3
လွန်းညီ
‘ဒါပေမယ့် ဖေဖေ’ သို့

ဒီကနေ့မှာပဲ “သေခြင်းရဲ့ရနံ့”ဆိုတဲ့ ဆရာငြိမ်းအေးအိမ်ရဲ့စာအုပ်တအုပ် ကျနော်ဖတ်ဖြစ်ခဲ့တယ်။ စာအုပ်ရဲ့ စာမျက်နှာတဝက်ကျော်လောက်ရောက်တော့ ကျနော် ဖေဖေ့ကို သတိရတော့တာပဲ။ အခုမှ သတိရတာလားလို့ မေးရင်တော့ ကျနော်မညာချင်ပါဘူး။ တိုက်ဆိုင်မှုတချို့နဲ့ တခါတလေကလွဲလို့ ဖေဖေ့ကို ကျနော်သတိမရတတ်ဘူး။ တနည်းအားဖြင့် သတိမရမိအောင်လည်း နေပါတယ်။
ကျနော်လေ ဖေဖေနဲ့ပတ်သက်ပြီးတော့ “ဖေဖေ့အမွေ” ဆိုတဲ့ အက်ဆေးတပုဒ် ကျနော်ရေးခဲ့ဖူးတယ်။ ဖေဖေလည်း ဖတ်ဖြစ်တယ်လို့ သိရပါတယ်။ မျက်ရည်ဝဲပြီး ”ဒီကောင် ငါ့ကို ဒီလောက် အပြစ်မတင်သင့်ပါဘူး” ဆိုတဲ့စကား ဖေဖေ့ဆီကပြန်ကြားရတော့ ကျနော် ဝမ်းနည်းမိသေးတယ်။ ဒါပေမယ့် ဖေဖေရယ် ကျနော်ကတော့ အမှန်တရားကို ဘယ်တော့မှ မဖုံးကွယ်တတ်ဘူး။ ကျနော်လေ ကျနော့်ခံစားချက်ကို လူအများဆီ မျှဝေချင်တယ်။ အမှန်တရားအတွက် မှန်ရာဘက်ကနေဆိုရင် ကျနော် အမြဲရပ်တည်ပေးချင်တဲ့ဆန္ဒ ကျနော့်ဆီမှာ အမြဲကိန်းအောင်းလို့ အဲ့ဒီအတိုင်း အကောင်ထည်ဖော်မိတာပါပဲ။
အဲ့ဒီတော့ ဖေဖေရယ်၊ ရွာမှာ ငယ်ငယ်က ကြားဖူးသလိုပေါ့၊ မှန်တာပြောတာများရင် ရွာပြင် ထုတ်ခံရတယ် ဆိုတဲ့စကား ကျနော့်အတွက် နည်းနည်း နားလည်လာမိတယ်။ ဒါပေမယ့်လည်း ဖေဖေရယ် ကျနော်ဟာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့ လက်မလျှော့တတ်သူတယောက်ပါပဲ။ ကျနော့်ကိုယ်ကျနော် သတ်မှတ်မိတာပါ။
ဖေဖေဆေးရုံတက်ရတဲ့ ပထမဆုံးအခေါက်က ကျနော်ဘာဖြစ်ခဲ့သလဲ ကျနော် ပြောပြပါဦးမယ်။ ကျနော် အလယ်တန်းကျောင်းသားဘဝကလေ။ ဘယ်နှစ်တန်း လဲတော့ ကျနော်အတိအကျ မမှတ်မိတော့ဘူး။ ဒဏ်ရာတခုနဲ့ မြို့ပေါ်က ဆေးရုံကြီးတခုမှာ ဖေဖေ ဆေးရုံ တက်ရတယ်။ အဲ့ဒီအချိန်မှာ မေမေ မရှိတော့ဘူး။ အိမ်မှာက ကျနော့်အောက် သုံးနှစ်ငယ်တဲ့ ညီလေးတယောက်ကလွဲရင် ကျနော်တို့မိသားစုမှာ ယောက်ျားသားဆိုလို့ ကျနော်တယောက်ပဲ ရှိတော့တယ်လေ။ အမျိုးသားလူနာအတွက် အမျိုးသားတွေပဲ ညအိပ်ညနေ နေခွင့်ရတဲ့ အဲ့ဒီဆေးရုံမှာ ဖေဖေ့အတွက် ဆေးရုံစောင့်ပြီး ပြုစုပေးဖို့က ကျနော်ကလွဲလို့ ဘယ်သူရှိနိုင်ဦးမလဲ။ အဲ့ဒီအချိန်မှာ မမတွေက ဖေဖေ့အတွက် ဆေးရုံစောင့်လိုက်နေပေးဖို့ ကျနော့်ကို တိုက်တွန်းကြတယ်။ တကယ်ကတော့လေ တိုက်တွန်းစရာမလိုဘဲ အလိုက်သိစွာ လုပ်ရမယ် ဆိုတာကိုလည်း ကျနော် သိပါတယ်။ အားကိုးကြီးစွာနဲ့ မမတွေက ကျနော့်ကို အားကိုးရှာတယ်။ ဒါပေမယ့် ဖေဖေတော့ သိလိုက်မယ်မထင်ဘူး။ အဲ့ဒီနေ့က ကျနော့်ခေါင်းအုံးမှာ ကျနော့်မျက်ရည်တွေ စိုရွှဲနေခဲ့တာလေ။ ကျနော် အဲ့ဒီတညနေလုံး ငိုခဲ့မိတယ်။ မမတွေက ကျနော့်စိတ်ခံစားချက်ကိုနားလည်ပေမယ့် မဖြစ်မနေ ဆိုတော့လည်း ဖေဖေ့အတွက် ဆေးရုံစောင့်ဟာ ကျနော်ပဲ ဖြစ်သွားခဲ့တယ်။
ဆေးရုံ ဆေးခန်းတွေနဲ့ တရားရုံးတွေကို မသွားရဲ၊ မသွားချင်လောက်အောင် ကြောက်ရွံ့ခဲ့ရတဲ့ ဖေဖေ့ သားကြီးဟာ ဘယ်လိုမှ ခုခံပြီး ငြင်းဆန်နိုင်ခြင်း မရှိတော့ဘဲ ဖေဖေ့ရဲ့လူနာစောင့် လိုက်ခဲ့ဖူးတာကို ဖေဖေမှတ်မိမှာပါ။ အဲ့ဒီဆေးရုံရောက်တော့ အတိုင်းမသိ ကြောက်ရွံ့နေခဲ့တယ်။ လူသေအလောင်းတွေ၊ ခွဲစိတ်လူနာတွေ၊ ဆေးနံ့တွေ၊ လူနံ့တွေ၊ မျက်နှာပေါ်မှာ မြင်နေရတဲ့ အပူတွေ၊ အဲ့ဒါတွေကို ကျနော်က ကြည့်မိမြင်မိရင်း ကျနော်မပျော်ခဲ့ဘူး။ “ဆေးရုံဆိုတာ ဆွေးရုံပဲ”ဆိုတဲ့ ဆရာအောင်ခိုင်မြတ်ရဲ့ ကဗျာတကြောင်းကိုလည်း သတိရမိသေးတယ်။ ပြီးတော့ ကျနော် ကြိတ်မှိတ်ပြီး ဝမ်းနည်းနေခဲ့မိတယ်။
ဒါပေမယ့် ဖေဖေ အခုဆိုရင် သားတို့ဟာ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေပြီဆိုတာ ဖေဖေသိမှာပါ။ တိုက်ပွဲမှာရရှိခဲ့ကြတဲ့ သွေးသံရဲရဲဒဏ်ရာတွေနဲ့ ပြန်လာရတဲ့ ကျနော့်ရဲဘော်တွေကို ကျနော်က ဆေးရုံလိုက်ပို့၊ လူနာစောင့် လုပ်ခဲ့ဖူးပြီ။ အခုထိလည်း လုပ်နေရဆဲပဲ ဖေဖေ။ တိုက်ပွဲတခုဖော်ဆောင်ပြီဆိုရင် အထိအခိုက်ဒဏ်ရာရနိုင်တယ်ဆိုတာ ကျနော်တို့ တွေးထားရတယ်။ တကယ်လည်း ရခဲ့တာတွေ များပါတယ်။
အဲ့သလိုအချိန်အခါတွေဆိုရင် အသက်ကလေးမျှမှီအောင် အရေးပေါ်လူနာရဲဘော်တွေကို နီးစပ်ရာ ဆေးရုံဆေးခန်းဆီရောက်အောင် ပို့ပေးရတယ်။ အသက်မှီ၊ မမှီ သေချာမသိနိုင်ပေမယ့် အသက်ဆက်ရှင်သန်နိုင်အောင် ကြိုးစားကြရတယ်။ တချို့ဆို ရန်သူကျည်ဆံကြောင့် မျက်နှာတခုလုံး စုတ်ပြတ်သွားကြသူတွေ၊ တချို့မျက်နှာတွေဆိုရင် မျက်နှာနဲ့ မတူတော့ဘူး။ လက်ကအရိုးတွေ အသားစတွေ ကြေမွပျက်စီးသွားကြသူတွေ၊ လည်ပင်းအတွင်းထဲ ကျည်ဆံထိမှန် ကျန်ရှိနေသူတွေ၊ နှလုံးကို ဗုံးစမှန်သူတွေ၊ မျက်လုံးကို ယမ်းစထိစင်သူတွေ ဒဏ်ရာအမျိုးမျိုးနဲ့ သွေးအနံ့တွေလည်း တထောင်းထောင်းထလို့ပဲပေါ့ဖေဖေ။
တိုက်ပွဲဖော်ရာခရီးအဝေးကြီးကနေ စီစဉ်သယ်ယူပြီး ဆေးရုံတွေရှိရာဆီ ပို့ဆောင်ရတယ်။ လိုအပ်သူတွေကိုချိတ်ဆက်၊ လိုအပ်တာတွေ ဝယ်ယူပေးရတယ်။ အဲ့ဒီလိုအတွေ့အကြုံမျိုး သုံးလေးခါလောက် ကြုံပြီးသွားတဲ့အခါ ကျနော်ဟာ တုန်လှုပ်ခြင်း မရှိတော့ဘဲ တစိုက်မတ်မတ် လုပ်တတ်လာတယ်။ ဒီဒဏ်ရာတွေကို ဒီကာလမှ ကျနော် တွေ့ဖူးမြင်ဖူးတယ်ဆိုတာလည်း ဖေဖေယုံမှာပါ။ တခါက ကျနော်ပြောပြသလို ဖေဖေ့ရဲ့ ခြေထောက်ဒဏ်ရာလေးနဲ့ ဆေးရုံတက်ရလို့ ဆေးရုံစောင့်ပေးရတာမျိုးတင် မဟုတ်ဘူးဆိုတာ ဖေဖေ နားလည်မှာပါ။ အာဏာသိမ်းပြီးကာလမှ စုဆုံတွေ့ရတဲ့ လူငယ်ရဲဘော်ရဲဘက်တွေပါပဲ။
ကျနော့်အောက် ငယ်သူတွေ၊ ကျနော့်ထက်ကြီးသူတွေ မျိုးစုံပါပဲ။ ဖေဖေရယ် သူတို့ဒဏ်ရာ၊ ဒီလိုဒဏ်ရာတွေကို ကျနော် ဒီကာလမှပဲ ကြုံတွေ့ဖူးတယ်ဆိုတာကိုလည်း ဖေဖေယုံမှာပါ။ တချို့မျက်နှာဟာ မျက်နှာနဲ့ မတူတော့ သလို။ တချို့ခြေတွေ ဖြတ်ကြရတယ်၊ လက်တွေဖြတ်ကြရတယ်။ သွေးသံရဲရဲနဲ့ သွေးညှီနံ့တွေကလည်း တထောင်းထောင်းပါပဲ ဖေဖေ။ ကျနော်ဒါတွေကို မြင်ပြီး ရွံရှာခြင်း၊ မုန်းတီးခြင်းမရှိ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းမဲ့တဲ့အထိ ကျနော်တို့ အေးဆေး တည်ငြိမ်စွာ ဖြတ်သန်းနေတတ်ပါပြီ။ ဒါထက် မေမေဆုံးတဲ့နေ့ကို ဖေဖေမှတ်မိသေးလား။ ဖေဖေ ကျနော်တို့ကို လာခေါ်တယ်။ နံနက်မိုးမလင်းသေးဘူး။
မြောင်းတလျှောက်ကို ဝမ်းနည်းစိတ်တွေနဲ့ တုန်တုန်ရီရီ လမ်းလျှောက်လာကြရင်း အမေ့အလောင်းရှိရာကို ရောက်လာတယ်။ မေမေ့ကိုယ်ခန္ဓာဟာ အေးစက်နေတာပဲ။ အဲဒီအချိန်မှာ အမေရဲ့ခန္ဓာကိုယ်ကို တခါပဲထိကိုင်ပြီး နှုတ်ဆက်ခဲ့တယ်။ ကျနော်နောက်တခါ ဘယ်တော့မှ အမေ့ရဲ့အနားကို မသွားတော့ဘူး။ ကျနော် မေမေဆုံးတော့ မျက်ရည်မကျဘူး။ ကျနော်တို့မိသားစု ဘယ်လိုရှေ့ဆက်ရမလဲ တွေးမိပြီးတော့ ကျနော် တုန်လှုပ်ခဲ့မိတာပဲရှိခဲ့တယ်။
ကျနော်ဟာ မေမေ့ ရုပ်အလောင်းကို ဆက်မကြည့်မိတော့တာထက် မေမေ့နာရေးနေ့မှာ ကျနော် ကျောင်းသွားဖို့ ပြင်ဆင်ခဲ့သေးတယ်။ ကျနော်ခံနိုင်ရည်ရှိအောင် ကြိုးစားနေခဲ့ရင်းနဲ့ ကျနော်တို့မိသားစု ဘယ်လိုရှေ့ဆက် နိုင်ပါ့မလဲပဲ တွေးခဲ့မိတာ။
ဖေဖေရေ အခုတော့ ဖေဖေ့ရဲ့သားကြီးဟာ တလအတွင်းမှာ မျက်ရည်သုံးခါ ကျခဲ့မိတယ်။ ရဲဘော်တယောက်ရဲ့ ရုပ်အလောင်းကို ထိုင်ကြည့်မိရင်း မျက်ရည်တွေ တဖြိုင်ဖြိုင်ကျခဲ့တယ်။ ကျနော်တို့ဟာ သွေးမတော်သားမစပ်ဆိုပေမယ့် ကျနော်တို့ ဖြတ်ကျော်နေရတဲ့ ခက်ခက်ခဲခဲခေတ်ကြီးထဲမှာ တွေ့ခဲ့ဆုံခဲ့ရတဲ့ ရဲဘော်ရဲဘက် တွေမို့လေ ဖေဖေ။ အဲ့ဒီအချိန် မေမေ့ကို အားနာမိတယ်။ ဒါပေမယ့် ဖေဖေရယ်။ ကျနော်ကြုံတွေ့ နေရတာလည်း လက်ရှိပကတိပဲ မဟုတ်လား။ ကျနော် ကောလိပ်သွားတက်ပြီး နားရက်တွေပြန်အလာမှာ ဖေဖေပြောတဲ့၊ မေးတဲ့ စကားကို အခုထိမှတ်မိ နေသေးတယ်။
”ဒီတခေါက် ရည်းစား ဘယ်နှစ်ယောက်ရခဲ့သလဲ။ နောက်တခေါက်ကျ သုံးယောက်မှမရရင် ပြန်မလာနဲ့ကွာ”ဆိုတဲ့စကားလေ။ အခုချိန်ထိ ပြုံးပြုံးကြီး ပြန်တွေးမိရင်း ဝမ်းနည်းမိသေးတယ်။ အခုအချိန် ငါ့သားရည်းစားရနေပြီလားလို့ မေးရင် “ဖေဖေ့လို အရက် သောက်တတ်နေပြီ”လို့ပဲ သားကဖြေမှာ။ သား အခု အသက်(၂၆)နှစ် ရှိပြီ။ ဖေဖေကတော့ (၁၆)နှစ်နဲ့ မိန်းမရခဲ့သေးတယ်။ ဖေဖေရဲ့ သားငယ်လေးကတော့ သားဦးလေးတောင် ရနေပြီ။ ဖေဖေကတော့ “ငါ့သားကြီးကတော့ မစွံပါဘူးကွာ”လို့ ဖေဖေက ပြောရင်ပြောနေမှာ။
ကျနော်ကလည်း ကျနော်ပါပဲ။ ကိုယ့်အသက်ရွယ်တူတွေဟာ ပန်းမျိုးစုံပါဝင်တဲ့ ဥယျာဉ်ခြံမြေတွေ ပိုင်ဆိုင်နေချိန်မှာပဲ ကျနော့်မှာတော့ အပွင့်ပွင့်လာရင်တောင် ရနံ့မရနိုင်တဲ့ စက္ကူပန်းပင်ပေါက်လေးကို အခုမှ စပြီး စိုက်ပျိုးကြည့်နေတုန်းပဲ။ ရှင်သန်အောင်စိုက်ဖို့ ကြိုးစားပေမယ့် ဘယ်အချိန်မှာ ဘာကြောင့် ဆက်လက် ရှင်သန်ခြင်းမရှိနိုင်တော့မှာလဲ တွေးပြီး စိုးရိမ်နေမိတယ်။ တကယ် ရှင်သန်ရင်တောင် အဲ့ဒီစက္ကူပန်းပင်လေးအနီး ကျနော်ရှိပါဦးမလား။ ကျနော်သေချာမသိ နိုင်ဘူးလေ။
ဖေ… ဖေ့သားမှာလေ အချစ်အတွက် သတ္တိမရှိခဲ့မှုတွေ၊ တနည်းအားဖြင့် အချစ်နဲ့ အခြားအရာတွေယှဉ်တွဲလာနေချိန်ဆိုရင် အချစ်ကို ဒုတိယတန်းကားနဲ့သာ စီးစေခဲ့တာလေ။ ကျနော်ဟာ အမြဲတမ်း တခုမဟုတ်တခု လွဲချော်နေတတ်ခဲ့တယ်။ အဲဒီလွဲချော်မှုတွေထဲကမှ အချစ်နဲ့လွဲချော်ရတာ အခက်ခဲဆုံးလို့ပဲမြင်တယ်။ အားငယ်ခြင်းတွေ၊ သိမ်ငယ်စိတ်တွေ၊ ကိုယ့်ယုံကြည်ချက်ကို တန်ဖိုးထားခြင်းတွေ၊ ပတ်ဝန်းကျင်တွေ၊ သဘောထားမတိုက်ဆိုင်မှုကို ရေရှည် မသယ်ယူလိုတဲ့ ဆန္ဒတွေ၊ ထိခိုက်ရှနာတွေ၊ ဒဏ်ရာဒဏ်ချက်တွေ၊ ဂုဏ်သိက္ခာတွေ၊ လေးစားမှုတွေ၊ အချစ်အတွက် မဝံ့မရဲမှုတွေ။ အကြောင်းတရားတွေကတော့ အများကြီးပါပဲလေ။ ဒီတခါတော့ ကျနော်ဟာ အားလုံးကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
နာကျင်ရမယ်ဆိုရင်တောင် နောက်မဆုတ်ဘဲ အဆုံးစွန်ထိ နာကျင်လိုက်ချင်တယ်။ ဒါပေမယ့်လည်း ဖေဖေ မပြီးဆုံးသေးတဲ့ လမ်းခရီးကို ကျနော်တို့ လျှောက်လှမ်းဆဲ လမ်းခုလတ်မှာပေါ့လေ။ ကျနော် ဖေ့ဖေ့ကို သတိရပါတယ်။ ဒါပေမယ့် ဖေဖေ ကျနော် မဆက်သွယ်ဖြစ်တာကို ခွင့်လွှတ်ပါ။ ပြီးဆုံးအောင်လျှောက်ရမယ့် လမ်းခရီးအတွက် အလွမ်းတွေနဲ့ ဖျားနာနေမိမှာ စိုးရိမ်မိလို့လေ ဖေဖေ။
-ဇူလိုင်၊ ၂၀၂၅