နိုင်ငံသားတယောက်၊ မောင်းပြန်သေနတ်တလက်နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု

by The Call
60 views

“နိုင်ငံသားတယောက်၊ မောင်းပြန်သေနတ်တလက်နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု”

◼️အော်စွန်းမိုင်

နိုင်ငံသား တယောက်တိုင်း တယောက်တိုင်းမှာ မောင်းပြန်သေနတ် တလက်စီရှိရမယ်။ ကိုင်ဆွဲထားရမယ်။ အာဏာရှင်စနစ်ရဲ့ ဖိနှိပ် ချုပ်ခြယ် နှိပ်ကွပ် ရက်စက်မှုတွေ၊ မတရားမှုတွေကို ခုခံကာကွယ်ဖို့ နိုင်ငံသားတယောက်တိုင်းမှာ မောင်းပြန်သေနတ်တလက် ရှိရမယ်။

အာဏာရှင်တွေရဲ့ ရက်စက် ယုတ်မာမှုတွေ၊ အနိုင်ကျင့်တာတွေ၊ မီးရှို့၊ လူသတ်၊​ မုဒိန်းကျင့်၊ ပစ္စည်းယူ၊ စော်ကားမော်ကား ပြုကျင့်နေတာတွေကို တော်လှန်ပစ်ဖို့ နိုင်ငံသားတယောက်တိုင်းမှာ မောင်းပြန်သေနတ်တလက် ရှိရမယ်။

နိုင်ငံသားတိုင်းက မောင်းပြန်သေနတ်တလက်စီ ကိုင်စွဲနိုင်တဲ့ အနေအထားကို ရောက်ရှိအောင် ထူထောင် ဖန်တီးကြရမယ်။ နိုင်ငံသားတယောက်တိုင်း တယောက်တိုင်း မောင်းပြန်သေနတ်တလက်စီ ရရှိကြပြီဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့ တန်းတူညီမျှမှုတို့အတွက် ညီညီညွတ်ညွတ် စုပေါင်း တည်ဆောက်ယူနိုင်ကြမယ်၊ ဖန်တီး ကာကွယ်နိုင်ကြမယ်၊ ခုခံ ဟန့်တားနိုင်ကြမယ်။

ဒီမိုကရေစီရေးအတွက် နိုင်ငံသားတယောက်မှာ မောင်းပြန်သေနတ်တလက် ကိုင်စွဲထားရမယ်။

လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာအတွက် နိုင်ငံသားတယောက်မှာ မောင်းပြန်သေနတ်တလက် ရှိနေရမယ်။တန်းတူညီမျှမှုအတွက် နိုင်ငံသားတယောက်က မောင်းပြန်သေနတ်တလက်ကို မြဲမြံစွာ ကိုင်စွဲထားရမယ်။

ရှေးကာလ ဂရိတွေ ကောင်းစားစဥ်က စပါတာမြို့ပြနိုင်ငံမှာ စပါတာသားအားလုံး ကျန်းမာသန်စွမ်းကြရတယ်။အတိုက်အခိုက်၊ စစ်ပညာ သင်ယူထားကြရတယ်။ သူတို့ စပါတာနိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်ကြဖို့ သာမိုပီလေးတောင်ကြားမှာ စပါတာတွေ နိုင်ငံတော်အတွက် အသက်ပေးလှူ ခုခံကာကွယ်ခဲ့ကြတာ မော်ကွန်းတင်ထားပြီးသားပဲ။

နိုင်ငံသားတယောက် မောင်းပြန်သေနတ်တလက် ဆွဲကိုင်ထားခြင်းက လွတ်လပ်ရေးရဲ့ အခြေခံ လောကပါလ တရားသုံးပါးဖြစ်တဲ့ လွတ်လပ်ခြင်း (Liberty)၊ တရားမျှတခြင်း (Justice) နဲ့ ခွင့်တူညီမျှခြင်း (Equality) တို့ကို ကာကွယ် စောင့်ရှောက်နိုင်မှာဖြစ်သလို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုမှာလည်း ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ကို ရွေးချယ် ဖော်ဆောင်နိုင်မှာဖြစ်တယ်။ တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရရှိဖို့ အာမခံမှာလည်းဖြစ်တယ်။
မောင်းပြန်သေနတ်တလက်စီ​ ဆွဲကိုင်ထားကြတဲ့ နိုင်ငံသား တယောက်တိုင်း တယောက်တိုင်းရဲ့ စိတ်မှာတော့ ညီနောင် သွေးချင်းစိတ်ဓာတ် (Spirit of Brotherhood) ကိန်းအောင်းနေကြရမယ်။​ ဒါမှသာ အချင်းချင်း ရိုင်းပင်း စာနာ ထောက်ထားနိုင်ကြပေမယ်။

ပါလက်စတိုင်း ခေါင်းဆောင်တယောက် သေနတ်တလက် လက်တဘက်မှာ ကိုင်ခဲ့ပြီး ကျန်လက်တဘက်က သံလွင်ခက် ကိုင်ခဲ့တယ်။ လက်နက်နဲ့ လွတ်မြောက်ရေးဆောင်ရွက်ပြီး ငြိမ်းချမ်းရေးပန်းတိုင်ကို ရည်မျှော် ကြောင်း သင်္ကေတ ပြခဲ့တာကို အမှတ်ရကြပါ။
ဒီနိုင်ငံမှာလည်း ဒီမိုကရေစီရေး အောင်လံထူပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ် ထူထောင်ပေါ်ထွန်းဖို့ နိုင်ငံသားတယောက်တိုင်းက မောင်းပြန်သေနတ်တလက်ရှိနေဖို့၊ ကိုင်ဆွဲထားဖို့ လိုအပ်နေပြီ။

နိုင်ငံသားတယောက်တိုင်း မောင်းပြန်သေနတ်တလက်စီ ကိုင်ဆောင်နိုင်တဲ့အချိန်မှာ အာဏာရှင်စနစ်ကို အပြီးတိုင် ဖြိုလှဲ အဆုံးသတ်နိုင်မှာဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်တယ်။

အဆုံးသတ်တိုက်ပွဲပြီးလို့ နိုင်ငံသားတွေ အောင်ပွဲခံတဲ့အခါမှာ မောင်းပြန်သေနတ်တွေကို နံရံမှာ ချိတ်ဆွဲထားပြီး သေနတ်ပြောင်းဝတွေထဲ ပန်းပွင့်တွေ ထိုးစိုက်ထားကြရုံသာ။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment