0
ဘုန်းမောင်
‘ထိုင်းစစ်တပ်က အာဏာထပ်သိမ်းဦးမလား. . . ?’

လက်ရှိဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံနဲ့ကမ္ဘောဒီးယားနိုင်ငံကြား နယ်စပ်ပြဿနာက ဘန်ကောက်မှာရှိတဲ့ အရပ် သားအစိုးရထက် ထိုင်းစစ်တပ်ခေါင်းဆောင်တွေရဲ့အာဏာကို ပိုပြီး ခိုင်မာလာစေခဲ့ပါတယ်။
၁၉၃၁ ခုနှစ်ကစပြီး ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းမှု အနည်းဆုံး ၁၂ ကြိမ်ကြုံခဲ့ရပြီး၊ စစ်တပ်က ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးအခန်းကဏ္ဍမှာ အင်အားကြီးအဖွဲ့အစည်းအဖြစ် တည်ရှိနေခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ထိုင်း စစ်တပ်က နိုင်ငံတော်အာဏာ သိမ်းယူခဲ့ပါတယ်။ ပရာယွတ် ချန်-အိုချာ ခေါင်းဆောင်တဲ့ ထိုင်းစစ်တပ်ဟာ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရဆီ အာဏာပြန်မလွှဲခင်အချိန်အထိ ဆယ်စုနှစ် ၁ ခု နီးပါးအကြာ ထိုင်းနိုင်ငံကို အုပ်ချုပ်ခဲ့ပါတယ်။
လက်ရှိအချိန်ထိတော့ ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းနိုင်တဲ့အလားအလာ မရှိသေးပေမယ့် ကမ္ဘောဒီးယား နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ နယ်စပ်ပဋိပက္ခကြောင့် ထိုင်းစစ်တပ်ဟာ အရင်ကတည်းကရှိခဲ့ပြီးသား အာဏာကို ပိုပြီး ချဲ့ထွင်လာနေပါတယ်။
‘အရပ်သားအာဏာ လျော့ပါးလာခြင်း’
ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံအကြား တင်းမာမှုတွေက ၁ နှစ်ကျော်ကြာတဲ့အထိ ငြိမ်သက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ ဧပြီလကစပြီး နှစ်နိုင်ငံကြားနယ်စပ်တလျှောက်မှာ တိုက်ပွဲတွေပြန်လည် စတင်ခဲ့ပါတယ်။ နယ်စပ်တိုက်ပွဲ တွေပြန်လည်စတင်ပြီးနောက်မှာတော့ ကမ္ဘောဒီးယားစစ်သား ၁ ဦး ပထမဆုံးအကြိမ်အဖြစ် တိုက်ပွဲကျခဲ့ပါ တယ်။
ဇူလိုင်လ ၂၄ ရက်မှာတော့ ထိုင်းစစ်သား ၁ ဦး မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရရှိခဲ့ပါတယ်။ ၅ ရက်ကြာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ နှစ်ဘက်စလုံးက လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ပါ တယ်။ ဇူလိုင်လအကုန်မှာတော့ အပစ်အခတ်ရပ်စဲရေးကို နှစ်နိုင်ငံစလုံးက သဘောတူခဲ့ကြပါတယ်။
“ထိုင်းစစ်တပ်ဟာ နဂိုကတည်းကမှ အရပ်သားအစိုးရရဲ့ ထိန်းချုပ်မှုအောက်ရှိတယ်ဆိုရုံ ဖြစ်နေတဲ့အနေအထားမှာ နယ်စပ်ပဋိပက္ခဖြစ်လာတော့ အရပ်သားအစိုးရထိန်းချုပ်မှုအောက်ကနေ လုံးဝ လွတ်မြောက်သွားပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရသလိုဖြစ်သွားတာပေါ့”လို့ စင်ကာပူနိုင်ငံ ISEAS – Yosof Ishak Institute က ဧည့်သုတေသနပညာရှင် NaponJatusripitak က ပြောပါတယ်။
