
‘ဒါ … ရန်သူ့နယ်မြေ’

ကျနော် ကားဂိတ်ကိုရောက်တော့ ညနေ အတော်စောင်းနေခဲ့ပါပြီ။ လှည်းတန်းကနေ အောင်မင်္ဂလာကားဝန်းဆီ သွားတဲ့လမ်းတလျှောက် ကျနော်ဟာ အတွေးများစွာနဲ့ ငေးမောရင်း သက်ပြင်းတွေချမိတာလည်း အခါခါပါပဲ။ “ဘယ်အချိန်မှ ငါဟာ ရန်ကုန်မြို့ကြီးဆီ ပြန်ရောက်မှာလဲ” ဆိုတဲ့ အတွေးအပြင် “ပြန်ရော ရောက်ဖြစ်ပါဦးမလား” ဆိုတဲ့ အတွေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ အခုသွားမယ့်ခရီးဟာ တော်လှန်ရေးနယ်မြေ၊ လွတ်မြောက်နယ်မြေလို့ အများက သက်မှတ်ထားကြတဲ့ ကရင်ပြည်နယ်ဆီကိုပါ။ အစစ်အဆေးများတဲ့ကာလဖြစ်လို့ ညဘက်ကိုရွေးပြီး ကားလက်မှတ် ဖြတ်ခဲ့ဖြစ်တယ်။ စစ်ကောင်စီတပ် သားတွေအနေနဲ့ ညဘက်မှာ အလုပ် သိပ်မလုပ်လောက်ဘူးဆိုတဲ့ အတွေးကြောင့်ပဲ ဖြစ်ပါတယ်။
ကျောပိုးအိတ်တလုံးနဲ့ လူငယ်တစ်ယောက်ရဲ့ ရီးကို ရန်သူဟာ ရိပ်စားမိမလား ဆိုတဲ့အတွေးကြောင့် သမားရိုးကျ ခရီးသွားနဲ့တူအောင် အဝတ်အိတ်ကိုလည်း အများသုံးတဲ့ မြွေရေခွံအိတ်နဲ့ထည့်ပြီး ကျောပိုးအိတ်အပြင် လက်ဆွဲခြင်းတလုံးကိုပါ ကျနော် သယ်ခဲ့ပါတယ်။ လက်ဆွဲခြင်းထဲမှာ ပျားရည်ပုလင်း၊ လူကြီးကန်တော့စရာ ငှက်သိုက်ကဒ်နဲ့ လက်ဆောင်ပစ္စည်းအချို့ကို ထည့်သယ်ခဲ့ပါတယ်။ တခြားသူမြင်တဲ့အခါ နယ်ကို အလည်ပြန်တဲ့ ကောင်လေးတယောက်လို့ ထင်စေချင်တာပါပဲ။
ဒီလိုနဲ့ မှောင်ရီပျိုးစအချိန်မှာပဲ ကျနော့်ရဲ့ တော်လှန်ရေးဆီခရီးဟာ အောင်မင်္ဂလားကားဝန်းကနေ အစချီခဲ့ပါတော့တယ်။ ကားဆီဖြည့်တာနဲ့ ဇီးရိုးမိုင်မှာကားပိတ်တာနဲ့မို့ ညဦးပိုင်းမှသာ ရန်ကုန်မြို့ကနေ ထွက်ခွာနိုင်ခဲ့ပါတယ်။ ဇီးရိုးမိုင်မှာများ အစစ်ဆေး ကြမ်းမလားဆိုတဲ့အတွေးနဲ့ သူငယ်ချင်းတယောက်ရဲ့ဖုန်းကို အလုပ်လို့မှတ်ထားပြီး ကိုယ်ဖုန်းဆက်တဲ့အခါ အလုပ်အကြောင်းပြောဖို့ ဇာတ်တိုက်ထားခဲ့တယ်။ ဒါပေမယ့်လည်း ဇီးရိုးမိုင်မှာ ဘာအစစ်အဆေးမှ မရှိဘဲ အေးအေးဆေးဆေး ကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။ ဘုရားကြီးဂိတ်ရောက်တော့ ရဲငါးယောက်လောက် ကားကိုတားတာမြင်တော့ မျက်လုံးမှိတ်ပြီး အိပ်ချင်ယောင်ဆောင်ရင်း မသိသလိုနေရပါတယ်။ စိတ်ထဲမှာတော့ အတွေးဟာ ကမ္ဘာပတ်နေခဲ့ပါပြီ။ ဒီလိုနဲ့ ဝေါ၊ သိမ်ဇရပ်၊ စစ်တောင်းတံတားဂိတ်တွေကိုကျော်ပြီး ကားဟာ ကျိုက်ထိုမြို့ရဲ့ အမှောင်ယံထဲကို တဖြည်းဖြည်း တိုးဝင်ခဲ့ပါတယ်။
ကျိုက်ထိုမြို့ကိုရောက်ပြီဆိုရင်ပဲ ကားစပယ်ယာရဲ့အသံဟာ နားထဲကို တိုးဝင်လာခဲ့ပါတယ်။ စစ်ကောင်စီထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကြောင့် ဒီထမင်းဆိုင်မှာပဲ ညရပ်နားမှာဖြစ်ပြီး မနက်ကျမှသာ မော်လမြိုင်ကို ခရီးဆက်မှာဖြစ်ကြောင်း ပြောလာခဲ့တာပဲဖြစ်ပါတယ်။ ကျနော်လည်း ကားပေါ်ကနေဆင်းပြီး လူအများ မြင်သာထင်သာရှိမယ့် စားပွဲဝိုင်းမှာ နေရာယူရင်း အပြင်ကို ဝေ့ကြည့်မိပါတယ်။ ကျနော်စီးလာတဲ့ကားနဲ့ ဂိတ်တူ နာမည်တူတဲ့ ကားတစီးဟာလည်း အဲဒီထမင်းဆိုင်မှာ ကြိုတင်ရောက်နှင့်ပြီး ရပ်နားထားတာပဲဖြစ်ပါတယ်။ ထမင်းစား ရပ်နားလာကြတဲ့ ကားအသီးသီးပေါ်ကလူတွေကို ငေးရင်း မသင်္ကာစရာလူနှစ်ဦးက ဆိုင်ထဲကို ဝင်လာတာမြင်တော့ လက်ထဲကစာအုပ်ကို အာရုံပြန်စိုက်ရင်း သူတို့ဆီကအကြည့်ကို ရှောင်လိုက်ရတယ်။ စာအုပ်ကိုသာ မျက်နှာကပ်ထားပေမယ့် ရဲ၊ စရဖ၊ ထောက်လှမ်းရေးတို့နဲ့ မစိမ်းခဲ့တော့ အဲဒီလူနှစ်ဦးရဲ့ လှုပ်ရှားမှုကို ဂရုစိုက်နေမိတယ်။ ဂျင်းဘောင်းဘီရှည်၊ သားရေဖိနပ်၊ အင်္ကျီအကွက်လက်ရှည်နဲ့ ဘေးလွယ်အိတ်ကို အတူတူလွယ်ထားတဲ့ အဲဒီလူနှစ်ဦးပေါ့။ သူတို့ကို မျက်ခြည်မပြတ်ကြည့်နေရင်း လက်ထဲကစာအုပ်ကို တရွက်ပြီးတရွက် လှန်နေမိပါတယ်။ တညလုံး အိပ်လို့လည်း မပျော်ခဲ့ပါဘူး။ မနက်ခင်း အရုဏ်ကျင်းချိန်ရောက်တော့ ထမင်းဆိုင်မှာ ရောက်နှင့်နေတဲ့ အစောကားက ခရီးသည်တွေ ပြန်လည်တင်ဆောင်ပြီး လိုရာကို ထွက်ခွာသွားခဲ့ပါပြီ။ ခဏအကြာမှာတော့ ကျနော်စီးလာတဲ့ကားရဲ့ စပယ်ယာဆီကနေ ကား ပြန်လည်ထွက်ခွါတော့မှာ ဖြစ်တာကြောင့် ခရီးသည်တွေ ကားပေါ်နေရာယူပေးဖို့ မေတ္တာရပ်ခံတဲ့အသံ ထွက်ပေါ်လာပါတယ်။
ကျနော်တို့ခရီးသည်အားလုံး ကားပေါ် နေရာယူပြီးချိန်မှာပဲ အင်္ကျီအကွက်လက်ရှည်၊ ဂျင်းဘောင်းဘီ ဝတ်ဆင်ထားပြီး သားရေဘေးလွယ်အိတ် ဆင်တူလွယ်ထားတဲ့ လူနှစ်ဦးက ဒေါသတကြီးနဲ့ ကားပေါ်ကို ရောက်လာခဲ့ပါတယ်။ နှုတ်ကနေလည်း “ရှေ့ကားက ငါတို့ကို ထားသွားတယ်၊ ခရီးသည်ကျန်တာ မသိဘူးလားကွာ” တဲ့။ ကားလိုင်းတခုအနေနဲ့ ခရီးသည်ကျန်တာကို ထားပြီးတော့ မထွက်နိုင်ပါဘူး။ လူမစုံရင် သေချာအော်ခေါ်ပြီး လူစုံမစုံစစ်ပြီးမှ ထွက်ကြတာမလား။ အဲဒီ ကျန်ခဲ့ပါတယ်ဆိုတဲ့ ခရီးသည်နှစ်ဦးဟာ တကယ်ရော ခရီးသည်ဟုတ်ရဲ့လား။ ကျနော်လည်း အတွေးတွေကို ခဏအနားသတ်ပြီး ကျနော့်ရဲ့နေရာ ခုံနံပါတ် (၁) မှာ ထိုင်နေခဲ့ပါတယ်။ ကျနော်နဲ့အတူ ခုံနံပါတ် (၂) မှာစီးလာတဲ့ ခရီးသည်တဦးက ကျိုက်ထိုမှာပဲ ဆင်းမှာဖြစ်တော့ ညပိုင်းကတည်းက ပြန်သွားခဲ့ပါပြီ။ ဘေးမှာလွတ်နေတဲ့ ခုံနံပါတ် (၂) နေရာကို ကားစပယ်ယာက အန်တီကြီးတဦးကိုခေါ်ပြီး နေရာပေးပါတယ်။ အဲဒီအချိန်မှာပဲ ကျန်ခဲ့ပါတယ်ဆိုတဲ့ ခရီးသည်နှစ်ဦးထဲက တဦးဟာ ရောက်ချလာပြီး “ကျနော်ထိုင်လို့ မရဘူးလား” ဆိုပြီး ဘေးမှာ ဝင်ထိုင်ချလိုက်ပါတယ်။ ကားစပယ်ယာလည်း ဘာမှမပြောသာဘဲ နောက်ဆုတ်သွားပါတော့တယ်။
ကျနော့်ရဲ့ ခုန်နေတဲ့ရင်တွေဟာ ပေါက်ထွက်မတတ် ကမ္ဘာပျက်မတတ်ပါပဲ။ မသင်္ကာလို့ သတိထားမိတဲ့သူက ကိုယ့်ဘေးမှာ ဇွတ်တရွတ်ထိုင်ပြီး ကပ်လာတဲ့အခါ ကျနော် ဘယ်လို အေးဆေးနေနိုင်မလဲ။ စိတ်ထဲမှာ တုန်လှုပ်လေ အပြင်မှာ ပိုတည်ငြိမ်လေဖြစ်တဲ့ ကျနော်က အိတ်ထဲကဖုန်းကို နှိုက်ယူလိုက်ပါတယ်။ ဘေးကလူ မြင်သာအောင် ဖွင့်လိုက်ပြီး မြေတူးစက်ပုံတွေ၊ မြေသယ်စက်ပုံတွေကို ထုတ်ကြည့်လိုက်မိတယ်။ ပြီးမှ အဲဒီစက်တွေအကြောင်း ရှင်းပြတဲ့ ဖိုင်တွေကို ဖွင့်ပြီး ဖတ်နေလိုက်ပါတယ်။ ခဏအကြာမှာတော့ ကျနော့်ရဲ့ပေါင်ကို ဖြတ်ခနဲရိုက်လိုက်ပြီး “ဘယ်သွားမှာလဲ“ တဲ့။ ကျနော်လည်း ဖုန်းထဲက ပုံတွေကို ထုတ်ပြပြီး မော်လမြိုင်ကို စက်ပြင်အလုပ်ရလို့ သွားမှာဖြစ်တဲ့အကြောင်း ပြောပြီး စကားစ သတ်လိုက်ရပါတယ်။ အဲဒီ မသင်္ကာစရာကောင်းတဲ့ ခရီးသည်နှစ်ဦးစလုံးဟာ ကျိုက်ထိုမြို့ထဲက