ဓားရဲ့တရားဆိုတာ ဝင့်ရုံနဲ့မရ ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်

‘ဓားရဲ့တရားဆိုတာ
ဝင့်ရုံနဲ့မရ ၊ ရှေ့တိုးပြီး ခုတ်မှ ရမယ်’
◼️ခန့်ဝေး
မတ်လ ၃ ရက်နေ့က လိုင်းပေါ်မှာ ကိုကေဇကျဆုံးတာ လေးနှစ်ပြည့်သွားတဲ့ပို့စ်တွေ ဖတ်ရတော့ လွန်ခဲ့တဲ့လေးငါးဆယ်နှစ်ဆီ စိတ်ကရောက်မိသွားတယ် ။ ရက်အတိအကျတော့ မမှတ်မိဘူး ။ ကဗျာဆရာမင်းဆက်က ဖုန်းဆက်ခေါ်တယ် ။ ကေဇဝင်းရောက်နေတယ် ဖူးပွင့်ကိုလာခဲ့ဦး တဲ့ ။ ဖူးပွင့်မှာ လင်းလွင်ရယ် ကေဇဝင်းရယ် မင်းဆက်ရယ် ကျွန်တော်ရယ် ကျန်တဲ့သူတွေ ပါတာ မပါတော့ မမှတ်မိတော့ဘူး ။ အမှန်က ကိုကေဇက လင်းလွင်နဲ့တွေ့ချင်လို့ မန္တလေးကိုလာတာ ။ ဒီနေရာမှာတွေ့ဖို့ သူတို့အချင်းချင်း အချိိန်းအချက်လုပ်ထားတယ်ထင်တယ် ။ အဲဒါက ကျွန်တော် ကိုကေဇနဲ့ အပြင်မှာ ပထမဆုံးဆုံဖူးတာပဲ ။ နောက်ဆုံးအကြိမ်လို့လည်း ပြောလို့ရတာပေါ့လေ ။ ကျန်တဲ့အကြောင်းတွေတော့ မပြောတော့ပါဘူး ။ သူ့ပြောတဲ့သူအကြောင်းတွေထဲက ကဗျာနဲ့ပက်သက်လို့ မှတ်မိနေတာတစ်ခုပြောချင်တာ ။ ကဗျာနဲ့ပက်သက်လာရင် သူ့ယုံကြည်ချက်တွေက ပြင်းထန်လွန်းတယ် ။ သူက သူ့ကဗျာတွေ မဂ္ဂဇင်းတွေမှာပို့မယ် ။ ကဗျာကထွက်တဲ့ အသီးအရွက်တွေနဲ့ပဲ ဘဝကိုရှင်သန်တော့မယ်ဆုံးဖြတ်ပြီး ကဗျာတွေပိုက် ရန်ကုန်တက်သွားတာဆိုပဲ ။ ကိုယ်တွေတောင် ဘေးကနားထောင်ရင်းနဲ့ စိတ်ထဲကနေ ဟ ဒီဘဲ လွန်လှချည်လားပေါ့ ။ သိပ်မကြာဘူး ။ ရန်ကုန်နဲ့ ကဗျာလောက အကြောင်းသိသွားတာထင်ပါရဲ့ ။ နောက်တော့ ဟိုအလုပ်လေးဝင်လုပ်လိုက် ဒီအလုပ်လေးဝင်လုပ်လိုက်နဲ့ ဖြစ်သလို ဘဝကိုကျောင်းခဲ့ရပုံတွေပြောပြတော့ သူ့အကြောင်းတွေ နားထောင်ရင်း ဘေးကနားထောင်နေရတဲ့ ကိုယ်တွေတောင်အသက်ရှူရခက်လာတယ် ။ အဲဒီကနေ သူ့ကို ဘယ်မှာစသိပါလိမ့်ဆိုပြီး တွေးကြည့်တော့ နေပါဦး ၊ လက်ပံတန်းသပိတ်မှာထင်တာပဲ ။ သူ့ကို နိုင်ငံရေးသမားတစ်ယောက်အနေနဲ့စသိပြီး ကဗျာဆရာတစ်ယောက်အနေနဲ့ပါ ထပ်သိရပြန်တော့ သူနဲ့ဆုံရတာကို စိတ်ထဲကြည်နူးကျေနပ်မိတာကလည်း အမှန်ပေါ့လေ ။
ကျွန်တော်တို့နဲ့ဆုံတဲ့ကာလကလည်း အဲဒီသပိတ်ကိစ္စနဲ့ပက်သက်လို့ သူအထဲရောက် ၊ အထဲကပြန်ထွက်လာပြီးတဲ့အချိန်လောက်ဖြစ်မယ် ။ ထားပါတော့ အခု သူမရှိတော့ဘူး ။ တချို့လူတွေနဲ့ကျပြန်တော့လည်း တစ်ခါလေးဆုံဖူးရရုံနဲ့ လူ့အဖွဲ့အစည်းကြားကသေနုပ်လွန်းလှတဲ့တရားမျှတမှု ၊ ကိုယ့်အရေခွံကို ပြန်ခွာသလိုခွာပြီးမှ မြင်တွေ့ရမယ့် ကိုယ်ချင်းစာတရား ၊ မိုးပေါ်ပျံတက်သွားတဲ့ပူဖောင်းထဲက လေလို လွတ်လပ်မှုကို သူချစ်မြတ်နိုးခဲ့ပုံတွေ ပြောလို့ကုန်မှာမဟုတ်ပေဘူး ။ ကဲဒီတော့ ဟောဒီမြေကြီးကလည်း ကားကိုထမ်း ၊ ကားကလည်း ခင်ဗျားကိုထမ်း ၊ ခင်ဗျားကလည်း အလံကိုထမ်း ၊ တလူလူနဲ့ အလံတော်ကို ဆက်ယမ်းကြတာပေါ့ ။
ဘိုလီဗီးယားရဲ့တောနက်ထဲက
တောင်ပေါ်ရွာငယ်ကလေး ဟီဝူးရာမှာ
ရာမွန်နဲ့အတူ အိပ်ပျော်ပါတော့ ကိုကေဇ
– ခေါင်းစဥ်က ကဗျာဆရာကေဇဝင်းရဲ့ ခေါင်းခွံများအကြောင်း ကဗျာထဲမှ စာသားတစ်ခု –
About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*