ကသောင်းကနင်းဖြစ်နေတဲ့ ထိုင်းနိုင်ငံရေး
ထိုင်းနိုင်ငံမှာ ၂၀၂၃ ခုနှစ်ကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ Move Forward ပါတီက ထိုင်းနိုင်ငံရဲ့ အုပ်ချုပ်ရေးအာဏာကိုရယူနိုင်မယ့် အနေအထားရောက်ရှိခဲ့ပြီး အဆုံးသတ်သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း အထွေထွေရွေးကောက်ပွဲပြီးဆုံးချိန်မှာတော့ ဒုတိယနေရာရရှိခဲ့တဲ့ ဖွေထိုင်းပါတီဟာ ပါတီ ရဲ့ပြိုင်ဘက်ဟောင်းတွေဖြစ်ကြတဲ့ အရင်စစ်အစိုးရခေါင်းဆောင်ဟောင်း ပရာယွတ် ချန်-အိုချာ ခေါင်းဆောင်တဲ့ United Thai Nation ပါတီအပါအဝင် အခြားပါတီတွေနဲ့ပူးပေါင်းပြီး မျှော်လင့်မထားတဲ့ ညွန့်ပေါင်းအစိုး ရကို ဖွဲ့စည်းလိုက်ပါတော့တယ်။ အစကတည်းကမှလူကြိုက်မများခဲ့တဲ့ ညွန့်ပေါင်းအဖွဲ့ဟာ ကမ္ဘောဒီးယားနဲ့ပဋိပက္ခတွေစတင်လာချိန်မှာတော့ ပြိုလဲလာပါတော့တယ်။
ဇွန်လအတွင်းမှာတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း ပေတုန်တန် ရှင်နာဝပ် ဟာ နှစ်နိုင်ငံကြားတင်းမာမှုတွေ လျော့ကျဖို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်းဖြစ်သလို အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန်နဲ့ ဖုန်းပြောဆိုခဲ့ပါတယ်။
ဖုန်းပြောချိန်အတွင်းမှာတော့ အသက် ၃၈ နှစ်ရှိပြီဖြစ်တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းက အသက် ၇၃ နှစ်ပြည့်တော့မယ့် ဟွန်ဆန်ကို ‘ဦးလေး’လို့ ရင်းရင်းနှီးနှီးခေါ်ဆိုခဲ့သလို ဟွန်ဆန်အပေါ်ထားတဲ့ သူမရဲ့ဂါရဝတရားနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖွင့်ဟခဲ့ပါတယ်။
တဆက်တည်းမှာပဲ သူမက ထိုင်းစစ်တပ်ရဲ့အပြုအမူတွေအပေါ် ဝေဖန်ခဲ့သလို ထိုင်းဗိုလ်ချုပ်တချို့ဟာ နယ် စပ်ပဋိပက္ခကို နိုင်ငံရေးရည်ရွယ်ချက်တွေအတွက် အသုံးပြုနေတယ်လို့လည်း ဝေဖန်သွားခဲ့ပါတယ်။
နယ်စပ်အကြပ်အတည်းကာလအတွင်း ထိုင်းနိုင်ငံကိုအားနည်းသွားစေချင်တဲ့ ရည်ရွယ်ချက်ရှိသူ ဟွန်ဆန် ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ဖုန်းပြောဆိုခဲ့တာတွေကို အသံသွင်းယူခဲ့ပြီးမကြာခင်မှာပဲ အွန်လိုင်းကနေတဆင့် လူသိရှင်ကြား ထုတ်ဖော်လိုက်ပါတော့တယ်။
‘တိုက်ခိုက်မှုအသစ်တွေနဲ့ ရင်ဆိုင်လာရတဲ့ ရှင်နာဝပ် မျိုးနွယ်စု’
ဟွန်ဆန်ရဲ့ဖွင့်ချမှုတွေဟာ ထိုင်းနိုင်ငံမှာတော့ အတော်ပြင်းထန်သွားခဲ့ပါတယ်။ ဆေးခြောက်ပါတီလို့ လူသိများတဲ့ ရှေးရိုးစွဲ ဘွမ်ဂျိုင်ထိုင်းပါတီက ညွန့်ပေါင်းအစိုးရအဖွဲ့က နုတ်ထွက်သွားခဲ့ပြီး ပေတုန်တန်ရဲ့ ဖွေထိုင်းပါတီကိုလည်း သစ္စာဖောက်မှုနဲ့ တိုင်ကြားခဲ့ပါတယ်။
ဇွန်လမှာတော့ စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်တဲ့ United Thai Nation ပါတီက ဗိုလ်ချုပ်ကြီး နတ်ဖွန်း နာ့ခ်ဖန်နစ် – Nattaphon Narkphanit ဟာ ထိုင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာခဲ့ပြီး ကျန်တဲ့ စစ်ဗိုလ်ချုပ်တွေကလည်း ထိုင်းနိုင်ငံရဲ့အဓိကရာထူးတွေကို ရယူလာနိုင်ခဲ့ပါတယ်။
ဇူလိုင်လအစမှာတော့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဝန်ကြီးချုပ်ကို ရုံးတင်စစ်ဆေးမှုပြီး ဆုံးချိန်အထိ ရာထူးကဆိုင်းငံ့လိုက်ပါတယ်။
ပေတုန်တန် ရှင်နာဝပ် ဟာ ၂၀၀၆ ခုနှစ်တုန်းက စစ်တပ်ကဖြုတ်ချခဲ့တဲ့ သက်ဆင် ရှင်နာဝပ်ရဲ့ သမီးဖြစ်သလို ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ဖယ်ရှားခံလိုက်ရတဲ့ ယင်လတ် ရှင်နာဝပ် ရဲ့တူမလည်း ဖြစ်ပါတယ်။
‘အစိုးရအမိန့် စောင့်နေစရာမလိုဘူး’
ဒီအပြောင်းအလဲတွေက စစ်ဗိုလ်ချုပ်တွေအနေနဲ့ လိုသလိုစီမံအုပ်ချုပ်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို စစ်တပ်လက်ထဲ လုံးဝ ‘ဝ’ကွက်အပ်လိုက်သလို ဖြစ်သွားတယ်” လို့ ချူလာလောင်ကွမ်တက္ကသိုလ်ရဲ့ လုံခြုံရေးနဲ့ နိုင်ငံတကာလေ့လာရေးဌာနရဲ့ အကြီးတန်းသုတေသီ Thitinan Pongsudhirak က ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ နယ်စပ်ဒေသတွေကိုကြည့်မယ်ဆိုရင် ဒီသဘောက ပိုပြီးထင်ရှားနေပါတယ်။ ဘာကြောင့်လဲဆိုတော့ နယ်စပ်မူဝါဒနဲ့ပတ်သက်ရင် စစ်သားတွေကို ထိန်းချုပ်ခွင့်ပေးထားပြီး အရပ်သားအစိုးရရဲ့ထိန်းချုပ်မှုတွေကို ကန့်သတ်ထားတဲ့ မာရှယ်လောကြောင့်ပါလို့ ထိုင်းနိုင်ငံကပညာရှင် ပေါလ် ချိန်ဘာစ် က ISEAS-Yusof Ishak Institute က ထုတ်ဝေတဲ့ Fulcrum မှာ ပြီးခဲ့တဲ့သီတင်းပတ်က ရေးသားခဲ့ပါတယ်။
ချိန်ဘာစ်ရဲ့အပြောအရဆိုရင်တော့ ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ထိုင်းစစ်တပ်ဟာ အရပ်သားအစိုးရဦးဆောင်တဲ့ နယ်စပ်တင်းမာမှုလျှော့ချနိုင်ရေးကြိုးပမ်းမှုတွေကို တစိုက်မတ်မတ် နှောင့်ယှက်နေခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှာတော့ ကမ္ဘောဒီးယားဘက်ကထောင်ထားတဲ့ မြေမြုပ်မိုင်းတွေကြောင့် ထိုင်းစစ်သားတွေ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒီလိုဒဏ်ရာရရှိလာချိန်မှာတော့ ထိုင်းစစ်တပ်ရဲ့ဗိုလ်ချုပ်ကြီး ဘွန်ဆင်း – Boonsin က တဘက်ကိုပြန်ပြီး လက်တုံ့ပြန်ဖို့လိုအပ်နေချိန်မှာ ‘အစိုးရအမိန့် စောင့်နေစရာမလိုဘူး’ လို့ ပြောဆိုခဲ့တဲ့အထိပါပဲ။
