
“နိုင်ငံကို ထိရောက်စွာ မထိန်းချုပ်နိုင်တော့သည့် မြန်မာစစ်တပ်”မူရင်းဆောင်းပါးရှင် – ကင်ဂျိုလစ် (Kim Jolliffe)
(အမေရိကန်အခြေစိုက် The Diplomat အွန်လိုင်းမဂ္ဂဇင်းတွင် မေလ ၃ ရက်နေ့က ဖော်ပြခဲ့သည့် ဆောင်းပါးရှင် Kim Jolliffe ၏ ‘Myanmar’s Military Is No Longer in Effective Control of the Country’ ခေါင်းစဉ်ဖြင့် ဆောင်းပါးကို ကျော်မိုးက ဘာသာပြန်ဆိုထားပါသည်)
‘စစ်အုပ်ချုပ်ရေးအဖွဲ့ကို လုပ်ငန်းလည်ပတ်နိုင်သေးသော အချုပ်အခြာ အာဏာပိုင်အဖွဲ့တခုအဖြစ် အိမ်နီးချင်း နိုင်ငံများက ဆက်လက် ဆက်ဆံနေသေးသည်။ ယင်းသို့ လုပ်ဆောင်မှုသည် လက်တွေ့ဖြစ်ပေါ်တိုးတက်မှုများ
နှင့် အဟပ်မညီသည့် အန္တရာယ်ရှိနေသည်။’
မြန်မာနိုင်ငံကိုထိန်းချုပ်ရန် စစ်အုပ်စုက ၂၀၂၁ ခုနစ် ဖေဖော်ဝါရီလတွင် ကြိုးပမ်းခဲ့မှု အရေးနိမ့်သွားပြီဖြစ်သည်။ စစ်တပ်၏ တပ်ဖွဲ့ဝင်များ လွတ်လပ်စွာ သွားလာနိုင်သည့် နယ်မြေသည် တိုင်းပြည်အလည်တွင်ရှိသည့် မန္တလေး ဒေသ၏ တောင်ဘက်နှင့် အနောက်ဘက် နယ်မြေများတွင်းသာ ရှိသည်အထိ သေးကြုံ့သွားသည်။ ယင်းနယ်မြေ တွင်းတွင်ပင် စစ်တပ်သည် နေ့စဥ် လုပ်ကြံသတ်ဖြတ်မှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများကို ရင်ဆိုင်နေရသလို ကျယ်ပြန့် သည့် အာဏာဖီဆန်ရေး စီဒီအမ် လှုပ်ရှားမှု၊ လူထုယုံကြည်စိတ် ကင်းမဲ့မှုများကြောင့် မည်ကာမတ္တမျှသာ အုပ်ချုပ်နိုင်နေသည်။
နေပြည်တော် စစ်အုပ်စုဟု တဖြည်းဖြည်းဖြင့် ခေါ်ဝေါ်ခံနေရသည့် စစ်တပ်သည် ရောက်သည့် နေရာတွင် အခိုင်အမာ ခံစစ်စခန်းဆောက် နေနေရသလို လေကြောင်း တိုက်ခိုက်မှုနှင့် မူးယစ်ဆေးသုံးထားသည့် စစ်သားအုပ်စုပေါ် မှီခိုနေကာ ၎င်းတို့ ထိန်းချုပ်နယ်မြေပြင်ပရှိ ဒေသများတွင် ကသောင်းကနင်းဖြစ်စေရန် လုပ်ဆောင်နေသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် လာအိုနိုင်ငံတို့သည် စစ်အုပ်စုကို အချုပ်အခြာအာဏာပိုင် အဖွဲ့တခုအဖြစ် ဆက်ဆံလျက်ရှိပြီး ခွန်အားပြန်ပြည့်လာစေရန် ကူညီဆောင်ရွက်ပေးနေကြသည်။ မြန်မာ့အရေး နိုင်ငံတကာမူဝါဒများ၏ ပဲ့ကိုင်နေရာတွင် အာဆီယံအဖွဲ့ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ထားရှိပေးထားသော်လည်း အဆိုပါအဖွဲ့၏ အခန်းကဏ္ဍကို ဘေးဖယ်ထုတ်နိုင်ရန် Track 1.5 စေ့စပ်ဆွေးနွေးမှုဖြင့် လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့အရေးနှင့်ပတ်သတ်၍ အာဆီယံက နှိုင်းနှိုင်းချင့်ချင့် ဝေဖန်ပြောကြားသည့် အနေအထားဖြင့် ရပ်တည်လျက်ရှိသော်လည်း ယင်းလုပ်ဆောင်ချက် အားနည်းသွားစေရန် ထိုင်းနိုင်ငံက သီးခြားဆွေးနွေးမှုလမ်းကြောင်းကို စတင်ဖော်ဆောင်ခဲ့သည်။
Track 1.5 ဆွေးနွေးပွဲများတွင် စစ်အုပ်စုအရာရှိများပါ ပါဝင်လျက်ရှိပြီး နိုင်ငံတွင်းတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်နိုင်ရန် ရည်ရွယ်သည်။ စစ်တပ်အနေဖြင့် ဒီမိုကရေစီနည်းနည်းဆန်သည့် နိုင်ငံရေးအစီအမံတခုဆီသို့ ကူးပြောင်းသွားလိမ့် မည်ဟု မျှော်လင့်ကာ ယင်းသို့ ဆွေးနွေးလျက်ရှိသော်လည်း လူထုထောက်ခံမှု ပိုမိုရရှိထားသည့် (မြန်မာ) နိုင်ငံရေး အတိုက်အခံများကိုမူ ဆွေးနွေးပွဲမှ ဆက်လက်ဖယ်ထုတ်ထားသည်။ စစ်အုပ်စု၏ အစွန်းရောက် လူ့အခွင့် အရေး ချိုးဖောက်မှုများ သို့မဟုတ် တခြားသော ကျင့်ဝတ်ပိုင်းဆိုင်ရာ စိုးရိမ်ဖွယ်အချက်များကို သိပ်ဂရုမစိုက်သည့် နိုင်ငံများအတွက်ပင် စစ်အုပ်စုပထမ ဆိုသည့် ချဥ်းကပ်မှုပုံစံသည် လက်တွေ့အခြေအနေများဖြင့် ချိန်ထိုးကြည့်လျှင် အဓိပ္ပာယ်မရှိသလောက် ဖြစ်နေသည်။
ထိရောက်သည့်ထိန်းချုပ်မှု ဆုံးရှုံးလာသည့် နေပြည်တော်
စစ်အာဏာသိမ်းပြီးချိန်မှစ၍ တနိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြပွဲများကြောင့် စစ်တပ် လှုပ်ရှားသွားလာနိုင်သည့် နယ်မြေ အကန့်အသတ်ရှိလာသည်ကို တော်လှန်ရေးနယ်မြေများတွင် လုပ်ငန်းလည်ပတ်လျက်ရှိသည့် လူသားချင်း စာနာထောက်ထားမှုအဖွဲ့အစည်း Free Burma Rangers (FBR) က မကြာသေးခင်က ထုတ်ပြန်လိုက်သည့် မြေပုံများကိုကြည့်လျှင် သိနိုင်သည်။ နိုင်ငံ၏ပင်မ အလယ်ပိုင်းဒေသများ၏ အပြင်ဘက် နယ်မြေများရှိ အဓိက လမ်းမကြီး အများစုသည် ဗဟိုအာဏာပိုင်အဖွဲ့၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့သည်ကို မြေပုံများက ပြသလျက်ရှိသည်။ စစ်တပ်အနေဖြင့် ယင်းလမ်းမများကို အသုံးပြုနိုင်နေသေးသော်လည်း သေချာစွာ စီမံထားသည့် စစ်ဆင်ရေးများဖြင့်သာ အသုံးပြုနိုင်တော့သည်။ ယင်းသို့ အသုံးပြုလျှင်လည်း လူအင်အားပိုင်းနှင့် ငွေကြေးအရ ဆုံးရှုံးမှု အများအပြားမရှိဘဲ မသုံးနိုင်ပေ။
အကြီးတန်းသံတမန်များပါသည့် မြန်မာ့အရေး အထူးအကြံပေးကောင်စီကလည်း ပြီးခဲ့သည့်နှစ်အတွင်း သုတေသနတခု ထုတ်ပြန်ခဲ့ပြီး နိုင်ငံတွင်း မြို့နယ်စုစုပေါင်း၏ ၂၀% ကိုသာ စစ်အုပ်စုက ခိုင်မာစွာ ထိန်းချုပ်နိုင်သည်ကို ပြသထားသည်။ တခြားသော နယ်မြေများကို လူမျိုးစု တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံ ကာကွယ်ရေးအဖွဲ့များက ထိန်းချုပ်ထားသည် သို့မဟုတ် ထိန်းချုပ်ရန် အားပြိုင်လျက်ရှိသည်။
