ငံတကာမှာရှိတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေက ကောက်ယူချီးမြှင့်ဖို့အတွက် ဘယ်တော့မှ ဝန်မလေးဘူးဆိုတာဟာလည်း အကောင်းဆုံးသက်သေပါပဲ။ မိမိတို့ရရှိနေသေးတဲ့ အသက်ရှင်ခွင့်ထဲကနေ ရနိုင်သလောက် ခွန်အားတွေနဲ့ အာဏာရှင်စနစ်ဆိုးကို ဆက်လက်တွန်းလှန်ရင်း လွတ်လပ်တဲ့ အနုပညာ တီထွင်ဖန်တီးမှုတွေနဲ့အတူ ရှေ့ဆက် ချီတက်နိုင်ကြပါစေလို့ ဂုဏ်ပြု ဖော်ပြလိုက်ရပါတယ်။
Be the first to comment