‘အစိုးရထက် စစ်တပ်ကိုပိုယုံကြည်တဲ့ ထိုင်းပြည်သူတွေ’
ထိုင်းစစ်တပ်ဟာ ထိုင်းပြည်သူတွေကြား အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်လာအောင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာနေသလို ထိုင်းဆယ်လီတွေနဲ့ နိုင်ငံရေးသမားတွေဟာ မျိုးချစ်စိတ်မရှိဘူးဆိုတဲ့ဖော်ပြချက် တွေကိုလည်း ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြလာကြတယ်လို့ သုတေသီတွေက ပြောပါတယ်။
အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံခန့်ခွဲမှုဌာန – TheNational Institute of Development Administration ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က စစ်တမ်းတခု ကောက်ယူခဲ့ပါတယ်။ အဲဒီစစ်တမ်းအရဆိုရင် တော့ အမျိုးသားအကျိုးစီးပွားအပေါ်အကာအကွယ်ပေးရေးနဲ့ ကမ္ဘောဒီးယားနဲ့ဖြစ်နေတဲ့ပဋိပက္ခတွေကို ဖြေရှင်းရေးနဲ့ ပတ်သက်ရင် ထိုင်းပြည်သူတွေဟာ အစိုးရထက်စစ်တပ်ကို ပိုယုံကြည်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
စစ်တမ်းဖြေဆိုသူတွေရဲ့ ၁၅ ရာခိုင်နှုန်းကသာ အစိုးရအပေါ်ယုံကြည်မှုရှိတယ်လို့ ဖြေဆိုခဲ့ကြပါတယ်။
ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြား အပစ်အခတ်ရပ်စဲခဲ့တယ်ဆိုတာကလည်း တိုက်ပွဲဆက်ဖြစ်နေဦးမယ်ဆိုရင် ပို့ကုန်တင်သွင်းမှုတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံသွားမယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သတိပေးချက်ကြောင့်ပါ။ အပစ်အခတ်ရပ်စဲရေးကို လက်ရှိအာဆီယံဥက္ကဋ္ဌ မလေးရှားက ကြားဝင်ဆောင်ရွက်ပေးခဲ့ပေမယ့် နှစ်နိုင်ငံစ လုံးကတော့ သဘောတူညီချက်ရဲ့တစိတ်တပိုင်းကိုသာ ထောက်ခံခဲ့ကြပါတယ်။
အပစ်အခတ်ရပ်စဲရေးက စစ်တပ်ကြောင့်ပဲ ကျိုးလွယ်ပျက်လွယ်အခြေအနေမှာရှိနေတယ်လို့ ဘန်ကောက် အခြေစိုက် ချူလာလောင်ကွမ်တက္ကသိုလ်က Thitinan က ပြောပါတယ်။
နိုင်ငံတကာရဲ့ပါဝင်ပတ်သက်မှုတွေကို ကမ္ဘောဒီးယားနိုင်ငံက ဆက်ပြီးတွန်းအားပေးလာနိုင်တယ်လို့ မျှော် လင့်ရပြီး ထိုင်းစစ်တပ်ဘက်ကတော့ ပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိလာနိုင်တာကြောင့် ပိုကြီးမားတဲ့အန္တရာယ်တွေနဲ့ ကြုံလာရနိုင်ခြေရှိတယ်လို့ Thitinan က သတိပေးထားပါတယ်။
‘ရှင်နာဝပ် ကြောင့်ပဲ စစ်တပ်က အာဏာပြန်သိမ်းမလား. . .?’
ထိုင်းအစိုးရရဲ့အနာဂတ်က ဖွေထိုင်းပါတီရဲ့အဓိကအာဏာရှင် သက်ဆင် နဲ့ သူ့သမီး ပေတုန်တန်နဲ့ ပတ်သက်တဲ့ တရားရုံးဆုံးဖြတ်ချက်အပေါ် အများကြီးမူတည်နိုင်ပါတယ်။
သက်ဆင် ဟာ တော်ဝင်မိသားစုအပေါ်အသရေဖျက်မှုကြောင့် ထောင်ချခံနိုင်ရချိန်မှာပဲ သူ့သမီးဟာလည်း ဝန်ကြီးချုပ်ရာထူးကနုတ်ထွက်ဖို့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
စက်တင်ဘာလအစောပိုင်းမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ပေတုန်တန် ရှင်နာဝပ်နဲ့ပတ်သက်တဲ့စွပ်စွဲချက်တွေကို ဆုံးဖြတ်ချက်ချလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ထိုင်းနိုင်ငံရေးရဲ့ဗဟိုချက်မဖြစ်ခဲ့တဲ့ သက်ဆင်မျိုးနွယ်နဲ့ ဖွေထိုင်းပါတီတို့ဟာ နိုင်ငံရေးပြိုကွဲမှုနဲ့ကြုံလာနိုင်ပြီး ကွန်ဆာဗေးတစ်တွေနဲ့ စစ်ဝါဒီအုပ်စုတွေက ထိုင်းနိုင်ငံရေးမှာ အားကောင်းလာလိမ့်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာကြုံနေရတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကြောင့် ၂၀၁၄ – ၂၀၂၃ ခုနှစ်တွေအတွင်း ထိုင်းနိုင်ငံ ကိုအုပ်ချုပ်ခဲ့တဲ့ စစ်အစိုးရခေါင်းဆောင်ဟောင်း ပရာယွတ် ချန်-အိုချာ တကျော့ပြန်လာနိုင်ခြေကို ပိုပြီး သေချာစေတယ်လို့ မစ်ချီဂန်တက္ကသိုလ်မှာ Ph.D အတွက်လေ့လာနေတဲ့ Ken Lohatepanont က ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပရာယွတ်ရဲ့ United Thai Nation ပါတီက ညွန့်ပေါင်းအဖွဲ့မပြိုကွဲသွားအောင် ဆက်ပြီး ထိန်းသိမ်းပေးထားတုန်းပါပဲ။
အထွေထွေရွေးကောက်ပွဲ ပြန်ပြီးကျင်းပဖြစ်ခဲ့မယ်ဆိုရင်တောင် နယ်စပ်ပဋိပက္ခတွေကြောင့် စစ်တပ်နဲ့ စစ် တပ်ရဲ့မဟာမိတ်တွေအပေါ် လူထုရဲ့ထောက်ခံမှုက တိုးလာနေပါတယ်။ နယ်စပ်ပဋိပက္ခတွေကြောင့် စစ်တပ်အပေါ် လူထုထောက်ခံမှုမြင့်တက်နေချိန်မှာ နောက်ထပ်အာဏာသိမ်းမှုတခုဖြစ်လာဖို့က ဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုနိုင်ပေမယ့် လုံးဝဖြစ်မလာနိုင်ဘူးလို့လည်း အာမမခံနိုင်ဘူးလို့ Thitinan က ပြောပါတယ်။
(*ဩဂုတ်လ ၁၄ ရက်က DW မှာဖော်ပြထားတဲ့ ဆောင်းပါးရှင် ‘David Hutt’ ရဲ့ ‘Thailand: Is the military preparing another coup?’ ကို ဆီလျော်အောင် ရေးသားသည်။)