နီးကပ်လာတဲ့ ရွေးကောက်ပွဲ

ကျော်​​ဇောခိုင်

by The Call

⁨ ⁨”နီးကပ်လာတဲ့ ရွေးကောက်ပွဲ”

– သတင်းသုံးသပ်ချက်​ဆောင်းပါး –
■ ကျော်​​ဇောခိုင်

ဒီဇင်ဘာ ၂၈ ကနေ ဇန္နဝါရီလဝက်အထိ ကျင်းပမယ်လို့ ကြေညာထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ တဖြည်းဖြည်း နီးကပ်လာနေတယ်။ မန္တလေးစျေးချိုအနီးမှာ ကိုတေဇာဆန်းနဲ့ လူငယ်တချို့ဦးဆောင်ပြီး ဆန္ဒပြပွဲတခုကို ဒီဇင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့တယ်။ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ မဲမပေးဖို့နဲ့ စစ်မှုထမ်းဥပဒေကို ကန့်ကွက်ဖို့ စတဲ့အချက်တွေကို တိုက်တွန်း ဟောပြောသွားခဲ့ကြတာ တွေ့ရတယ်။

‘တရုတ်ဘက်ကအသံ’
ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချလိုတဲ့ စကမဘက်ကသာမကဘဲ တရုတ်ကလည်း အလျင်အမြန် ပြီးစီးလိုပုံရှိတယ်။ လက်ရှိအနေအထားမှာ တရုတ်ဟာ စစ်တပ်ဘက်ကို အပြည့်အဝ ထောက်ပံ့နေတယ်ဆိုပေမယ့် သူ့အတွက် သိသာထင်ရှားတဲ့ အကျိုးအမြတ်တစုံတရာ ပေါ်ထွက်လာခြင်း မရှိသေးဘူး။ စစ်တပ်ဘက်က အာမခံထားတဲ့ လုပ်ငန်းတွေနဲ့ စီမံကိန်းတွေကို လက်ရှိအခြေအနေတွေမှာ (စစ်အာဏာသိမ်းကော်မရှင်နဲ့) စတင်တာထက်စာရင် ရွေးကောက်ပွဲကို ကြားခံအသုံးပြုပြီး ဖွဲ့စည်းလာတဲ့ အစိုးရတရပ်နဲ့‌ ဆောင်ရွက်တာဟာ (တရားဝင်တယ် မဝင်ဘူးဆိုတာက တပိုင်းထားလို့) ပိုပြီး ကျိုးကြောင်း ဆီလျော်လိမ့်မယ်လို့ တရုတ်ဘက်က လက်ခံထားပုံရတယ်။

ရှမ်းမြောက်မှာ MNDAA နဲ့ TNLA ကို ထိန်းချုပ်ထားပြီးတဲ့နောက် တရုတ်ဟာ ဒီရက်ပိုင်းမှာ အသံတခု ထပ်ထုတ်လာတယ်။ အဲဒါက ကချင်နဲ့ ရခိုင်ကို အတိုက်ရပ်ဖို့နဲ့ ပြည်နယ်တွေကို စီမံအုပ်ချုပ်ခွင့်ရဖို့ ရှိတယ်ဆိုတဲ့ သဘောမျိုး တိုက်တွန်းလာတာဖြစ်တယ်။ ဒီအတွေးအခေါ်ဟာ ရွေးကောက်ပွဲအလွန် အစိုးရသစ်တရပ်နဲ့ ဆက်စပ်နေတဲ့သဘော တွေ့ရတယ်။

ဆိုလိုတာက တရုတ်အစီအစဥ်မှာ အပိုင်း ၃ ပိုင်း ရှိနေတယ်လို့ မှန်းဆကြည့်နိုင်တယ်။ အပိုင်း ၁ က ရွေးကောက်ပွဲမတိုင်မီ စစ်တပ်ဘက်က ဆုံးရှုံးထားတဲ့နယ်တွေကို ရနိုင်သမျှရအောင် ပြန်တိုက်ယူ တောင်းယူတာဖြစ်တယ်။ တိုက်ယူတဲ့အပိုင်းကို လက်နက်ခဲယမ်းပံ့ပိုးပြီး တောင်းယူတဲ့အပိုင်းမှာ ရှမ်းမြောက်ကို ဖိအားနဲ့ ထိန်းချုပ်ပေးခဲ့တာဖြစ်တယ်။ အပိုင်း ၁ ဟာ အလုံးစုံ မအောင်မြင်ပေမယ့် အနေအထားတခုတော့ ပုံပေါ်လာခဲ့တာ တွေ့ရတယ်။

‘ရွေးကောက်ပွဲအလွန်’
အပိုင်း ၂ ဟာ ပြည်နယ်တွေကို အခြေခံဥပဒေဘောင် တခုအတွင်းကနေ ဖြေလျှော့ပေးဖို့ တရုတ်ဘက်က မှန်းဆထားပုံပေါ်တယ်။ ဒီအတွေးအခေါ်ကို မျှော်လင့်ချက်အဖြစ် ပုံပြောင်းပြီး ရှေ့မှာပြောခဲ့တဲ့ အေအေနဲ့ ကေအိုင်အေကို သိမ်းသွင်းဖို့ပဲဖြစ်တယ်။ ဒီနှစ်ဖွဲ့စလုံးကို စစ်တပ်က အပြတ်နိုင်အောင်တိုက်နိုင်ဖို့ဟာ မဖြစ်နိုင်သလောက်ဘဲ ဆိုတာကို တရုတ်အနေနဲ့ လက်ခံထားပြီးဖြစ်လိမ့်မယ်လို့ ယူဆရတယ်။ ဒီနေရာမှာ ရခိုင်နဲ့ ကချင်ဟာ စစ်တပ်နဲ့ ဆက်တိုက် တိုက်ပွဲတွေ တရစပ် ပြင်းပြင်းထန်ထန် ဖြစ်နေရတာကြောင့် အသားပေးပြောရတာဖြစ်ပြီး ကျန်ပြည်နယ်အားလုံးကိုလည်း ဒီသဘောပဲ စစ်ပွဲအတိမ်အနက်ပေါ် မူတည်ပြီး သိမ်းသွင်းရမယ့် အနေအထားမျိုးဖြစ်တယ်။

ဒီအစီအစဥ်မှာ ကျန်ရှိနေမှာက အပိုင်း ၃ ဖြစ်တဲ့ ဗမာစစ်တိုင်းတွေ (အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပီဒီအက်ဖ်တွေ) ပဲဖြစ်တယ်။ ဒီအပိုင်းမှာ ပြဿနာက ပြည်နယ်တွေလို နယ်မြေအပိုင်းအခြားနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာ မဟုတ်တော့ဘဲ တော်လှန်ရေးအင်အားစုတခုလုံး (တနည်း လက်နက်ကိုင်တော်လှန်ရေး) ကို ဘယ်လိုပုံစံ ပြန်လည် ပြုပြင် တည်ဆောက်ယူရမလဲ ဆိုတဲ့အပိုင်းဖြစ်တယ်။ တနည်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်မပါဘဲ ပြန်လည်ဆွေးနွေးယူဖို့ တည့်မတ်ဖို့ မလွယ်ကူနိုင်ဘူး ဆိုတာပဲဖြစ်တယ်။

ဒါက တရုတ်ဘက်က စဥ်းစားထားနိုင်တဲ့ပုံကို မှန်းဆကြည့်ရတာဖြစ်ပြီး စကမဘက်ကတော့ ရွေးကောက်ပွဲနဲ့တက်လာတဲ့ တရားဝင်အစိုးရ ဆိုတာကို ပထမဆုံးအဆင့်အနေနဲ့ ပုံဖော်ဖို့ကသာ အခရာဖြစ်ပြီး ကျန်တဲ့အပိုင်းတွေကိုအခြေအနေတွေပေါ် မူတည်ပြီး ဆက်ဖို့ဖြစ်တယ်။ ဒါပေမယ့် ကံကြမ္မာဟာ စကမကို မျက်နှာသာမပေးလိုတာ တွေ့ရတယ်။ ကျားဖြန့်ကိစ္စမှာ စစ်တပ်ဟာ နောက်ကွယ်က ပတ်သက်နေတယ်။ အကျိုးစီးပွားတခုကို ရယူနေတယ်လို့ အမေရိကန်ဘက်က ဖော်ထုတ် သတ်မှတ်လာခဲ့တာဖြစ်တယ်။ ဒီအခြေအနေဟာ စစ်တပ်ဘက်က ထင်မှတ်မထားတဲ့ အလှည့်အပြောင်းတခုဖြစ်တယ်။

ဒါကြောင့်လက်ရှိအနေအထားမှာ စစ်တပ်ရဲ့ အမေရိကန်လော်ဘီဟာ ပိုလို့ အရေးကြီးလာတယ်။ ဒီလော်ဘီဟာ ရွေးကောက်ပွဲနဲ့ အစိုးရသစ် ဆိုတာတင်မကဘဲ ကျားဖြန့်အကျပ်အတည်းထဲကနေ လွတ်မြောက်ဖို့ဖြစ်တယ်။ ရှေ့မှာ ဒီလို အကျပ်အတည်းတွေအတွင်းကပဲ စစ်တပ်ဟာ ဖြည်းဖြည်းချင်း ရှေ့ဆက်သွားခဲ့နိုင်တာ တွေ့ရတယ်။ ဆိုလိုတာက စစ်တပ်နဲ့ စစ်ခေါင်းဆောင်ကို အမေရိကန်ရဲ့ ဂျီနိုဆိုက်စွဲချက်တန်းလန်းကနေကိုပဲ အောက်ခြေအဆင့်မှာ စစ်တပ်နဲ့ အမေရိကန်ကိုယ်စားလှယ်အကြား တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားညှိနှိုင်းခဲ့တာတွေကိုကြည့်ရင် သိနိုင်တယ်။

‘IPFD’
ဒီနောက်ခံကားမှာ NUG ရဲ့ ဖွဲ့စည်းပုံအပြောင်းအလဲကနေ ထွက်လာတဲ့ ဒေါက်တာဆာဆာရဲ့ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အင်စတီကျူ (Institute of Peace and Federal Democracy) အဖွဲ့ ပေါ်ပေါက်လာတယ်။ အမေရိကန်မှာ တရားဝင်မှတ်ပုံတင်ပြီး တရားဝင် ဘဏ်စာရင်း ဖွင့်လှစ်ထားနိုင်ခဲ့တယ်လို့ ထုတ်ပြန်တာ တွေ့ရတယ်။ IPFD ဟာ ရွေးကောက်ပွဲကို မူအရ ဆန့်ကျင်တာတင်မကဘဲ အွန်လိုင်းစစ်တမ်းတခုနဲ့ လူထုထောက်ခံမှု မရှိဘူး၊ လွတ်လပ်မျှတမှု မရှိဘူး၊ အတုအယောင်ရွေးကောက်ပွဲဖြစ်တယ် ဆိုတဲ့ လူထုသဘောထားတရပ်ကို တင်ပြဖို့ လှုပ်ရှားမှုတခုကို ပြုလုပ်မှာဖြစ်တယ်။  ဒီဇင်ဘာလဝက်လောက်အတွင်းမှာကို အွန်လိုင်းအပလီကေးရှင်းတခု ထွက်ပေါ်လာနိုင်တယ်လို့ ခန့်မှန်းရတယ်။

စကမအတွက်တော့ လူအင်အားနဲ့ လက်နက်အင်အား ပြန်လည်ဖြည့်တင်းလာနိုင်တယ် ဆိုပေမယ့် ရင်ဆိုင်တိုက်ပွဲတွေမှာ ခက်ခဲဆဲ ကျရှုံးနေဆဲဖြစ်တာ‌ကို တွေ့ရတယ်။ တဘက်မှာ ဒီလိုတိုက်ပွဲတွေ အနိုင်ရရှိမှုဟာ တော်လှန်ရေးအင်အားစုတွေအတွက်  သိသာတဲ့အပြောင်းအလဲတခု ဖြစ်ပေါ်မလာတာကိုလည်း တွေ့ရပြန်တယ်။ ဒီဇင်ဘာ ၂၈-ဇန်နဝါရီ ၂၆ ရွေးကောက်ပွဲဟာ တော်လှန်‌ရေးကာလအတွင်း အားပြိုင်ကြည့်ကြတဲ့ ပုံမှန်ဖြစ်စဥ်တခုပဲလား၊ အပြောင်းအလဲတရပ်ကို ဖန်တီးလာနိုင်မလား၊ အွန်လိုင်းစစ်တမ်းနဲ့ မြေပြင်မဲပေးပွဲတွေမှာ လူထုကကော ဘယ်လိုပုံ တုန့်ပြန်လာမလဲ မကြာခင် မြင်တွေ့ကြရမှာဖြစ်တယ်။

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment