နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း

– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ရခိုင်မှာ မောင်းတော (နခခ-၅) နဲ့ သံတွဲ (မောင်ရွှေလေးရေတပ်စခန်း)ဟာ လေကြောင်းပစ်ကူတွေနဲ့ ဆက်လက်ရင်ဆိုင်နေဆဲဆိုပေမဲ့ ကျဆုံးမယ့်ရက်တွေကို ရေတွက်နေရပြီဖြစ်တယ်။ စစ်တွေခံစစ်ကို အသေအချာပြင်နေပြီဆိုကတည်းက စကစလည်း ဒီမြို့တွေ အနှေးမဟုတ် အမြန်ကျဆုံးတော့မှာကို လက်ခံထားပြီဆိုတဲ့ သဘောပါပဲ။ သံတွဲကဆုတ်သွားတဲ့ တပ်တချို့ဟာ ကျိန္တလီကနေ ထပ်ပြီး ဂွဘက်ကို ဆုတ်နေရတယ်။ ရခိုင်ဟာ အရင်ဆုံးလွတ်မြောက်မယ့်ပြည်နယ်လို့ မီဒီယာတွေ၊ နိုင်ငံရေးလေ့လာသူတွေ ခန့်မှန်းခဲ့ကြသလို ပုံပေါ်လာပြီလို့ ပြောရမှာဖြစ်တယ်။
ရခိုင်မှာ လုံးလုံးခံစစ်ဖြစ်သွားတဲ့ စကစဟာ ကချင်ဘက်ကို သွေးတိုးစမ်းဖို့ ကြိုးစားတာတွေ့ရတယ်။ မိုးမောက်၊ မံစီဘက်နဲ့ မိုးမောက်၊ ဗန်းမော်ကြားလမ်းပိုင်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်တယ်လို့ ဒီတပတ်သတင်းတွေတက်လာတယ်။ တကယ်တော့ ဒီဒေသတွေနဲ့ ကပ်နေတဲ့နယ်မြေတွေဟာ ကချင်စစ်အင်အား အလွန်ကောင်းတဲ့နေရာတွေလို့ပြောနိုင်တယ်။ နောက်ဆုံးဖွဲ့တဲ့ တပ်မဟာ ၁၁ နဲ့ ဆက်စပ်ဒေသတွေဖြစ်တယ်။ ဒီတော့ စကစအတွက် ကချင်ရဲ့ စစ်ကိုင်းတိုင်းအတွင်း ဆင်းလာတဲ့ တိုက်ပွဲတွေ တန့်သွားဖို့ တဖက်လှည့်နဲ့ စစ်ကြောင်းထိုးပြတယ်ဆိုရင်တော့ ရေလိုက်လွဲတဲ့ စစ်ဗျူဟာလို့ သုံးသပ်ရမှာဖြစ်တယ်။
‘ရိုးမနဲ့ ပြည်မြန်မာတခွင်’
ဒီတပတ်ထဲ ထူးတဲ့စစ်သတင်းတွေက ပဲခူးတိုင်း(ရိုးမ)မှာ တိုက်ပွဲတွေ ပြန်စလာတာပါ။ လက်ပံတန်းတိုက်ပွဲမှာ စစ်တပ်အထိနာသလို တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခတ်ခဲ့တာ တွေ့ရတယ်။ အပျက်အစီးနဲ့ ထိခိုက်ဒဏ်ရာရ အကျအဆုံးသတင်းတွေ သေချာထွက်မလာသေးပေမဲ့ တောင်ပိုင်းစစ်ပွဲတွေ ပြန်အသံထွက်လာတာနဲ့ ရခိုင်မှာ အေအေက တောင်ပိုင်းအစွန် ဂွအထိ ချဉ်းနင်းဝင်ရောက်လာနိုင်တာကြောင့် နေပြည်တော်ရဲ့ တောင်ဘက်ထွက်ပေါက်ဟာ မသေချာတော့တဲ့ အနေအထားလို့ မှန်းဆကြည့်လာနိုင်ပြီ ဖြစ်တယ်။
တကယ်တော့ စစ်ပွဲသတင်းတွေနဲ့ ပတ်သက်ရင် သတင်းတွေပေါ်မှီလို့ ထင်ရှားတာလောက်ကွက်ပြီး တင်ပြရပေမဲ့ ကရင်နီသတင်း၊ ရှမ်းတောင်က PNLO သတင်း၊ ရေး တနင်္လာရီက တိုက်ပွဲတွေ၊ ချင်း စစ်ကိုင်း၊ မကွေး စတဲ့ တနိုင်ငံလုံးမှာ စစ်သတင်းတွေက နေ့စဥ် အပတ်စဥ် ပေါ်ထွက်နေခဲ့ ပေါ်ထွက်နေဆဲ ဖြစ်တယ်။ ဒါဟာ လူထုရဲ့ စစ်အာဏာရှင်စနစ်ဆိုးကို တနေ့မပြတ် ဆန့်ကျင်ဖြိုဖျက် တော်လှန်နေတယ်ဆိုတဲ့ သဘောကို ထင်ရှားစွာတွေ့ရတာပဲ ဖြစ်တယ်။
‘စစ်နဲ့ငြိမ်းချမ်းရေး’
စစ်ပွဲသတင်းတွေကို ဖတ်ရ ကြားရတာ လူတွေ စစ်ရှောင်လို့ ဒုက္ခရောက်တာ စစ်ရဲ့အကျိုးဆက်အဖြစ် သေကွဲကွဲကြ၊ ရှင်ကွဲကွဲကြရတာတွေကို ဘယ်သူကမှ ပျော်စရာကောင်းတယ်ရယ်လို့ သဘောထား သတ်မှတ်ကြမှာ မဟုတ်ပေဘူး။ ဒါပေမဲ့ ဒီတော်လှန်‌ရေးဟာ မြန်မာတွေဆီမှာ ဆယ်စုနှစ်‌ပေါင်းများစွာ စွဲကပ်နေတဲ့ စစ်အာဏာရှင်စနစ်ဆီက ကူးစက်တည်ဆောက်ခံထားရတဲ့ အမူအကျင့်တွေ၊ အစွဲအလမ်းတွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအတွေးအခေါ်တွေနဲ့ ယဥ်ကျေးမှုတွေအားလုံးကို ပြန်လည်ဖြိုဖျက်နေတဲ့ Deconstruction ဖြစ်စဥ်တခုအဖြစ် နားလည်လက်ခံနိုင်ကြဖို့ဖြစ်တယ်။
စစ်အာဏာသိမ်း ၃ နှစ်ခွဲကျော်၊ နွေဦးတော်လှန်ရေးနဲ့ ပြည်တွင်းစစ်စီးဆင်းမှု အဖြစ်အပျက် အတွေ့အကြုံတွေကို လေ့လာဆင်ခြင်ကြည့်ရင် စစ်ဟာ စစ်ပါဝါဖိနှိပ်ချုပ်ချယ်လို့ရနေသမျှ (ကပ်ပါးပိုးလို၊ ဗိုင်းရပ်လို သူနေထိုင်လို့ရတဲ့နေရာရှိနေသမျှ) ပြီးဆုံးဖို့မရှိဘူး။ စစ်အာဏာရှင် မပြိုပျက်မချင်း စစ်ဟာ ရှောင်လွှဲမရနိုင်တဲ့ အဖြစ်အပျက်တခုလို ရောက်ရှိလာဖို့ ရှိနေတယ်။ စစ်ပွဲတွေကို ထိန်းနိုင်မယ့် ငြိမ်းချမ်းရေးကို တော်လှန်ရေးဖြစ်စဥ်တွင်းမှာ မတွေ့ခဲ့ရဘဲ ငြိမ်းချမ်းရေးဟာ စစ်ပွဲအဆုံးသတ်မှသာ ရောက်ရှိလာမယ့်သဘော ဖြစ်တယ်။
‘ငရဲ နဲ့ နိဗ္ဗာန်’
ဂျွန်မီလ်တန်ရဲ့ နိဗ္ဗာန်ဘုံပျောက်ဆုံးခြင်း (Paradise Lost) ဟာ အနောက်တိုင်းစာပေမှာ ပြီးတော့ ကမ္ဘာ့ဂန္ထဝင် စာပေစာရင်းမှာ ယနေ့တိုင် လူသိများ ထင်ရှားတဲ့ ကဗျာလင်္ကာရှည်တခု ဖြစ်တယ်။ ဒီဘက်ခေတ် မြန်မာကဗျာစာဆိုတွေနဲ့ လေ့လာသူတွေဟာ မြန်မာရှေးစာဆိုပညာရှင်တွေက မီလ်တန်ရဲ့ ဒီကဗျာကို ရှင်အဂ္ဂသာမိရဲ့ ငရဲခန်းပျို့နဲ့ နှိုင်းယှဉ်ပြောကြတာမျိုးတွေ မှတ်သားခဲ့ကြမိမယ် ထင်ပါတယ်။
၁၇ ရာစုက ကဗျာရှည်ဖြစ်ပြီး ဇာတ်လမ်းကို ကျမ်းစာအစိတ်အပိုင်းတခုကနေယူပြီး တည်ဆောက်ထားတာဖြစ်တယ်။ ခေတ်ကာလနဲ့ နောက်ခံအခြေအနေတွေကို တထပ်တည်း နှိုင်းယှဥ်ပြဖို့ မဖြစ်နိုင်ပေမဲ့ မီလ်တန်ရဲ့ကဗျာမှာ ထင်ရှားတဲ့ စာသားတခုကို အလျင်းသင့်လို့ ကိုးကားကြည့်လိုတယ်။ ဇာတ်လမ်းအစမှာ စေတန်ဟာ ဂေါ့ဒ်ကို ပုန်ကန်ရာကနေ ရှုံးနိမ့်လို့ ငရဲကိုဆုတ်ခွာလာရတယ်။ ဒီမှာ စေတန်ပြောတဲ့စကားက ကောင်းကင်ဘုံမှာ အလုပ်အကျွေးပြုရတာထက် ငရဲမှာ ကိုယ့်ဘဝကိုယ် ရှင်သန်ဖန်တီးကြဖို့ပဲ တဲ့။ (reign in Hell than serve in Heaven)
နိဗ္ဗာန်နဲ့မျှားပြီး ကျမ်းစာနဲ့ဖိပြီး စစ်အာဏာလို ဖိနှိပ်ချုပ်ချယ်မှုတွေကိုလည်း လူထုက သိမြင် တော်လှန်ခဲ့ကြပြီဖြစ်တယ်။ ကောင်းကင်ဘုံဟာ ဖန်တီးထားတဲ့ သက်တောင့်သက်သာ အခိုင်းစေခံဘဝတခုမျှသာ ဖြစ်တယ်။ အာဏာရဲ့ဖိနှိပ်ချုပ်ချယ်ခံ ဖြစ်တယ်။ တော်လှန်စစ်ဟာ ရှင်သန်မှုကိုရှာဖွေတဲ့ မျိုးဆက်တခုကို ကိုယ်စားပြု ထွက်ပေါ်လာခြင်းဖြစ်တယ်။
About The Call 321 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*