နေရောင်ဝင်းပ

by The Call
83 views
‘နေရောင်ဝင်းပ’
◼️လင်းခါး
ကျောက်တုံးတွေကတောင်
အရောင်တောက်ပနေကြတယ်
နေရောင်အောက်မှာ၊
ရင်ဘတ်မှာ ကျည်သင့်ထားတဲ့ လူဟာ
သေငယ်ဇောနဲ့
တောက်ပစွာ မျောလျက်
နေရောင်အောက်မှာ၊
မော်ကွန်းဝင် မြေစာခဲတွေ
သွေးထွက်လွန်နေတဲ့ ကတုတ်ကျင်းတွေ
အဖော်မဲ့ တောစီးဖိနပ်အခြမ်းတွေ
တိုက်ပွဲမှာ ယောက်ျားတစ်ယောက်လို
ကျဆုံးခဲ့တဲ့ ဘန်ကာ၊ မဲညစ်ပက်တီးလိပ်၊
နေရောင်အောက်မှာ။
နေရောင်ဟာ ကြွမိုင်းပေါ်မှာ မလှုပ်မယှက်
နေရောင်ဟာ သေနတ်ပြောင်းရှေ့မှာ
လက်မြှောက်လျက် ဖြာထွက်လို့၊
နေရောင်အောက်က မျက်ရည်တွေဟာ ငွေ့ရည်ဖွဲ့
သွေးစက်များကို ဆေးကြောမယ့် ခရီးထွက်ခွာ၊
ခွက်ဝင်နေတဲ့ သူငယ်အိမ်အတွင်းက
ကြောင်တောင်တောင်မျက်လုံးတွေ၊
ကလေးတွေ၊
ချစ်သားသမီး ဇနီး အဘိုးအဘွားသို့
စစ်အတွင်းက အမြောက်သံ၊ အော်သံတွေ စွဲထင်နေတဲ့ပေးစာတွေ၊
နေရောင်အောက်က ကမ္ဘာတစ်ခု
အဆုံးအရှုံးများခဲ့သော ကမ္ဘာတစ်ခု
မီးခိုးဖြူတန်း၊ လိပ်ပြာဝဲ၊ မီးကူး၊ စာနာခြင်း၊ ကမ္ဘာတစ်ခု
နေရောင်အောက်က
လဲရင် ပြန်ပြန်ထ၊ ပြိုပျက်ရင် ပြန်တည်ဆောက်၊
ဗုံးခိုကျင်းမှ နေရောင်ဝင်းပ တေးသံပျံ့လွင့်လာ
နေရောင်ဝင်းပဟာ
အားလုံးကို
အဓိပ္ပါယ်ရှိလာစေပြီး
အားလုံးကို အဓိပ္ပါယ်မဲ့သွားစေတယ် ။ ။
လင်းခါး
၁၀/၂၀၁၄

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment