1
ညီ Z
‘နိုင်ငံက အန်ဒါမယ်လီထရီကုမှာလေကွာ’
အဲဒီနေ့ မနက်မှာတင်
နိုင်ငံရေးဆို လေသံတောင် မဟနဲ့ ဆိုတဲ့
ငါ့အဖွားလေးကို မုန်းမိတာပဲ ။
သူတို့က ခဏထိန်းရုံပါဆိုတဲ့ ဦးလေးကိုလည်း
ငါ မျက်မှောင်ကုပ် ကြည့်မိ ။
အလကား မင်းမဲ့စရိုက်တွေဆူပူနေကြတာ ဆိုတဲ့
မြေညီထပ်က ရပ်ကွက်လူကြီးကိုလည်း
အဲဒီ မနက်ကတည်းက ငါနှုတ်မဆက်တော့ဘူး ။
အုတ်နံရံကို ခေါင်းနဲ့တိုက်နေလို့
ဘာထူးမှာလဲ ဆိုတဲ့ ရပ်ကွက်ထဲက
အတူသောက်နေကျ အစ်ကိုကြီးတွေကိုလည်း
ငါစိတ်တို ။
လေးလလောက် ကြာတော့
ဆွဲခြင်းကလေး ဆွဲပြီး
တစ်လှမ်းချင်း လျှောက်လာတဲ့
ဆင်မယဉ်သာ ဆရာမလေးလည်း
ငါ ကြည့်ရတာ ရိုင်းသွားပြီ ။
ရာထူးတိုးသွားတဲ့ ငါ့ မိတ်ဆွေကြီးရဲ့
ဂုဏ်ပြုညစာစားပွဲကိုလည်း
ငါ အသိမှတ်မပြုနိုင်တော့ပြီ ။
ထောင်ထဲရောက်တော့လည်း
ဆန္ဒပြတဲ့ လူငယ်တွေကို
အရှုပ်အထုပ်တွေလို့ မြင်တဲ့
အကျဉ်းသားတွေနဲ့
ငါနဲ့ တွေ့ပြီ ။
ထောင်ပြင် ပြန်ရောက်တော့လည်း
ကလပ်တက်ဖို့ လာခေါ်တဲ့ ဘော်ဒါတွေနဲ့
ငါ့ စိတ်နဲ့ မဖြစ် ။
ထောင်ကျရခြင်းဟာ
အတိတ်ကံကြောင့် ၀ဋ်ကြွေးကြောင့်လို့
ဆုံးမစကား ဆိုတဲ့ လူကြီးသူမတွေကိုလည်း
ငါ စိတ်ပျက် ။
ဘာတွေလုပ်ခဲ့လို့ ဘယ်တုန်းကတည်းက
နိုင်ငံကြီးတွေ ရောက်သွားမှန်း မသိတဲ့
သောကကင်းဝေး နေနိုင်ရေးတွေ
ဟောပြောပို့ချနေသူတွေကိုလည်း ငါစိတ်ကုန် ။
သံသရာမှ တစ်ကိုယ်တော် လွတ်ညား ၊
နိဗ္ဗာန်ချမ်းသာကို တစ်ယောက်တည်း ရညား
ပိုက်ဆံတွေ အထပ်လိုက် ဘုရားကျောင်းထဲ
ပစ်ထည့်နေတဲ့ လူချမ်းသာတွေကိုလည်း ငါအံ့သြ။
ရုံးပိတ်ရက်တွေမှာ ပွဲဈေးတန်းဘက်
လာရောက် တိုးဝှေ့စည်ကား
၂ နှစ်အတွင်းမှာ ငြိမ်ဝပ်ပိပြားသွားတဲ့
ငါ့ မြို့သားတွေကို ကြည့်ပြီးတော့လည်း
ငါ စိတ် လေ ။
ကျောင်းကပွဲမှာ ၀င်ပါဖို့
skin care နေတယ် ဆိုတဲ့
ငါ့၀မ်းကွဲညီကိုလည်း ငါ မုန်း
စိုင်းစိုင်းခမ်းလှိုင် ရှိုးပွဲ ကြည့်ချင်တယ်ဆိုတဲ့
ငါ့တူမလေးကိုလည်း ငါ မုန်း
စမိုင်းရဲ့ဘဝကို အားကျတယ် ဆိုတဲ့
ငါ့ကျောင်းနေဖက် သူငယ်ချင်းမကိုလည်း ငါမုန်း
လွတ်မြောက်ရာ အစစ်မှန်ကိုတွေ့သွားပြီ ဆိုတဲ့
တရားစခန်းက ငါ့ အန်တီကိုလည်း ငါမုန်း၊
ဘ၀ရှေ့ရေးအတွက် ပယောဂ ဂိုဏ်းတစ်ဂိုဏ်း နဲ့
အဆက်အသွယ် လုပ်ထားပြီးပြီ ဆိုတဲ့
ငါ့ အစ်ကို၀မ်းကွဲကိုလည်း ငါ မုန်း ၊
ကထိန်ခင်းဖို့ ငါ့ အမေဆီမှာ အလှူလာခံနေတဲ့ ရပ်ကွက်ထဲက မိန်းမတွေ၊
ညနေတိုင်း တောင်ပေါ် ဘုန်းကြီးကျောင်းကနေ
လော်စပီကာနဲ့ အော်နေတဲ့ ဓမ္မစကြာအဖွဲ့ ၊
၃နှစ်ကြာပြီးတဲ့နောက်
မနက်အစောကြီး နိုင်ငံတော်အလံအား
အလေးပြုဆိုတဲ့
ကျောင်းသားလေးရဲ့ စောက်သံ ၊
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး
သရုပ်ဆောင်နေတဲ့
စောင်ကလေးလေးတွေက အစ
အားလုံး ငါ ဍလိုက်မုန်း ။
လေးနှစ်ကျော်လာချိန်မှာတော့
ရန်သူစခန်းတစ်ခု ကျသွားတိုင်း
ငြိမ်းချမ်းရေးတွေ
တွေ့ဆုံညှိနှိုင်းရေးတွေ ထပြောနေတဲ့
မိတ်ဆွေ စာပေပညာရှင်ကြီးတွေကို ငါ မုန်းမိ ။
ငါ နေရင်းထိုင်ရင်း အမုန်းတရားတွေနဲ့
ယားယံ ၊ ငါ သွားရင်းလာရင်း အမုန်းတရားတွေ
နှခေါင်းကနေ လျှံ ထွက် ၊ ငါပြောရင်းဆိုရင်း
အမုန်းတရားတွေ ဝေါ့ကနဲ အန်ထွက် ။
အိပ်ယာထတာနဲ့
အဲဒီ အတိတ်နမိတ်ဆိုး မိုးသား တိမ်တိုက် တစ်ခုက
ငါ့ရဲ့ ကောင်းကင်မှာ နေ့စဉ်စွဲကပ်
လိုက်ပါနေတာ လေးနှစ်ကျော်ပြီ ။
ငါ နားလည်တယ်
တကယ်တော့ သူတို့နဲ့ တော်လှန်ရေးက
အဝေးကြီးလေ ။
ငါ နားမလည်ဘူး
တကယ်တော့ သူတို့နဲ့ အာဏာရှင်က နီးနီးလေးလေ ။
ယုံမှားသံသယဖြစ်မှုကို တော်လှန်ရေးကြီးဘက် ပုတ်ထုတ်လိုက်ချင်မိတဲ့ အထိ
မသိသားဆိုးရွားသူတွေက
များပြားနေတုန်းပဲ ။
ကမ်းမွန် အဲဗရီးဝမ်း
ငါမြန်မြန် ပြန်ချစ်ပါရစေတော့ ။ ။
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
