ထိုင်းနိုင်ငံအပေါ် အကျိုးသက်‌ရောက်စေတဲ့ မြန်မာ Domino Effect

‘ထိုင်းနိုင်ငံအပေါ် အကျိုးသက်‌ရောက်စေတဲ့ မြန်မာ Domino Effect’
◼️ ဘုန်းမောင်
Domino Effect ဆိုတာကို ကြားဖူးကြမှာပေါ့။ အဓိပ္ပါယ်ကတော့အဖြစ်အပျက်တခုက နောက်ထပ်ဆင်တူတဲ့ အဖြစ်အပျက်အတွဲလိုက်ကို ဖြစ်ပျက်စေတယ်ဆိုတာပါ။ ဥပမာ – စီတန်းထားတဲ့ဖဲချပ်​တွေထဲက ပထမ ဆုံးဖဲချပ်ကို လဲချလိုက်တာနဲ့ နောက်ထပ် နောက်ထပ်သောဖဲချပ်တွေပါ အတွဲလိုက် လဲကျကုန်တယ်ဆိုတဲ့ အဖြစ်အပျက်မျိုးပေါ့။ အဲဒီဖဲချပ်အတွဲလိုက်ဥပမာလိုပဲ စီးပွား‌ရေး၊ နိုင်ငံ‌ရေး စတာတွေမှာလည်း ဒိုမီနိုသက်‌‌ရောက်မှု – Domino Effect တွေ ရှိနေပါတယ်။
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမငြိမ်သက်မှုကလည်း ထိုင်းနိုင်ငံအတွက် Domino Effect ကို ဖန်တီးပေးခဲ့ပါတယ်။ အထူးသဖြင့် ချင်းရိုင်ပြည်နယ်အတွက်ပါ။ အိမ်နီးချင်းနိုင်ငံတွေကနေ ယိုဖိတ်စီးကျလာတဲ့ကပ်ဘေး ဆိုးကြီးတွေကြောင့် ချင်းရိုင်ပြည်နယ်ဟာ အမျိုးမျိုးသော ကပ်ဘေးဆိုးကြီ​တွေရဲ့ ဗဟိုချက် ဖြစ်လာနေပါတယ်။ လတ်တလောကြုံနေရတဲ့အကြပ်အတည်းကတော့ အဆိပ်သင့်ပစ္စည်းတွေကြောင့် ညစ်ညမ်းမှုပါ။
လက်ရှိအချိန်မှာတော့ ချင်းရိုင်ပြည်နယ်ဟာ ငလျင်၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူ၊ ရေကြီးမြေပြိုမှုနဲ့ လေထု ညစ်ညမ်းမှုတွေအပါအဝင် ကပ်ဘေးအမျိုးမျိုးကို မကြာခဏဆိုသလို မျက်နှာချင်းဆိုင်နေရပါတယ်။ အဲဒီပြဿနာအများစုကို လူတွေက ဖန်တီးနေကြတာပါ။ အထူးသဖြင့် မြန်မာနိုင်ငံပေါ့။
ထိုင်းနဲ့အိမ်နီးချင်းဖြစ်တဲ့ မြန်မာလိုနိုင်ငံမျိုးမှာ မတည်မငြိမ်ဖြစ်လာတဲ့အခါ သက်‌‌‌ရောက်မှုက လှိုင်းကြီးလေထန် ဖြစ်တော့တာပါပဲ။ မြန်မာနိုင်ငံရဲ့မငြိမ်သက်မှုက ထိုင်းနိုင်ငံကိုလည်း နည်းလမ်းပေါင်းစုံနဲ့ အကျိုး သက်‌ရောက်စေပါတယ်။ ဥပမာ သဘာဝပတ်ဝန်းကျင် ပျက်စီးတာ၊ စီးပွား‌ရေးအခွင့်အလမ်းဆုံးရှုံးတာ ၊ ရွှေ့ပြောင်းအခြေချနေထိုင်တာနဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကျူးလွန်တာ​တွေပါ။ ဒီပြဿနာ​တွေကိုဖြေရှင်းနိုင်ဖို့ က အိမ်နီးချင်းနိုင်ငံ​တွေရဲ့ တည်ငြိမ်မှုနဲ့ အိမ်နီးချင်းအစိုးရတွေကြား ပူးပေါင်းဆောင်ရွက်မှုတွေအပေါ် မူတည် နေပါတယ်။
သူတို့ပြည်နယ်က ကပ်ဘေးတွေရဲ့အခေါင်အချုပ်ဖြစ်လာနေပြီလို့ ချင်းရိုင်ဒေသခံတွေက ပြောပါတယ်။ မကြာသေးတဲ့နှစ်တွေအတွင်း မြန်မာနိုင်ငံကမြေငလျင်လှုပ်ခတ်မှုကြောင့် ခရိုင်အများအပြားမှာ ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ မယ့်လောင်ခရိုင်ကိုဗဟိုပြုပြီး ၆ ဒဿမ ၃ ရစ်ချ်တာစကေးအဆင့်ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ နယ်စပ်ကနေ ၄၂ ကီလိုမီတာ (၂၆ မိုင်ကျော်) မျှသာ‌ဝေးတဲ့ တာချီလိတ်မြို့မှာလည်း ပြီးခဲ့တဲ့နှစ်က ငလျင်လှုပ်ခတ်ခဲ့ပြီး ‌ဒေသခံအများအပြား ထိတ်လန့်ခဲ့ကြရပါတယ်။
နှစ်စဥ်လိုလို နယ်စပ်ဖြတ်ကျော်ဝင်‌ရောက်လာတဲ့ မီးခိုးမြူပြဿနာကတော့ အဓိကပြဿနာတခုအဖြစ် ရှိနေတုန်းပါပဲ။ ချင်းရိုင်ပြည်နယ်ကိုယ်တိုင်အတွက်က ကြီးကြီးမားမားပြဿနာမဟုတ်ပေမယ့်လည်း နယ်စပ်ဖြတ် ကျော်ဝင်‌ရောက်လာတဲ့ မီးခိုးမြူတွေကြောင့် ပြည်နယ်ဟာ အန္တရာယ်အဆင့်ရှိတဲ့လေထုညစ် ညမ်းမှုတွေအပေါ် သောက ရောက်နေကြရပါတယ်။ အထူးသဖြင့် နယ်စပ်‌ဒေသဖြစ်တဲ့ မယ်ဆိုင်ပါ။ ဒီပြဿနာအတွက် အဖြေကရှင်းပါတယ်။ လေထုညစ်ညမ်းမှုတွေက ချင်းရိုင်ပြည်နယ်ကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။ အိမ်နီးချင်း‌ဒေသတွေမှာ မီးရှို့ကြတဲ့အတွက်ကြောင့်ပါ။
‌ရေကြီးမြေပြိုတာတွေလည်း ပိုအဖြစ်များလာပါတယ်။ မနှစ်တုန်းကဆိုရင် မယ်ဆိုင်မှာ ရေကြီး‌‌ရေလျှံမှု အကြိမ်ကြိမ်ကြုံခဲ့ရပြီး ချင်းရိုင်မြို့မှာလည်း ပြင်းထန်တဲ့‌ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အခုတော့လည်း အဆိပ်သင့်ညစ်ညမ်းမှုက ‌ဂေဟစနစ်အတွက် ‌ရေရှည်ခြိမ်းခြောက်မှုအသစ်တခုအဖြစ် ပေါ်ထွက်လာနေပြီး ချင်းရိုင်ပြည်နယ်ဟာ ရေကြီး‌ရေလျှံမှုတွေထက်တောင် ပိုပြီး ပျက်စီးလာနေတယ်ဆိုတာကို သက်သေပြလို့ နေပါတော့တယ်။
အခုဖော်ပြခဲ့တဲ့ ကပ်ဘေးဆိုးကြီးတွေက သဘာဝကြောင့်ဖြစ်တဲ့ ဖြစ်ရပ်သက်သက်မျှမဟုတ်တော့ဘဲ အိမ်နီး ချင်းကလူတွေရဲ့ အပြုအမူတွေကြောင့်လည်း ဖြစ်ပါတယ်။ နယ်စပ်ဖြတ်ကျော်ဝင်‌ရောက်လာတဲ့မီးခိုးမြူနဲ့ ‌ရေကြီး‌ရေလျှံတာ၊ အဆိပ်သင့်ပစ္စည်း စတာတွေဟာ မြန်မာနိုင်ငံက သတ္တုတွင်းတွေကြောင့် ဖြစ်သလို မီးရှို့တာနဲ့ စိုက်ပျိုး‌ရေးကြောင့်ဖြစ်ပါတယ်။ ချင်းရိုင်ဒေသခံတွေဟာ နယ်စပ်နဲ့နီးနီးကပ်ကပ်နေထိုင်နေကြရတဲ့အ တွက် ထိခိုက်မှုကို တိုက်ရိုက်ခံစားနေကြရပါတယ်။
‘နယ်စပ်ဖြတ်ကျော်လာတဲ့ကပ်ဆိုးများ’
ချင်းရိုင်ပြည်နယ်ကိုထိခိုက်စေတဲ့ကပ်ဆိုးအများစုက မြန်မာနိုင်ငံနဲ့အနီးတဝိုက်ကလူတွေရဲ့ အပြုအမူတွေကြောင့် ဖြစ်ပါတယ်။ နှစ်တိုင်းနှစ်တိုင်းရဲ့မတ်လနောက်ပိုင်းမှာ ချင်းရိုင်ရဲ့လေထုညစ်ညမ်းမှုက PM 2.5 ရှိပါ တယ်။ အဲဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းက ရှမ်းပြည်နယ်မှာ တောမီးရှို့တာနဲ့ တောင်ယာမီးရှို့တဲ့အတွက်ကြောင့်ပါ။ ‌ရေကြီးမြေပြိုတာကလည်း ‌ရေ‌ဝေ‌ရေလဲ‌ဒေသတွေရဲ့ ပြောင်းလဲမှု၊ တောမီးရှို့မှုနဲ့ သတ္တုတွင်းတွေအပေါ် စီမံခန့်ခွဲမှုအားနည်းတာတွေနဲ့ ဆက်စပ်နေပါတယ်။ မြစ်အထက်ပိုင်းဖြစ်တဲ့မြန်မာနိုင်ငံ ဘက်ခြမ်းက အဆိပ်သင့်စွန့်ပစ်ပစ္စည်းတွေဟာ ထိုင်းနိုင်ငံရဲ့စိုင်နဲ့ကော့မြစ်တွေထဲ စီးဝင်သွားလေ့ ရှိတတ်ပါတယ်။
နှစ်တိုင်းအတွက် အဓိကစိန်ခေါ်မှုကတော့ နယ်စပ်ဖြတ်ကျော်ဝင်‌ရောက်လာတဲ့မီးခိုးမြူပြဿနာကို ကိုင်တွယ် ဖြေရှင်း‌ရေးပါ။ မီးရှို့မှုအများဆုံးဖြစ်တဲ့ ရှမ်းပြည်နယ်က‌ဒေသတွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေထိန်း ချုပ်ထားတဲ့‌ဒေသတွေ ဖြစ်ကြပါတယ်။ အဲဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ညှိနှိုင်းဖို့ခက်ခဲကြသူတွေပါ။ ပြီးခဲ့ တဲ့ဆယ်စုနှစ်တွေအတွင်း ရှမ်းပြည်နယ်မှာ လယ်ယာမြေတိုးချဲ့လာမှုကလည်း ပြဿနာကို ပိုပြီးဆိုးရွားလာစေခဲ့ပါတယ်။ တိုက်ပွဲတွေကလည်း တောမီးပြဿနာကိုဖြေရှင်းဖို့ အခက်အခဲတခုပါပဲ။
‘ဝ’ပြည်သွေးစည်းညီညွတ်‌ရေးတပ်မတော် – UWSA ထိန်းချုပ်ဒေသထဲက သတ္တုတူးဖော်ရေးလုပ်ငန်းတွေက လည်း နောက်ထပ်စိုးရိမ်စရာတခုပါ။ နိုင်ငံ‌ရေးအခြေအနေနဲ့ ဆက်ပြီးဖြစ်ပွားနေတဲ့ပဋိပက္ခတွေက ပူး ပေါင်းဆောင်ရွက်မှု​တွေအတွက် နောက်ထပ်အဟန့်အတားတခု ဖြစ်နေပြန်ပါတယ်။ တကယ်လို့သာ ထိုင်း အာဏာပိုင်​တွေက မြန်မာအစိုးရနဲ့ညှိနှိုင်းမှုတွေ ဆောင်ရွက်ခဲ့မယ်ဆိုရင်တောင် တကယ့်လက်တွေ့ မြေပြင်မှာတော့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အရေးယူဖို့ မြန်မာစစ်ကောင်စီမှာ စွမ်းဆောင်ရည်မရှိပါဘူး။
မြန်မာ့နိုင်ငံ‌ရေး ကသောင်းကနင်းဖြစ်မှုတွေက တိုင်းပြည်ကို စစ်မက်ထူပြောစေတဲ့အတွက် ဗဟိုအစိုးရကို အားနည်းစေခဲ့သလို ဥပ‌ဒေတွေကို မလိုက်နာနိုင်အောင် ဖန်တီးခဲ့ပါတယ်။ ဒါတွေဟာ နယ်စပ်က သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာ‌တွေအပေါ် ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းကို တိုက်ရိုက်အကျိုးသက်‌‌ရောက်စေခဲ့ ပါတော့တယ်။
‘မတည်ငြိမ်မှုတွေရဲ့ Domino Effect’
ချင်းရိုင်ပြည်နယ်ကိုထိခိုက်စေတဲ့ ကပ်ဘေးဆိုးကြီးတွေက နိုင်ငံတွေအကြား မတည်ငြိမ်မှုတွေရဲ့ Domino Effect ကို ထင်ဟပ်နေပါတယ်။ နိုင်ငံ‌ရေးသိပ္ပံမှာတော့ ‘တကယ်လို့သာ နိုင်ငံတနိုင်ငံက မတည်မငြိမ်ဖြစ်ခဲ့ရင် အဲဒီနိုင်ငံရဲ့ပြဿနာတွေက အိမ်နီးချင်းနိုင်ငံတွေအပေါ် အလျင်အမြန်ထိခိုက်စေနိုင်ပါတယ်’လို့ ယူဆ ထားပါတယ်။
ထိုင်းနိုင်ငံသည်လည်းပဲ အိမ်နီးချင်းနိုင်ငံတွေရဲ့ မတည်ငြိမ်မှုကြောင့် ဖြစ်ပေါ်လာတဲ့သက်‌‌ရောက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ခံစားခဲ့ရပြီးဖြစ်ပါတယ်။ စီးပွား‌ရေးကိုကြည့်မလား။ ဒုက္ခသည်တွေဝင်‌ရောက်လာတာကို ကြည့်မလား။ ဒါမှမဟုတ် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုကြည့်မလား။
လေထုညစ်ညမ်းမှု၊ ရေညစ်ညမ်းမှုနဲ့ သစ်တောပြုန်းတီးမှုစတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို နယ်နိမိတ်ပိုင်းခြားပြီး ထိန်းချုပ်ချင်နေလို့မရပါဘူး။ အိမ်နီးချင်းနိုင်ငံတွေက သူတို့ရဲ့သဘာဝအရင်းအမြစ်တွေကို မစီမံ မခန့်ခွဲနိုင်တဲ့အခါ ဆိုးကျိုးတွေက ထိုင်းနိုင်ငံထဲ ဖြတ်ကျော်ဝင်လာပါတော့တယ်။ ချင်းရိုင်ဟာ လေထုညစ်ညမ်းမှု၊ အဆိပ်သင့်‌ရေဆိုးနဲ့ ‌ဂေဟစနစ်ပျက်စီးမှုတွေကို ရင်ဆိုင်နေရပါတယ်။
အခုဖော်ပြခဲ့တာတွေက တနေရာရာမှာပြဿနာတွေကြုံနေတဲ့အခါ အဲဒီပြဿနာတွေက အနီးဝန်းကျင်ကို အမြန်ဆုံးပျံ့နှံ့သွားတယ်ဆိုတဲ့ နယ်ကျော်သက်‌‌ရောက်မှုအတွက် အရှင်းလင်းဆုံးဥပမာတခုပါပဲ။ ချင်းရိုင် ပြည်နယ်မှာကြုံနေရတဲ့ ကပ်ဘေးဆိုးကြီးတွေကို လျှော့ချနိုင်ဖို့ဆိုရင် မြန်မာနိုင်ငံတည်ငြိမ်မှုရှိဖို့က အဓိက ကျပါတယ်။ မိမိရဲ့အိမ်နီးချင်းသာ တည်တည်ငြိမ်ငြိမ်ရှိနေခဲ့မယ်ဆိုရင် ကျ​နော်တို့အားလုံး ဘေးကင်းပါလိမ့်မယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ပြဿနာတွေဟာ ကျ​နော်တို့ရှိရာဆီကို အမြန်ဆုံးရောက်လာပါလိမ့်မယ်။
(စာရေးသူ၏မှတ်ချက် – Chiang Rai Times အွန်လိုင်းသတင်းဌာနမှာ ဇွန်လ ၂၀ ရက်နေ့စွဲနဲ့ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Jeff Tomas ‌ရဲ့ Instability in Myanmar has Been Disastrous for Chiang Rai Province ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။)
About The Call 741 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*