
‘နတ်သမီးပုံပြင်ထဲမှာ ညနေဟာ လွင့်လွင့်လေး’

အပိုင်း (၃)
“ဟင့်အင်း၊ ဘာဖြစ်လို့” ဆိုပြီး မယ်မယ်က အံသြတဲ့အသံနဲ့ ပြန်တုံ့ပြန်လိုက်တယ်။ ကျမက ဓာတ်ပုံကို ငေးစိုက်မိနေတာကြောင့် မယ်မယ်လှည့်ပြီး ဖြေလိုက်သလား၊ ပြတင်းပေါက်အပြင်ကိုပဲ မျက်နှာမူထားတုန်း ဖြေလိုက်သလားဆိုတာကို ကျမ မသိလိုက်ဘူး။ မယ်မယ် ဘုရားဝတ်မပြုခင်ကတည်းက မယ်မယ်နဲ့ အတူရှိနေတာကြောင့် ကျမရှိနေတာကို အံသြနေတာမျိုးမဟုတ်ဘူး။ အချိန်အခါရော၊ အခြေအနေရော၊ အကြောင်းအရာရော ဆက်စပ်မှုမရှိဘဲ ရုတ်တရက်မေးလိုက်တဲ့မေးခွန်းကြောင့် အံသြသွားတဲ့ပုံမျိုး။ မယ်မယ်ကဖြေပြီးနောက် ရေကိုဆက်သွန်နေတယ်။
“ဒီဓာတ်ပုံကို မယ်မယ်တို့ ဘယ်မှာရိုက်ထားတာလဲ” လို့ ကျမဆက်မေးလိုက်တယ်။ အဲဒီအချိန်မှာ မယ်မယ်က ရေသွန်ပြီးသွားလို့ ရေပုံးကို ကြမ်းပြင်ပေါ်ချပြီး တစ်ခုခုယူတင်လိုက်တဲ့ အသံကိုကြားလိုက်တယ်။ အသက်ရှုသံရှည်ရှည်တစ်ခုကို မယ်မယ်ဆီကနေ ထွက်လာတာကို ကြားလိုက်ရတယ်။ သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ခေါ်လိုက်သလိုမျိုးပဲ။ ခဏကြာတော့ မယ်မယ့်ဆီက အဖြေကိုကြားလိုက်ရတယ်။
“ငယ့်ကိုမွေးပြီးမှ ဘုရားပွဲတစ်ခုက ဓာတ်ပုံဆိုင်မှာ ရိုက်ထားတာ၊ မီးကြီးနဲ့ငယ် ခုံတန်းလေးပေါ်အတူတူတွဲထိုင်ပြီး ရိုက်ထားတဲ့ ပုံကိုမှတ်မိတယ်မလား။ အဲဒီပုံနဲ့ အတူတူရိုက်ထားတာ။”
ကျမ အဲဒီဓာတ်ပုံရိုက်ခဲ့တဲ့ အဖြစ်အပျက်ကို လုံးဝမမှတ်မိခဲ့သလို၊ ဘယ်လိုမျိုးနဲ့ ဒီဓာတ်ပုံရှိနေတာကိုလည်း မသိခဲ့ပေမဲ့ အဲဒီဓာတ်ပုံထဲမှာ ကျမက လေးနှစ်သမီး၊ ငယ်က နှစ်နှစ်ရွယ်ဆိုတာကိုတော့ ကျမ သိနေတယ်။ အဲဒီလိုမျိုးကြောင့်ပဲ ဒီမင်္ဂလာဆောင်ဓာတ်ပုံ ဘယ်အချိန်ကတည်းက ဒီနံရံပေါ် ရောက်နေခဲ့တာကိုလည်း မသိတာဖြစ်ပါလိမ့်မယ်။ ကျမလှည့်ကြည့်လိုက်တော့ မယ်မယ်က ပြတင်းပေါက်ဘေးမှာရပ်ပြီး သူ့ဘေးက စားပွဲပေါ်ရှိ ပန်းခြင်းတောင်းထဲကို အုန်းကျောတံထဲကနေ စင်္ကြာပန်းအညှိုးတွေကို ခြွေချနေတယ်။ ပြီးတော့ ပန်းခြွေလို့ပြီးသွားတဲ့ အုန်းကျောတံလေးတွေကို အောက်ခံသစ်သားပြားမှာ ထွင်းပြီးစိုက်ထောင်ထားတဲ့ ဝါးခွက်လေးထဲ ပြန်ထည့်နေတယ်။
“မယ်မယ်နဲ့ ဖဖ ဘာဖြစ်လို့ မင်္ဂလာမဆောင်ဖြစ်တာလဲ၊ မယ်မယ်တို့ အချင်းချင်းလည်း ကြိုက်ပြီး နှစ်ဖက်အိမ်ကလည်း ကန့်ကွက်တာမျိုး မရှိဘူးမလား” လို့ ကျမက မယ်မယ်ဆီ လျှောက်ရင်း မေးလိုက်တယ်။
“အင်း အဲဒီတုန်းကဆို ဘယ်အချိန်ဖြစ်မလဲ။ အရေးခင်းထဲမှာလား၊ အရေးခင်းပြီးကာစလား။ မယ်မယ် သေချာတော့ မသိတော့ဘူး။ ဒီရွာဘက်မှာ ကျောင်းသားတပ်တွေ ရောက်နေတဲ့အချိန်ပေါ့။” လို့ မယ်မယ်ကဆိုကာ စကားကိုခဏရပ်ပြီး ကျမ ဘက်ကို လှည့်ကြည့်လိုက်တယ်။ ကျမ မယ်မယ်နားရောက်သွားပြီး စားပွဲပေါ် ပုံထားတဲ့ စင်္ကြာပန်းအညှိုးတွေပါတဲ့ အုန်းကျောတံထဲကတစ်ခုကို ကောက်ယူလိုက်တယ်။ အုန်းကျောတံမှာကပ်နေတဲ့ ပန်းအညှိုးခြောက်တွေကို လက်သည်းနဲ့ ဖိခြစ်ပြီး အပေါ်တွန်းတင်လိုက်တယ်။ အဲဒီအချိန်မှာပဲ မယ်မယ်က ပန်းအညှိုးတွေကိုခြွေရင်းနဲ့ စကားဆက်တယ်။
“မီးကြီးရဲ့အဖိုးကို ကျောင်းသားတပ်တွေနဲ့ ဆက်သွယ်ရှိလို့ဆိုပြီး လာဖမ်းသွားကြတာ၊ အဲဒီအချိန် မယ်မယ်တို့ညီအစ်မတွေက အိမ်မှာမရှိကြဘူး။ ရွာထဲ ရေနံနဲ့ ဒီဇယ်ပတ်ပြီး ရောင်းနေကြတာ၊ တစ်ယောက် တစ်ရပ်ကွက်လေ။ မယ်မယ်ရေနံလိုက်ရောင်းနေတုန်း မယ်မယ်တို့ လမ်းထဲကတစ်ယောက်က လာပြောတယ်။ နင့်ဖကို ဖမ်းသွားကြပြီ၊ အိမ်ကိုလည်း ရှာသွားကြတယ်လို့ ဆိုပြီးပေါ့။ မယ်မယ်လည်း ကြောက်တာမှ ပြောမနေနဲ့။ ဘာလုပ်ရဘာကိုင်ရမှန်း မသိတာနဲ့ မီးတို့ဖဖ ရှိတဲ့ ဒီအိမ်ကို ငိုပြီးလာပြောတာပေါ့။ ဒီအိမ်က မယ်မယ်ရေနံရောင်းနေတဲ့နေရာနဲ့ အနီးဆုံးဆိုတော့ ဒီအိမ်ပဲ လာဖြစ်သွားတာ။ တခြားရပ်ကွက်တွေမှာ ရောင်းနေတဲ့ မီးရဲ့ အဒေါ်တွေလည်း သတင်းကြားကြားချင်းပဲ နီးစပ်ရာ အမျိုးတွေအိမ်ကို သွားခဲ့ကြတာ။ ဘယ်သူမှ အိမ်မပြန်ရဲ ကြတော့ဘူး။ နောက်သုံးရက်ကြာမှာ တခြားဖမ်းခေါ်သွားခံရသူတွေနဲ့အတူ မီးတို့အဖိုးက နှိပ်စက်ဒဏ်ရာတွေနဲ့ ရွာပြန်ရောက်လာခဲ့တယ်။ မီးတို့အဒေါ်တွေကတော့ အိမ်ကိုပြန်ရောက်ပေမဲ့ မယ်မယ်က”
“မယ်မယ်က မပြန်ဖြစ်ဘဲ၊ ဒီအိမ်မှာ ဆက်နေဖြစ်သွားတယ်ပေါ့” လို့ ကျမက မယ်မယ်စကားမဆုံး ခင် ဖြတ်ပြောလိုက်တယ်။ ချစ်သူကောင်လေးရဲ့ အိမ်ပေါ်ကို ညအိပ်ညနေ သုံးရက်လောက်ရောက်နေတဲ့ မိန်းကလေးတစ်ယောက်ကို ပတ်ဝန်းကျင်က ဘယ်လိုပုံဖော်မလဲဆိုတာရယ်၊ အဆုံးသတ်ဟာဘာဖြစ်မလဲဆိုတာရယ်ကို မယ်မယ်မပြောခင်မှာပဲ ကျမ သိလိုက်တယ်။
“အင်း။ ဒီအိမ်က လူကြီးတွေက သမီးအပ်ပွဲတွေလုပ်ပြီး ဧည့်ခံပွဲတွေလုပ်ပေးမယ်လို့တော့ ပြောသေးတယ်။ မီးရဲ့ဖဖက မယ်မယ်ကို မေးတယ် လုပ်မလားလို့။ ဒါပေမဲ့ သူ့အခြေအနေကိုလည်း မယ်မယ်က သိနေသလို။ မယ်မယ်တို့ အိမ်မှာလည်း အခြေအနေတွေက မတည်ငြိမ်နေသေးဘူးလေ။ ခေတ်ကလည်း မကောင်းဘူးမလား။ မီးရဲ့အဖိုးဆို ညအိပ်တဲ့အထိ ယောင်ယောင်ပြီး အော်နေလေ့ရှိတာ။ တော်တော်ကြာတဲ့ အထိပဲ။ သူတို့ကို အနောက်ကနေ သေနတ်နဲ့ချိန်ပြီး လမ်းပြလုပ်ခိုင်းတယ်တဲ့။ ပြီးတော့ အရှေ့မှာလူရှိရင် ရှိတယ်လို့ အော်ခိုင်းတယ်တဲ့။ ကံကောင်းလို့ပေါ့။ ဒါကြောင့် မီးရဲ့ အဖိုးကို မီးတွေ့ခွင့်ရတာ။”
“လူသားတံတိုင်းပေါ့”
မယ်မယ်က စကားဆက်ပြောဖို့ အားယူနေတဲ့အချိန်မှာ ကျမက နာကျင်စွာနဲ့ ရေရွတ်လိုက်မိတယ်။ မယ်မယ်က ဆက်ပြောတယ်။
“လူသားတံတိုင်းလား၊ အကာလား မယ်မယ်တို့လည်း နားမလည်ခဲ့ပါဘူး။ မီးကြီးတို့ပဲ ပိုသိမှာပေါ့။ အဲဒီလိုတွေကြောင့် မယ်မယ်လည်း မလုပ်လည်းရတယ်လို့ပဲပြောလိုက်တယ်။ မင်္ဂလာဆောင်မပြောနဲ့ ဧည့်ခံပွဲလေးတောင် မယ်မယ်တို့ မလုပ်ဖြစ်ခဲ့ကြဘဲ မယ်မယ်လည်း အခုအချိန်ထိ ဒီအိမ်မှာနေဖြစ်သွားတော့တာပဲလေ”
“တစ်ခါတလေ အဲလိုမင်္ဂလာဆောင်အခမ်းအနား မလုပ်ရတော့ မယ်မယ် နောင်တမရဘူးလား” လို့ ကျမ လွှတ်ကနဲ မေးလိုက်မိတယ်။ မယ်မယ်က သူ့လက်ထဲက ပန်းတွေမရှိတဲ့ အုန်းကျောတံကို ဝါးခွက်လေးထဲ ထိုးစိုက်ပြီး ကျမကိုကြည့်ပြီး ပြုံးပြလိုက်တယ်။
“နောင်တရတာမျိုးတော့ မရှိပါဘူး။ သူများတွေ အဲလိုလေး လှလှပပဝတ်ပြီး ပွဲထွက်တာမျိုးကိုတော့ အားကျမိသား။ ဒါပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်အခြေအနေတွေက မတူနိုင်ဘူးဆိုတာကိုလည်း မယ်မယ် လက်ခံနိုင်တယ်လေ။ တစ်ခုတော့ ရှိတယ်။ မီးနဲ့ ငယ်ကို မွေးပြီးတဲ့အထိ မယ်မယ်ဟာ ဒီအိမ်နဲ့မသက်ဆိုင်သလို ခံစားရတယ်။ ဒီဓာတ်ပုံကို ဒီနေရာမှာ မချိတ်ခင်အထိပေါ့။ ဒီဓာတ်ပုံကို ဒီမှာချိတ်လိုက်မှပဲ မယ်မယ်ဟာ ဒီအိမ်ရဲ့မိသားစုဝင်တစ်ယောက်လို့ မယ်မယ်ကိုယ်မယ်မယ် ခံစားမိသွားတာကိုပေါ့။ အဲဒီအတွက် သူ့ကို ကျေးဇူးတင်မိတယ်။ မီးရဲ့ဖဖက မယ်မယ့် ခံစားချက်ကို သိလို့ အဲဒီလိုဓာတ်ပုံကို ရိုက်ဖြစ်သွားတာမျိုးတော့ မဟုတ်ဘူး။ မယ်မယ်တို့ရဲ့ မင်္ဂလာဆောင်နဲ့ ပတ်သက်ပြီး သူက အမြဲတာဝန်မကျေဘူးရယ်လို့ ခံစားနေရတဲ့သူမျိုးလေ။ ပြီးတော့ သူကိုယ်တိုင်လည်း ဓာတ်ပုံတွေ၊ အမှတ်တရတွေဆို သိပ်ကြိုက်တာလေ၊ ဓာတ်ပုံတွေသိမ်းတာတွေ၊ မှတ်စုတွေရေးမှတ်တာတို့က မီးရဲ့ဖဖ ပဲလုပ်တာ။”
မယ်မယ်က ပြောရင်းနဲ့မှ တစ်ခုခုကို စဉ်းစားမိပြီး ပြုံးရယ်လိုက်တယ်။ မယ်မယ်ရဲ့ အပြုံးကြောင့် ကျမပါ လိုက်ပြုံးမိတယ်။
(၅)
“အဲဒီနေ့ကို မယ်မယ်မှတ်မိသေးတယ်။ မီးကတော့ မှတ်မိရဲ့လားမသိဘူး။ မီးကပဲ ဒီဇာတ်လမ်းကို စတာပဲ။ မယ်မယ်တို့သားအမိတွေ တခြားသူတွေလိုပဲ ဝတ်ကောင်းစားလှတွေဝတ်ပြီး ဘုရားပွဲသွားကြတာ။ ဘုရားပွဲခင်းရဲ့အစနား အရှေ့မှာ ကောင်တာလေးတစ်ခုရှိပြီး အလုံပိတ်ထားတဲ့ ဆိုင်ခန်းတစ်ခုရှေ့ရောက်တော့ မီးက မီးရဲ့ ဖဖကို မေးတယ်။ ဘာကြီးလဲဆိုပြီးတော့ပေါ့။ သူကလည်း ဓာတ်ပုံဆိုင်လေဆိုတာနဲ့ မီး ဖဖရဲ့ပိုးတွေပါတဲ့ မီးလည်း ဓာတ်ပုံရိုက်မယ်ဆိုတာဖြစ်သွားရော။ ဒါနဲ့ သူလည်း နှစ်ခါမပူဆာရပါဘူး။ ရိုက်မယ် ဖြစ်သွားကြတာလေ။ အဲဒီမယ် မီးနဲ့ငယ်ကိုပဲ တွဲလျက်ရိုက်ပေးနေတုန်း ဗမာစကားလည်လည်ဝယ်ဝယ်ပြောတတ်တဲ့ မီးရဲ့ဖဖက ဓာတ်ပုံဆိုင်ကလူတွေနဲ့ ဓာတ်ပုံအကြောင်းတွေ အပြန်အလှန်ပြောနေကြတာ။ ဘာတွေမှန်းတော့ မယ်မယ်လည်း မသိတော့ဘူး။ မီးတို့လည်းရိုက်ပြီးရော သူက ငါတို့ မင်္ဂလာဝတ်စုံနဲ့ ရိုက်ရအောင် ဆိုပြီးဖြစ်သွားရော၊ သူတို့ အင်္ကျီလည်းငှါးမှာ၊ ဆက်တင်တွေလည်း ရှိတယ်ဆိုလားပဲ။ ပထမတော့ မယ်မယ်က သိပ်ရှက်တာပေါ့။ တကယ်လည်းမဟုတ်ဘဲနဲ့ ဟန်ဆောင်ပန်ဆောင်နဲ့ ရှက်စရာဘာညာပေါ့။ စိတ်ထဲမှာလည်း အမှတ်တရအနေနဲ့ ရိုက်လည်းရိုက်ချင်နေတာ့ သိပ်တော့ မပြောရပါဘူး။ မယ်မယ်လည်း ရိုက်ဖို့ သဘောတူလိုက်တာ။ အခုထိ ရယ်ချင်နေသေးတာက ငယ်ပဲ။ မယ်မယ်တို့ အင်္ကျီလဲနေတုန်း မယ်မယ် ပျောက်သွားပြီဆိုပြီး အော်ငိုနေလို့ ပြန်ချော့ရတာလည်း အမောပဲ။”
ပြောပြီးရယ်လိုက်တဲ့ မယ်မယ်ရဲ့မျက်လုံးတွေဟာ ရွန်းလဲ့စိုလက်သွားတယ်။ လက်ထဲက အုန်းကျောတံတစ်ချောင်းကို ဝါးခွက်ထည့်ထိုးစိုက်ပြီးနောက် ပြတင်းပေါက်ရဲ့အပြင်ဘက်ကို မယ်မယ်လှည့် ကြည့်လိုက်တယ်။ ကျမလည်း မယ်မယ်ကြည့်တဲ့အတိုင်း ပြတင်းပေါက်ကိုကျော်ပြီး အပြင်ဘက်ကိုကြည့်လိုက်တော့ ကြည်လင်ကျယ်ပြောတဲ့ ပြာပြာဖျော့ဖျော့ကောင်းကင်မှာ ပန်းနုရောင်တိမ်မျှင်တွေ ဟိုတစဒီတစနဲ့ ရှိနေတယ်။ အပြာရောင်စက်ထဲက မွှေ့ထုတ်လိုက်တဲ့ အာတာပူစီ (Cotton candy) အမျှင်တွေလိုမျိုးပေါ့။
“မင်္ဂလာဆောင်သတို့သမီးဖြစ်ခဲ့တဲ့သူတွေထက် ကံကောင်းတာတစ်ခု မယ်မယ်မှာ ရှိခဲ့တာလို့ မယ်မယ်ထင်တယ်။ အဲဒါဘာလဲသိလား။ တခြားစုံတွဲတွေက ယူပြီးရင် လင်ကသပ်သပ်၊ မယားကသပ်သပ်ဖြစ်သွားကြတာများတယ်လေ။ ကလေးတွေမွေးလာရင် အတူတွဲမြင်ရဖို့ ပိုတောင်ခဲယဉ်းသွားဦးမယ်။ မယ်မယ်တို့ အတူနေဖြစ်သွားကတည်းက မီးတို့ရဲ့ဖဖက ဘယ်သွားသွားအတူအမြဲခေါ်သွားတတ်တာ။ မီးတို့၊ ငယ်တို့၊ ထွေးတို့ မွေးတဲ့အထိပဲ။ ဘယ်သွားချင်တယ်ဆို လိုက်ပို့ပေးတယ်။ တခြားသူတွေလို အဖော်လိုက်မစပ်ရဘူးလေ။ တခြားရွာပွဲတွေဆိုလည်း ရွာကနေ သွားမယ့်သူမရှိရင် မြို့ထိတက် ကားစုံစမ်းပြီး ခေါ်သွားတတ်တာ။ အဲဒါပေါ့”
“မယ်မယ်တို့က လက်ထပ်ထားတဲ့မဟုတ်တော့ တစ်သက်လုံးရည်းစားထားသလိုပဲပေါ့” လို့ ကျမ က မယ်မယ်စကားဆုံးတာနဲ့ ချက်ချင်းပဲ ရယ်ပြီးပြောမိလိုက်တယ်။ ကျမပြောတာကို မယ်မယ်က လူကြီးတန်မဲ့ အနည်းငယ်ရှက်သွားပြီး ဒီကောင်မလေး ပေါက်ပေါက်ရှာရှာ ဘာတွေပြောပြန်ပြီလဲ ဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ပြီး ပြုံးနေတာ။ မယ်မယ့်ကို မေးမယ့် မေးခွန်းနောက်တစ်ခု ကျမ အဆင်သင့်မရှိနေတော့ ခဏတိတ်ဆိတ်သွားတဲ့ အခြေအနေကို မယ်မယ်က မေးခွန်းတစ်ခုနဲ့ ဖြိုခွင်းလိုက်တယ်။
“မီးကြီးရော လက်မထပ်တော့ဘူးလား”
ဒီလိုမေးခွန်းမျိုးအတွက် အဖြေအဆင့်သင့်မရှိတဲ့ ကျမ အဲဒီမေးခွန်းကို ကြားကြားချင်းပဲ တောင့်ခနဲ ဖြစ်သွားပြီး လက်ထဲက အုန်းကျောတံရဲ့အရင်းပိုင်းကို ရုတ်တရက်ချိုးမိသွားတယ်။
“လက်ထပ်လို့ရပါ့မလား” လို့ ကျမရဲ့ အဖြေကြောင့် ကျမကိုယ်ကျမ ရိုက်ချင်မိသွားတယ်။ ‘ဟင့်အင်း၊ လက်မထပ်တော့ဘူး။ အပျိုကြီးလုပ်မှာလို့’ ပြောလိုက်ရင် ပြီးသွားမယ့်ကိစ္စကို ကျမ ဘယ်လိုဖြေလိုက်မိပါလိမ့်။ ‘ဘာဖြစ်လို့’ ဆိုတဲ့မေးခွန်းသာ မယ်မယ်ထပ်မေးရင် ကျမ ဘာဖြေရလိမ့်မလဲ။ ခဏလေးအတွင်းမှာ ကျမ အကျပ်ရိုက်သွားမိတယ်။ ဒါပေမဲ့ မယ်မယ်ဆီက အဲဒီမေးခွန်းထွက်မလာခဲ့ဘူး။ မယ်မယ်က ကျမဆီရောက်နေတဲ့ သူ့ရဲ့အကြည့်တွေကို ပြတင်းပေါက်ကို ကျော်ပြီး ပြာဖျော့ဖျော့ဟင်းလင်းပြင်ကြီးဆီ ပို့လိုက်တယ်။
ပြီးတော့ မယ်မယ်ပြောလိုက်တာက
“မီးကြီးတို့ ဒေါ်လေးရဲ့ မခိုင်က ဒေါ်လေးရဲ့ သုံးယောက်မြောက်လေ။ ဒါပေမဲ့ အခု သူတို့ တအားပျော်နေကြပြီး မခိုင်က မယ်မယ်တို့နဲ့လည်း အဆင်ပြေတာပဲ။ တချိန်ချိန် မီးကြီးလည်း အဲဒီလို တစ်ယောက်တော့ရှိလာမှာပေါ့။”
“မယ်မယ်” လို့ တုန်ယင်စွာထွက်ပေါ်လာတဲ့ ကျမရဲ့ အသံဟာ ခုနက ကျမပြောနေတဲ့ စကားအသံတွေထက် ပိုကျယ်သွားတယ်ဆိုတာ အသေအချာပါပဲ။ ကျမ အမြဲတမ်းရှောင်တိမ်းချင်ပြီး ရင်မဆိုင်ချင်တဲ့ အခြေအနေတစ်ခုကို ကျမ ပက်ပင်းတိုးပြီ။ အဲဒါနဲ့ပတ်သက်သမျှအရာအားလုံးကို ဒီအိမ်ပေါ် မရောက်စေရဘူးလို့ ကျမ ဆုံးဖြတ်ထားခဲ့တာ။ အခုတော့ ကျမရှောင်လို့ မရတော့။ ကြိုတင်ပြင်ဆင်ခြင်းမဲ့ပြီး ရင်မဆိုင်ချင်တဲ့ အနေအထားတစ်ခုဆိုပေမဲ့ မယ်မယ်ရဲ့ စကားအဆုံးမှာ ကျမ ရှော့ခ်ရသွားခဲ့တယ်။ ဝမ်းနည်းမှုတွေက ရင်ဘတ်ထဲကနေ လည်ချောင်းတွေအထိ ဆို့တက်လာခဲ့တယ်။ မျက်အိမ်တစ်ခုလုံးမှာ မျက်ရည်တွေက ဝေ့တက်လာခဲ့တယ်။ မယ်မယ်က ကျမရဲ့အခြေအနေကို ဘယ်အထိသိနေပြီလဲ။ ဘယ်လိုသိတာလဲ။ မယ်မယ်အတွက်လည်း အဆင်သင့်မဟုတ်နေတဲ့ ဒီစကားဟာ ကျမအတွက် မယ်မယ်ရဲ့ အနွေးထွေးဆုံးကြိုဆိုမှုပဲ။ ဟင့်အင်း ကျမ ဝမ်းနည်းရမှာမဟုတ်ဘူး။ ကျမ ပျော်ရမှာလေ။
မယ်မယ်ရဲ့ နဖူးပေါ်ကနေ နားရွက်ရှေ့နားကို ဝဲကျနေတဲ့ လှိုင်းတွန့်ဆံမျှင်စလေးတစ်စုဟာ လေကြောင့်လား၊ လှုပ်ရှားမှုကြောင့်လားမသိ ဖြည်းဖြည်းလေး လှုပ်ခတ်ယိမ်းခါနေတယ်။ အနောက်မှာ စုပြီးစည်းထားတဲ့ ဆံနွယ်ခွေခွေရဲ့ လှိုင်းတွန့်အနက်လေးတွေဟာ ညနေခင်းအလင်းမှာတောင် တောက်ပမဲနက်လို့နေတယ်။ အလင်းရှိတဲ့ကောင်းကင်ဘက်ကို ဘေးတစ်စောင်းလေး မျက်နှာမူပြီး အဝေးကိုငေးကြည့်နေတဲ့ မယ်မယ်က ဆက်ပြောတယ်။
“မီးကြီးတို့ ဘာတွေတောင်းဆိုပြီး ဘာတွေလုပ်နေတာလဲဆိုတာတွေကို မယ်မယ် အများကြီးတော့ နားမလည်ပါဘူး။ ဒါပေမဲ့ မီးကြီး ဘယ်လိုလူမျိုးနဲ့ အတူရှိနေချင်တာလဲဆိုတာကိုတော့ မယ်မယ်သိပါတယ်ကွယ်”
မယ်မယ်စကားဆုံးမှာပဲ ကျမ မယ်မယ်ဆီလျှောက်သွားပြီး အနောက်ကနေ သိုင်းဖက်လိုက်တယ်။ ပြီးတော့ မယ်မယ်ရဲ့ ခွေခွေလေးကျနေတဲ့ ဆံပင်တွေကို နမ်းရှိုက်လိုက်မိတယ်။ သနပ်ခါးရနံနဲ့ မယ်မယ်လေးနေကျ ခေါင်းလိမ်းဆီအနံလေးကို ကျမရလိုက်တယ်။ ကျမရဲ့ဝမ်းနည်းမှုနဲ့ မျက်ရည်ကို ကျမ ထိန်းသိမ်းလိုက်နိုင်ပေမဲ့ စိုရွှဲသွားတဲ့ ကျမရဲ့နှခေါင်းတွေကို ကျမ မသိမ်းလိုက်နိုင်ဘူးထင်တယ်။ မယ်မယ်ဆံပင်တွေကို နမ်းရှိုက်လိုက်တုန်းမှာ ကျမဆီက ရှိုက်သံလေးထွက်သွားတယ်။ အဲဒီသံကိုကြားသွားလောက်တဲ့ မယ်မယ်က သူ့ခါးကိုဖက်ထားတဲ့ ကျမရဲ့လက်တွေကို သူ့ရဲ့လက်တွေနဲ့ အုပ်ကိုင်လိုက်တယ်။ မယ်မယ်ရဲ့ပခုံးပေါ်ကို ကျမရဲ့မေးလေးတင်ပြီး မျက်လုံးလေးတွေကို အသာလေး မှိတ်လိုက်တုန်းမှာ မယ်မယ်က ဆက်ပြောတယ်။
“အခုခေတ်မှာ ဓာတ်ပုံစတူဒီယိုတွေ ပေါတာပဲလေ၊ လက်ထပ်လို့မရဘူးဆိုရင်တောင် မယ်မယ်တို့လို မင်္ဂလာဆောင်ဓာတ်ပုံရိုက်လို့ ရတာပဲ။ အားလုံးအသိမှတ်ပြုခံရဖို့မလိုပါဘူး။ မီးကြီးတို့ကိုယ်တိုင်ကသာ အဓိကကျတာ။”
အားပေးနှစ်သိမ့်မှုအပြင် ပျော်ရွှင်မှုလေးစွက်နေတာကြောင့် မယ်မယ်ပြုံးရယ်နေလောက်တယ်လို့ တွေးရင်း ကျမရဲ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ ပြုံးရယ်ရက် ငေးကြည့်နေတဲ့ မယ်မယ်ကြည့်တဲ့ဘက်ကို ကျမ လှမ်းကြည့်လိုက်တယ်။ ပန်းနုရောင်တိမ်မျှင်တွေအစား ခပ်ပါးပါး ငွေရောင်တိမ်မျှင်တို့ကို တွေ့လိုက်ရတယ်။ တိမ်မျှင်တစွန်းတစကြား ငွေရောင်လခြမ်းကွေးလေးကို ထင်ထင်ရှားရှားမြင်နေရတယ်။ ကျမတို့ နှစ်ယောက်ရဲ့ မြင်ကွင်းက တစ်ထပ်တည်းကျတယ်လို့ ကျမ ယူဆမိတာကြောင့် ကျမ မယ်မယ်ကို ပြောလိုက်တယ်။
“လခြမ်းက မယ်မယ်မျက်ခုံးလိုပဲနော်”
“ဟင့်အင်း၊ မယ်မယ်မျက်ခုံးက ပိုလှတာပေါ့”
မယ်မယ်က ရယ်မောရက် ပြန်တုံ့ပြန်လိုက်တယ်။ အဲဒီနောက် ကျမတို့ နှစ်ယောက်လုံး လဆန်းပိုင်းရဲ့ လခြမ်းကွေးလေးကို ကြည့်ရင်းနဲ့ ပြိုင်တူ ရယ်မောလိုက်ကြတယ်။ ကျမအခန်းထဲမှာ နောက်ထပ် ဓာတ်ပုံကြီးတစ်ပုံ ထပ်ချိတ်ဆွဲဖို့ ဆန္ဒရှိလာပြီး ကျမခေါင်းရင်းမှာလည်း နောက်ထပ်ဓာတ်ပုံ တစ်ပုံတိုးလာမှာကို တွေးရင်း ကျမရင်ခုန်သွားတယ်။ ကျမတို့ရဲ့ ရယ်သံကြားမှာ ကျမရဲ့ ရင်ခုန်သံတွေလည်း ရောယှက်နေမှာပေါ့။
အသံတွေက ဘယ်တော့မှ မပျောက်သွားမယ့် စွမ်းအင်တွေလို့ ယုံကြည်ပြီး ရှာဖွေမှုတွေလုပ်နေတဲ့ လူတွေသာ အသံတွေကို ပြန်လည်ရှာဖွေတွေ့ရှိမယ်ဆိုရင် ကျမတို့ အဲဒီညနေခင်းမှာ ရယ်မောလိုက်တဲ့ အသံကနေ ကျမတို့ ဘယ်လောက်ပျော်ရွှင်ခဲ့လဲဆိုတာကို သိနိုင်မယ့်အပြင် ရောယှက်ထွက်ပေါ်ခဲ့တဲ့ ကျမရဲ့ရင်ခုန်သံကိုပါ ကြားရမယ်ထင်တယ်။
(The Evening Is Gliding in A Fairy Tale by Min Chit Paing)
ပြီးပါပြီ
Be the first to comment