အာဏာသိမ်းမှု နောက်ပိုင်းကာလများတွင် FBR မြေပုံတွင် ဖော်ပြထားသည့် “အဖြူရောင်နယ်မြေ” တချို့တွင် စာရေးသူ အချိန်တချို့ သွားရောက်နေထိုင်ခဲ့ဖူးသည်။ “အဖြူရောင်နယ်မြေ” ဆိုသည်မှာ စစ်အုပ်စု၏ လှုပ်ရှားသွားလာမှု “လွန်စွာ အကန့်အသတ်” ရှိနေသည့် နယ်မြေများဖြစ်သည်။ မြေပြင်အခြေအနေသည် အမျိုးမျိုး ခြားနားလျက်ရှိသော်လည်း မြေပုံတွင် ဖော်ပြထားမှုများသည် အပေါ်စီးမှ ခြုံငုံသုံးသပ်နိုင်မှုရှိသည်။ အဆိုပါဒေသများအနက် တချို့သည် လူမျိုးစုတော်လှန်ရေးအဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေပြီဖြစ်ပြီး တချို့သည် တိုင်းပြည်လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက ထိန်းချုပ်မှုအောက် ရောက်ရှိနေခြင်းဖြစ်သည်။ တခြားသော “အဖြူရောင်နယ်မြေ” များသည် လွတ်မြောက်နယ်မြေအသစ်များဖြစ်ပြီး လူမျိုးပေါင်းစုံပါဝင်သည့် လူ့အသိုင်းအဝိုင်းများသည် အောက်ခြေမှတဆင့် အထက်သို့ တက်လာသည့် အုပ်ချုပ်ရေးအဖွဲ့များကို လူမျိုးစုတော်လှန်ရေးအဖွဲ့များ၊ ကာကွယ်ရေးအဖွဲ့များ၊ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ သို့မဟုတ် တခြားသော အဖွဲ့အစည်းများ၏ လမ်းညွှန်မှုဖြင့် ထူထောင်လျက်ရှိသည်။
များစွာသော “အဖြူရောင်နယ်မြေ” များသည် နေပြည်တော် စစ်အုပ်စု၏ စစ်တပ် လှည့်လည်တိုက်ခိုက်လျက်ရှိသည့် စစ်ယူနစ်များ၏ ဝင်ရောက် တိုက်ခိုက်မှုအပေါ် အထိအခိုက်မခံ ဖြစ်နေသေးသည်။ အဆိုပါတပ်ဖွဲ့များ သွားလာရာ မြို့နယ်တလျှောက်တွင် မုဒိန်းကျင့်၊ မီးရှို့၊ ကိုယ်ခန္ဓာများကို ခုတ်ထစ် သတ်ဖြတ်မှုများကို “ဘီလူး မဟာဗျူဟာ” တစိတ်တပိုင်းအဖြစ် ကျင့်သုံးကာ ခုခံရေးအင်အားစုများကြားတွင် အကြောက်တရား ရိုက်သွင်းရန် လုပ်ဆောင်လျက်ရှိသည်။ လက်တွေ့တွင်မူ ယင်းကဲ့သို့သော စစ်ယူနစ်များ ရှုံးနိမ့်လျက်ရှိသလို အလွဲသုံးစား ပြုကျင့်မှုများကြောင့် ဒေသခံ လူ့အသိုင်းအဝိုင်း နှင့် သန်းနှင့်ချီသော နိုင်ငံတဝန်းရှိ ပြည်သူများ၏ ခိုင်ခိုင်မာမာ ဆန့်ကျင်ခုခံမှုကိုသာ ကြုံတွေ့နေရသည်။
လေကြောင်းတိုက်ခိုက်မှုများနှင့် တာဝေးအမြောက်များဖြင့် ပစ်ခတ်မှုသည် ဆုံးရှုံးမှု အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေသည်။ ခုခံတွန်းလှန်ရေး နယ်မြေများရှိ သန်းနှင့်ချီသော ပြည်သူများသည် အဝေးမှ ပျံသန်း စောင့်ကြည့်သည့် ဒရုန်းများဖြင့် ပုံမှန် စောင့်ကြည့်မှုအောက်တွင် နေထိုင်ရလျက်ရှိပြီး အချိန်မရွေး ဆုံးရှုံးမှု ကြီးမားစေသည့် လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့နိုင်သည်ဟု သိရှိထားသည်။ ခုခံရေးနယ်မြေအများစုတွင် တာဝေးပစ် အမြောက်များဖြင့် ပစ်ခတ်မှုသည် နေ့စဥ်ဖြစ်ရပ် ဖြစ်နေသည်။ နယ်မြေများစွာသို့ စာရေးသူ သွားရောက်ခဲ့စဥ်အတွင်း လက်နက်ကြီးပစ်ခတ်သံ ကြားပြီးနောက်တွင် အရပ်သား ထိခိုက်သေဆုံးမှု သတင်းများကို ကြားသိရမှုသည် ဖြစ်ရိုးဖြစ်စဥ် ဖြစ်နေသည်။
၁၉၈၈ ခုနှစ် လူထုအုံကြွမှုဖြစ်စဥ် အပြီးမှစ၍ စစ်တပ်သည် အင်အားကို အလွန်အမင်း စုဆောင်းထားရှိသဖြင့် ခုခံရေး အင်အားစုများသည် လွန်စွာ နိမ့်ပါးသည့် အခြေအနေမှ စတင် ပုန်ကန်ခဲ့ရခြင်းဖြစ်သည်။ ယင်းအခြေအနေ ကို FBR ၏ မြေပုံတွင်လည်း ပြသထားသည်။ ပဋိပက္ခ၏ လားရာကို ကြည့်ပါက အရေးကြီးအချက်များကို သိနိုင်သည်။ ခုခံရေးအင်အားစုသည် တဖြေးဖြေးနှင့် စုဖွဲ့မှု ပိုကောင်းလာသလို ပိုမို စုစည်းလာသည်၊ လူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူ အုပ်စုများနှင့် ပိုမို စုစည်းမိလာသည်။ ခုခံတွန်းလှန်မှု ချေမှုန်းခံရမည် သို့မဟုတ် မညီညွတ်မှုများနှင့် ပြိုလဲသွားလိမ့်မည်ဟု များစွာသော လေ့လာသုံးသပ်သူများ အဖန်တလဲလဲ ထောက်ပြလျက်ရှိသော်လည်း ခုခံတွန်းလှန်မှု တခုလုံးကို ခြုံကြည့်လျှင် ယင်းအမြင်နှင့် ဆန်ကျင်ဘက်လားရာသို့ ပုံမှန် ရွေ့နေသည်ကို တွေ့နိုင်သည်။
နိုင်ငံ၏ မဟာဗျူဟာမြောက် အချက်အခြာ နှလုံးသားနယ်မြေနှင့် အမှတ်လက္ခဏာအားဖြင့် အရေးကြီးနယ်မြေ ဖြစ်သည့် မန္တလေးဒေသသည် မတ်လအတွင်း ထိတွေ့တိုက်ပွဲ အကြိမ်အားဖြင့် ကြည့်ပါက ပဋိပက္ခဖြစ်ပွားမှု အများဆုံးဇုန် ဖြစ်လာသည်။
တချိန်တည်းတွင် ယခင်က အခိုင်အမာ ကာကွယ်ထားသည့် လေတပ်စခန်းများ၊ လက်နက်စက်ရုံများအပေါ် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများလည်း ပုံမှန် တိုးပွားလာသည်။ မြို့တော် နေပြည်တော်မှ ကီလိုမီတာ ၅၀ အကွာအဝေးတွင်ရှိသည့် မြို့နယ်များစွာတွင် ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသလို ယခုလ (မေလ) တွင်း မြို့တော်တည်ရှိရာ ခရိုင်နှင့် ပတ်ခြာလည်နယ်မြေများတွင် ထိတွေ့မှု ပိုများလာမည်ဟု များစွာသော သုံးသပ်သည့်အဖွဲ့များက ခန့်မှန်းထားသည်။
နေပြည်တော် စစ်အုပ်စု နေ့ချင်းညချင်း ပြိုလဲရန် မဖြစ်နိုင်သေးသော်လည်း မူလ အရွယ်အစားထက် သေးကျုံ့သွားသည့် နိုင်ငံတော်တခုအဖြစ် တဖြည်းဖြည်း ပုံပေါ်လာသည်။ ကတုတ်ကျင်းများတွင် ဝပ်နေရပြီး ဘေးပတ်ဝန်းကျင်ဒေသများသို့ လက်ပစ်ဗုံးများ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေရသည့်ပုံ ပေါ်နေသည်။ သို့သော်လည်း နိုင်ငံတော်၏ သိသာထင်ရှားသည့် အစိတ်အပိုင်းများကို စစ်ဗိုလ်ချုပ်များက ၎င်းတို့နှင့်အတူ ကတုတ်ကျင်းထဲတွင် အတူဆောင်ကျဥ်းနိုင်နေသရွေ့ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့က အဆိုပါအဖွဲ့ကို တိုင်းပြည်၏ လက်တွေ့ အာဏာချုပ်ပိုင်ထားသည့် အဖွဲ့အဖြစ် လက်ခံမည့်ပုံ ပေါက်နေသည်။
တချို့ကလည်း မြန်မာနိုင်ငံနှင့် နိုင်ငံခြား ဆက်ဆံရေးကို ပုံမှန်အဖြစ်သို့ရောက်ရန် ရှေ့တိုးလုပ်ဆောင်လိုနေပြီး ၁၉၉၀ ပြည့်လွန်နှစ် စစ်အာဏာရှင် အုပ်ချုပ်ရေးအောက်တွင် ပေါ်ပေါက်ခဲ့သည့် ရင်းမြစ်များကို စိတ်တိုင်းကျ အမြတ်ထုတ် အသုံးချနိုင်မှု ပုံစံ ပြန်ပေါ် လာလိမ့်မည်ဟု မျှော်လင့်လျက်ရှိသည်။
‘စစ်အုပ်စုကို နိုင်ငံတော်အဖြစ် ပုံဖော်ရေး အလုပ်မဖြစ်သည့် ကြိုးပမ်းမှုများ’
မည်ကဲ့သို့သော အခြေခံ ကျင့်ဝတ်ပိုင်း သုံးသပ်မှုဖြင့်ဖြစ်စေ နေပြည်တော် စစ်အုပ်စုကို ယုံကြည်စိတ်ချရသည့် အာဏာပိုင်အဖြစ် မှတ်ယူမှုသည် လုံးဝ လက်တွေ့မကျသည့် အချက်ဖြစ်သည်။ စစ်အုပ်စုသည် တိုင်းပြည် နယ်မြေ အများစုတွင် ၎င်း၏ နိုင်ငံရေးနှင့် စစ်ရေးဆုံးဖြတ်ချက်များကို လက်တွေ့ အကောင်အထည် မဖော်နိုင်တော့ပေ။ အိန္ဒိယနှင့် ထိုင်းနယ်စပ်တွင် ယင်းအခြေအနေသည် သိသာထင်ရှားသည်။ ၎င်း၏ စစ်အခြေစိုက်စခန်းများ၊ ရဲစခန်းများသည် အထီးကျန် တည်ရှိနေပြီး စစ်သားများသည် ငတ်ပြတ်လျက်ရှိသည်။
စစ်တပ် ခန့်အပ်သည့် အုပ်ချုပ်ရေး တာဝန်ရှိသူများကိုလည်း လွန်ခဲ့သည့် နှစ်နှစ်ကတည်းက ဒေသခံ လူ့အဖွဲ့အစည်းက မောင်းထုတ် ထားပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးရင်းမြစ်များကို အမြတ်ထုတ် ရယူရေး တရုတ်၏ အကျိုးစီးပွားတွင်လည်း ပြဿနာများ ရှိနေသည်။ ဘေဂျင်း၏ ရလဒ်ဦးစားပေး လက်တွေ့ဝါဒနှင့် မြေပြင်တွင် ဖြစ်နေသည်များကို သိရှိနားလည်မှုများမှ လေ့လာသင်ယူရန် လိုနေသည်။ ဗဟို အခြေခံ အဆောက်အဦးများဖြစ်သည့် ဗီဇာရုံး၊ လေဆိပ်၊ ဘဏ်များ ကို ထိန်းချုပ်ထားသူအဖြစ် နေပြည်တော် စစ်အုပ်စုကို တရုတ်က ဟက်ဟက်ပက်ပက် မဟုတ်ဘဲ လက်ခံ အသိအမှတ် ပြုပေးထားသည်။ တချိန်တည်းတွင် အနည်းဆုံးအားဖြင့် အင်အားကြီး လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ ထက်မနည်းနှင့် နှစ်ဘက်ဆက်ဆံရေး ထူထောင်ထားသလို များစွာသော နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေး ထူထောင်ထားသည်။
တရုတ်နိုင်ငံသည် ၎င်း၏ ပိုက်လိုင်း စီးဆင်းအောင် လုပ်ဆောင်နိုင်နေသလို နေပြည်တော် စစ်အုပ်စု ပြိုလဲနေသော်လည်း ကုန်သွယ်ရေးဂိတ်များ ပွင့်နေအောင် လုပ်ဆောင်ထားနိုင်သည်။ စစ်တပ်သည် တိုင်းပြည်ကို စုစည်းပေးထားသည်ဟု တချို့သော အိမ်နီးချင်းများက ထောက်ပြလျက်ရှိသည်။ မြန်မာနိုင်ငံပြိုလဲပြီး “ဘော်လကန်နိုက်ဇေးရှင်း” ဖြစ်လာပါက ပိုမိုကြီးမားသည့် အကြပ်အတည်းများ ဖြစ်လာနိုင်သည်ကို စိုးရိမ်လျက်ရှိသည်။ ယူဂိုစလားဗီးယားနိုင်ငံသည် စုစည်းညီညွတ်သည့် နိုင်ငံတခုအဖြစ် ရပ်တည်သွားပါက ပိုမိုကောင်းမွန်မည်ဟု ထူးဆန်းစွာ ယူဆထားသလို မြန်မာအရေးတွင်လည်း ယင်းသို့ယူဆမှုသည် မှားယွင်းမှုဖြစ်သည်။
လက်တွေ့တွင် ခုခံရေး လှုပ်ရှားမှုများသည် လူမျိုးစုမခွဲခြားဘဲ စုစည်းညီညွတ်လျက်ရှိသည်။ လူများစု အစွန်းရောက် စစ်အုပ်စုက စုစည်းနိုင်သည်ထက် အတိုက်အခံ အင်အားစုများက ပိုမို စုစည်း ညီညွတ်လျက်ရှိသည်။ တော်လှန်ရေးအင်အားစု ဗဟိုချက်တွင်ရှိသည့် လူမျိုးစု လက်နက်ကိုင်အဖွဲ့များက ၎င်းတို့၏ ပထမ ဦးစားပေးသည် တိုင်းပြည်ကို တစုတစည်းတည်း စုစည်းထားရေးဖြစ်သည်၊ စစ်တပ်သည် သွေးကွဲမှုများ၊ ကွဲပြားမှုများ၏ ရင်းမြစ်ဖြစ်သည်ဟု ပြောကြားလျက်ရှိသည်။
အဓိက နိုင်ငံရေးပါတီပေါင်း တဒါဇင်ကျော်၊ လူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ၊ သပိတ်ခေါင်းဆောင်များနှင့် အခြားသူများပါဝင်သည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရကို ခန့်အပ်ထားခြင်းဖြစ်သည်။ အဆိုပါ အစိုးရအဖွဲ့သည် တရုတ်နှင့်နီးစပ်သည့်အဖွဲ့များ အပါအဝင် လူမျိုးစု တော်လှန်ရေးအဖွဲ့များစွာနှင့် ပုံမှန် စကားပြောလျက်ရှိသလို ၎င်း၏ ကာကွယ်ရေးအဖွဲ့များသည်လည်း လူမျိုးစု အဖွဲ့များ၏ လက်နက်ကိုင်အဖွဲ့များနှင့် စစ်တိုင်း (၃) တိုင်းတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ရှောင်လွှဲမရသော်လည်း များစွာ ဆွေးနွေးထားပြီးဖြစ်သည့် အတွင်းပိုင်း တင်းမာမှုများနှင့် စိန်ခေါ်မှုများ ရှိနေသည်မှတပါး စုစည်းညီညွတ်မှုသည် လအလိုက် တိုးပွားလျက်ရှိသလို အမျိုးသားရေးအုပ်စု အသီးသီးကြားတွင် အောက်ခြေ အဆင့် ပူးပေါင်းမှုသည်လည်း အံ့သြသင့်ဖွယ်ကောင်းအောင် ကောင်းမွန်လျက်ရှိသည်။
လူမျိုးစုများ တန်းတူမှုနှင့် ဒီမိုကရေစီအုပ်ချုပ်မှုကို အခြေပြုထားသည့် ပြည်ထောင်စုသစ်အတွက် အုတ်မြစ်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဥ်စာတမ်းကို ၂၀၂၁ ခုနစ် ဧပြီလတွင် သဘောတူညီခဲ့ပြီး ၂၀၂၂ ခုနစ် ဇန်ဇနဝါရီလတွင် ပြင်ဆင် ဖြည့်စွက်ခဲ့သည်။ ၎င်းတို့တင်သွင်းသည့် နိုင်ငံရေးလမ်းပြမြေပုံသည် စစ်အုပ်စုတင်ပြသည့် အရာများထက် မိုင်ပေါင်းများစွာ ရှေ့ရောက်လျက်ရှိသည်။ စစ်အုပ်စု၏ ရည်မှန်းချက်သည် စစ်အာဏာရှင် စစ်ဦးစီးချုပ်ဆိုသည့် ရာထူးကို သမ္မတဆိုသည့် ရာထူးသို့ ပြောင်းလိုခြင်းသာရှိသည်။
မြန်မာနိုင်ငံတွင်းရှိ မတည်ငြိမ်မှုများနှင့် မဆုံးနိုင်သည့် အကြပ်အတည်းများမှ အကျိုးကျေးဇူး ရနေသည်ဟု အာရှ နိုင်ငံများ ယူဆမှသာလျှင် စစ်အုပ်စုကို ဆက်လက ပံ့ပိုးပေးမှုသည် အဓိပ္ပာယ်ရှိမည်ဖြစ်သည်။ ယင်းသို့ မတည်မငြိမ် ဖြစ်နေခြင်းကြောင့် မဆုံးနိုင်သည့် စျေးပေါသည့် အလုပ်သမားရင်းမြစ် ရရှိနိုင်မည်ဖြစ်သလို ၎င်းတို့၏ အိမ်နီးချင်းသည် အတွင်းရေးကိုသာ ကြည့်နေရသည့် ကြားခံနိုင်ငံတခုအဖြစ် ရပ်တည်နေမည်ဖြစ်ပြီး မဟာဗျူဟာ ခြိမ်းခြောက်မှုအဖြစ် ပေါ်လာနိုင်မည်မဟုတ်ပေ။ ယင်းသို့လုပ်ဆောင်မှုကြောင့် ကြီးစွာသော စီးပွားရေးနှင့် လူမှုရေး အန္တရာယ်ရှိနေပြီး ယင်းလုပ်ဆောင်မှုသည်လည်း ရေရှည်တည်တန့်နိုင်မှု မရှိပေ။
မတ်ခီယာဗယ်လီဆန်သည့် ယင်းကဲ့သို့သော အကြံအစည်ထက် ပိုမိုဖြစ်နိုင်သည်မှာ ယင်းနိုင်ငံများသည် မြေပြင် တွင် ဖြစ်နေသည်ကို သိရှိမှု အကန့်အသတ်ရှိနေခြင်းကြောင့် ၁၉၉၀ ပြည့်လွန်ကာလကဲ့သို့သော အခြေအနေမျိုး ပြန်လည်ပေါ်ပေါက်လာမည်၊ နိုင်ငံကို ခိုင်မာစွာ ပြန်လည်အုပ်ချုပ်နိုင်မည်ဟု ယူဆကာ ကျရှုံးလျက်ရှိသည့် စစ်တပ်ကို ဖက်တွယ်နေခြင်းဖြစ်မည်။ အဆိုပါ နိုင်ငံများအနေဖြင့် နေပြည်တော် စစ်အုပ်စုနှင့် အခြေခံ အဆောက်အဦ စီမံကိန်းများ လက်မှတ်ရေးထိုးနိုင်မည်ဖြစ်သော်လည်း ယင်းစီမံကိန်းများ လုံခြုံရေးကို စစ်အုပ်စုက အာမခံနိုင်မည် မဟုတ်ပေ။ ယင်းစီမံကိန်း အကောင်အထည်ဖော်ရေး ဗျူရိုကရေစီစွမ်းရည် မရှိသလို ဘဏ္ဍာငွေ ထောက်ပံ့နိုင်သည့် စွမ်းရည်လည်း မရှိပေ။
‘ရှင်းရှင်းလင်းလင်း ရှိရမည့်အချိန်’
အဆိုပါ နိုင်ငံများအနေဖြင့် ပိုမိုလက်တွေ့ကျပြီး ကျိုးကြောင်းဆီလျော်သည့် မဟာဗျူဟာဖြင့် ချဥ်းကပ်ခြင်းမရှိပါက Track 1.5 ဆွေးနွေးပွဲများ၊ စစ်ဗိုလ်ချုပ်များနှင့် ထိတွေ့ဆက်ဆံနေခြင်းမှ ပေါ်လာနိုင်သည့် ရလာဒ်သည် အဆိုပါ နိုင်ငံများ၏ လုပ်ဆောင်ချက်သည် မြေပြင်တွင် ဖြစ်ပွားနေသည်များနှင့် ဝေးကွာလာသလို လုပ်ဆောင်ချက်များသည် ဆီလျော်မှုမရှိဖြစ်လာမည်။ ခုခံရေး အင်အားစုများနှင့် အလုပ်လုပ်ကိုင်ရေး နည်းလမ်းရှာဖွေနိုင်သည့် နိုင်ငံများ၊ ကုမ္ပဏီများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကသာ လက်တွေ့သက်ရောက်မှုရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံကို ဦးဆောင်နေရာမှ ထားရှိသည့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ချဥ်းကပ်မှုသစ် ရှာဖွေရန် အသည်း အသန်လိုအပ်နေပြီဖြစ်သည်။ သို့မဟုတ်ပါက ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ဆီလျော်မှု မရှိဖြစ်လာမည်။ တချိန်တည်းတွင် ရင်းမြစ်များ ဆာလောင်နေသည့် တရုတ်နိုင်ငံသည် ၎င်းတို့၏ ကောင်းမွန်စွာ ချမှတ်ထားသည့် ရည်မှန်းချက်များနှင့် မဟာဗျူဟာကို အကောင်အထည်ဖော်ရန် အသင့်ရှိနေသည့် တခုတည်းသောနိုင်ငံ ဖြစ်နေသည်။ ထို့အတွက်ကြောင့် နိုင်ငံတကာ ဒီမိုကရေစီနိုင်ငံများအနေဖြင့် ပိုမို တိုက်ရိုက်ကျသည့် ချဥ်းကပ်မှုကို လုပ်ဆောင်ရန် လိုအပ်သည်။ ဂျပန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် အနောက်နိုင်ငံများ ပါဝင်သည့် “အာဆီယံ +” ချဥ်းကပ်မှုကိုပင် လုပ်ဆောင်သင့်သည်။ ၎င်းတို့၏ ပထမဦးစားပေး ရည်မှန်းချက်သည် စစ်တပ်ကို နိုင်ငံရေးမှ လုံးဝထုတ်ပေးရေး အတိုက်အခံများကို ကူညီပေးရန်၊ တချိန်တည်းတွင် ပြည်နယ်နှင့် ပြည်ထောင်စု အဆင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ ခိုင်မာရေး လုပ်ဆောင်ပေးရန် စ်သည်။
ဤ လူလုပ် အကြပ်အတည်း တခုလုံးကို ဖြေရှင်းရေး သိသာထင်ရှားသည့် အဖြေများကို မည်သည့် နိုင်ငံခြား ဒီမိုကရေစီနိုင်ငံမျှ ရှင်းလင်းစွာ ဖော်ထုတ်နိုင်ခြင်း မရှိခြင်းက မည်သည့်အတွက် ရလာဒ်အနည်းငယ်သာ ထွက်နေသေးသည်ကို ခိုင်မာစွာ ညွှန်ပြလျက်ရှိသည်။
(ဆောင်းပါးရှင် Kim Jolliffe သည် မြန်မာနိုင်ငံရှိ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ၂၀၀၈ ခုနှစ်ကတည်းက အလုပ်လုပ်ဆောင်လျက်ရှိသည့် စာရေးဆရာနှင့် သုတေသီတဦး ဖြစ်သည်။ မြန်မာနိုင်ငံနှင့်ဆိုင်သည့် ပဋိပက္ခ၊ လုံခြုံရေး၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၊ လူ့အခွင့်အရေးဆိုင်ရာ စာတမ်းနှင့် ရီပို့ပေါင်း ၂၀ ကျော် ရေးသားထားပြီးဖြစ်သည်။)
၃၊ မေ၊ ၂၀၂၃
(မူရင်း – https://thediplomat.com/…/myanmars-military-is-no…/)
Be the first to comment