“နတ်သမီးဖွက်တဲ့အိပ်မက်”
ညီလင်းအိမ်
ကားကလေးနဲ့ အပြင်ကိုထွက်တော့ မိုးဖွဲတွေ စကျလာပြီ။ ထိုင်း-မလေး နယ်စပ်မှာရှိတဲ့ ဘန့်ဘလူးရဲ့ ရာသီဥတုက ဒီအတိုင်းပဲ။ တအားကြီး ပူတယ်လို့လည်းမရှိ။ အေးတယ်လို့လည်းမရှိ။ နည်းနည်းပူလာရင် မိုးတွေ ဝေါခနဲ ရွာချပေးတာမျိုး။ ဒီနယ်မြေကိုစောင့်တဲ့ နတ်ဘုရားဘာညာတွေက နယ်သူနယ်သားတွေအပေါ် မေတ္တာ ကရုဏာ အားကြီးလွန်းလို့လား မဆိုနိုင်။
ကားပေါ်မှာ ကျနော်နဲ့ ကျနော့်မိတ်ဆွေရယ်၊ အခြား အလည်လိုက်ချင်ကြတဲ့ ကောင်မလေး လေးငါးယောက်ရောနဲ့ အမိုးဖွင့် ဟိုင်းလပ်စ်ကားလေးပေါ်မှာ လူတွေ အတော်စုံသွားပြီ။ ကားဆရာကို ထွက်တော့လို အချက်ပြလိုက်တော့ ကားကလေးက ဆွန်ခါကမ်းခြေဘက်ကို ဦးတည်မောင်းထွက်နေပြီ။ မိုးဖွဲကလေးတွေ ကျနေပေမဲ့ မိုးစိုတာကိုလည်း ဂရုမထားမိကြ။ မိုးစိုတာကပဲ ပျော်ဖို့ကောင်းလွန်းနေသလား မသိ။ လူကိုနာကျင်စေတဲ့ မိုးမှ မဟုတ်တာပဲလေ။ မိုးဖွားကလေးက အင်မတန်မှ ပါးလျနေတာကို။ လင်းကျင်းနေတဲ့နေမို့သာ မိုးတွေကျနေတယ်ဆိုတာ သိရတာ။ ချစ်စရာကောင်းတဲ့ မိုးဖွဲကလေးတွေ။
ထိုင်းတို့ပြည်ရဲ့ ဝေးသီခေါင်ဖျားလှတဲ့ ကျေးလက်သားကလေးတွေမှာ ကျနော်တို့လို အဝေးကိုရောက်နေတာမျိုးဆိုရင် ဒီလို ဇာတိချက်ကြွေကို လွမ်းတတ်နေမလားမသိ။ ကျနော့်မျက်လုံးတွေဟာ သူ့ဇာတိ ခိုင်လိမြို့ကို ပြန်လွမ်းတဲ့ တရုတ် ဒါရိုက်တာ Bi Gan ရဲ့ မိနစ်လေးဆယ်စာလောက် Long Shot ရိုက်ချက်ထဲက ဇာတ်ကောင်တယောက် ပြန်ဖြစ်နေရတယ်လို့ ခံစားလိုက်မိတယ်။ သူဟာ မွေးရပ်မြေရဲ့ အတိတ်စွန်းစွန်းများထဲမှာ ဘယ်လောက်အထိ နစ်မြုပ်ထားခဲ့လဲ မသိနိုင်လောက်ဘဲ သူပြတဲ့ အပြာရောင် ခိုင်လိရဲ့ အိပ်မက်မိုးသားများဟာ ပြာစင်လင်းအာလွန်းလှတယ်။ စိတ်နံရံရဲ့ အခြားတဘက်မှာတော့ မှိုင်းပျမှုန်ရီ ဖြစ်လွန်းလှတယ်။ ပဉ္စလက် သိပ်ဆန်လွန်းလှတယ်။ ခိုင်လိရဲ့ အပြာရောင် မိုးဖွဲတွေဟာ ကျနော်တို့ အတိတ်ဘဝများအတွက်လည်း ထပ်တူ ရွာကျနေတဲ့ မိုးစက်ပါးလျကလေးတွေပါပဲ။
