
“နယ်မြေကို အချိန်ရှုထောင့်က ချဉ်းကပ်ခြင်း”
– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ပြီးခဲ့တဲ့အပတ်က အေးရှားတိုင်းမ် စစ်ရေးသုတေသီ အန်သိုနီဒေးဗစ်ရဲ့ မြန်မာ့တော်လှန်ရေးကို fluid war လို့သုံးခဲ့တာဟာ ၂၀၂၅ အတွင်း ပြတ်ပြတ်သားသား ခန့်မှန်းရခက်တဲ့ ရလဒ်အခြေအနေကို ရည်ညွှန်းလိုသလို တိုက်ပွဲတွေမှာသုံးတဲ့ နည်းဗျူဟာတွေပေါ်ဆက်စပ်သုံးနှုံးပုံရတာ တွေ့ရတယ်။ တကယ်တော့ fluid war ဆိုတဲ့အသုံးဟာ မြန်မာစစ်တိုင်းတွေအတွင်းမှာ တိုက်နေရတဲ့ အခြေအနေတွေကို အဓိကထား သုံးစွဲပုံရတယ်လို့ ယူဆတယ်။ ဒါဆို တခြား စစ်ရေးဗျူဟာတွေနဲ့ ပရိယာယ်တွေ ရှိသေးသလားလို့ စူးစမ်းကြည့်ချင်စရာဖြစ်တယ်။
‘Fluid War’
Fluid War ရဲ့ သဘောတရားဟာ ရန်သူကို သူ့တပ်ကိုသူ ဘယ်လို စီမံခန့်ခွဲရမယ်ဆိုတာ မသိအောင် (တပ်ပျက်သွားအောင်) အဓိက ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်။ နည်းဗျူဟာရဲ့အနှစ်ချုပ်က စစ်ပွဲရဲ့ ဦးတည်ချက်တခုကိုပဲ ဦးဆောင်အမိန့်ပေးသူ (Commander) က သတ်မှတ်ပေးလိုက်တာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကို လက်အောက်က တပ်ဖွဲ့တခုချင်းစီရဲ့ ခေါင်းဆောင်တွေက တိုက်ပွဲဦးတည်ချက်နဲ့ ဆီလျော်အောင် ပြောင်းလဲနေတဲ့ စစ်ပွဲရဲ့အခြေအနေကို သုံးသပ်ပြီး ကိုယ့်သဘောနဲ့ကိုယ် စီမံသွားလို့ ရတာမျိုးဖြစ်တယ်။ စစ်ပွဲရဲ့နည်းဗျူဟာမှာ အသေးစိတ် အချက်အလက်တွေ မပါဘူး။ ဒီတော့ ဗဟိုထိန်းချုပ် အမိန့်ပေးစနစ် မရှိတဲ့အဖွဲ့တွေ စုပေါင်းပြီးတိုက်တဲ့ လက်ရှိတော်လှန်ရေးရဲ့ ပျောက်ကြားစစ်အတွက် အသုံးတည့်တဲ့ သဘောဖြစ်တယ်။
Fluid War ရဲ့ အရေးပါတဲ့အချက်တွေမှာ ထောက်လှမ်းရေးအချက်အလက်က ထိပ်ဆုံးကပါတယ်။ ရန်သူတပ်ရဲ့ အရေးပါတဲ့ သတင်းအချက်အလက် တချို့ကို အရင်ရထားဖို့လိုတယ်။ ဒီကမှ ရန်သူရဲ့ အားနည်းချက်ကိုကြည့်ပြီး ဒီတိုက်ပွဲမှာ ဘာကိုပဲ ရအောင်တိုက်ပါဆိုတဲ့ လမ်းညွှန်ချက်ကို ပေးလိုက်နိုင်မှာဖြစ်တယ်။ တိုက်ပွဲရဲ့လမ်းညွှန်ချက်ကို အဓိကတိုက်မယ့် အဖွဲ့ခွဲတခုတည်းက အာရုံစိုက်ရမှာမျိုးမဟုတ်ဘဲ ကျန်တဲ့အဖွဲ့ခွဲတွေကပါ ဒီရည်ရွယ်ချက်ကို ဝန်းရံ ဖြည့်ဆည်းပေးဖို့လိုမယ်။
