ဒီလက ဂျွန်လဖြစ်တယ်

by The Call
70 views
‘ဒီလက ဂျွန်လဖြစ်တယ်’
◼️လိပ်နင်ဂျာ
ဂျွန်လဟာ မိမိပဲ
သူမကိုယ်ထဲမှာ ပုန်းအောင်းနေထိုင်တဲ့၊
မိခင်ဖြစ်သူအတွက် မကောင်းဆိုးဝါး မိစ္ဆာ
ထိုသူတို့အတွက် မမြင်အပ် မကြားအပ်တဲ့၊
ကောင်းနိုးရာရာ နတ်မင်းများကို ပင့်ခေါ်ပြီး
တိုက်ထုတ်ရမယ့်
ကံနိမ့်လို့ ဝင်ပူးနေတာ
ပင်လယ်ကြမ်းပြင်အောက်က
ကျောက်တုံးများကြား ညှပ်ကျန်ခဲ့သော လျှာ
တခါက ပူစီများကြား အလုပ်များခဲ့သော လျှာ
ပြည်တွင်းစစ်က လျှာကို စားသွားပြီ
ဂျွန်လရောက်တိုင်း ဖရန့်အိုဟာရာဆီ
မရောက်မဖြစ် အိမ်ပြန်ရဖို့ဟာ
အဆုံးစွန်ဆုံးသော မျှော်လင့်ချက်
အိမ်ပြန်ရောက်ရင်ကော
မိမိကိုယ်မိမိ ပြန်တွေ့နိုင်ဦးမှာလား
အတိတ်ရဲ့လှိုင်းဟာ ကမ်းခြေအသစ်မှာ
အမြုပ်တစီစီ
ဒီလက ဂျွန်လ
သက်တံတွေကို လွှင့်ထူလိုက်/ ခေါက်သိမ်းလိုက်
ကောင်းကင်က သွေးဆုံးခါနီး အနေအထား
ဂယောက်ဂယက်မိုးသားတွေကြားမှာ
ပုံစံအမျိုးမျိုးနဲ့ အုံကြွမှု အသားရောင်အစားစားပါပဲ
အမေရိကဟာ ရီစရာကြီး
ဖြစ်တည်မှုရဲ့အရသာကို ပစိဖိတ်သမုဒ္ဒရာက
‘မိမိဟာ.. ဘာ’ လို့ ပြောနေတုန်းမှာ
လည်ချောင်းထဲ အရှိန်နဲ့ တိုးဝင်လာတဲ့ သဲမုန်တိုင်း
တံခါးတွေပိတ်ထားတဲ့ကြားက အေးစိမ့်နေသော
ဂျွန်တညနေခင်း။ အမေ့ဆီဖုန်းခေါ်လိုက်တယ်
ထွေရာလေးပါး၊ ဒီနေ့ဘာစားလဲ
ပြီးတော့ ဆက်ပြောသေးတယ်
မိုးရွာနေလား
မိုးရှာနလေား.. တဲ့ ။ ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment