“နောက်တခါ ဖုန်းခေါ်ဖြစ်ရင်”
ရွယ်မိုး
သူ့အသက် (၂၀)။ တတိယနှစ် ကျောင်းသားတယောက် ဖြစ်သလို ရည်းစားသနာလဲ မရှိ။ ကျောင်းပိတ်ရက်တွေမှာ အမေ့ရဲ့ ကုန်စုံဆိုင်သေးသေးလေးထဲ ထိုင်နေတတ်။ ခပ်ရိုးရိုးကုပ်ကုပ် ကောင်လေးလို့ ပတ်ဝန်းကျင်က သိထားကြ။
သား မနက် ထွက်သွားတော့မယ်ဆိုတော့ အမေက အံ့သြဟန် မပြ။ သားအမိ နှစ်ယောက်တည်းဘဝမှာ အမေကပဲ ရုန်းကန် ရှာဖွေ ကျွေးမွေး ပညာတွေ သင်ပေးခဲ့တာ။ သို့ပေမယ့် အမေက သူ့ကို ချစ်သလား၊ မချစ်ဘူးလားဆိုတာ သူသေချာမသိဘူး။ အမေက တည်တယ်။ အရယ်အပြုံး နည်းတယ်။ အမေ သူ့ကို မချစ်ဘူးထင်ပါရဲ့လေ။ လူမှန်းသိတတ်စ ကျောင်းနေတတ်စ အရွယ်ကတည်းက မျက်နှာမငယ်ရပေမယ့် အမေက တခြားမိခင်တွေလို သူ့အပေါ် သိပ်ချစ်တဲ့ပုံ မပြခဲ့ဘူး။
သားအမိနှစ်ယောက် စကားများများ မပြောဖြစ်ကြ။ တညလုံး တလူးလူး တလိမ့်လိမ့်နဲ့ သူ အိပ်မပျော်ဘူး။ အမေ့ကို ထားခဲ့လို့ အဆင်ပြေပါ့မလား။ အို အမေက သူ့ထက်တောင် သန်မာတဲ့ တခုလပ် မုဆိုးမပဲဟာ။ သူ အိပ်ပျော်သွားတယ်။ အိပ်မက်ထဲမှာ အမေက သူ့နဖူးကို မြတ်မြတ်နိုးနိုး နမ်းရှုံ့နေသတဲ့လေ။
မနက်စောစော ခြောက်နာရီခန့်အချိန်ပဲ။ သူ အမေ့ကို ကန်တော့ဖို့ နှိုးမလို့လုပ်တော့ အမေက ငုတ်တုတ် နိုးနေပြီ။ အမေ တညလုံး အိပ်မှ အိပ်ရဲ့လားမသိ။ အမေက ခါတိုင်း မနက် ၇ နာရီမှ အိပ်ရာထတတ်တာ။
သူ မျက်နှာသစ်ပြီး ပြန်လာတော့ အမေက ဘုရားရှိခိုးနေလေရဲ့။ စားပွဲပေါ်မှာက သူ့အကြိုက်ဆုံး ပေါင်မုန့်ကြက်ဥကြော်နဲ့ နက်စ်ကော်ဖီခါးခါး။
သူ စားသောက်နေတုန်း အမေ့ခြေသံကြားတော့ လှည့်ကြည့်လိုက်တယ်။ အမေက သူ့ကို ကြွပ်ကြွပ်အိတ်တထုပ် ကမ်းပေးလေရဲ့။
“ဒါယူသွား”
အို ပိုက်ဆံတွေပဲ။ သုံးလေးသိန်းတော့ ရှိလိမ့်မယ်။
“သားမှာ မုန့်ဖိုးတွေ စုထားတာ ရှိပါတယ် အမေရဲ့၊ မယူပါဘူး”
အမေက ဘာမှသိပ်ပြောမနေဘဲ သူ့လက်ထဲ ထည့်ပေးတယ်။ အမေက ဒါဆိုဒါ စောဒကတက်တာ မုန်းတတ်သူမှန်း သူသိ။ အမေ့ကို သူကန်တော့တယ်။ အမေက ဘာဆုမှလည်း မပေးဘူးဗျာ။ သူ ထွက်လာလိုက်တယ်။ အမေသာ သူ့နောက်ကနေ ပြေးဖက်ရင် သူ မသွားတော့ပါဘူးလေ။ လမ်းထိပ်ရောက်တဲ့အထိ အနောက်ကို သူ လှည့်မကြည့်ဖြစ်ဘူး။ အမေနဲ့ခွဲပြီး ဝေးရာကို ပထမဆုံး သွားဖူးတာပဲ။
ကျောင်းတက်ရင်သုံးတဲ့ ကျောပိုးအိတ်ဟာ စခန်းကိုရောက်စမှာ ခေါင်းအုံးအဖြစ် ပြောင်းလဲ။ စခန်းက သူ့ကို လိုလိုလားလား ကြိုဆိုကြ။ သူ့လိုအရွယ်တွေပါသလို အရွယ်ပေါင်းစုံ မြင်ရ။ သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့ကြနဲ့ သူ အားမငယ်။ ဒီလိုနဲ့ စစ်သင်တန်း တက်ရ။
ခက်ခဲ ပင်ပန်း သူ မညည်းညူ။ ဖက်ဆစ်တပ်ကို တိုက်ဖို့ ဖက်ဆစ်တပ်က စစ်ခွေးတွေထက် သူ သန်မာရမယ် အားတင်းခဲ့။
“. . . . .”
“ရှိ”
“ပစ်ပိုင်နယ် ပြော …”
“ရှေ့တူရှု မြင်ကွင်းတဆုံး ဘယ်ညာနယ်နိမိတ် ဘယ် လေးဆယ့်ငါး ဒီဂရီ ဟိုညောင်ပင် …”
ဒီလိုနဲ့ သင်တန်းဆင်း၊ ကိုယ်ပိုင်နံပါတ် ရလာ။
အမေ့ကို သူ တခါတရံ လွမ်းမိခဲ့။ အမေ သူ့ကို လွမ်းပါရဲ့လား သူသိချင်။ တိုက်ပွဲတွေ ဖြစ်ကြပြီ။
သူ ရှေ့တန်းမှာ ရိုင်ဖယ်ကို ခပ်တင်းတင်းဆုပ် ကျားတက်ထိုးခဲ့ အောင်ပွဲရ။ စစ်သားရင့်မာကြီးလို ဖြစ်လာ။
အမေနဲ့ ဖုန်းအဆက်အသွယ်ရ၊ အမေက စျေးဝယ်သူလာလို့ နောက်မှ ခေါ်တော့မယ်ပြောပြီး ဖုန်းချခဲ့။ ဖုန်းပြောရတာ ငါးမိနစ်တောင် မကြာလိုက် ။ အမေ့ ကို ချစ်တယ်လို့ ပြောမလို့ဟာ။ ရင်ထဲက စကားလုံးတွေက လည်ချောင်းမှာတင် တစ်ဆို့နေ။ နောက်တခါ ဖုန်းဆက်ရင် အမေ့ကို ချစ်တယ်ဗျ လို့ သူအကျယ်ကြီး အော်ပြောပစ်မယ်။
သူသိတာပေါ့ ။ အမေက စကားကြာကြာပြောရင် သူ့သား အိမ်လွမ်း အမေ့ကိုလွမ်း ပျော့ညံ့မယ်ထင်လို့ ဖုန်းကြာကြာမပြောဘဲ ဖုန်းချပစ်တယ်ဆိုတာ။ အမေက နှလုံးသား မာကျောလိုက်တာဗျာ။ သူ ဖုန်းခေါ်တိုင်း ငွေလိုလို့လားတဲ့ ဆီး မေးတတ်ပုံများ။ ငွေမလိုဘူးဗျ အမေက ချစ်ပေးတာကို လိုချင်တာ လို့ ပြန်ဖြေပေမယ့် စကားသံအဖြစ်တော့ ထွက်မလာခဲ့။
ပြန်ရောက်ရင် အမေ့ကို ခပ်တင်းတင်းဖက် နမ်းဦးမှပါလေ။ အမေ ဘယ်လိုတုံ့ပြန်မလဲ။ သူ့ကို ပြန်မနမ်း မဖက်ဘဲ ခပ်တောင့်တောင့်ကြီး ဖြစ်နေမလား။ အို အဲ့လိုဘဲ ဖြစ်နေမှာပါ။
ဒီတခေါက် တိုက်ပွဲက ပြင်းထန်လာ။ ရန်သူ ဖက်ဆစ်တပ်က လေယာဥ်တွေ မကြာခဏ ဝဲ။
“ဆုတ် ဆုတ်”
ဆိုတဲ့ အမိန့်သံအဆုံး သူ ကုန်းရုန်းထ ရဲဘော်ရဲဘက်တွေ ဆုတ်သာအောင် ကာပစ်ခဲ့။ ဝုန်းကနဲ သူ့ခန္ဓာကိုယ်မြောက်တက်၊ အရာရာ မှောင်အတိ ကျသွားခဲ့။
အိုး။ အလင်းရောင် ခုမှမြင်ရပြီ။ သူဘာဖြစ်သွားတာလဲ။ အိပ်ပျော်သွားတာလား။ အမေ့ကို သတိရလိုက်တာ။ ဟင် သူ ဘယ်လိုလုပ် အမေ့အိမ်ရှေ့ ရောက် နေတာလဲ။ ဟာ ဟိုမှာ အမေပါလား။
သူမြင်ရတဲ့ မြင်ကွင်းက အမေ ကုန်စုံဆိုင်မှာ စျေးထိုင်ရောင်းနေလေရဲ့။ အမေရေ … သူ အော်ခဲ့ … အမေ့ကို ပြေးဖက်ခဲ့။ ဒါပေမယ့် အမေ သိပုံမပေါ်။ ဟင် သူ ရုတ်တရက် လေအလျဥ်မှာ မျောလွင့်သွားပြန်ပြီ။
သူ ဘယ်ရောက်နေတာလဲ ဘယ်ကိုလွင့်မျောနေတာလဲ။ သူ ဘာမှတွေးမရ။ စကားသံတွေ သူ့နားထဲ ကြားးလာရ။ ဒါ အမိန့်ပြန်တမ်းတခု ဖတ်နေတာပဲ။
မပီပြင်ဝိုးတဝါး နဲ့ သူ့နာမည်ကို ခေါ်သံ။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းအမှတ် ( . . . ) ၊ တပ်ခွဲအမှတ် ( . . . ) မှ ကိုယ်ပိုင်အမှတ် (. . . .) ရဲဘော် သင်သည် ပြည်သူ့ကာကွယ်ရေးတပ် မတော်နှင့် မသက်ဆိုင်တော့ပါ၊ ယနေ့မှစ၍ သင်သွားလိုရာ သွားနိုင်ပြီ …”
သေနတ်ပစ်ဖောက် အလေးပြုသံများ ထွက်ပေါ်လာ။
သူ သွားချင်ခဲ့တာ အမေ့ဆီကိုပါ။
သူ သွားလိုတာလည်း အမေ့ဆီကို။
သူ မရောက်နိုင်တော့တာလည်း အမေ့ဆီကိုပါပဲ။
(စာရေးသူ၏မှတ်ချက် – ဤစာစုသည် သားဖြစ်သူနေရာမှ ရေးဖွဲ့ထားခြင်းဖြစ်ပြီး အမေဖြစ်သူနေရာမှ ရေးဖွဲ့ထားသည့်စာမူအား ဆက်လက်ဖော်ပြပါမည်။)
Be the first to comment