နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ

“နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများ”

◼️အော်စွန်းမိုင်

စစ်ကိုင်းတိုင်းက၊ မကွေးတိုင်းက၊ ကယားပြည်နယ်က၊ ချင်းပြည်နယ်က၊ ကချင်ပြည်နယ်က၊ တနင်္သာရီတိုင်းက၊ မွန်ပြည်နယ်က၊ ကရင်ပြည်နယ်က၊ ပဲခူးတိုင်းက၊ ရန်ကုန်တိုင်းက၊ ဧရာဝတီတိုင်းက၊ မန္တလေးတိုင်းက၊ ရှမ်းပြည်နယ်က ဒေသခံပြည်သူတွေ မိမိတို့ရဲ့ ရပ်ရွာနေအိမ်များ၊ ဥစ္စာစည်းစိမ်များ စွန့်ခွာထွက်ပြေးနေကြရတယ်။ ကယ်ဆယ်ရေးစခန်း ရောက်ရှိသူကရောက်ရှိ၊ ဒုက္ခသည်စခန်း ရောက်ရှိသူရောက်ရှိ၊ နယ်နိမိတ်ချင်း ထိစပ်နေကြတဲ့ နိုင်ငံများဆီ ခိုလှုံကြနဲ့ ပုံစံအမျိုးမျိုး အသွင်အပြင်အဖုံဖုံနဲ့ ဖြစ်ချင်တိုင်းဖြစ်နေကြတယ်။

နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့သူတွေက ထောင်ချီ သောင်းချီ သိန်းချီ ရှိနေကြတယ်။ စားဝတ်နေရေး၊ ခိုလှုံစရာအိမ်ယာ အဆောက်အဦမပြည့်မစုံနဲ့ တောကြားတောင်ကြား လျှိုမြောင်ကြား၊ ဗုံးခိုကျင်းတွေကြား အသက်ပေးပြေးလွှားရင်း ရှင်သန်နေကြရတယ်။ နေ့မြင်ညပျောက် ဘဝတွေ။

ရန်သူစစ်မိစ္ဆာတွေရဲ့ စစ်ကြောင်းထိုးမှုတွေ၊ လေယာဉ်နဲ့ ဝေဟင်ကနေ ဗုံးကြဲချမှုတွေ၊ အဝေးပစ်လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြတာတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့သူတွေအတွက် အန္တရာယ်ပါပဲ။ အသက်စွန့်ကြရမယ့် အန္တရာယ်တွေပါပဲ။ စွန့်လွှတ်ခဲ့ကြရတဲ့အသက်တွေလည်း မနည်းမနောရှိခဲ့ပြီ။ ရှိနေဆဲလည်းဖြစ်တယ်။ နောက်နေ့တွေမှာလည်း ဆက်ရှိနေအုန်းမှာပဲ။

နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေက ထွန်တုံး၊ ထွန်တံ၊ ထယ်သွားတွေ မကိုင်နိုင်ကြတော့ဘူး။ ဘောပင်တွေ ကွန်ပြူတာတွေ၊ တတ်ဘလက်တွေ မကိုင်နိုင် ကြတော့ဘူး။ မြေဖြူခဲ ကိုင်မယ့်လက်တွေလည်း လေထဲ ဝဲပျံနေကြပြီ။ ဆေးထိုးအပ်ကိုင်ရမယ့် လက်တွေလည်း ဗလာကျင်းလို့နေပြီ။

နေရပ်စွန့်ခွာ ထွက်ပြေးကြသူတွေက ရိုးရှင်းတဲ့ဘဝနဲ့ ဖြတ်သန်းကြီးပြင်းခဲ့ကြတာ။ မိရိုးဖလာ အသက်မွေးဝမ်းကျောင်းတွေပြုပြီး လူ့ဘဝမှာ နေထိုင်ခဲ့ကြတာ။ ရိုးရိုးသားသားနဲ့ ဖြူဖြူစင်စင်နှလုံးတွေ ပိုင်ဆိုင်ကြတဲ့သူများ ဘဝမှာ ဒုက္ခရောက်လိုက်ကြတာ ဖန်တရာတေလို့ပါပဲလေ။

ရန်သူတွေက ပြာကျစေဖို့ လောင်တိုက်သွင်းနေကြတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးကြတဲ့သူတွေက မီးကိုငြိမ်းသတ်လို့။ မီးတင်ရှို့ရတဲ့ ရည်ရွယ်ချက်အစစ် ကို ကောက်ချက်ဆွဲလို့ တန်ပြန်တွန်းလှန် တော်လှန်ဖို့ လုပ်ဆောင်နေကြတယ်။ နေစရာ ဗလာနတ္ထိ၊ စားစရာမရှိနဲ့ တောင်ပြေးမြောက်ပြေးဖြစ်နေရတဲ့ အိန္ဒြေမရရှိလှတဲ့ ဘဝကနေ လွတ်မြောက်ဖို့ ရုန်းကန်နေကြတယ်။ တနေ့နေ့ တချိန်ချိန်မှာ အောင်ပွဲခံမှာပဲ။ သေချာတယ် မလွဲမသွေပဲ။ မြေကြီးလက်ခတ်မလွဲပဲ။

ဓမ္မနဲ့ အဓမ္မတိုက်ပွဲမှာ ဓမ္မဘက်တော်သားတွေ အစောပိုင်း (အစပိုင်း) မှာ သေလုမြောပါး ဖွတ်ဖွတ်ညက်ညက် ကြေနေခဲ့ကြတာပါပဲ။ ဓမ္မဘက်တော်သား ပြည်သူများ သမိုင်းကို ဓားနဲ့ရေးခဲ့ကြရပြီ။ ဓားထက်ထက်မှာ အက္ခရာတွေ အသက်သွင်းပြီး ယိုင်နဲ့မှု ယိမ်းယိုင်မှုကင်းတဲ့ သမိုင်းကို မိုးမြေအနှံ့ ကမ္ဗည်းထွင်း ရေးသားထုဆစ်နေကြပြီ။

နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေမှာ သေရင် ဗလာပဲ သွားကြရမယ့်အတူတူ ဘာကို တွေဝေ တွန့်ဆုတ်နေကြမလဲ။ ရဲရဲကြီး တော်လှန်ခရီးကို လျှောက် ကြရဖို့ပဲ။

ဒါပေမဲ့ နေရပ်စွန့်ခွာကြရသူတွေမှာ သေချာ ရေရာ တိကျတဲ့ အနာဂတ်ရှိတယ်။ စိမ်းလန်းတဲ့ အိပ်မက်တွေရှိတယ်။ ပြည့်ဝတဲ့ မျှော်လင့်ချက်တွေ ရှိကြတယ်။ အောင်မြင်မှုတွေလွန်နေတဲ့ နယ်မြေတွေရှိကြတယ်။ တောက်ပဝင်းလက်နေတဲ့ နေရောင်အောက်မှာ မြတ်နိုးခုံမင်စရာ လွတ်လပ်မှုအတိပြီးတဲ့ နိုင်ငံရှိတယ်။

နေရပ်စွန့်ခွာကြရသူတွေက ယမ်းငွေ့ဖြာတဲ့ တောင်တန်းတွေမှာ၊ ရွက်ဖျင်စိပ်စပ်နဲ့ စခန်းတွေမှာ၊ အမိုးအကာမဲ့နဲ့ ညညမိုးရွာချရင် တာလပတ်စအစုတ်တွေမိုးလို့သာ တွယ်ရာမဲ့ နေနေကြရတယ်။ တညစာ စခန်းချ အိပ်နားနေရင်း ရှင်သန် ပြေးလွှားနေကြရတယ်။

ဒါပေမဲ့ သူတို့မှာ ရောင်နီဖြာတဲ့ နေ့သစ်တွေရှိတယ်။ ပြေးမလွတ်နိုင်တဲ့ အနာဂတ်ကာလမှာ တောက်ပတဲ့ ကြည်လင်ဝင်းဖန့်တဲ့ သာယာဝပြောတဲ့နိုင်ငံ ရှိနေတယ်။ ဘုရားသခင်ဖန်ဆင်းတဲ့ နိုင်ငံတော့မဟုတ်ဘူး။ နေရပ်စွန့်ခွာ ထွက်ပြေးကြရသူတွေ ဖန်တီးမယ့်နိုင်ငံ။

About The Call 690 Articles
"The Call - ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းသည် မြန်မာ့နွေဦးတော်လှန်ရေးဘက်တွင် အခိုင်အမာရပ်တည်သော မဂ္ဂဇင်းတခုဖြစ်သည်။ နွေဦးတော်လှန်ရေးကို အထောက်အပံ့ဖြစ်စေသော၊ နွေဦးတော်လှန်ရေးတွင် နည်းလမ်းအမျိုးမျိုး ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပါဝင်လှုပ်ရှားနေကြသူအားလုံးအတွက် အတွေးသစ် အမြင်သစ်များရစေပြီး တော်လှန်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေသော ကဏ္ဍပေါင်းစုံကို ရေးသား၊ တင်ဆက် ထုတ်လွှင့် ဖော်ပြသွားမည်ဖြစ်သည်။ စစ်ကောင်စီ ကျူးလွန်သော စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများသာမက ပြည်သူတို့အ​ပေါ် ကျူးလွန်သည့် စစ်​ကောင်စီ၏ ရာဇဝတ်မှုတိုင်းအား ​ဖော်ထုတ်သွားမည် ဖြစ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*