– သတင်းသုံးသပ်ချက်ဆောင်းပါး –
■ ကျော်ဇောခိုင်
ဟိုင်ဂင်ဆွေးနွေးပွဲ စကစဘက်ကမတက်လို့ ပျက်သွားတဲ့နောက် တရုတ်က အချိန်ဆိုင်းမနေဘဲ အထူးသံတမန် တိန့်ရှီကျွန်း ရောက်လာပြီး မအလနဲ့ သြဂုတ်လ ၈ ရက်မှာ တွေ့တယ်။ ဆွေးနွေးတာတွေ အဆင်မပြေဘူးဆိုတဲ့ ယေဘုယျသတင်းတွေ ထွက်လာတယ်။ သြဂုတ် ၁၃ ရက်နေ့ရောက်တော့ နိုင်ငံခြားရေးဝန်ကြီးဝမ်ယီ မြန်မာပြည်လာမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တယ်။ လန်ချန်း-မဲခေါင် ဆွေးနွေးပွဲကို အကြောင်းပြချက်ပေးတယ်။
‘မခိုင်လုံသော အကြောင်းပြချက်’
လန်ချန်း-မဲခေါင် ဆွေးနွေးပွဲက အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၂၀၂၂ ဇူလိုင်က ပုဂံမှာလုပ်တဲ့ ဆွေးနွေးပွဲကို ဝမ်ယီ လာခဲ့ပါသေးတယ်။ လန်ချန်း-မဲခေါင်က နိုင်ငံခြားရေးဝန်ကြီးအဆင့် လုပ်ကြတာပါ။ ၂၀၂၂ ဆိုတော့ ဝဏ္ဏမောင်လွင်အချိန်ပေါ့။ ဒါပေမယ့် ဝမ်ယီဟာ နေပြည်တော်မဝင်ဘဲ အစည်းအဝေးပြီးတာနဲ့ ပြန်တယ်။ ခုတခေါက် ထိုင်းမှာလုပ်မယ့် ဒီအစည်းအဝေးကို ထိုင်းမသွားခင် မြန်မာဘက်ဝင်ပြီး မအလနဲ့တွေ့မယ်ဆိုတာ တခြားပြဿနာရှိနေတာ ထင်ရှားတယ်။ ဆိုလိုတာက တန့်ရှီကျွန်းဆီမှာ သူ့အထက်က ဖြေရှင်းဖို့လိုတဲ့ မေးခွန်းတွေ (ညှိနှိုင်းဆွေးနွေးစရာတွေ) ပါသွားတယ်လို့ ယူဆကြည့်လို့ရတယ်။
ထိုင်းအစည်းအဝေးမတိုင်ခင် ကပ်ပြီး ရောက်လာတဲ့အတွက် အရင်လိုနေတယ်ဆိုပေမယ့် လာမယ့်ရက်ကို ကပ်ကြေညာတဲ့အတွက် ချိန်ဆနေရတဲ့သဘောကိုလည်း တွေ့ရပြန်တယ်။ တရုတ်တွေကိုယ်တိုင် မြန်မာအပြောင်းအလဲတွေရဲ့ မြန်ဆန်မှုကို ပြန်သုံးသပ်နေရပုံပေါ်တယ်။ အဲဒီအချိန်တွေနဲ့တိုက်ပြီး မအလကို နေပြည်တော်မှာ တန်ပြန်အာဏာသိမ်းတယ်ဆိုတဲ့ အတည်ပြုချက်မရတဲ့ သတင်းတွေလည်း တွေ့ရပြန်တယ်။ လှုပ်ခတ်မှုများတဲ့ ဒီရက်သတ္တပတ်ကို ကောက်ချက်ချရရင် ရမခကျဆုံးခြင်းရဲ့ စစ်ရေးရလဒ်ဟာ စကစအတွက် စစ်ရေးမှာသာမဟုတ် နိုင်ငံရေးနဲ့အုပ်ချုပ်ရေးအရ ရပ်တည်နိုင်စွမ်းကိုပါ ကောင်းစွာ ကိုင်လှုပ်လိုက်ပြီဖြစ်တယ်။
စစ်ရေးမှာ နိုင်ငံရေး သိသိသာသာပါဝင်ဖို့ ဖြစ်လာရတာမို့ နွေဦးတော်လှန်ရေးရဲ့ နောက်ဆုံးအဆင့် (နည်းဗျူဟာအခြေခံ ပြောက်ကျားစစ် – ပထမအဆင့်၊ ၁၀၂၇ လို စစ်ဆင်ရေးတွေ – ဒုတိယအဆင့်နဲ့ မဟာဗျူဟာမြောက်စစ်နှင့် နိုင်ငံရေးပါဝင်မှု – နောက်ဆုံးဆင့်) ကို ဝင်ရောက်လာတာဖြစ်တယ် ဆိုတာပါပဲ။
‘စစ်တပ်ရဲ့ မြေပြင်အခြေအနေတွေ’
၂၀၂၄ မေလမကုန်ခင်က USIP သုတေသနကနေ မြန်မာစစ်တပ်ဟာ စစ်စခန်းပေါင်း ၅,၀၀၀ ကျော်မှာ ၂,၅၀၀ ကျော်လောက် ကျဆုံးသွားပြီလို့ ထုတ်ပြန်တယ်။ တချိန်တည်းလောက်မှာပဲ မြန်မာစစ်တပ်ရဲ့ အခြေအနေတွေကို စစ်တိုင်းတွေမှာဖြစ်တဲ့ တိုက်ပွဲတွေအလိုက်၊ ခြေမြန်တပ်မ (၁၀)၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် – စကခ (၂၀) နဲ့ ဖွဲ့စည်းထားတဲ့ တပ်ရင်းပေါင်း ၅၀၀ ကျော်ရဲ့ အခြေအနေကို သုံးသပ်ထားတဲ့ ဧရာဝတီက ဆောင်းပါးနှစ်ခုကို အနှစ်ချုပ် ပြန်တင်ပြပါမယ်။
‘တပ်မ’
တပ်မ ၁၀ ခုမှာ ပလက်ဝနဲ့ မင်းတပ်ဘက်မှာတိုက်ခဲ့တဲ့ တပ်မ ၁၁၊ နမ့်ဆန်၊ ကျောက်မဲနဲ့ နောင်ချိုဘက်မှာတိုက်တဲ့ တပ်မ ၁၀၁ တို့ဟာ လုံးဝ ပျက်သွားပါပြီ။ ဗန်းမော်၊ မိုးမောက်ဘက်မှာတိုက်တဲ့ တပ်မ ၈၈ နဲ့ မုန်းကိုး၊ မူဆယ်၊ မိုးကုတ်ဘက်မှာတိုက်တဲ့ တပ်မ ၉၉ တို့က တဝက်စီ ကျန်နေသေးတယ်။ ဘူးသီးတောင်၊ မောင်းတောဘက်က ၂၂၊ မြဝတီက ၄၄ နဲ့ ဖားဆောင်း၊ မြောက်ဦးဘက် ခွဲပို့တဲ့ ၅၅ တို့ဟာ ၃ ခုပေါင်းလို့မှ တပ်မ ၁ ခုစာ မပြည့်တော့ပါဘူး။ ဖားကန့်ဘက်မှာချထားတဲ့ ၃၃ နဲ့ လွိုင်ကော်ဘက်က ၆၆ တို့ဟာ အရံလောက်ပဲရှိတော့ပြီး ရန်ကုန်၊ ပဲခူးဘက် အထိုင်ချတဲ့ တပ်မ ၇၇ ကတော့ အတော်ကျန်သေးတဲ့သဘော တွေ့ရတယ်။ တပ်မ ၁၀ ခုရဲ့ တပ်ရင်း ၁၀၀ ဟာ သုံးပုံတပုံလောက်ပဲ ကျန်တော့တဲ့သဘောဖြစ်တယ်။
‘စကခ’
စကခ-၁ ကျောက်မဲ၊ လူ ၂,၀၀၀ ကျော် လက်နက်ချခဲ့တဲ့ စကခဖြစ်တယ်။ ခု လားရှိုးမှာကျန်တဲ့ တပ်ရင်းတွေ ဆက်ကျတယ်။
စကခ – ၂ ကရင်နီ တဝက်လောက်ကျန်တယ်။ တိုက်နိုင်သေး။
စကခ – ၃ မိုးကောင်း၊ မိုးညှင်းကနေ မြစ်ကြီးနားထိ ခံစစ်ပြင်ထား။
စကခ – ၄ ရွှေဘို၊ ရေဦး၊ စစ်ကိုင်းမှာ ပြောက်ကျားစစ်နဲ့တွေ့၊ သိပ်အထိခိုက်ကြီးမဟုတ်။
စကခ – ၅ တောင်ကုတ်ကနေ အမ်းနဲ့ ကျောက်ဖြူဘက်၊ အာရက္ခတပ်နဲ့တွေ့၊ ဖွဲ့စည်းပုံ ပျက်သလောက်ဖြစ်။
စကခ – ၆ နေပြည်တော်လုံခြုံရေး၊ တောင်ငူ၊ ရေတာရှည်ဘက်မှာ ထိုင်ထား။
စကခ – ၇ နမ့်ခမ်းကနေ ကချင် မန်းဝန်းကြီးဘက်နဲ့ ရှမ်းတောင် ခွဲထား၊ KNDF နဲ့လည်းတွေ့၊ တပ်ပျက်သွား။
စကခ – ၈ ကရင် (ကမာမောင်း) KNLA နဲ့တိုက်ပြီး အထိအခိုက်များထား။
စကခ – ၉ ကျောက်တော်၊ တတပ်လုံးပျက်။
စကခ – ၁၀ စစ်ကိုင်းမြောက်၊ ၁၀၂၇ ပထမလှိုင်းမှာ လားရှိုးလွှတ်ခဲ့တယ်။ တဝက်လောက်တော့ ကျန်နိုင်သေး။
စကခ – ၁၂ ကိုးကန့်၊ ဖွဲ့စည်းပုံ ပျက်သွား။
စကခ – ၁၃ ကရင် (ကြာအင်းဆိပ်ကြီးဘက်)၊ ကေအင်ယူထံ တဗျူဟာလက်နက်ချ၊ ၂ ဗျူဟာကျန်။
စကခ – ၁၄ ကရင်နီ ရှားတောဘက်၊ ရှမ်းတောင်လည်းပါ။ နောက် ရမခပို့။ ခု လက်ကျန်တဝက်လောက်ကို တြိဂံတိုင်းပို့။
စကခ – ၁၅ ဘူးသီးတောင်နဲ့ ၁၆ သိန္နီ ဌာနချုပ် အကုန်ပြုတ်၊ လားရှိုးပို့တာ အနည်းငယ်ကျန်။
စကခ – ၁၇ နန့်ဖတ်ကာ။ တဝက်လောက်ကျန်။
စကခ – ၁၈ ကျိုင်းတုံ
စကခ – ၁၉ ပလက်ဝ၊ တပ်ပြုတ်သွား။
စကခ – ၂၀ သံတောင်ကြီး၊ ကျန်သေး။
စကခ – ၂၁ ဗန်းမော်၊ ကေအိုင်အေနဲ့တိုက်ပြီး တဝက်လောက်ကျန်။
စကခ ၂၀ ရဲ့ တပ်ရင်း ၂၀၀ နဲ့ တပ်မတွေရဲ့ တပ်ရင်း ၁၀၀ ပေါင်းပြီး စုစုပေါင်း တပ်ရင်း ၃၀၀ မှာ ၁၀၀ နီးပါးပဲ ကျန်တော့တယ်။ တိုင်းစစ်ဌာနချုပ်တွေရဲ့ စုစုပေါင်းတပ်ရင်း ၂၄၀ ကျော်မှာ ၈၅ ရင်း ပျက်သွားတာ တွေ့ရတယ်။ (မှတ်ချက်။ အသေးစိတ်ကို အေးချမ်းဆုရဲ့ အထိနာနေသော စစ်ကောင်စီတပ် အပိုင်း ၁ နဲ့ ၂ ကို ဧရာဝတီမြန်မာပိုင်း မေလမှာ ရှာဖွေဖတ်ရှုပါ)။ အချုပ်ကတော့ စစ်တပ်ရဲ့ တပ်ရင်းပေါင်း ၅၀၀ ကျော်မှာ တဝက်ကျော် ပျက်သွားပြီဖြစ်တယ်။
သတိထားရမှာက ဒီစာရင်းဟာ ၁၀၂၇ ရှမ်းမန်းစစ်ဆင်ရေး မတိုင်ခင်ကဖြစ်လို့ ခုချိန်မှာ ပိုလို့တောင် အခြေအနေဆိုးနေမှာ အမှန်ပဲ။ စစ်တပ်ရဲ့ တိုက်ပွဲဝင်နိုင်တဲ့ တပ်အင်အားဟာ ၆၀% သာသာလောက် ပြုတ်သွားတယ်လို့ အကြမ်း ခန့်မှန်းကြည့်လို့ရတယ်။ USIP က ခန့်မှန်းတဲ့ စစ်တပ်ဘက်က ကျသွားတဲ့ စစ်စခန်းတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင်လည်း ဒီကိန်းဂဏန်းနီးပါး တွေ့ရတယ်။
‘၇၀:၃၀’
ဂိမ်းသီအိုရီဟာ အချိုးတချို့ကို လေ့လာတယ်။ ၇၀:၃၀ အချိုးဟာ မတည်ငြိမ်မှုတွေကို ဖြစ်စေတယ်လို့ တွေ့တယ်။ ဥပမာ ရန်ကုန်ရပ်ကွက်တခုမှာ အိမ်ခြေ ၁၀၀ ရှိပြီး၊ ဗမာတွေနေတဲ့အိမ်ဟာ ၈၀ ကျော်လော က်ရှိနေရင် ပြဿနာ သိပ်မရှိဘူး။ တဖြည်းဖြည်းနဲ့ ဗမာတွေရောင်းလို့ ပြောင်းထွက်သွားပြီး အိမ်ခြေ ၃၀ လောက်အထိ လူမျိုးခြားဝင်လာရင် လူမျိုးရေးပြဿနာတွေ စပေါ်လာတယ်လို့ဆိုတယ်။ ၇၀ နဲ့ ၃၀ အချိုးကို ရောက်လာတဲ့အခါ လူတွေရဲ့အကြိုက်တွေ၊ ယဉ်ကျေးမှုတွေနဲ့ အထိုင်ကျနေတဲ့ အယူအဆတွေ ပြောင်းလဲလာ တယ်လို့ဆိုတယ်။ (ဥပမာ လဘ္ဘက်ရည်ကနေ ကော်ဖီ ပြောင်းသောက်တာ စသည်ဖြင့်။)