နောက်ထပ် အရေးပါတဲ့တချက်က ထောက်ပို့ဖြစ်တယ်။ အမြောက်လက်နက်တွေလိုမျိုး အသုံးပြုဖို့ လိုအပ်မယ်ဆိုရင် ပေါ့ပါးတဲ့ ကိုယ်နဲ့အတူ သယ်ယူသွားနိုင်တဲ့ဟာမျိုး ဖြစ်ဖို့လိုတယ်။ (အထိုင်ချထားရမယ့် လက်နက်မျိုး လိုအပ်တယ်ဆိုရင်လည်း တိုက်ပွဲနဲ့ နီးနိုင်သမျှ နီးတဲ့နေရာအထိ သယ်ယူပေးနိုင်တဲ့ ထောက်ပို့စနစ် ရှိနေဖို့လိုမယ်။) Fluid War မှာ နည်းဗျူဟာဟာ ပြုလွယ်ပြောင်းလွယ်ဖြစ်ဖို့ လိုတဲ့အတွက်ဖြစ်တယ်။ သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး တဆင့်ချင်း အထက်ရဲ့ အမိန့်ပေးလိုက်နာမှုမျိုးမရှိဘဲ ကိုယ့်ရည်ရွယ်ချက်ကို စစ်ပွဲရဲ့ အခြေအနေကိုကြည့်ပြီး ပြုလွယ်ပြောင်းလွယ် တိုက်ခိုက်သွားနိုင်တာမျိုးကို ဆိုလိုတယ်။
အင်အားပိုများတဲ့ စစ်တပ်ကို အလစ်အငိုက် တိုက်ခိုက်နိုင်တာမျိုးဖြစ်လို့ ပြင်ဆင်မှုလိုတယ်။ ဒီလိုတိုက်ပွဲတွေနဲ့ သင့်တော်တဲ့ အထူးသင်တန်းတွေလည်း လိုအပ်တယ်။ အမေရိကန် မရိန်းတပ်တွေမှာ အသုံးပြုလေ့ရှိပြီး ဘင်လာဒင်ကို ဝင်တိုက်တဲ့ စစ်ဆင်ရေးလိုမျိုးဟာ Fluid War ရဲ့ နမူနာတခုလို့ ရည်ညွှန်းကြတယ်။
‘Liquid and Solid Warfare’
Liquid war ကတော့ ရန်သူ့နယ်မြေထဲအထိ မဝင်ဘဲ အဝေးကနေ ပစ်မှတ်ကို တိတိကျကျ တိုက်ခိုက်နိုင်တာမျိုးကို ဆိုလိုတာဖြစ်တယ်။ ဒရုန်းသုံး တိုက်ခိုက်တာမျိုးဟာ ဒီစစ်ထဲမှာ အကျူံးဝင်တယ်။ လက်ရှိမှာ စစ်တပ်ဘက်က ဗုံးကျဲ တိုက်ခိုက်နေတာမျိုးဟာ ဒီသဘောတရားပဲ။ Liquid War မှာ ရန်သူ့နယ် မြေကို သိမ်းပိုက်ဖို့ တိုက်တာမျိုးမဟုတ်ဘဲ ရန်သူ့တပ်နဲ့ အခြေခံအဆောက်အဦးတွေကို ပျက်စီးစေဖို့ဖြစ်တယ်။ တဘက်မှာ နယ်မြေ (territory) ထက် ဆက်ကြောင်း (network) ကို ဦးတည်တိုက်ခိုက်တဲ့ သဘောဖြစ်တယ်။
ဒီတိုက်ပွဲရဲ့ နောက်သဘောတရားက အဝေးကတိုက်တာဖြစ်လို့ စစ်ပွဲရဲ့အန္တရာယ်ဟာ ကိုယ့်တပ်ကနေ ရန်သူ့တပ် (နဲ့ ဆက်စပ်ပြီး အရပ်သားတွေဆီကို) ရောက်ရှိသွားတာဖြစ်တယ်။ ၂၁ ရာစုရောက်လာတော့ ဒီသဘောတရားကို အနောက်အစိုးရတွေက လစ်ဘရယ်သဘောတရားနဲ့ တည်ငြိမ်မှုအစဥ် (Liberal Order) ကို တခြားဒေသတွေကို ဖြန့်ကျက်ရာမှာ အသုံးပြုလာကြတယ်။ ကိုယ်တိုင်သွားတိုက်တဲ့ စစ်တွေဖြစ်တဲ့ ဗီယက်နမ်စစ်ကအစ နောက်ပိုင်း အီရတ်စစ်၊ အာဖဂန်စစ်တွေအထိ အမေရိကန်ဟာ အထိနာခဲ့တယ်။ ဒါကြောင့် လက်ရှိ ရုရှား-ယူကရိန်းစစ်မှာ ရုရှားက ယူကရိန်းကို ဝင်တိုက်ဖို့ ပြင်ဆင်နေချိန်မှာ ဘိုင်ဒင်အစိုးရက သတင်းရခဲ့ပေမယ့် စစ်ပွဲကိုမရှောင်ဘဲ တမင် ဖိအားပေးခဲ့ပြီး ယူကရိန်းတပ် (နဲ့ ဥရောပ အထောက်အပံ့ကိုပါယူပြီး) အမေရိကန်က ရုရှားကို proxy war (သူ့စစ်တပ်မသုံးဘဲ ကြားခံတပ်နဲ့) တိုက်တယ်လို့ ယူဆချက်တွေလည်း ရှိတယ်။ ဒါမျိုးကိုလည်း Liquid War အနေနဲ့ သတ်မှတ်နိုင်တာမျိုးဖြစ်တယ်။
ကိုယ်တိုင်သွားမတိုက်တဲ့စစ် (Liquid War) တွေရဲ့ အဓိကအကျဆုံး လိုအပ်ချက်ဟာ တိကျအောင်တိုက်နိုင်တဲ့ လက်နက်တွေဖြစ်တယ်။ ဒါမှ အရပ်သားထိခိုက်သေဆုံးမှုကို ကာကွယ်နိုင်မှာဖြစ်တယ်။ နောက်ပိုင်းစစ်ပွဲတွေမှာ ဒရုန်းတွေမှာ လက်နက်တွေတပ်ပြီး အဝေးကထိန်းချုပ်ပြီး ပစ်တာမျိုးတွေပါ လုပ်လာကြတာ တွေ့ရမယ်။ တော်လှန်ရေးတပ်တွေဘက်က လေယာဥ်ကွင်းတွေကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်တာဟာ တိကျမှု လိုအပ်နိုင်ပေမယ့် liquid war သဘောတရားပါပဲ။
တချို့စစ်ပွဲတွေ ဥပမာ နာဂိုရို-ကာရာဘက်ချ် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားပြီး အဇာဘိုင်ဂျန်နဲ့ အာမေးနီးယား ဖြစ်တဲ့စစ်ပွဲ (၂၀၂၀) မှာ အဇာဘိုင်ဂျန်ဘက် က ပစ်မှတ်တိကျတဲ့ ဒရုန်းတွေကို သုံးတိုက်ပေမယ့် တပြိုင်နက်တည်းမှာ မြေပြင်ထိုးစစ်တွေပါ လုပ်ခဲ့တယ်။ ဒရုန်းအသုံးပြုမှုဟာ ရန်သူ့နယ်မြေကို အပိုင် သိမ်းယူဖို့ အထောက်အကူပြုအောင် တိုက်တဲ့သဘောဖြစ်လို့ ဒီလိုတိုက်ခိုက်မှုမျိုးကို Liquid War ထက် Solid War လို့ပဲ သတ်မှတ်တယ်။ အကောင်အထည်စစ် (Solid War) ကတော့ နယ်မြေကို ထိန်းချုပ် သိမ်းပိုက်နိုင်တဲ့အထိ တိုက်တာမျိုးကို ဆိုလိုတယ်။ မြောက်ပိုင်း ၃ ဖော် တိုက်ခဲ့တဲ့စစ်တွေဟာ Solid War တွေ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။
Liquid နဲ့ Solid စစ်ပွဲတွေနဲ့ပတ်သက်လို့ ထင်ရှားတဲ့ သဘောတရားပညာရှင်က ဘိုးမင်း (Zygmunt Bauman) ပါ။ သူ့ရဲ့ Liquid Modernity စာအုပ်မှာ စစ်ပွဲတွေဟာ လေးလံ (Heavy) တဲ့ အစိုင်အခဲ (Solid) အခြေအနေကနေ ပေါ့ပါး (Light) ပြီး ရွှေ့ပြောင်းစီးဆင်းရလွယ်တဲ့ အရည် (Liquid) ပုံစံကို ပြောင်းလဲလာခဲ့တယ်လို့ ဆိုတယ်။ ဖူးကိုးရဲ့ ပင်နိုပတီကွန် (Panopticon) သဘောတရားနဲ့ Solid War ကိုချိတ်ဆက်ပြီး နယ်မြေသိမ်းပိုက်မှုဟာ တချို့နေရာမှာ တာဝန်ယူဖို့လိုအပ်လာတဲ့ ဝန်ထုပ်ဝန်ပိုးတွေပါ ပါလာတယ်လို့ ထောက်ပြခဲ့တယ်။ ခေတ်မီလွတ်လပ်တဲ့ ကုန်သွယ်ရေးမှာ နယ်မြေကို သိမ်းပိုက်ထားတာထက် အဲဒီနယ်မြေကို ကောင်းစွာ ဝင်ထွက်သွားလာနိုင်ဖို့ (နဲ့ စျေးကွက်ကို စီးနင်းထားနိုင်ဖို့) က ပိုအရေးပါတဲ့သဘောကို တင်ပြတယ်။ တရုတ်ရဲ့ ကျောက်ဖြူနဲ့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်၊ BRI ပရောဂျက်၊ ထရမ့်ရဲ့ ပနားမားတူးမြောင်းကို တရုတ် အထိန်းချုပ်မခံဖို့ ဆိုတဲ့သဘောထားတွေနဲ့ ဆက်စပ်ကြည့်နိုင်တယ်။
ဒီဆောင်းပါးမှာတော့ ဒီစစ်ပွဲ နှစ်မျိုးရဲ့ အဓိကနောက်ခံမှာရှိတဲ့ အချက်ဟာ နယ်မြေ (Space) ကို ဘယ်လို သဘောထားမလဲဆိုတာ တင်ပြလိုရင်းသာဖြစ်တယ်။
‘အချိန်နဲ့ နေရာ’
တော်လှန်ရေးနဲ့ ဆက်စပ်နေတဲ့အပိုင်းကို ပြောရရင်တော့ သိမ်းပိုက်ထားဖို့လိုတဲ့ နယ်မြေ (Space) ပေါ်ကို ထားတဲ့သဘောထားနဲ့ တော်လှန်ရေး ဆက်သွားရမယ့်အချိန် (Time) ပေါ်ကို မူတည်ပြီး အပြန်အလှန် ချင့်ချိန် တွက်ချက်ကြည့်ကြဖို့ဖြစ်တယ်။ တနည်း လက်ရှိတော်လှန်ရေးမှာ အချိန်က ပိုအဓိကကျတယ်ဆိုရင် အဲဒီအချိန်အတွင်း ထိရောက်အောင်မြင်ဖို့ ဘယ်နယ်မြေတွေကို ဘယ်လိုသဘောထားမလဲ ဆိုတာဖြစ်တယ်။ ဒီကမှ စစ်ပွဲချည်းသက်သက်နဲ့ စစ်နဲ့နိုင်ငံရေးအတွဲအစပ်ရဲ့မဟာဗျူဟာဟာ ပုံပေါ်လာမယ်လို့ ယူဆတယ်။
Be the first to comment