စျေးတခုအနီးရောက်တာနဲ့ပဲ ကားသမားကို ကားရပ်ခိုင်းပြီး ဆင်းသွားပါတယ်။ ဆင်းသွားတဲ့ သူတို့နောက်ကို လိုက် ပြီး ကားခလိုက်တောင်းတဲ့ စပယ်ယာကိုတော့ အိတ်ထဲက သေနတ်ထုတ်ပြပြီး ယူမလားမေးတဲ့အကြောင်း စပယ်ယာလေးက ကားသမားကို ပြန်ပြောနေတာ ကြားလိုက်မှ ကျနော်ထင်တာ မမှားကြောင်း သိခဲ့ရပါတယ်။ ဒီလိုနဲ့ ခရီးဆက်လာရင်းက ကျနော်သွားလိုတဲ့ မော်လမြိုင်ဆီကို မနက်စောစောမှာပဲ အဆင်ပြေပြေ ရောက်ခဲ့ပါတယ်။
မော်လမြိုင်ကနေတဆင့် ထိုင်းနယ်စပ်တနေရာဆီ ခရီးဆက်ဖို့အတွက်လည်း ရန်ကုန်မှာရှိနေစဉ်ကတည်းက ကယ်ရီအခေါ် လိုင်းကားကလေးတွေနဲ့ ကြိုတင်ချိတ်ဆက်ပြီး လိုအပ်တာတွေ ပြင်ဆင်ခဲ့ပါတယ်။ အလုပ်တာဝန်နဲ့ ခရီးသွားဟန် တူရလေအောင် ရပ်ကွက်ထောက်ခံစာကိုပါ ပြင်ဆင်လာခဲ့ပါတယ်။
ဆက်သွားရမယ့်ခရီးလမ်းမှာ စစ်ကောင်စီရဲ့ဂိတ်စခန်း သုံးခုထက်မနည်းကို ဖြတ်ရဦးမှာပဲဖြစ်ပါတယ်။
ကားသမားအကိုက လမ်းကြောင်းမှာ အေးဆေးပဲမို့ ဘာမှ တွေးမပူဖို့၊ ဂိတ်စခန်းတွေကို လိုင်းကြေးပေးထားပြီးသားမို့ စသည်ဖြင့် စိတ်ချမ်းသာအောင်ပြောပြီး လွတ်မြောက်နယ်မြေ ဆိုတဲ့နေရာဆီကို ဒုတိယခရီး ဆက်ခဲ့ရပြန်ပါတယ်။ ပထမဆုံး စစ်ကောင်စီဂိတ်စခန်းကို ဖြတ်တဲ့အချိန်မှာပဲ ကားသမားက စစ်ကောင်စီတပ်သားတဦးနဲ့ ပုံမှန်ထက် ရင်းနှီးစွာ ပြောဆိုနေကြတာကို မြင်လိုက်ရတော့ စိတ်ချလက်ချဖြစ်ရမယ့်အစား ဒလန်လားဆိုတဲ့အတွေးက ကျနော့်ကို နှိပ်စက်ပါလေရော။ ဒီလိုနဲ့ ဂိတ်ကိုဖြတ်ပြီး လွန်လာတဲ့အခါမှသာ သက်ပြင်းကို ဖြည်းဖြည်းချင်း ခိုးချနိုင်ပါတော့တယ်။
“တော်လှန်ရေးဆိုတဲ့ လူငယ်တွေက တိုင်းပြည်ကို ကန့်လန့်တိုက် ဖျက်ဆီးကြတာပါ ငါ့ညီရာ၊ သွားတာလာတာ ဂရုစိုက် အလုပ်ကိုလည်း သေချာဂရုစိုက် လုပ်” ဆိုပြီး အစချီတဲ့စကားအဆုံးမှာ ကျနော်ဟာ အရိပ်အခြေကို သဘောပေါက်ခဲ့ပါပြီ။ အရှိန်နဲ့မောင်းနှင်နေတဲ့ ကားလေးအပေါ်မှာ ကျနော့်ရဲ့ နှလုံးခုန်သံနဲ့ လိုရာခရီးကို ရောက်လိုစိတ်တို့က အရှိန်အဟုန်နဲ့ ပြေးလွှားနေခဲ့တာ ကျနော်သာ သိပါတော့တယ်။ လမ်းမကြီးပေါ်မှာ ရွေ့နေတာဟာ ကားကလေးဖြစ်ပေမယ့် ပိုမြန်တဲ့အရှိန်နဲ့ ခုန်နေခဲ့တာက ကျနော့်ရဲ့ နှလုံးခုန်သံပဲ ဖြစ်ပါလိမ့်မယ်။ ဂိတ်စခန်းတခုဖြတ်တိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ခင်ခင်မင်မင် နှုတ်ဆက်နေတဲ့ ကားသမားအကိုက ကျနော့်အတွက်တော့ ရည်းစားဦးပြီးရင် ရင်ခုန်အောင် လုပ်နိုင်ဆုံးသူတဦးပဲ ဖြစ်ပါတယ်။
တဖြည်းဖြည်း ခရီးဆက်လာရင်းက စစ်ကောင်စီဂိတ်စခန်းတွေကို ကျော်လွန်ပြီး ကရင်အမျိုးသားအလံနဲ့ ကရင်စစ်သားလေးတွေကို စမြင်လာရတဲ့အချိန် မှာတော့ ကျနော့်ရဲ့စိတ်က အနည်းငယ် သက်သာလာခဲ့ရပါပြီ။ အဲဒီအချိန်မှာပဲ ကားသမားက “ညီလေး အိပ် အိပ်၊ အိပ်ချင်ယောင်ဆောင်လိုက် ရှေ့မှာ ဂိတ်ရှိတယ်“ ဆိုတဲ့ သတိပေးသံကို ကြားလိုက်ရတော့ အရှိန်လျော့ခါစ ကားကို လီဗာ ချက်ချင်းနင်းလိုက်သကဲ့သို့ လှိုက်ခနဲ ရင်ခုန်သွားရပြန်ပါတယ်။ ကားပြတင်းကနေ သေသေချာချာ ကြည့်ကြည့်တော့မှ ဂိတ်စခန်းက မှန်ပေမယ့်လို့ ကရင်စစ်တပ်ရဲ့ဂိတ်စခန်း ဖြစ်နေပါတော့တယ်။ ကျနော့်အတွက်တော့ နောက်တကြိမ် သက်ပြင်းချခွင့် ရပြန်တာပါပဲ။
ရှေ့အနည်းငယ်လောက် မောင်းပြီးရင်တော့ ကျနော်သွားမယ့် လွတ်မြောက်နယ်မြေတနေရာက ကျနော့်ရဲ့စခန်းဟောင်းကို ရောက်တော့မှာပဲဖြစ်ပါတယ်။ ပါလာတဲ့ကျောပိုးအိတ်နဲ့ အထုပ်အပိုးတွေကို စုရင်း “အကို အကို ဟိုရှေ့က ကရင်အလံထောင်ထားတဲ့ ထမင်းဆိုင်ကျ ကားရပ်ပေးပါဗျ” ဆိုတော့ ကားသမားက ဘာမှန်းမသိတဲ့ မျက်ဝန်းတစုံနဲ့ ကျနော့်ကို ပြန်ကြည့်ပါတယ်။ ပြီးတော့ သူက စကားတခွန်း ပြောလာခဲ့ပါတယ် … “ညီလေး ဒါ ရန်သူ့နယ်မြေနော်” တဲ့ …
ဆံပင်ခပ်တိုတိုနဲ့ အထုပ်အပိုး စားစရာ အခြောက်အခြမ်းတွေအပြင် ခရီးသွားဖို့ ထောက်ခံစာအစုံအလင်နဲ့ အညာသား ကျနော့်ကို ကားသမားအကိုက နယ်ပြောင်းလာတဲ့စစ်သား ဖြစ်ဟန်တူလို့ ထင်ပါရဲ့။ သူပြောတဲ့ ရန်သူ့နယ်မြေ ဆိုတဲ့ဒေသမှာပဲ ကျနော်တို့ဟာ လုံခြုံမှုနဲ့ နွေးထွေးမှုကို အသားထဲ စိမ့်ဝင် သည်အထိ နက်နက်ရှိူင်းရှိူင်း ခံစားရပါတော့တယ်။
၇:၂၆/၁၃၂၅
Be the first to comment