ပြီးခဲ့တဲ့ ပြည်သူသို့ အောင်စကားမှာ NUG က ကာဝန်ပြောတဲ့ စစ်တပ်က လုံးဝ ထိန်းချုပ်ထားတဲ့မြို့က ၁၀၀ မပြည့်တော့ဘူး။ ၂၈% ပဲ ကျန်တော့တယ်ဆိုတာကို ကြည့်ပါ။ ဒီအချိုးဟာ စကစအုပ်ချုပ်မှုရဲ့ မတည်ငြိမ်မှုတွေကို ထင်ဟပ်ပြလာတာဖြစ်တယ်။ လက်ရှိ စစ်တပ်ရဲ့အနေအထားဟာ လက်ရှိ စစ်အင် အားထဲက နောက်ထပ် ၅% ကနေ ၁၀% အတွင်း တပ်ပျက်တာ၊ ကျဆုံးတာ၊ ထွက်ပြေးတာ၊ ပြည်သူ့ဘက် ကူးပြောင်းတာတွေ ရှိလာရင် ၇၀၊ ၃၀ အချိုးဝင်ပြီး ပြိုလဲတော့မယ့် သဘောဖြစ်တယ်။ အချိန်က အများကြီး မကျန်တော့ဘူး။ စစ်တပ်ဘက်မှာ အဖြစ်အပျက်တွေနဲ့ အခြေအနေတွေကို ပြောင်းပြန်လှန် နိုင်တဲ့ ပြောင်းလဲမှု (Game Changer) မရှိဘူး။ အခြေအနေဆိုးကို လည်ထွက်မသွားအောင် ထိန်းရုံပဲ ထိန်းနိုင်တဲ့ အနေအထားမျိုးတွေ ဖန်တီးလာတာမျိုးတော့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် အနှေးနဲ့ အမြန် သွားတော့မှာဖြစ်တယ်။
‘Catch 22’
ဂျိုးဇက်ဟယ်စလာရဲ့ ဝထ္ထုနာမည်ကို ယူထားတဲ့ ဒီစကားလုံးကို ဂိမ်းသီအိုရီမှာ အသုံးပြုတယ်။ ဝတ္ထုထဲကဇာတ်လိုက်က လေသူရဲ၊ စစ်ပြီးခါနီးပြီဆိုတာသိလို့ လေသူရဲတွေက စွန့်စားပျံသန်းတဲ့ တိုက်ခိုက်မှုမျိုးတွေ မလုပ်လိုတော့ဘူး။ ဒီတော့ တပ်မှူးကပြောတယ်၊ စစ်ပြီးမယ်ထင်လို့ စစ်မတိုက်တော့ရင် စစ်ပြီးမှာ မဟုတ်တော့ဘူးတဲ့။ A ဖြစ်တော့မှာမို့ B မလုပ်ချင်ဘူး၊ B မလုပ်ရင် A ဖြစ်လာမှာ မဟုတ်ဘူးဆိုတဲ့ အခြေအနေမျိုး တွေ့လာရပြီဆိုရင် အဲဒါကို Catch 22 မှာ ပိတ်မိတယ်လို့ ဆိုတာဖြစ်တယ်။
တခြားသတင်းတွေ နားစွင့်သုံးသပ်ဖို့ လိုတယ်ဆိုပေမယ့် အရေးကြီးတာက စစ်ပွဲကို ဖိအားပေး အနိုင်တိုက်ကြဖို့ဖြစ်တယ်။ ရခိုင်၊ ကချင်၊ ရှမ်းတောင်မြောက်၊ ကရင်နီ၊ ကရင်၊ မန်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး စတဲ့ တော်လှန်ရေးတပ်တွေအားလုံး တပြိုင်တည်း စစ်ကြေညာ တိုက်လိုက်မယ်ဆိုရင် အားလုံးပြောနေကြတဲ့ ငါတို့ အိမ်ပြန်ကြမယ်ဆိုတာဟာ အလျင်အမြန် ဖြစ်လာမှာဖြစ်တယ်။ ချစ်သူတွေပြန်ဆုံကြပါစို့။
Be the first to comment