
“ဒီလိုနဲ့ ဒီနေ့များ၊ နောက်တခါဒီနေ့တို့ ဘယ်တော့မှမရှိစေရ စာမျက်နှာ”
■ အယ်ဒီတာ့စကား
နှစ်ရက်တောင် ဒင်းတို့အုပ်ချုပ်မှုအောက် မနေချင်ခဲ့ပေမဲ့ နှစ်လ၊ အဲဒီကနေ အခုတော့ နှစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီကာလကြီးထဲ ဘယ်လိုမွန်းကြပ်မှုတွေနဲ့၊ မိမိကိုယ်စိတ်နှစ်ပါးရဲ့ အတွင်းမှာကော အပြင်မှာကော တွန်းကန်ရုန်းကြွမှုတွေနဲ့၊ အကြောက်နဲ့ ဒေါသနဲ့။ စိုးရိမ်ပူပန်မှုနဲ့ မခံမရပ်နိုင်မှုနဲ့။ တရက်ချင်းတရက်ချင်း ဖြတ်သန်းလာခဲ့ကြရတာပဲ မဟုတ်လား။
အတိတ်တွေကိုလည်း မေ့ထားရသည်။ အနာဂတ်တွေကိုလည်း လစ်လျုရှုနေလိုက်ရသည်။ ဒီနေ့၊ ပြီးရင် နောက်တခါဒီနေ့၊ ဒီလိုနဲ့ ဒီနေ့များ။
ဒီရေမဟုတ်ဘူး။ ကောက်ရိုးမီးမဟုတ်ဘူး။ တောက်လောင်မှုတိုင်းဟာ လောင်စာရဲ့အကန့်အသတ်ပေါ်အခြေခံတယ်ဆိုရင် ဒီအဓမ္မမှုကြီးကို ငြင်းဆန်ခဲ့တဲ့စိတ်ဓာတ်ဟာ မကုန်နိုင်မခမ်းနိုင် လောင်စာသိုက်ကြီးပဲ။ ဒါဟာ လူတယောက်ရဲ့ဖြစ်တည်မှု လူသားမျိုးနွယ်ရဲ့ဖြစ်တည်မှု အရင်းအမြစ်လည်းဖြစ်ရဲ့။
ရှင်သန်ဖို့အတွက် တိုက်ပွဲဝင်တာဟာ တောရိုင်းကျွဲတကောင်ကနေ အာရုံခံအမွှေးအမှင်တွေကို သတိကြီးကြီးနဲ့ နေရာလွတ်တွေထဲ တိုးဝင်နေတဲ့ ပိုးဟပ်တကောင်အထိ လိုအပ်ချက်လည်းဖြစ်သည်။
အချိန်ကာလရဲ့တန်ဘိုးဆိုတာ အလုပ်တခုချင်းကို တဆစ်ချင်း ချိတ်ဆက်ထားသည့် အလုပ်အားလုံးရဲ့ ပြီးမြောက်မှုလို့ အဓိပ္ပါယ်ပေါက်စေရဲ့။ ၁၉၅၈ ခုနှစ်ကတည်း ပိုးမွှားဝင်ရောက်လာတဲ့ ဒီစစ်သစ်ပင်ရဲ့ ဖက်ဆစ်ဝိဉာဉ်ကို ဆဲဗင်းဂျုလိုင်၊ မှိုင်းရာပြည့်၊ ဦးသန့်၊ အလုပ်သမားအရေးအခင်း၊ ရှစ်လေးလုံး၊ ရွှေဝါရောင် စသဖြင့် အစဉ်တစိုက်ဖယ်ရှားသန့်စင်ဖို့ကြိုးစားခဲ့ကြ။ အရွက်ခြွေခဲ့ကြ၊ အကိုင်းခုတ်ခဲ့ကြ။ ပင်စည်ပိုးသတ်ခဲ့ကြ။
သို့တိုင် ဒီစစ်သစ်ပင်က ပိုးမွှားပြည့်နှက် ဥယျာဉ်ကို ဖျက်လာတဲ့အခါ ၂၀၂၁ နွေဦးလူထုတော်လှန်ရေးဟာ အမြစ်ကတူးလှန်ဖို့ တာဝန်ရှိလာခဲ့သည်။ ရှိသည့်အတိုင်းလည်း လူငယ်မျိုးဆက်တို့က တပ်ဦးကရဲရဲတက်ပြီး တိုက်ခိုက်ခဲ့ကြ၊ ရင်းနှီးပေးဆပ်ခဲ့ကြ၊ အောင်ပွဲဆီချဉ်းကပ်နိုင်ခဲ့ကြတာ ၂ နှစ်ဆိုတဲ့ ကာလတိုလေးအတွင်းမှာ မယုံနိုင်စရာ ဒီဖက်ဆစ်စစ်သစ်ပင်ကြီး ယိုင်လဲလာတာ မျက်ဝါးထင်ထင်။
“တသံတည်းညီ၊ တချီတည်းရုန်း” ဒီတခါ အဆုံးအဖြတ်တိုက်ပွဲကို နွဲဆင်ကြမည်။ “လူအဖြစ်ရှင်သန်ရတဲ့အဓိပ္ပါယ်၊ ငါတို့နိုင်မှဖြစ်မယ်” ဆိုတာ အားလုံးက လက်ခံထားကြပြီ။ တိုက်ပွဲပုံစံအစုံကို တီထွင်မှုရှိရှိ ဖော်ဆောင်ခဲ့ကြသည်။ ပင်စည်ခြောက်ကာ အမြစ်ပုတ်နေသည့် ဒီစစ်သစ်ပင်အတွက် နောက်ဆုံးသစ်ရွက်မျှပင် မညွန့်မဖူးစေရ။ ဒီမြေမှာ မျိုးကောင်းမျိုးသန့် လူထုရင်နှစ် ပြည်သူ့ကာကွယ်ရေးတပ်ကို ပျိုးနိုင်စိုက်နိုင်ခဲ့ပြီ။ မျိုးစေ့မှန်သလို အပင်ကလည်းသန်သည်။ အနာဂတ်ဖက်ဒရယ်ငှက်တသောင်း အေးချမ်းစွာခိုနားဖို့ သစ်ကောင်းတပင် ရှင်သန်စိမ်းလန်းလာတော့မည်။ သမိုင်းရဲ့ ရင်ခုန်စရာအကောင်းဆုံးနေ့ရက်တွေက ရှေ့မှာစောင့်ဆိုင်းနေခဲ့ပြီ။ ဘာကို တွေဝေနေကြရအုန်းမည်နည်း။
အဖြေက တခုတည်းပင်။ ဒီယဉ်ကျေးတဲ့ လူ့ကမ္ဘာမှာ ဘယ်တောရိုင်းဥပဒေက အနိုင်ယူအုပ်စိုးလို့ ရနိုင်မတဲ့လဲ။ လူ့စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်တတ်ပေမဲ့ ကောင်းမှုကို ကျင့်ဆောင်ရကောင်းမှန်း မမေ့မလျော့ခဲ့ကြ။ လူ့အသိဉာဏ်ဆိုတာက နောက်ဆုတ်သွားရိုးမရှိ။ လူ့အဖွဲ့အစည်းရဲ့ အသိပညာအဆောက်အဦဆိုတာကလည်း လူ့မိစ္ဆာတွေရဲ့ အကုသိုလ်တရားလောက်နဲ့ ဖြိုချလို့ ရကောင်းသည့်အရာမဟုတ်။ လူ့အတွင်းစိတ်ထဲမှာ မွေးကတည်းက ဘုရားတဆူပါလာပြီးသားဖြစ်သည်။ ကံမကောင်းအကြောင်းမလှတဲ့အခိုက်အတန့်တွေဆိုတာ တခါတရံရှောင်လွှဲလို့မရခဲ့ပေမဲ့ ထာဝရတရားတော့မဟုတ်။
ဒီတော့ အမှန်တရားဟာအောင်ပွဲပဲဆိုတာ ဘယ်တော့မှ မသွေဖည်သည့် တလောကလုံးဆိုင်ရာ သစ္စာကျမ်းစာအုပ်ပဲဖြစ်သည်။ မြန်မာပြည်သူတို့အတွက်တော့ အောင်ပွဲဟာ စာမျက်နှာတိုင်းမှာဟု ဆိုရပေမည်။ ဒီလိုနဲ့ ဒီနေ့များ၊ နောက်တခါဒီနေ့တို့ ဒီစာမျက်နှာတွေပေါ်မှာ ဘယ်တော့မှမရှိစေရ။
၃၀၊ ဇန်နဝါရီ၊ ၂၀၂၃
Be the first to comment