
‘ဒဏ်ရာများကမတားနိုင်သည့် တော်လှန်ရေးစိတ်ဓာတ်’

ကျနော်၏ငယ်စဉ်က ရည်မှန်းချက်မှာ မြန်မာနိုင်ငံတော်၏ တရားဝင်ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ကာ တာဝန်ထမ်းဆောင်လိုသည့် ဆန္ဒတရပ် ဖြစ်ခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့သည့် အာဏာသိမ်းမှုကြောင့် တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ပျက်စီးသွားရာကနေ တော်လှန်ရေးလမ်းစဉ်သို့ ဝင်ရောက်ခဲ့ရသည်။
ယနေ့အခါတွင်လည်း ပြည်သူများအတွက် အားကိုးရသည့် တော်လှန်ရေးဝတ်စုံ ဖြင့် တိုင်းပြည်၏ လွတ်လပ်ရေးအရေးအတွက် ရဲရဲဝံ့ဝံ့ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။
မိမိဘဝအပေါ် သက်သေပြုထားသည့် ယုံကြည်မှုဖြင့် ကိုယ်ရေးသက်တမ်းတခုလုံး မိမိရွေးချယ်ခဲ့သည့်လမ်းကြောင်းပေါ်တွင် ရပ်တည်ဆောင်ရွက်နေသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျေးရွာကာကွယ်ရေးအဖွဲ့၌ ဝင်ရောက်ခဲ့ပြီး၊
ထိုမှစ၍ ၂၀၂၅ ခုနှစ်ထိ တော်လှန်ရေးအဖွဲ့များနှင့်အတူ တိုက်ပွဲများပါဝင်ခဲ့ပြီး ယခု မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်တော်တွင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။
လွန်ခဲ့သည့် ၄ နှစ်ကျော်တိုင်အောင် တော်လှန်ရေးလမ်းစဉ်အတွင်း တိုက်ပွဲပေါင်းများစွာထဲတွင် ဝင်ရောက်ပါဝင်ခဲ့ရပြီး၊ တိုက်ခိုက်မှုတိုင်း၌ သူရဲကောင်းများ၏ သတ္တိလုံလောက်မှု၊ ဂုဏ်ယူစရာ ကျဆုံးမှုများကို ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ရသည်။
တချို့အခိုက်အတန့်များတွင် စိတ်နှလုံး၌ နာကျင်မှုများနှင့် စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သော်လည်း
လွတ်လပ်ရေးအပေါ် ယုံကြည်မှု၊ တာဝန်ယူမှုသည် မပျက်မကွက် ထိန်းသိမ်းနိုင်ခဲ့သည်။
၂၀၂၃ ခုနှစ်၊ မတ်လ၊ ၁၇ ရက်နေ့တွင် ရှေ့တန်းစစ်မြေပြင် တခု၌ လေကြောင်းတိုက်ခိုက်မှုကြောင့် ညာခြေသန်းနားအနီး ဒဏ်ရာရရှိခဲ့ပြီး၊
၂၀၂၄ ခုနှစ်၊ မေလ၊ ၉ ရက်နေ့တွင် နောက်တန်းစခန်းတခု၌ ထပ်မံ လေကြောင်းတိုက်ခိုက်မှုကြောင့် ညာခြေတချို့နေရာတွင် ထိခိုက်ပွန်းပဲ့ဒဏ်ရာများ ထပ်မံရရှိခဲ့သည်။
နောက်ဆုံး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် ရခိုင်ပြည်နယ် အမ်းမြို့သိမ်းတိုက်ပွဲ ရှေ့တန်းစစ်မြေပြင်၌ မိုင်းနင်းမိမှုကြောင့် ညာခြေတဖက်ကို ဆုံးရှုံးခဲ့ရသည်။
ဒါပေမယ့်လည်း ဤဒဏ်ရာများသည် တော်လှန်ရေးအပေါ်ထားရှိသည့် စိတ်ဓာတ်နှင့် တာဝန်ယူမှုများကို မည်သည့်သက်ရောက်မှုမျှ မရှိစေနိုင်ခဲ့ပါ။
ယခုအချိန်ထိလည်း တော်လှန်ရေးလမ်းစဉ်အတွင်း အပြည့်အဝ တာဝန်ယူဆောင်ရွက်နေဆဲ ဖြစ်သည်။
တော်လှန်ရေးကာလတလျှောက် မိဘများ၊ ဆွေမျိုးများ၊ သူငယ်ချင်း မိတ်ဆွေများနှင့် ခဏဝေးကွာနေခဲ့ရသော်လည်းလွတ်လပ်သော မြန်မာနိုင်ငံတနိုင်ငံကို မြန်မြန်ဆန်ဆန် မြင်တွေ့နိုင်ရေးအတွက် ယုံကြည်ချက်ပြည့်စုံစွာ တာဝန်ထမ်းဆောင်နေဆဲ ဖြစ်ပါသည်။
ယခုအခါ တော်လှန်ရေးအောင်ပွဲသည် လက်တကမ်းအလှမ်းထိ ရောက်ရှိလာသဖြင့်
ပြည်သူများနှင့် တော်လှန်ရေးအတွင်းပါဝင်လျက်ရှိသူတိုင်းသည် ပိုမိုခိုင်မာသော စိတ်ဓာတ်ဖြင့် စုပေါင်းပါဝင် ဆက်လက်ကြိုးစားရန် လိုအပ်နေပြီ ဖြစ်သည်။
“တဖက်ခြေထောက်ကို ဆုံးရှုံးရခြင်းသည် မိမိ၏ စိတ်ဓာတ်ကို မတားနိုင်သကဲ့သို့
ယနေ့ထိလည်း ရဲရဲဝံ့ဝံ့ရပ်တည်ကာ တိုက်ပွဲဝင်ဆောင်ရွက်နေဆဲ ဖြစ်ပါသည်။”
(၂၀.၆.၂၀၂၅)
Be the first to comment