
“နိုင်ငံရေးကပ်ပါးကောင်”

ကပ်ပါးကောင်ရဲ့ အဓိက ဝိသေသကို ပြောပါဆိုရင် ‘လက်ခံကောင်’ပေါ် လုံးဝ မှီခိုနေတယ် ဆိုတာပါပဲ။ လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန်ပဲဖြစ်ဖြစ်၊ ပိုးကောင်မွှားကောင်လေးပဲဖြစ်ဖြစ် အသက်ရှင်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့၊ မျိုးပွားဖို့ဆိုတဲ့ ဘဝပေး တာဝန်ကြီးတွေ ရှိတယ်။ အဲ … အသက်ရှိတယ်လို့ ယူဆကြတဲ့ သစ်ပင်ကြီးငယ်တွေလည်း ပါတာပေါ့။ ဒီနေရာမှာ အရေးကြီးဆုံးက အသက်ရှင် ရပ်တည်နိုင်ဖို့ပေါ့။ ရှင်သန်ရမယ်၊ ပြီးမှာ ဘာညာဘာညာကိစ္စတွေ လာမယ် နော်။ ကြီးထွားဖွံ့ဖြိုးမှုက ဒုတိယ အရေးကြီးပါတယ်။ ပြီးမှ ဘာညာဘာညာ။ ခုတော့ ကောသလအိပ်မက်ထဲကလို အသက်ရှင်မယ် ပြီးရင် မျိုးပွားမယ်ဆိုပြီး အဆင့်ကျော်ချင်နေတာကိုး။
အဲ … ကပ်ပါးကောင်အကြောင်း ဆက်ပြောလိုက်ပါဦးမယ်။ ကပ်ပါးကောင်တွေကတော့ သူတို့ ရှင်သန် ကြီးထွား မျိုးပွားမှုကိစ္စ အရပ်ရပ်တွေကို လက်ခံကောင်ရဲ့ တာဝန်ဆိုပြီး လုံးလုံးပုံအပ်ထားပါတယ်။ လက်ခံကောင်ဟာ လူလည်းဖြစ်နိုင်တယ်၊ တိရစ္ဆာန်တကောင်ကောင်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ကပ်ပါးကောင်တွေလို ပိုးမွှား အကောင်ငယ်လေးတွေလည်း ဖြစ်နိုင်တာပါပဲ။ အံ့ဩစရာနော်။ ကပ်ပါးကောင်ဟာ အချင်းချင်းလည်း ကပ်စားတာပါပဲ။ ဥပမာပြောရရင် ပီဒီအက်ဖ်ရဲဘော်တွေက တခြား ပီဒီအက်ဖ်ရဲဘော်တွေဆီကနေ လက်နက်ခဲယမ်းတွေကို အမြတ်ကြီးကြီးပေးပြီး ပြန်ဝယ်ရသလိုပေါ့။
နောက်တခုက ကပ်ပါးကောင်တွေဟာ သူ့အောက် အဆင့်နိမ့်တဲ့၊ ဇီဝကမ္မသဘောဆို နိမ့်ပါးမယ် ထင်ပါတယ်၊ အပင်ကြီးငယ်တွေမှာ ခိုကပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကြီးကြီးကျယ်ကျယ် ပြောရမယ်ဆိုရင် မြင်လေရာရာ ကပ်ပါးကောင်တွေချည်းပဲလို့ ပြောလို့ရပါတယ်။
လူတွေကို သေချာ အနုစိတ်ကြည့်လိုက်၊ ကပ်ပါးကောင်တွေက ထုနဲ့ဒေး။ ခန္ဓာကိုယ်ပြင်ပ၊ ခန္ဓာကိုယ်တွင်း ကပ်ပါးကောင်တွေ ရှိရဲ့။ လူ့အရေပြားပေါ်၊ လူ့အမွေးအမျှင်တွေကြားထဲ၊ ဒွါရကိုးပေါက်ထဲ၊ မွေးညှင်းပေါက်တွေထဲ။ အစာအိမ်နဲ့ အူလမ်းကြောင်းထဲ နိစ္စဓူဝ ဝင်ထွက်သွားလာနေကြတယ်။ အော် … အစာရေစာ အဓိကကိုး။ ကပ်ပါးကောင်ဆိုတာ ကပ်စားချင်လို့ကို ကပ်နေတာဆိုတော့ အစာအိမ်နဲ့ အူလမ်းကြောင်းလို နေရာကောင်းတွေမှာ အဓိက နေတာပေါ့။ ဒါပေမယ့် သန့်စင်ပါတယ်ဆိုတဲ့ နှလုံးတို့ ဦးနှောက်တို့အထိတောင် ထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။ အသည်းပြည်တည်နာ၊ အဆုတ်ပြည် တည်နာတို့ဆိုတာ ကပ်ပါးကောင်တမျိုးကြောင့်လည်း ဖြစ်နိုင်တယ်မဟုတ်လား။
တချို့ကပ်ပါးကောင်တွေကျ ဉာဏ်ကောင်းတယ်၊ သူတို့ရှိမှန်းတောင် မသိရဘူး။ အသာလေး ကပ်စားနေတာ။ မသိမသာလေးပေါ့။ တိတ်တိတ်လေး ရှင်သန်တယ်။ ကပ်နေတာတော့ ဟုတ်တယ်။ ဘာမှ ပင်ပင်ပန်းပန်း လုပ်မစားတာတော့ ဟုတ်တယ်။ နေလို့ရတဲ့နေရာ၊ ချောင်တချောင်မှာ အသာလေး ကပ်နေတယ်။ တိတ်တိတ်လေး ကြီးထွားအရွယ်ရောက်တယ်။ အရွယ်ရောက်တာသာပြောတယ် မသိမသာလေး။ သာသာကလေး မင်္ဂလာဆောင်တယ်။ အော်ကြီးဟစ်ကျယ်တွေ မလုပ်ဘူး။ အများကြီးလည်း မျိုးဆက်မပွားဘူး။ လက်ခံကောင်အနေနဲ့ သိသိသာသာကြီး ထိခိုက်မှုမရှိတော့၊ သားကြီး အေးဆေးပေါ့လေ။
တချို့ကောင်တွေကတော့ အစပိုင်း အေးဆေးပဲနေတာပါ။ လူကြီးမိဘ အုပ်ထိန်းမှုအောက် ကြီးပြင်းလာရတဲ့ ကလေးတွေလိုပေါ့။ ဒါပေမယ့် ဗွေဆိုးက ပါလာတယ်။ အုပ်ထိန်းမှုအောက်ကလည်း လွတ်ရော၊ ဇောင်းကလွှတ်လိုက်သလို ကဆုန်ပေါက် ဆင်းတော့တာပဲ။ ကိုယ်တွင်းမှာပဲဖြစ်ဖြစ် ပြင်ပမှာပဲ ဖြစ်ဖြစ် အဲလိုကောင်တွေ အများကြီး။ လူက နေမကောင်းလည်းဖြစ်ရော ကိုယ်ခံအားနည်းမှုအပေါ် အခွင့်အရေးယူပြီး နောက်ထပ် နောက်ထပ် ရောဂါတွေ ထပ်ပေးတော့တာပဲ။ အရေပြားပေါ် မသိမသာနေနေတဲ့ အကောင်တွေ၊ ထိခိုက်ရှနာလည်းဖြစ်ရော အရေပြားထဲဝင်ပြီး အနာဖြစ်ဟ၊ ရောင်ဟ၊ နာဟနဲ့ တခါတလေ ဖျားတောင်ယူရတယ်။ ပေါင်ခြေ၊ ချိုင်းကြား အလုံးအဖုတွေ ဖြစ်ကုန်တာပေါ့။
သန်လုံးသန်ပြား စတဲ့ကောင်တွေကတော့ ရောက်ကတည်းက စားမယ်ဆိုတာချည်းပဲ။ လူက နည်းနည်းစား၊ သူတို့က အကုန်စား။ တချို့သန်တွေက အူနံရံလိုနေရာမျိုးမှာ ချိတ်ထား ကပ်ထားတယ်။ လူက အစာမကျွေးဘူးနော်၊ သွေးတွေ ဖောက်စုပ်ပစ်တယ်။ အေး၊ ခင်ဗျားတို့ ထောက်ပံ့မပေးဘူးနော်၊ ကိုယ့် ဘာသာ ရှာစားမယ်၊ အဲသလို။ အဲဒီတော့ လက်ခံကောင်ခမျာ စားသလောက် မဝ။ ‘စားကာစား၏ မဝ’။ ‘သွားကာသွား၏ မရောက်’။ အဲဒါအပြင် အသားအရေ ဖြူဖျော့၊ ပိန်ကပ်၊ သွေးစုပ်ဖုတ်ကောင်လို့ အထင်မှားဖွယ်ပါပဲ။ တကယ်က သူကိုယ်တိုင်က သွေးစုပ်ဖုတ်ကောင်မဟုတ်ဘူး၊ သူမသိလိုက်ဘဲ သွေးစုပ်ဖုတ်ကောင်တွေ လက်ခံထားမိနေတာ။
တချို့ကောင်တွေကျတော့ ကန်တော့ပါရဲ့၊ ‘ဖင်ယား’ ခိုင်းတာ။ လူထူထူဆို ယားပြီ။ မသိမသာ ပွတ်လည်းမရ။ အခြေအနေမပေးပါဘူးဆို ‘ပွတ်ပွတ်ထ’ လာပါရော။ ယားတယ်။ လူအလစ်စောင့်ပြီး ကုတ်ပေးရတယ်။ မရဘူး။ တချို့ဆို အနာတွေ ဘာတွေဖြစ်လို့။ မသိနားမလည်တဲ့ ကလေးတွေဆို သနားစရာ၊ မရှက်မကြောက် ‘ကုတ်ပေးပါဦး၊ ကုတ်ပေးပါဦး’ အော်တတ်တယ်။ နားမလည်တဲ့ လူကြီးဆိုရင် ငေါက်တာပေါ့။ သနားတတ်တဲ့ လူကြီးဆိုရင် ဖြဲပြီး အကောင်ရှာပေးတာပေါ့။ ပညာတတ် အထက်တန်းစားတွေကတော့ (၆) လတကြိမ် သန်ချဆေး တိုက်ပေးတာပါပဲ။ ဆေးနဲ့ ဝေးလွန်းတဲ့ကလေးတွေ၊ သန့်ရှင်းရေးအားနည်းတဲ့ ကလေးတွေ၊ အစားသရမ်းတဲ့ ကလေးတွေဆိုရင် ‘ဖင်ယား’ တတ်တာပါပဲ။ ကလေးမှ မဟုတ်ပါဘူး၊ တချို့လူကြီးတွေလည်း ယားတုန်းပါပဲ။ ဒီကြား ထဲ ရိုးရာကိုင်တယ်ထင်ပြီး မုန့်ဖြူမုန့်နီ တင်တဲ့လူက ရှိသေး။
တချို့ကောင်တွေက လူလည်၊ အဲလေ … ကပ်လည်။ ကိုယ့်နေရာမှာတုန်းက ငြိမ်ကုတ်နေတာ။ မခုတ်တတ်တဲ့ ကြောင်ပေါ့။ အဲ … တခြားနေရာလည်း ရောက်သွားရော … ‘ကဲသာ ကဲ … ဆွဲသာ ဆွဲ …’ တွေ ဖြစ်ကုန်တယ်။ ဥပမာပြောရရင် ငှက်ဖျားပိုးပေါ့။ ဒီကောင်တွေထဲက တမျိုးက အဲလိုကောင်မျိုး။ အမေ့အိမ်မှာတုန်းက အိပ်နေတဲ့အတိုင်းပဲ၊ ငြိမ်နေတာ။ အဲ … အပြင်ရောက်၊ သွေးနီဥထဲလည်း ရောက်ရော ကဲလိုက်တာ၊ ကွဲထွက်တဲ့အထိပဲ။ အဲဒီမှာ ချမ်း တုန်ဖျားတွေ ဘာတွေ ထဖြစ်ကုန်တယ်။ ရှေးလူကြီးတယောက်ဆို ဒီလို ငှက်ထပြီဆိုရင် စောင်အထူကြီးတွေ ထပ်ထပ်ခြုံ၊ တဟီးဟီး ညည်း၊ ပြီးတော့ ရွှေမန်းတင်မောင် ဇာတ်ထုပ်တွေ ခင်းတော့တာပဲ။ ‘အရင်မိန်းမဖို့ ရွှေ … ဒီ ရွှေ၊ နောက် မိန်းမဖို့ ရွှေ … ဒီရွှေ …’ ရွှေတွေအတွက် ‘ရွှေ’ ပေါ့လေ။ အဖျားကျသွားတော့ သူမဟုတ်တဲ့အတိုင်းပါပဲ၊ အေးဆေး … သားကြီးတို့ အေးဆေး ပြန်ဖြစ်သွားတယ်။
ကပ်ပါးကောင်တွေက အများကြီးပဲ။ မြင်လေရာ ဘယ်ကြည့်ကြည့် ကပ်ပါးကောင်တွေရှိတယ်။ ခန္ဓာကိုယ်တွင်း ကိုယ်ပ ကပ်ပါးကောင်တွေချည်းပဲ။ လူတင်မကဘူး၊ တိရစ္ဆာန်လေးတွေအပေါ်တောင် ခိုကပ်စားနေတဲ့ ကောင်တွေရှိတယ်။ အော် … သနားစရာပဲအေ ဆိုပြီး ‘ထမင်းရည် ကူသောက်’ သွားတဲ့ ကောင်တွေရှိတယ်။ ကိုယ့်လောက် မချမ်းသာတဲ့၊ ဘာမှမပြောတတ်တဲ့ အပင်ငယ်လေးပေါ်မှာတောင် ကပ်ပါးကောင်တွေရှိတယ်။
အိုကွာ … ကုန်ကုန်ပြောမယ်၊ ကပ်ပါးကောင်ပေါ်မှာတောင် ကပ်ပါးကောင်တွေ ကပ်နေတတ်တယ်။
၁၇.၃.၂၀၂၅ နေ့လည် ၁ နာရီ ၀၆ မိနစ်။
Be the first to comment