ဘန်ကောက်ကိုရောက်နေမယ့် ထိုင်း-မလေး နယ်စပ်နားမှာရှိတဲ့ ထူးလုံရွာကလေးက ကျေးလက်သားကလေးကတော့ ဒီလို တိမ်ပျို့တဲ့နေ့တွေဆို ဘာကိုလွမ်းမလဲ မသိ။ ရွာကလေးကို ဖြတ်ခွစီးနေတဲ့ စမ်းချောင်းကလေးကို လွမ်းမလား။ ခိုင်လိရဲ့ အဟုန်မြင့်မား စုံတောဖျားက ဖြတ်ဖောက် ပြိုကျ စီးဆင်းလျနေတဲ့ စမ်းချောင်းများရဲ့နောက်က တောင်တန်းကြီးတွေလို ထူးလုံရွာကလေးကို ရစ်ပတ်ထားတဲ့ တောင်ပြာတန်းတွေရဲ့ အလှကို သတိရနေမလား ။ တယောက်ယောက်ကိုယ်စား တွေးကြည့်နေမိတယ်။ လူနေကျဲပါးလှတဲ့ အိုးအိမ်တိုက်တာကလေးတွေဟာ မိုးမှုန်များရဲ့အောက်မှာ တိတ်ဆိတ်ငြိမ်သက်နေတယ်။ ကျနော်သာ ဒီဒေသက ချက်မြှုပ် လူငယ်ရင်းခံလေးတယောက် ဆိုရင်တော့ ဂုံးကျော်တံတားကြီးကနေ စီးမိုးကြည့်ရတဲ့ အရသာကို လွမ်းမိလောက်မယ်ထင်တယ်။
တိမ်တွေကျဲပါးသွားတဲ့ ရှားပါးနေ့တွေဆိုရင် ဖရဲသီးသည်တွေဟာ ရွာကလေးအနားက ဈေးကလေးဆီကို ချဉ်းလာကြပြီ။ လာဝယ်သူတွေကို တလုံးမှ မဝယ်ရသေးဘူး၊ ရဲပတောင်းခတ်နေတဲ့ ဖရဲသီးအလယ်သားတွေကို ဓားပြားကြီးနဲ့ ခုတ်ချလိုက်ပြီး ကမကထ ပြုပေးတတ်ကြတယ်။ ဝယ်ပါစားပါ အော်နေကြတဲအသံတွေဟာ ဈေးကလေး ဂီတပဲ။ ခိုင်လိမှာ ဆိုင်ကယ်ကယ်ရီသမားတွေက ပါစင်ဂျာတွေကို အလုအယက် စောင့်နေကြတယ်ဆိုရင် ဒီမှာလည်း ဈေးကလေးရဲ့ နံရံပတ်လည်မှာ အငှားကားကလေးတွေ အစီအရီ ထိုးရပ်ထားတယ်။ ကားသမားတွေဟာ ကားကလေးဘေးမှာ မတ်တပ်ရပ်ရင်း ခရီးသည်တွေတက်အလာကို စောင့်နေကြတယ်။
ဘယ်ကိုသွားမလဲ ဘတ်နှစ်ဆယ်ပဲ။ ကျနော်ဟာ ကားပေါ်ကို တိုးဝင်လာတဲ့ မိုးသက်လေများအပေါ် ခုန်စီးရင်း မျက်လုံးကို မှေးမှိတ်လိုက်တယ်။ အတူပါလာတဲ့ မိတ်ဆွေများရဲ့ အသံတွေဟာ ဝေးကျန်ရစ်တယ်။
စမ်းချောင်းဘေးက ရေကန်ကလေးထဲမှာ ပြုတ်ကျရင်း တဝဲလည်လည်ဖြစ်နေတဲ့ ခေါင်းစည်းကြိုး ပန်းနုရောင်ကလေးဟာ စိတ်ပုံရိပ်ထဲကို စွန်းထင်လာတယ်။ လူမပါတဲ့ ကုန်တင်ရထားကြီးဟာ ဘူတာမရှိပေမဲ့လည်း ဥဩသံကို ပက်ပင်းဆွဲပြီး အနားက ဖြတ်ပြေးသွားတယ်။ ကန်ကလေးရဲ့ဘေးနားက မြက်ခင်းစိမ်းပေါ်မှာ အစိုးရအာဏာပိုင်တယောက်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် အားလပ်ရက်ကလေးရတုန်းက ကျနော်တို့ ပျော်ခဲ့ကြတာပဲ။
ပန်းနုရောင် ခေါင်းစည်းကြိုးကလေးကို ရစ်ပတ်ထားတဲ့ ဆံပင်ရှည်ရှည်နဲ့ မြန်မာသိပ်ဆန်တဲ့ မျက်နှာပေါက်နဲ့ မိခင် ကောင်းပီသစေနိုင်မယ့် ခန္ဓာအဆင်းကို ပိုင်ဆိုင်ထားတဲ့ သူမက လူအုပ်ထဲကနေ ကျနော့်ကို ငေးကြည့်နေခဲ့တယ်။ ကျနော့်မိတ်ဆွေက ကာရာအိုကေစက်ကနေ ကျနော်ရွေးခိုင်းထားတဲ့ သီချင်းကို ဖွင်မယ်ပြုတုန်းမှာပဲ ခိုင်လိ ရုပ်ရှင် ထဲက စံပယ်ဖြူပန်းကလေးသီချင်းက နားထဲကို အလိုလိုဝင်လာတယ်။ စံပယ်ဖြူပန်းကလေးက ငေးကြည့်နေတဲ့ လူအုပ်ထဲက သူမဖြစ်နေမလား။ သူမဝတ်ထားတဲ့ အင်္ကျီကလည်း အဖြူရောင်ကလေး။ လူကြားထဲမှာမို့ အောက်ပိုင်းကရော ခိုင်လိကျေးလက်က ကောင်မလေးလို အဝါရောင် ဂါဝန်ကလေး ဝတ်ထားလေမလား။ ကျနော် မမြင်နိုင်။ ကျနော်ဟာ ခိုင်ထူးရဲ့ အချစ်သီချင်းကိုပဲ ရွေးချယ်လိုက်တယ်။
ကျနော့်အသံက တုန်ရီနေမလားပဲ။ မှောင်ရီတရော ညနေခင်းကလေး အိပ်ရာဝင်စပြုတော့မယ် အချိန်မှာပဲ ကျနော်တို့ အော်တိုမစ်တစ် ဂီတဝိုင်းကလေးက အသက်ဝင်လာခဲ့တာရယ်။ ရှေ့ကမြက်ခင်းစိမ်းပေါ်မှာ ထိုင်းတွေရော၊ မြန်မာတွေရော၊ ကမ်ပူးရ်ချားတွေရော မတ်တပ်ရပ် အားပေးနေကြတယ်။ ဘယ်လောက်လူများများ သူမမပါရင်တော့ ကျနော့်သီချင်းတွေ အဓိပ္ပါယ်ရှိမယ် မထင်ပါဘူး။ အခုတော့ သူမနဲ့ပတ်သက်လာတဲ့ သိုဝှက်တဲ့မျက်ရည်တွေဟာ သီချင်းကလေးထဲကို စီးကျသွားပြီပေါ့။ ‘ငိုတော့မယ် မျက်ရည်လည်လာတတ်ပြီပဲလေ … အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့အတူတူ ပူဆွေးမှုများလည်း သူခေါ်ခဲ့တယ် …’
ကန်ကလေးထဲကို ပစ်ချလိုက်တဲ့ သူမရဲ့ ခေါင်းစည်းကြိုးကွင်းကလေးက ကျနော့်နှလုံးသားကို ကိုယ်စားပြုလေသလား။ ကျနော် ထပ်ပြီးလည် ပြန်မငေးချင်တော့ဘူး။ လက်အိတ်စက်ရုံမှာ လက်အိတ်ကောက်ရင်း အားလပ်တဲ့ရက် များမှာ စမူဆာတွေကြော်ရောင်းတဲ့ ကောင်မလေးဆီကိုပဲ အလည်သွားချင်စိတ်တွေ ပေါ်လာတယ်။ အဲဒီမှာ ကျနော့် မိတ်ဆွေဟာ ထိုင်နေတယ်။ စမူဆာရောင်းတဲ့ ကောင်မလေးက သူ့ခေါင်းကို အနက်ဆေးတွေ ဆိုးပေးနေတယ်။ အနက်ဆေးဆိုးရင်း ဒီနားမှာ ထိုင်းတွေ လက်တုန့်ပြန်တာခံလိုက်ရတဲ့ ရခိုင်တိုင်းရင်းသား ဂန်းစတားတယောက်အကြောင်းကို ပြောပြနေတယ်။
ဒီလူဟာ ပြန်စရာအိမ် မရှိတော့တာကနေ ထိုင်းမှာသောင်တင်ရင်း လူမိုက်တယောက်ဖြစ်သွားတာ။ သူ့ခါးမှာ စူးတချောင်းကို အမြဲဆောင်ရင်း မလေးဘက်ကို လူမှောင်ခိုသွင်းပေးတဲ့ ပွဲစားတွေရဲ့ လက်စွဲတော် ဖြစ်လာတယ်။ ဘယ်တော့မှ ချောင်းရိုက်တာ ဝါသနာမပါတဲ့သူက ရခိုင်တိုင်းရင်းသူတွေ အလုပ်သွားချိန်မှာ လိုက်လုတဲ့ ထိုင်းကောင် လူမိုက်တွေကို တနေရာကစောင့်ရင်း လေးယောက်တယောက် ရအောင် သမခဲ့တယ်။ မကြာတော့တဲ့နေမှာတော့ ထူးလုံဘေးက ချောင်းစပ်မှာ သူ့အလောင်းကို တွေ့လိုက်ရတယ်။ စုတ်ပြဲနေတဲ့ ပိုက်ဆံအိတ်ကလေးထဲမှာ သူ့သမီးဓာတ်ပုံကလေး ထည့်ထားတာကို တွေ့ရသတဲ့။
ကျနော်ဟာ သူတို့ပြောတာကို နားထောင်ပြီး ဆက်ထိုင်ချင်စိတ် မရှိတော့လို့ ထူးလုံညဈေးတန်းဘက်ကို သွားခဲ့တယ်။
ကျနော့်အိတ်ကပ်ထဲကို လက်လှမ်းနှိုက်လိုက်တော့ ဘတ်ငါးဆယ်တန်တရွက် ထွက်လာတယ်။ အညာမှာဆိုရင်တော့ မြန်မာငွေငါးဆယ်က ကျနော်တို့ လူပျိုပေါက်စဘဝတုန်းက ကွမ်းယာသုံးရာရမှာပေါ့။ ကွမ်းယာသည်မမရဲ့ အပြုံးကို မြင်ရတာတင် ငါးဆယ်ဖိုး နှစ်ရာတည်း ယာပေးလည်း တန်လွန်းလှတဲ့ ဆိုင်ကလေးပါပဲ။
ကျနော် လက်ရှိ ဘတ်ငါးဆယ်ကို ဆွဲထုတ်လိုက်တဲ့ ဆိုင်ခန်းလေးရှေ့မှာတော့ ကွမ်းယာတွေ ရှိမနေပါဘူး။ အကင်လှလှကလေးတွေ။ အကင်လေးတွေ လှသလို အကင်ရောင်းတဲ့ ထိုင်းမကလေးကလည်း ချစ်စရာကောင်းတယ်။ ခက်တာက ကျနော်ဟာ ထိုင်းစကားလည်း ရေလည်ပတ်လည် မပြောတတ်တော့ သူလှတယ်ဆိုတာကို ဘယ်လိုပြောရမလဲ မသိဘူး။ အကင်နှစ်ဆယ်ဖိုး နိစိဘတ်လို့ပြောရင်း မဆီမဆိုင် ကျနော် ပြုံးပြခဲ့မိတယ် ထင်တာပဲ။ သူမကတော့ ကျနော် ပြုံးပြလို့ပဲဖြစ်ဖြစ် မပြုံးပြဘဲနဲ့ပဲဖြစ်ဖြစ် မျက်နှာကလေးကိုက ပြုံးတုံ့တုံ့ကလေးဖြစ်နေတာ ဘဝရှေးရေစက် တွေ အကျိုးပေးကောင်းလို့ ဖြစ်လိမ့်မလားပဲ။ တိုက်ဆိုင်စွာပဲ ဆိုင်ခန်းရှေ့မှာ တဝီဝီလည်နေတာမြင်လို့ ကြည့်လိုက် ပြန်တော့ ခိုင်လိထဲက စက်ချုပ်တဲ့ တရုတ်မကလေးကိုပေးတဲ့ လေရဟတ်ကလေး၊ အညာအခေါ် လေဂျပ်တောင်ကလေး ထိုးချိတ်ထားတာကို မြင်ရတယ်။
ကျနော်ဟာ လက်တွေ့ဘဝထဲကို တိုးဝင်နေရင်းနဲ့ ခုလို ရုပ်ရှင်ထဲက ဘဝထဲကို ပြေးပြေးဝင်ရတဲ့အဖြစ်ကို အရမ်းသဘောကျရတာပဲ။ အခုလည်း ကြည့်လေ။ ကျနော်က အကင်လေးတွေကို ငေးရင်းနဲ့ တရုတ်ဒါရိုက်တာ Bi Gan ရဲ့ Kaili Blues ရုပ်ရှင်ထဲကို ရောရောက်သွားသလိုဖြစ်ဖြစ် သွားရမှုဟာ အနုပညာ ခံစားမှုတွေကနေ အခမဲ့ပေးစွမ်းတဲ့ နှလုံးသားအာဟာရတွေ မဟုတ်ပါလား။ သူ့ရုပ်ရှင်ထဲက ဦးလေးကြီးကနေတဆင့် သူ့ရဲ့ ငယ်ဘဝအလွမ်းကို ပြန်လည်တိုးဝင်သကဲ့ကို ကျနော်ကတော့ ထိုင်းပြည်သား မဟုတ်ပါဘဲ ဒီနယ်ထဲမှာ မွေးသလို ဒါမှမဟုတ် Bi Gan ရိုက်မပေးပါဘဲနဲ့ မိမိစိတ်ကူးနဲ့အတူ ပြန်ရိုက်လိုက်မိတဲ့ ဒုတိယ ဆွန်ခါ (Songkhl) Blues ရုပ်ရှင်ထဲက ဇာတ်ကောင်တယောက်လို ဖြစ်ရတာ နတ်သမီးဖွက်တဲ့ အိပ်မက်ထဲကို ရောက်ခွင့် ရရသလိုမျိုးပါပဲ။
ကားကလေးကို ဘရိတ်တုံ့လိုက်လို့ စိတ်တွေက လေဟုန်ထဲကနေ ပြုတ်ကျသွားတယ်။ တရွေ့ရွေ့နဲ့ ရေထဲမြုပ်နေတဲ့ ရုပ်ရှင်ထဲက ဒေါက်ဖိနပ်ကလေးနဲ့ ကျနော့်လက်တွေ့ဘဝထဲက ပန်းနုရောင် ခေါင်းစည်းကြိုးကွင်းကလေးကို စိတ်ထဲက မောင်းထုတ်ဖို့ ကြိုးစားလိုက်မိတယ်။
ဆွန်ခါမြို့ကို ဖြတ်ပြီးချိန်မှာတော့ ပင်လယ်ရဲ့ ဆားငံရနံ့တွေကို ရနေပြီ။ ပင်လယ်က မြင်သာနေရတာ မကြင်ရသေး။ အခြားတဘက်ကိုဖြတ်ဖို့ ဇက်ပေါ်တက်ရသေးတယ်။ ဇက်က တရွေ့ရွေ့ဖြတ်နေတုန်း ကျောဘက်က တောင်နံရံကြီးတွေကို လှမ်းကြည့်မိတယ်။ အံ့အားသင့်စရာပဲ။ နံရံကြီးကိုဖောက်ပြီး ဆောက်လုပ်ထားတဲ့ တရုတ်ဘုံကျောင်းကြီးကို မြင်ရတယ်။ မိတ်ဆွေက ကျနော် ဘာမှ မမေးမြန်းပါဘဲနဲ့ အလိုက်တသိရှ င်းပြနေတယ်။ ဒီဒေသက နဂါးကြီးတကောင် လွန့်လူးဖြတ်သန်းသွားရာကနေ ဖြစ်လာခဲ့တဲ့ တောင်ကြားလမ်းတနေရာဖြစ်ကြောင်း ပြောပြနေတယ်။
ကျနော့်စိတ်တွေကတော့ ဇက်ရဲ့အလျဉ်နဲ့အတူပဲ လေးပင်တိုးတိတ်နေတယ်။ ပြီးတော့ သူပြောနေတာကို မေ့သွားပြီး အလိုက်ကန်းဆိုး မသိစွာနဲ့ဘဲ ဖုန်းနားကြပ်ဝမှာ နားကြပ်ထိုးပြီးပဲ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်တော့တယ်။
အပြာရောင် ခိုင်လိထဲက ခရီးသွားဦးကြီး ဖွင့်နားထောင်တဲ့ Little Jasmine ဆိုတဲ့ သီချင်းကလေးပေါ့။ မျက်လုံးကို မှိတ်လိုက်တဲ့ အချိန်မှာတော့ ခိုင်လိရဲ့ မိုးကောင်းကင်ပေါ်က သက်တန့်တွေကို မြင်လိုက်ရတော့တယ်။ လမ်းဘေးမှာ ဆိုင်ကယ်စုတ်ကို နှိုးနေတဲ့ကောင်လေး။ သူပျော်စေဖို့အတွက် လေရဟတ်ကလေးကို စိတ်ရှည်လက်ရှည်ပြင်နေတဲ့ကောင်လေး။ဂါဝန်အဝါနဲ့ကောင်မလေးက ဂရုစိုက်စီးလို့ပြောတော့ ကြည်နူးသွားပုံရတဲ့ ကောင်လေး။ ကျနော်ဟာလည်း သူပျော်ဖို့အတွက် ခေါင်းစည်းကွင်းကလေး စည်းပေးမယ်အလုပ်မှာပဲ ရေထဲပြုတ်ကျသွားလို့ မျက်စောင်းလှလှထိုးတာကို ခံလိုက်ရတဲ့ကောင်လေး။
မျက်လုံးကို ပြန်ဖွင့်ချိန်မှာတော့ ကျနော်ဟာ ခိုင်လိရဲ့ အလှပသာဒထဲကို လုံးလုံးလျားလျား သက်ဆင်းသွားခဲ့ပြီ။ စီးမိုးနေတဲ့ တောင်တန်းတွေရဲ့နောက်ဘက်က ပင်လယ်ပြာကြီးကို မြင်ရပြီ။ ကျနော့်စိတ်ထဲ ဆွန်ခါကမ်းခြေလို့ ထင်မရတော့။
ကျနော်ဟာလည်း ကိုယ့်ကိုယ်ကိုယ် ဆွန်ခါရဲ့ အတိတ်ညများထဲမှာ နစ်မြုပ်ကျနေတဲ့ လူတယောက်လို့ ထင်မရတော့။ ကမ်းစပ်ကို လည်ပြန်တဖန် ငေးမိပြန်တော့ ရေသူမအရုပ်ကြီးအနားမှာ Busking လုပ်နေကြတဲ့ တီးဝိုင်းအဖွဲ့တဖွဲ့ကို လှမ်းမြင်ရတယ်။ ကျနော်လည်း အဲဒီ တီးဝိုင်းနားကိုသွားပြီး သီချင်းတပုဒ်လောက် ဆိုချင်တယ်။ ကျနော်တို့ ခရီးသွားအဖွဲ့ထဲမှာ သူလည်းပါတယ်လေ။ ခက်တာက ကျနော်က ထိုင်းစကားလည်း မပြောတတ်။ ဆိုချင်တဲ့ သီချင်းကိုလည်း သူတို့တွေ တီးတတ်မယ် မထင်။ ဒီလိုနဲ့ပဲ သူတို့သီချင်းဆိုတာကို ထိုင်ကြည့်ရုံရှိတာပေါ့။
ဘီယာတဘူးကို လက်ထဲကိုင်ရင်းနဲ့ပဲ သူတို့အနားကို သွားခဲ့လိုက်တယ်။ နားထဲမှာ ခိုင်လိထဲက ဦးလေးကြီးဆိုပြနေတဲ့ Little Jasmine သီချင်းတွေပဲ ကြားရတယ်။ ဆွန်ခါကမ်းခြေက အနားသတ်မြို့ငယ်ကလေးဟာ ခုတော့လည်း ခိုင်လိအဖြစ် ကူးပြောင်းသွားပြီလေ။ Busking လုပ်နေတဲ့ လူငယ်တွေက အဲဒီရုပ်ရှင်ထဲက ကောင်လေးလေးတွေ။ ကျနော်က ခေါင်းကလေးငုံ့ပြီး သူတို့ဆီ သွားလိုက်တော့ လူအုပ်ထဲမှာပဲ ရှိနေတဲ့သူမက ရယ်မလားပဲ။ သီချင်းဆိုတတ်တာ ဟုတ်လို့လား တလွဲတွေဖြစ်ကုန်ရင် ရယ်စရာကြီးတွေ ဖြစ်ကုန်မှာ ဆိုပြီး ပြုံးစစအကြည့်နဲ့ ကြည့်နေရော့မယ်။ ခပ်တည်တည်နဲ့ပဲ ဆိုချင်မိတဲ့သီချင်းက ခုလို ညနေဆည်းဆာကလေးနဲ့ လိုက်ဖက်လှတဲ့ ‘သိလား’ ဆိုတဲ့ ဂျေမောင်မောင် သီချင်းကလေး။ လူအုပ်ထဲက သူ့ကို လှမ်းငေးရင်း ဆိုချင်မိတာ ။
ခနနေရင် မှောင်တော့မယ်။ ပင်လယ်လှိုင်းပုတ်သံ။ အမျိုးအမည်မသိ ငှက်တွေရဲ့ အော်သံအကြားမှာ ခိုင်လိတဖြစ်လဲ ဆွန်ခါကမ်းခြေကလေးက ပိုလို့လှပလာတယ်။ ရုပ်ရှင်ထဲက ဦးကြီးကတော့ သီချင်းဆိုပြီးချိန်မှာ ထပြန်သွားပေမဲ့ ကျနော်က မပြန်နိုင်။ သူမနဲ့အတူတူ ကမ်းခြေနားက ကျောက်ငူကလေးပေါ်ကို တူတူထိုင်ခဲ့ကြတယ်။ နီကျင့်ရောင် မီးအလျှံတွေကြားမှာ သူ့ရဲ့ နှုတ်ခမ်းဖူးဖူးကလေးကို မြင်ရတယ်။ ဆံနွယ်ရှည်တွေက လေထဲမှာ လွင့်နေတယ်။ သူ့ကို ငေးရင်း Little Jasmine သီချင်းကိုပါ နားကြပ်ကလေးနဲ့ ထပ်မံ နားထောင်ရတာဟာ သိပ်ကြည်နူးဖို့ကောင်းတာပဲ။
(ရုပ်ရှင်ရည်ညွှန်း – တရုတ် လူငယ်ခြေတက် ဒါရိုက်တာ Bi Gan လက်ရာ Kaili Blues Movie (2015) ကို ကြည့်ရှု့ရင်း မိမိ၏ လက်တွေ့ဘဝနဲ့ ခိုင်းနှိုင်း ခံစားကြည့်မိတာကနေ ဆင့်ပွား ရေးဖွဲ့လိုက်မိတဲ့ အက်ဆေးဖြစ်ကြောင်း ရည်ညွှန်း ဝန်ခံပါရစေဗျ။)
Be the first to comment