နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး

‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’
◾မင်းချစ်ပိုင်
​အပိုင်း (၁)
(၁)
“တစ် ၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်”
နေဝင်သွားပြီဖြစ်လောက်ပေမဲ့ ပတ်ဝန်းကျင်တစ်ခုလုံး လင်းနေဆဲဖြစ်ပြီး နေ့တစ်နေ့ရဲ့ နောက်ဆုံးအလင်းရောင်ဟာ အိမ်ထဲမှာ ခပ်မှိန်မှိန်လေး အကြွင်းကျန်နေသေးတယ်။ အိမ်ခေါင်မိုးအောက် အလင်းနဲ့လေဝင်ဖို့အတွက် ဖောက်ထားတဲ့ ပြတင်းပေါက်သေးသေးလေးကတဆင့် ဝင်နေတဲ့အလင်းရောင်ကြောင့် ရေနံချေးဝနေတဲ့ ထုပ်တန်းတချို့ကို မြင်နေရတယ်။ အိမ်ခေါင်မိုးအောက်က ထုပ်တန်းတွေကို ရုတ်တရက် ဗလာကျင်းသွားတဲ့အတွေးတို့နဲ့ ရေတွက်နေမိတယ်။
လျှာထိုးပျဉ်ကြမ်းခင်းပေါ် ဘာအခင်းမှမပါဘဲ သက်သောင့်သက်သာ လှဲနေတာဖြစ်တယ်။ ရည်ရွယ်ပြီးလုပ်ရမယ့် အရာတွေလည်းမရှိသလို အလေးအနက်စဉ်းစားရမယ့် ကိစ္စတွေလည်း မရှိနေတာကြောင့် ကြမ်းခင်းပေါ် ဒီအတိုင်း ခြေပစ်လက်ပစ်လှဲလိုက်မိတာပါ။ ဟိုနားခွေခေါက်လှဲလိုက်၊ ဒီနားခွေခေါက်လှဲလိုက် လုပ်တတ်တဲ့ ငယ်ငယ်တုန်းက အကျင့်တစ်ခုက ပျောက်သွားခဲ့ပြီလို့ ထင်ခဲ့ပေမဲ့ ဒီအိမ်ကို ပြန်ရောက်တဲ့အချိန်မှာ သူအလိုအလျောက် ပြန်ပေါ်လာတော့ ထူးတော့ထူးဆန်းသား။
ချန်ထားခဲ့တဲ့ ငယ်ဘဝဝိညာဉ်တို့ ပြန်လည်ပူးကပ်သွားလို့ များလား။ သဘာဝလွန်ဖြစ်ရပ်ဆန်း ဇာတ်လမ်းဆန်သွားလားမသိ ဆိုပြီး ကိုယ့်အတွေးကိုယ်ရယ်ချင်မိကာ ထုပ်တန်းတွေကိုကြည့်ရင်း ပြုံးမိတယ်။ သေချာပြန်စဉ်းစားမိတော့ ဒီအိမ်ကနေထွက်ခွာပြီး မြို့ပြကိုရောက်သွားတဲ့အချိန်မှာပဲ ဒီအလေ့အထက ပျောက်သွားခဲ့တာ။ မွေးကတည်းကပဲ ပါလာပါလာ၊ ငယ်ငယ်ကပဲ ဖြစ်တည်ဖြစ်တည်၊ ဘယ်လိုပဲစွဲလမ်းပြီး နှစ်သက်နေပါစေဦး ဒီလိုအလေ့အထမျိုးက ကျောတစ်ခင်းစာရဖို့အတွက် တော်တော်ရုန်းကန်ရတဲ့ မြို့ပြမှာတော့ ဘယ်လိုမှ လုပ်လို့မရတဲ့ အရာမျိုးပါ။ လူဦးရေထူထပ်ပြီး နေစရာတွေကျဉ်းမြောင်းပြွတ်သိပ်နေတဲ့အပြင် ပျားတွေလိုအလုပ်လုပ်ရတဲ့ မြို့ကြီးတွေကိုရောက်ရင်တော့ ဘယ်သူမဆို ရောက်ရောက်ချင်း ဒီလိုအလေ့အထမျိုးကို ခေါက်သိမ်းရမှာပဲ။
ဒီလိုဆိုတော့ အဲဒီအလေ့အထက ပျောက်သွားတာလည်းမဟုတ်၊ မရှိတော့တာလည်းမဟုတ်။ အလုံအလောက် ကျယ်ဝန်းတဲ့ နေရာတစ်ခု မရှိလို့သာဖြစ်မှာ။ ဒါမှမဟုတ် ဒီလိုလုပ်ဖို့အတွက် အချိန်မရှိလောက်အောင်ကို ကျမ အလုပ်တွေရှုပ်နေခဲ့တာလား။
ရွာမှာဆိုရင်တော့ အသေးဆုံးအိမ်၊ ဝါးခင်းအိမ်ဆိုရင်တောင်မှ ခွေခေါက်လှဲပြီး ဟိုလူးဒီလိမ့်ဖို့အတွက် နေရာက အလုံအလောက်ကျယ်ဝန်းကြတယ်လေ။ ကလေးဆိုတော့လည်း လူကြီးတွေလို အလုပ်မရှုပ်သလို အိမ်အလုပ်လေးတွေရှိပါစေဦး တာဝန်ယူမှုက မရှိဘူးဆိုတော့ ငယ်ငယ်က ကျမမှာ အဲဒီလို ခွေခေါက်ပစ်လှဲဖို့ အချိန်တွေလည်း ပေါများခဲ့တာဖြစ်မယ်။ မြို့ကြီးသူတစ်ပိုင်းဖြစ်နေတဲ့ ကျမ အိမ်ပြန်ရောက်တော့ ဧည့်သည်တစ်ယောက်လို ဖြစ်နေတာကြောင့် အိမ်အလုပ်တွေက ကျမ ဝင်မလုပ်လည်း သူဘာသာ လည်ပတ်နေတာ။ ကျမ လုပ်လုပ်၊ မလုပ်လုပ် ကျိုးသက်ရောက်မှုက ကွာခြားမှာမဟုတ်ဘူးလေ။ အဲဒါကြောင့် ကျမ ကူပေးချင်ရင် ကူလိုက်တယ်။ အမြင်မတော်ရင် ဝင်ပါလိုက်တယ်။ မကူချင်ရင်လည်း ဒီအတိုင်းနေလိုက်သလို တစ်ခါတလေကျတော့လည်း အမြင်တော်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ညာလိုက်တာပဲ။ ဒီလိုဆိုတော့ ဒီအိမ်မှာ ကျမဟာ ငယ်ငယ်တုန်းကလို အချိန်ပေါများသူတစ်ယောက်လို ဖြစ်နေတာပေါ့။
ဒီအိမ်မှာ အလုံအလောက်ကျယ်ဝန်းတဲ့ ကြမ်းခင်းတစ်ခုလည်းရှိပြီး ပေါ့ပေါ့ပါးပါးလေး ကုန်ဆုံးရမယ့် အချိန်တွေလည်း ကျမမှာ ရှိနေပြီဆိုတော့ ဒီအကျင့်က ပြန်ရောက်လာတာဖြစ်မှာ။
ထုပ်တန်းပေါ် ဟန်ချက်မပျက်ဘဲ ဖျတ်ခနဲ ပြေးသွားတဲ့ ညိုမက မြင်ကွင်းထဲရောက်လာတော့ ကျမ အတွေးတွေက ကြောင်တွေနဲ့ ဆက်စပ်သွားတယ်။ ကြောင် ခုနစ်ကောင်ထက်မနည်း အမြဲရှိတတ်တဲ့ အိမ်မှာ ကြီးပြင်းလာခဲ့တဲ့ ကျမက ကြောင်ချစ်တဲ့သူတစ်ယောက်လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ အဲဒီမေးခွန်းကို ကျမ တစ်ခါမှ မစဉ်းစားခဲ့ဖူးပါ။ ကြောင်တွေကို ချစ်တဲ့သူဆိုတာ ကြောင်တွေနဲ့ ဘယ်လိုပုံစံမျိုး ပတ်သက်ဆက်နွယ် နေကြတာလဲ။ အဲဒီလိုကျပြန်တော့ ကျမ အဖြေမသိတဲ့ မေးခွန်းတွေ အများကြီးရှိတာပဲလို့ ကိုယ့်ကိုယ်ကိုယ် ရိုးသားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ရိုးသားတယ်တဲ့လား။ ဒီအသုံးအနှုန်းက နည်းနည်းတော့ မြင့်မြတ်တဲ့ဟန် ပေါက်သွားလားပဲ။ ဒါပေမဲ့ အဲဒီအသုံးအနှုန်းကို အတွေးနဲ့တင် ကျမ သဘောကျမိတယ်။
ကျမ ကြောင်ချစ်သူ စစ်စစ်ဖြစ်ချင်မှ ဖြစ်မှာ။ ဒါပေမဲ့ ကြောင်တွေနဲ့ လက်ပွန်းတတီး ရင်းရင်းနှီးနှီး နေလေ့ရှိတာတော့ အမှန်ပဲ။ ကြောင်တွေကလည်း ကျမနဲ့ နီးနီးကပ်ကပ် နေရတာ၊ ကျမနဲ့ ဆော့ရတာကို ကြိုက်ပုံရတယ်။ ဒီအိမ်မှာ ကျမရှိခဲ့တဲ့ တောက်လျှောက် ကြောင်တွေဟာ ကျမရဲ့မြင်ကွင်းအတွင်း အမြဲလိုလို ရှိခဲ့တာ။ အမြင့်တစ်နေရာရာ၊ နူးညံ့ပြီး နွေးထွေးတဲ့ တစ်နေရာရာ၊ ဒါမှမဟုတ် နေရောင်ခြည်ဖြာကျနေတတ်တဲ့ တစ်နေရာရာမှာ ခွေခေါက်လို့ဖြစ်စေ ၊ လှဲလို့ဖြစ်စေ သူတို့က ရှိနေတတ်တယ်။ တစ်ခါတလေ သူတို့က ကျမရဲ့ပေါင်ပေါ်မှာ ခွေလျက် မှိန်းနေလေ့ရှိသလို တစ်ခါတစ်ခါ ကျပြန်တော့ ကျမနဲ့အပြိုင် ဘေးမှာ လှဲနေလေ့ရှိတယ်။
ကျမမြင်ကွင်းအတွင်း ရှိခဲ့တဲ့ ဟိုချောင်ခွေ၊ ဒီနားလှဲလေ့ရှိတဲ့ ကြောင်တို့ဆီကပဲ အကျင့်တွေကူးစက်ပြီး ဟိုနား၊ ဒီနား ခြေပစ်လက်ပစ် လှဲတတ်တဲ့အကျင့် ကျမ ရခဲ့တာလား။ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်သားလို့ ကျမအတွေးကို ကျမ ဆင်ခြင်မိတယ်။ တစ်ဖက်မှာလည်း ဖြစ်လည်း ဖြစ်နိုင်သားပဲလို့ တွေးမိပြန်ရော။ ဒါဆို လူတွေဟာ တိရစ္ဆာန်တွေဆီကနေ သင်ယူနိုင်လား။ တိရစ္ဆာန်တွေကတော့ လူတွေဆီက မသင်ယူနိုင်ဘူး ထင်တာပဲ။ ခွေးတွေ၊ ကြောင်တွေ လက်ပေးတယ်၊ ထိုင်ထ လုပ်တယ်ဆိုတာက သူတို့ကို အစာကျွေးစေဖို့ ၊ ဂရုစိုက်စေဖို့ သူတို့ ကြိုးစားအားထုတ်မှုတစ်ခုကို လုပ်လိုက်တယ်လို့ပဲ ကျမထင်တယ်။ အဲဒါကို လူတွေဆီက သင်ယူခဲ့တာလို့ ယူဆသင့်လား။ လူတွေဟာ တိရစ္ဆာန်တွေဆီကနေ သင်ယူတာတော့ ဖြစ်နိုင်တယ်ထင်တာပဲ။ သင်ယူခဲ့ဖူးတာတွေလည်း အများကြီးရှိနိုင်တာပဲ။ အမဲလိုက်သမားတွေ ခြေသံလုံလုံနဲ့ အမဲလိုက်တယ်ဆိုတာက တောကောင်ကြီးတွေ တောကောင်အသေးတွေကို မဲလိုက်တဲ့ နည်းတွေကနေ သင်ယူခဲ့တာလည်း ဖြစ်နိုင်တယ်လေ။ လူတွေဟာ ငှက်တွေလိုပျံသန်းနိုင်ဖို့ ငှက်တွေရဲ့ ပျံသန်းခြင်းဂုဏ်သတ္တိတွေကို လေ့လာရင်းကနေ လေယာဉ်ပျံတွေ တီထွင်ခဲ့တာပဲမလား။
လူတွေဟာ ငှက်တစ်ကောင်ချင်းစီလို တစ်ဦးတစ်ယောက်တည်း ပျံသန်းဖို့ ကြိုးစားရင်းကနေ စက်အကူအညီနဲ့ လူအများကြီးကို တင်ဆောင်နိုင်တဲ့ သယ်ယူပို့ဆောင်ရေး ယာဉ်ကိုသာ တီထွင်ခဲ့ကြတယ်။ လူတွေဟာ ယာဉ်ရဲ့အကူမပါဘဲ တစ်ဦးတည်း ပေါ့ပေါ့ပါးပါး ပျံသန်းနိုင်ဖို့ကို အမြဲစိတ်ကူးယဉ်လေ့ရှိတာမလား။ ငှက်တွေလို ကောင်းကင်မှာ လိုသလိုပျံသန်းနိုင်ဖို့နဲ့ ငါးတွေလို ရေထဲမှာ အကြာကြီးရေငုပ်ကူးခပ်နိုင်ဖို့ကို လူတွေဟာ အမြဲပဲ စိတ်ကူးယဉ်လေ့ရှိကြတယ်။ အဲဒီစွမ်းရည်နှစ်ခုလုံးကိုလည်း ပိုင်ဆိုင်ချင်ကြတယ်လေ။ အဲဒီလို စိတ်ကူးဆန္ဒတွေကနေပဲ နတ်သမီးပုံပြင်တွေကစလို့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေအထိ သူရဲကောင်းတွေ ဒါမှမဟုတ် စူပါဟီးရိုးတွေကို ပျံသန်းနိုင်တဲ့စွမ်းအင်တွေ၊ ရေထဲမှာ အသက်ရှုနိုင်တဲ့စွမ်းအင်တွေနဲ့ ပုံဖော်လေ့ရှိကြတာပဲလေ။
ရုပ်ရှင်တွေထဲမှာ သူရဲကောင်းတွေဟာ လေပေါ်မှာ အလျင်အမြန်ပျံသန်းပြီး မြေပေါ်ကို လှလှပပလေး ဆင်းသက်လာပုံတွေက ကလေးတုန်းက ကျမအတွက်တော့ သိပ်ကိုစွဲမက်စရာကောင်းတဲ့ ပြကွက်တွေပဲဖြစ်တယ်။ အခုရော ကျမ သဘောကျသေးရဲ့လား။ သဘောကျနေတုန်းပဲ ထင်တယ်။
ကြမ်းခင်းပေါ် လှဲချတုန်းက ပခုံးကျော်ရုံလေးရှည်တဲ့ ဆံပင်တွေကို အနောက်ဘက်ကနေပင့်တင်ပြီး ကြမ်းခင်းပေါ်ဖြန့်ချထားတဲ့ ဆံပင်တွေအောက် ရောက်နေတဲ့လက်တွေနဲ့ ဆံပင်တွေကို ပွတ်သပ်ကိုင်တွယ်ရင်း ကျမ တစ်ခုကို စဉ်းစားမိသွားတယ်။ သူရဲကောင်းတွေ လေပေါ်မှာ ပျံနေတုန်းပဲဖြစ်ဖြစ် ၊ မြေပေါ်ကို လှလှပပလေး ဆင်းသက်လာတာပဲဖြစ်ဖြစ် သူတို့ရဲ့ဆံပင်တွေ သိပ်သပ်သပ်ရပ်ရပ် ဖြစ်နေတာကိုပေါ့။ ကျမရဲ့ လှိုင်းတွန့်ကြီးကြီး ခပ်ပွပွဆံပင်တွေဆို အဲဒီလိုဖြစ်ပါ့မလား။ ကျမရေကူးကန်သွားတဲ့အချိန်တွေမှာ ကျမ ရေကူးခေါင်းစွပ်ကို မသုံးဘဲ ရေငုပ်လိုက်တိုင်း ကျမရဲ့ ဆံပင်တွေဟာ ရေရဲ့ပင့်အားကြောင့် ရေမှော်ပင်တွေလို အမြဲပဲ အပေါ်ကိုထောင်တက်ပြီး ရေလှိုင်းတွေနဲ့အတူ ယိမ်းနွဲ့နေလေ့ရှိတာ။ ရေမှာ ပင့်အားရှိသလို လေမှာလည်း ပင့်အားရှိတာပဲလေ။ လေထီးဆိုတဲ့ အရာတွေတောင် လေပင့်အား ကြောင့် လေထီးအရွက်ဟာ အပေါ်ကို ခုံးပြီး မြောက်တက်နေသေးတာပဲ။ ဒါဆို ရေထဲမှာ ဆံပင်တွေထောင်တက်နေသလို လေထဲမှာရော ဆံပင်တွေ ထောင်တက်မနေဘူးလား။ ရုပ်ရှင်ထဲက သူရဲကောင်းတွေကျတော့ ဆံပင်တွေ လွင့်ရုံပဲလွင့်ပြီး လှမြဲလှနေတာပဲနော်။
အိုး… ကျမ ဘာတွေများ ပေါက်ပေါက်ရှာရှာ တွေးနေမိတာပါလိမ့်။ အဲဒါတွေက ဘဝအတွက် ဘယ်လောက်ထိများ အရေးပါလို့လဲ။ အတွေးတိုင်း၊ အလုပ်တိုင်းက အမြဲလိုပဲ ဘဝအတွက်၊ ရှင်သန်ရုန်းကန်မှုအတွက် ဖြစ်ရမှာလား။ အခုချိန်မှာ ကျမ အရေးပါတယ်ဆိုတဲ့ အရာတွေထက် အရေးမပါဘူးလို့ ယူဆရတဲ့ အကြောင်းအရာတွေကိုပဲ တွေးချင်နေတာ။ ကျမအခု အိမ်ပြန်ရောက်လာတဲ့ အကြောင်းအရင်းကလည်း ကိုယ့်အတွက် အရေးကြီးပါတယ်ဆိုတဲ့ အရာတွေနဲ့ပတ်သက်ပြီး မတွေးချင်လို့ ဖြစ်နေမလား။
(၂)
ဆံပင်တွေအောက်က လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ခန္ဓာကိုယ်ကို ပက်လက်အနေအထားကနေ ဘေးစောင်းလိုက်တယ်။ ခေါင်းက စောင်းလိုက်အနေအထားနဲ့ ဆန့်ထုတ်ထားတဲ့ လက်မောင်းတစ်ဖက်ပေါ် မှေးတင်ပြီးသားဖြစ်သွားတယ်။
မြင်ကွင်းအတွင်း ပထမဆုံး ဝင်လာတာက ဖယောင်းတိုင်မီးတောက်လေးတွေ။ နံရံကပ်စင်တွေ၊ စားပွဲတွေနဲ့ ခေါင်းရင်းခြမ်းအပြည့် ခင်းကျင်းထားတဲ့ ဘုရားဆောင်တွေပေါ်က ဖယောင်းတိုင်မီးတောက်လေးတွေဟာ ခပ်မှိန်မှိန်လေးကျန်နေသေးတဲ့ ညနေခင်းရဲ့ အလင်းရောင်အောက်မှာ တောက်ပလို့နေတယ်။ ဖယောင်းတိုင်မီးရောင်ကြောင့် ရွှေရောင်ဆင်းတုတော်တွေဟာ ပိုတောက်ပနေသလို စကျင်ကျောက်ဆင်းတုတော်ဖြူလွလွကလည်း ရွှေရောင်သမ်းလျက်ရှိနေတယ်။ သောက်တော်ရေကပ်ထားတဲ့ ဖန်ခွက်ကြည်ကြည်လေးထဲက ရေထဲမှာလည်း ဖယောင်းတိုင်မီးအရောင်တွေ ဟပ်လျက်ရှိနေတယ်။ ဘုရားဆောင်တွေပေါ်က ပန်းအိုးတိုင်းမှာ ထိုးထားတဲ့ အုန်းကျောတံသီ စင်္ကြာပန်းခိုင်ဖြူဖြူလေးတွေဟာလည်း ဖယောင်းတိုင်မီးအရောင်တွေကူးပြီး ရွှေလိမ္မော်ရောင်တောက်လျက်ရှိနေတယ်။
ဖယောင်းတိုင်မီးရောင်တွေ ဖြာလင်းနေတဲ့ ဘုရားဆောင်တွေကို မျက်နှာချင်းဆိုင်ပြီး ကြမ်းခင်းပေါ်က လူကြီးတစ်ယောက်တထိုင်စာ သင်ဖြူးဖျာလေးပေါ်မှာ ကျို့ကျို့ယို့ယို့လေးထိုင်ကာ ဘုရားဝတ်ပြုနေတာက မယ်မယ်။ အနက်ခံပေါ် အနီရောင်ပန်းပွင့်လေးတွေပါတဲ့ ပွင့်ရိုက်ချည်ထဘီနှင့် လက်တိုပြီးကိုယ်ပွပွ ဘလောက်စ်အဖြူရောင်ကို ဝတ်ထားတဲ့ မယ်မယ်ရဲ့ တင်းတင်းပြည့်ပြည့်နောက်ကျောကို မြင်နေရတယ်။ ဒီလိုမြင်ကွင်းက ကျမ ကလေးဘဝတစ်လျှောက်လုံး အမြဲလိုလိုမြင်ခဲ့ရတဲ့ မြင်ကွင်းမျိုး။ ကွာခြားတာက အဝတ်အစားနဲ့ နောက်ကျောပုံစံပါ။ ပွင့်ရိုက်ချည်ထဘီအစား အရောင်ရင့်ရင့်ပန်းခက်ကြီးကြီး ပါတိတ်ထဘီနှင့် ဘလောက်စ်ပွပွအစား ချည်သားလက်ရှည်ကိုယ်တိအင်္ကျီဖြစ်ပြီး မယ်မယ်ရဲ့ တင်းတင်းပြည့်ပြည့်နောက်ကျောနေရာမှာတော့ ရှေ့ကိုကိုင်းနေတဲ့ ပိန်ပိန်သွယ်သွယ် ဖွားဖွားရဲ့ နောက်ကျောကို မြင်ရလေ့ရှိခဲ့တာလေ။ လေသံလေးထွက်ရုံ ဘုရားဝတ်ပြုပုံကတော့ မယ်မယ်လည်း ဖွားဖွားလိုပဲ။
ကျမ လူမှန်းသိတတ်စအရွယ်ကတည်းက ဖွားဖွားဟာ ဒီအချိန်ဆို ဒီလိုပဲ အမြဲဘုရားဝတ်ပြုနေလေ့ရှိတယ်။ ကျမ နားလည်သိတတ်တဲ့ အရွယ်ကစလို့ ဖွားဖွားဟာ သူ့ရဲ့ တစ်ကိုယ်ရေတစ်ကာယ ဝင်ငွေအတွက် ပန်းခြံထဲမှာ အလုပ်လုပ်ရင်း၊ ဘုရားဝတ်ပြုရင်း၊ တရားထိုင်ရင်း၊ မေတ္တာတရားကို ပွားများရင်း သူ့ရဲ့ ငြိမ်းချမ်းမှုကို သူကိုယ်တိုင် ရှာဖွေတွေ့ရှိထားတဲ့ သူတစ်ယောက်လို နေထိုင်ခဲ့တယ်။ ဖွားဖွားဟာဘာသာတရားကို သက်ဝင်ယုံကြည်သူတစ်ယောက်ထက် ဘာသာတရားမှာ ငြိမ်းချမ်းမှုကို တွေ့ရှိထားသူတစ်ယောက်ဖြစ်မှာလို့ ကျမ တွေးမိတယ်။
ဖွားဖွားနဲ့ ဆန့်ကျင်စွာပဲ မယ်မယ်ဟာ ဘုရား၊တရားနဲ့ ဝေးကွာခဲ့သူ။ မယ်မယ် အခုလိုမျိုး ညနေတိုင်း ဘုရားဆောင်ရှေ့ ကျို့ကျို့လေးထိုင်ပြီး အချိန်တစ်ခုကြာအောင် ဘုရားဝတ်ပြုလိမ့်မယ်လို့ ကျမ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ကျမ နားလည်သိတတ်တဲ့ အရွယ်ကတည်းက မယ်မယ်ဟာ ပျားပန်းခပ်အောင် အလုပ်ရှုပ်နေတတ်တဲ့သူမျိုး။ နေမထွက်ခင် မနက် ၃နာရီလောက်ကတည်းက ထပြီး ည ၁၁ နာရီလောက်ထိ မနားတမ်းအလုပ်လုပ်ခဲ့ရတဲ့ မယ်မယ်ဟာ ဘုရားရှေ့မှာ သုံးကြိမ်ပြည့်အောင် ဝတ်ကျေတန်းကျေနဲ့ ဦးချဖို့တောင် အချိန်မရှိခဲ့ဘူးဆိုတာ ကျမ အသိပဲ။ ကျမတို့မိသားစုရဲ့ စားဝတ်နေရေးနဲ့ သူရဲ့အလုပ်တွေက သူ့ရဲ့ ပထမဦးစားပေးပဲ။ သူလိုချင်တဲ့ ဆန္ဒတွေကို ဘုရားမှာ သူဆုတောင်းခဲ့ဖူးရဲ့လားတောင် မသိဘူး။ သူရဲ့ ကြိုးစားအားထုတ်မှုတွေကပဲ သူရဲ့ဆန္ဒတချို့ကို ပြည့်ဝစေခဲ့တဲ့ပုံမျိုးနဲ့ကို သူ အလုပ်လုပ်ခဲ့တာ။
လက်တွေ့ကျပြီး သူ့ရဲ့အလုပ်တွေကရတဲ့ ရလဒ်အပေါ်မှာပဲ ယုံကြည်တတ်တဲ့ မယ်မယ်ဟာ အများသူငှာလို အလှူအတန်းရှိပေမဲ့လည်း ဘုရား၊တရားကို ယုံကြည်သက်ဝင်သူမျိုးမဟုတ်ဘူးလို့ ကျမ နားလည်ခဲ့တာ။ သိပ်သတ္တိရှိတဲ့ မယ်မယ်။ အခု ကျမအရွယ်မှာ မယ်မယ်ဟာ ကလေးသုံးယောက်ကို မွေးပြီး အားမာန်မလျော့ဘဲ အလုပ်လုပ်ရင်း ကျမတို့ကို ပျိုးထောင်ခဲ့တာများ ဘယ်လောက်တောင် သန်မာခဲ့တာလဲ။ ကျမလား အခုချိန်မှာ ကလေးတစ်ယောက်မွေးဖို့ မပြောနဲ့ ကြောင်တစ်ကောင်ကိုတောင် တာဝန်ယူပြီး မွေးဖို့သတ္တိမရှိနေဘူး။ ဘာတွေကိုများ မယ်မယ်ယုံကြည်ပြီး သန်မာခဲ့ပါလိမ့်။ အရင်ကတည်းက မယ်မယ်ဟာ ဘာသာတရားအပေါ်မှာ ယုံကြည်သူဖြစ်ပေမဲ့ အလုပ်တွေကုန်းရုန်းလုပ်နေရလို့ ယုံကြည်သူဖြစ်ကြောင်း ပြသဖို့ အချိန်တွေမရှိခဲ့တာများလား။ ဒါမှမဟုတ် အချိန်တစ်ခု၊ အခြေအနေတစ်ခုကပဲ မယ်မယ့်ကို ဘာသာတရားအပေါ်မှာ ယုံကြည်သက်ဝင်စေဖို့ ပြောင်းလဲစေခဲ့တာများလား။ ဒါမှမဟုတ် ဒီလူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့အတိုင်း တရားရှာရမယ့် အရွယ်ရောက်ပြီမို့ ဘုရား၊တရားနဲ့ မွေ့လျောဖို့ ဖြစ်သွားစေခဲ့တာလား။
ကျမရော ဖွားဖွား၊ မယ်မယ်တို့ အရွယ်ရောက်ရင် တရားရှာလိမ့်မလား။ ရိုးသားရရင်တော့ အခုအချိန်မှာ အားလုံးမျှော်လင့်နေတဲ့ အဖြေတစ်ခုကို ဖြေနိုင်ပါ့မလားလို့ ကျမကိုယ်ကျမ သံသယဝင်မိတယ်။ ဟိုတုန်းကဆို ဖွားဖွားရဲ့ ဝေယျဝစ္စတွေကို ကူရင်း ဖွားဖွားနဲ့ အမြဲတူရှိနေတတ်တဲ့ ကျမဟာ ဖွားဖွားလိုပဲ ဘာသာတရားကို ရိုသေကိုင်းရှိုင်းသူ တစ်ယောက်ပဲပေါ့။ ဖွားဖွား ညအိပ်ညနေ ခရီးတွေထွက်တဲ့ နေ့တွေမှာဆိုရင် အရင်က မယ်မယ်မရောက်ဖြစ်ခဲ့တဲ့ အခုဘုရားဆောင်တွေရဲ့ရှေ့မှာ ဖွားဖွားအစား ကျို့ကျို့ယို့ယို့လေးထိုင်ပြီး ဘုရားဝတ်ပြုနေလေ့ရှိတာက ကျမပဲလေ။ ဖွားဖွားလိုပဲ ဗုဒ္ဓဟောတဲ့ တရားနဲ့အညီ ကျင့်ကြံနေထိုင်နိုင်ဖို့ အမြဲကြိုးစားခဲ့တာလေ။
အခုရော ကျမ ဗုဒ္ဓနဲ့ သူဟောတဲ့တရားတွေကို ယုံကြည်နေသေးရဲ့လား။ အခန်းထဲမှာ မှိုင်းပြပြရှုခင်းဓာတ်ပုံအကြီးတစ်ပုံနဲ့ ရေဆေးပန်းချီကားတစ်ချပ်ကလွဲလို့ ကြီးကြီးမားမား အရာတွေ ဘာမှချိတ်ဆွဲတပ်ဆင်ဖို့ ဆန္ဒမရှိတဲ့ ကျမဟာ ဘာတွေကို ယုံကြည်နေတာပါလိမ့်။ ကျမ ထိုးထားတဲ့ ပန်းအိုးတွေက ခပ်မြင့်မြင့် စင်စင်သေးသေးလေးတစ်ခု ဒါမှမဟုတ် နေရာတစ်ခုသပ်သပ်ပေးပြီး တင်ထားတဲ့ ဘုရားဆင်းတုတော်တွေရဲ့ အရှေ့မှာမဟုတ်ခဲ့ဘူး။ ကျမအလုပ်လုပ်တဲ့ စားပွဲပေါ်မှာ၊ အခန်းထဲကိုဝင်ဝင်ချင်း မြင်ရတဲ့ စားပွဲပုလေးပေါ်မှာ၊ ကျမ ခေါင်းရင်းမှာ ထောင်ထားတဲ့ မယ်မယ်၊ ကျမနှင့် အငယ်နှစ်ယောက်ပါတဲ့ မိသားစုဓာတ်ပုံတစ်ပုံနဲ့ သွက်လက်ချက်ချာဟန်နှင့် တောက်ပတဲ့အပြုံးကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံတို့ဘေးမှာ ကျမ ထိုးထားတဲ့ ပန်းအိုးတွေကို တွေ့ရပါလိမ့်မယ်။
About The Call 697 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*